အဘိုးအို၏ကံကြမ္မာကောင်း
Vol. 53 Ch. 742
အခန်း (၇၄၂) အဘိုးအို၏ကံကြမ္မာကောင်း
ထိုလူရိပ်သဏ္ဌန်က ပိန်ပိန်ပါးပါးဖြင့် မသိလျှင် သာမန်အဘိုးအိုတစ်ယောက်ပမာ ထင်မှတ်ရသည်။ သို့သော် ရန်ကျောက်ကဲမျက်လုံးထဲမှာတော့ အဘိုးအို၏ပုံရိပ်က အလွန်တရာ မြင့်မားခမ်းနားလျှက် ရှိသည်။
အဘိုးအို၏ဘယ်ဘက်အင်္ကျီလက်ကဗလာဖြစ်နေပြီး လေထဲတဖျတ်ဖျတ်ခတ်နေသည်ကို တွေ့ရသည့်အခါ ရန်ကျောက်ကဲ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
အတိတ်တစ်ချိန်က မြေကမ္ဘာနယ်မြေ ချောက်နက်ထဲတွင် သူ့လက်ကိုဖြတ်တောက်လိုက်ကာ အချိန်နှင့်ဗလာနယ်ဝဲဂယက်ထဲ လွင့်မျောသွားသော ဆရာဘိုးဘိုး၏ ပုံရိပ်က သူ့မျက်ဝန်းထဲ ပြန်လည်မြင်ယောင်လာသည်။
တာ့ရွှယ်တောင် ၊ ဘိုးဘေးခန်းမဆောင်ထဲမှ ပိုင်ကျစ်မင်ရုပ်တု၏မျက်ဝန်းမှ ထွက်ပေါ်နေသည့်အလင်းတန်းများ တုန်ခါသွားပြီး ရန်ကျောက်ကဲအသံ ထွက်ပေါ်လာသည်။
“ဆရာဘိုးဘိုး...”
အဘိုးအို၏မျက်နှာထက် အပြုံးရိပ်တစ်ခုထင်ဟပ်လာပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သူ့အရှေ့မှရုပ်တုက ပိုင်ကျစ်မင်၏ရုပ်တုဖြစ်သော်လည်း သူ့မျက်ဝန်းထဲမှာတော့ မြေးတပည့်ဖြစ်သော ရန်ကျောက်ကဲ၏မျက်နှာကို မြင်ယောင်လာသည်။
အဘိုးအိုက...
“ကျောက်ကဲ... ဒီလိုပုံစံနဲ့ ပြန်ဆုံတွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး ၊ ဒီအဘိုးကြီးကို အနောက်ပင်လယ်က လွတ်မြောက်အောင် ကူညီခဲ့လို့ ကျေးဇူးအထူးတင်ပါတယ်”
လက်တစ်ဖက်သာရှိသော အဘိုးအိုသည် ယခင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင်ဂိုဏ်းချုပ် ၊ “ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်” ယွမ်ကျန်းဖုန်းဖြစ်ပြီး ပရမ်းပတာ အချိန်နှင့် ဗလာနယ်စီးကြောင်းများထဲမှလွင့်မျောသွားပြီး ယန်ဖူကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ အတော်လေး စိတ်ခံစားချက်များနေသလို အလွန်တရာလည်း ပျော်ရွှင်နေသည်။
“တပည့် ရန်ကျောက်ကဲ ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ် ၊ အခုလို ဆရာဘိုးဘိုးကို အန္တရယ်ကင်းကင်းနဲ့ပြန်တွေ့ရတာ ကျွန်တော့်စိတ်ထဲ ထမ်းပိုးထားရတဲ့ စိုးရမ်ပူပန်မှုကြီးလည်း ကျသွားပါပြီ”
ယွမ်ကျန်းဖုန်းက...
“တာ့ရွှယ်တောင်ကလူတွေပြောတာတော့ မင်းအခု အထက်ဘုံကမ္ဘာကို ရောက်နေတယ်ဆို ၊ မင်း သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်လို့ အထက်ဘုံကမ္ဘာကိုတက်သွားတာလား ၊ ဒါမှမဟုတ် ရတနာပစ္စည်းတစ်ခုခုအသုံးပြုပြီး ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်သွားတာလား ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရော အခြေအနေဘယ်လိုရှိလဲ မင်းသိလား”
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ယွမ်ကျန်းဖုန်း ပျောက်ကွယ်သွားပြီးနောက်ပိုင်း အဖြစ်အပျက်များအားလုံးကို ရန်ကျောက်ကဲက အတိုချုပ်ရှင်းပြလိုက်သည်။
အဓိကအချက်များကတော့ ဝါဒတောင်၏လက်ရှိရန်သူဖြစ်သော ကွမ်းမင်ဂိုဏ်းနှင့် လက်ရှိ အထက်ဘုံကမ္ဘာ အခြေအနေဖြစ်သည်။
ယွမ်ကျန်းဖုန်းက သူ့ဘဝတစ်ဝက်စာမျှ တိုက်ခိုက်ယှဉ်ပြိုက်ခဲ့ရသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ ပျက်ဆီးသွားခြင်းကို အရေးမစိုက်ဘဲ ကွမ်းမင်ဂိုဏ်းအပေါ်သာ အာရုံစူးစိုက်ခဲ့သည်။
အဘိုးအိုက တည်ကြည်လေးနက်သောမျက်နှာထားဖြင့်...
“အခု အထက်ဘုံကမ္ဘာမှာ မင်းတစ်ယောက်တည်းလား....”
ရန်ကျောက်ကဲက...
“ဆရာဘိုးဘိုး စိတ်မပူပါနဲ့ ၊ ကျွန်တော်က အခု အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေနဲ့ အတော်လေး ဆက်ဆံရေးကောင်းတယ် ၊ ဒါကြောင့် အကုန်လုံးကို ဖြေရှင်းနိုင်ပါတယ်”
ယွမ်ကျန်းဖုန်းက ခေါင်းညိတ်ရင်း...
“ဒါဖြင့် ဒီအဘိုးကြီးက ရန်တိ ၊ ဖန်ကျွင်း ၊ ဂိုဏ်းတူညီလေး’ကျန်း’ နဲ့ ဂိုဏ်းတူညီမလေး’ဟယ်’ တို့ကိုတွေ့ဆုံဖို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လိုက်မယ်”
သူက ဆက်ပြောသည်။
“ဒီအဘိုးကြီးနဲ့ ရန်တိသာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာရှိနေရင် ကွမ်းမင်ဂိုဏ်းကလူတွေရောက်လာရင်လည်း ကြောက်စရာမရှိဘူးလေ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“စိတ်မကောင်းစရာက ဆရာဘိုးဘိုးက ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်မှာ အချိန်တစ်ခုအထိ ရှိနေဦးမှာပဲ ၊ အခု ချုန်းယန်နေမင်းဂိုဏ်းနဲ့တိုက်ပွဲမှာ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် အထွတ်ထိပ်ကို ရောက်ပြီလားဗျာ”
ထိုစကားကြားတော့ ယွမ်ကျန်းဖုန်းနှုတ်ခမ်းဖျားထက် အပြုံးတစ်စထင်ဟပ်သွားသည်။
“ဒီအဘိုးကြီး ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့အကျိုးအမြတ်တွေ အများကြီးရခဲ့တယ် ၊ ဒါကြောင့် အဆင့်တက်ဖို့က ယုံကြည်မှုအပြည့်ပါပဲ ၊ ဒါပေမဲ့ အလျင်လိုစရာတော့ မရှိပါဘူးလေ”
ရန်ကျောက်ကဲက...
“ဆရာဘိုးဘိုးမှာ ဗလာနယ်ဖြတ်ကျော်ခရီးသွားတဲ့ ရတနာပစ္စည်းတစ်ခုခု ရှိသလား”
တာ့ရွှယ်တောင်မှအကြီးအကဲများကို ရန်ကျောက်ကဲအကူအညီတောင်းခဲ့သည့် ကိစ္စ (၂)ခုအနက် တစ်ခုမှာ ယွမ်ကျန်းဖုန်း အနောက်ပင်လယ်ရေပူစမ်းမှလွတ်မြောက်ရန် ကူညီခြင်း ဖြစ်သည်။
ဒုတိယတစ်ခုကတော့ ယွမ်ကျန်းဖုန်းအတွက် အထက်ဘုံကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားရောက်နိုင်မည့် လမ်းညွှန်သင်္ကေတများ ချန်ထားခဲ့ခြင်းဖြစ်သည်။ ထိုသင်္ကေတများကိုအသုံးပြုပြီး ဗလာနယ်ထဲတွင် ကမ္ဘာဖြတ်လမ်းကြောင်းကို ရှာဖွေနိုင်မည် ဖြစ်၏။
ကမ္ဘာဖြတ်လမ်းကြောင်း လမ်းညွှန်သင်္ကေတမရှိပါက ‘ဗလာနယ်ကောင်းကင်ကျမ်းစာ’ ကဲ့သို့ အဆင့်မြင့်ပညာရပ်ကို မကျင့်ကြံထားလျှင် နတ်ဘုရားသိမြင်ခြင်းအဆင့်အောက် သိုင်းကျင့်ကြံသူများအနေဖြင့် အခြားကမ္ဘာများသို့ သွားရောက်နိုင်မည် မဟုတ်ပေ။ ထူးခြားသောနည်းလမ်းများ ၊ သို့မဟုတ် ရတနာပစ္စည်းများကို အားကိုးရပေမည်။
ဥပမာအနေဖြင့် ရန်ကျောက်ကဲ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သမုဒ္ဒရာကမ္ဘာသို့ သွားရောက်စဉ်က စန့်ချုန်ကြေးမုံမှန် အသုံးပြုသကဲ့သို့ ဖြစ်၏။
ယွမ်ကျန်းဖုန်းက...
“တာ့ရွှယ်တောင်က မိတ်ဆွေတွေက ဒီအဘိုးကြီး ဘယ်သွားမလဲဆိုတာကို ကူညီပြီး စဉ်းစားပေးနေကြတာ”
“ဒီအဘိုးကြီး တာ့ရွှယ်တောင်မှာ ဧည့်သည်အဖြစ်ယာယီနေထိုင်နေတာ အကြောင်းပြချက် (၃)ခု ရှိတယ် ၊ ပထမတစ်ခုက ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာဖို့ပဲ ၊ ဒုတိယကတော့ သူတို့အကူအညီနဲ့ ဗလာနယ်ကျော်ဖြတ်တဲ့ ရတနာပစ္စည်းတစ်ခု ရှာဖွေချင်လို့ ၊ တတိယတစ်ခုကတော့... ကျောက်ကဲ မင်း ဆက်သွယ်လာမယ်ဆိုလို့ စောင့်နေခဲ့တာ ၊ ရှေ့လျှောက် ဘာဆက်လုပ်မလဲ မဆုံးဖြတ်ခင် အခြေအနေတွေကိုသိဖို့လိုတယ်လေ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဆရာဘိုးဘိုး ချုန်းယန်နေမင်းဂိုဏ်းကိုတိုက်ခိုက်တာရပ်ဖို့ တာ့ရွှယ်တောင်က ကြားဝင်ပြီး စေ့စပ်ညှိနှိုင်းပေးခဲ့တာလား”
ယွမ်ကျန်းဖုန်းက...
“အမှန်ပဲ ၊ လက်ရှိအခြေအနေက သူတို့အတွက်လည်း အရမ်းကောင်းနေပြီလေ ၊ ဒီထက်လွန်ကုန်ရင် ဘေးအန္တရယ်ဖြစ်နိုင်တာမို့ ဒီအဘိုးကြီးကို ဆက်မတိုက်စေချင်တာ သဘာဝပါပဲ”
အဘိုးအိုက ဆက်ပြောသည်။
“ဒါက အပြန်အလှန်အကျိုးရှိပါတယ်လေ ၊ ကျောက်ကဲ... မင်းကူညီခဲ့တဲ့နည်းလမ်းကိုတော့ အဓိကကျေးဇူးတင်ရမှာပါပဲ ၊ ဒီအဘိုးကြီး ရေပူစမ်းက လွတ်မြောက်လာအောင် ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်”
အနောက်ပင်လယ်တိုက်ပွဲတွင် ယွမ်ကျန်းဖုန်းက တန်ခိုးစွမ်းအားရှင်များစွာကို သတ်ဖြတ်ပစ်ခဲ့ပြီး ချုန်းယန်နေမင်းဂိုဏ်း၏ ကျင့်ကြံခြင်းအခြေခံကို များစွာပျက်ဆီးစေခဲ့သည်။ အထက်ဘုံကမ္ဘာရှိ ချုန်းယန်နေမင်းဂိုဏ်းမှ ဆင်းသက်လာသူများကိုပါ အနိုင်ယူပြီး သူ၏အမျက်ဒေါသကို ဖြေလျော့ခဲ့သည်။
သူ့အနေဖြင့် ခွင့်မလွှတ်နိုင်ရသည့်အကြောင်းရင်းမှာ ‘မျှော်စင်ရေလှိုင်းခန်းမ’ ပျက်ဆီးခဲ့ရခြင်း ဖြစ်၏။
မျှော်စင်ရေလှိုင်းခန်းမက ယွမ်ကျန်းဖုန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပြီး ဧည့်သည့်တော်တစ်ယောက်အဖြစ် လက်ခံထားခဲ့သည်။ ထို့ကြောင့် ချုန်းယန်နေမင်းဂိုဏ်းက မျှော်စင်ရေလှိုင်းခန်းမကို ဖျက်ဆီးပစ်ခြင်းအား လျစ်လျူမရှုနိုင်ခဲ့ပေ။
နောက်ဆုံး တာ့ရွှယ်တောင်မှလူများရောက်လာပြီး ‘မျှော်စင်ရေလှိုင်းခန်းမ’ မှ ကျန်ရှိသော တပည့်အနည်းစုကို ကူညီရန်နှင့် ဘိုးဘေးခန်းမအသစ်ပြန်လည်တည်ဆောက်ပြီး သိုင်းပညာအမွေအနှစ်များ ပြန်လည်တည်ဆောက်ရန် အာမခံခဲ့သည်။
တစ်နေ့တွင် ယွမ်ဖူကမ္ဘာမှ ထွက်ခွာသွားမည်ဟု ယွမ်ကျန်းဖုန်းက တွေးထားသော်လည်း ချုန်းယန်နေမင်းဂိုဏ်းက အထက်ဘုံကမ္ဘာတွင် အခြေကျပြီးသား ဂိုဏ်းတစ်ခုဖြစ်၏။ ထို့ကြောင့် ယန်ဖူကမ္ဘာမှ အခြားသူများ ဒုက္ခမရောက်စေရန်အတွက် တာ့ရွှယ်တောင်၏ ကြားဝင်ဖြန်ဖြေမှုကို သဘောတူခဲ့ခြင်း ဖြစ်သည်။
ယွမ်ကျန်းဖုန်းက...
“ဒီအဘိုးကြီး ယန်ဖူကမ္ဘာကနေ အကျိုးအမြတ်တွေ အတော်လေး ရခဲ့ပါတယ်”
ဤသည်က ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သဖြင့် ယွမ်ကျန်းဖုန်း ထုတ်ဖော်ပြောလာမည်ဟု ရန်ကျောက်ကဲ တွေးမထားခဲ့ပေ။ ကံကြမ္မာဆိုသည်က တစ်ဦးတစ်ယောက်ချင်းဖြင့်သာ သက်ဆိုင်သည့်အရာဖြစ်သည် မဟုတ်ပါလား။
ဝါဒတောင်တွင် ကျင့်ကြံသူတစ်ယောက်သည် သူတို့ရရှိခဲ့သော ကံကြမ္မာကောင်းများကို အခြားသူများနှင့် မျှဝေလိုခြင်း ရှိ မရှိ ကိုယ်တိုင်ဆုံးဖြတ်နိုင်သည်။
တပည့်ငယ်တစ်ယောက်အတွက်သာမက ယွမ်ကျန်းဖုန်းကဲ့သို့ ဘိုးဘေးအကြီးအကဲများသည်လည်း အတူတူပင် ဖြစ်၏။
ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။
“အရင်တုန်းက ကျောက်ကဲရဲ့အမေ မိန်းကလေးချူးချင်ရဲ့ သိုင်းပညာအမွေအနှစ်က အရမ်းအဆင့်အတန်းမြင့်မားတယ်လို့ ရန်တိက ပြောပြဖူးတယ် ၊ သူ့ရဲ့သိုင်းပညာက ဝါဒတောင်က သိုင်းပညာထက်တောင် ပိုမြင့်တယ်လေ ၊ ပြီးတော့ အရင်တုန်းက ချူးချင် တခြားသူတွေနဲ့ တိုက်ခိုက်တဲ့ပုံစံကိုကြည့်ပြီး မင်းအဖေရဲ့အကဲဖြတ်မှုကို ဒီအဘိုးကြီးလည်း သဘောတူခဲ့တယ်”
“အခု ဒီအဘိုးကြီး ယန်ဖူကမ္ဘာမှာ ထူးခြားတဲ့ကျမ်းစာတစ်ခုကို ရရှိခဲ့တယ် ၊ အဲဒါကို သေသေချာချာ လေ့လာပြီးတဲ့နောက်မှာ ချူးချင် ကျင့်ကြံခဲ့တဲ့သိုင်းပညာနဲ့ အရမ်းတူတယ်လို့ ခံစားရတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
“..... ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာများလား”
မိခင်ဖြစ်သူ ရွှယ်ချူးချင်ကျင့်ကြံထားသည်က ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ တစ်ခုတည်းပဲလား ၊ အခြားသိုင်းပညာများ ရှိသေးသည်လား မသိသော်လည်း သူမက ရှောင်အိုက်နှင့် စူးယွင်ကိုသင်ကြားပေးခဲ့သည်က ယွမ်စီထျန်းကျွင်း၏ ယွိချင်အဆက်အနွယ်ဖြစ်သော ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ဖြစ်သည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲ တွေးထင်ထားသည့်အတိုင်း ယွမ်ကျန်းဖုန်းက စကားဆက်ပြောလာသည်။
“အဲဒါက ယွိချင်အဆက်အနွယ်ရဲ့ ထင်ရှားတဲ့အသိပညာဖြစ်တဲ့ ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ပဲ”**
ရန်ကျောက်ကဲက...
“အဲဒီကျမ်းစာကို မျှော်စင်ရေလှိုင်းခန်းမမှာ တွေ့ခဲ့တာလား”
ယွမ်ကျန်းဖုန်းက ခေါင်းခါယမ်းရင်း...
“အဲဒီလိုမဟုတ်ဘူး ၊ ဒီ အဘိုးကြီး တစ်ယောက်တည်းလျှောက်သွားနေတုန်းက ကျောက်ဂူနန်းတော်တစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိခဲ့တယ် ၊ အဲဒီ ကျောက်ဂူနန်းတော်က ချိတ်ပိတ်ထားတာအတော်ကြာပြီ ၊ ဘယ်ဘိုးဘေး ချန်ထားခဲ့တာလဲဆိုတာတော့ မသိရဘူး ၊ အဲဒီ ကျောက်ဂူနန်းတော်ထဲမှာ ဒီကျမ်းစာကို ရှာဖွေတွေ့ရှိခဲ့တာပဲ”
ရန်ကျောက်ကဲတွေးလိုက်သည်။
“ဒါဖြင့် အမေနဲ့ မဆိုင်ဘူးထင်တယ်”
သူက ရယ်မောရင်း...
“လူငယ်တွေမှကံကောင်းခြင်းတွေကြုံတွေ့နိုင်တယ်လို့ ဘယ်သူပြောလဲ ၊ ဆရာဘိုးဘိုးက သက်သေပဲ”
ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။
“အဲဒီကျမ်းစာအပြင် စွမ်းအားမြင့်မားတဲ့ မိုးကြိုးစွမ်းအားပညာတစ်ရပ်လည်း အဲဒီမှာတွေ့ခဲ့သေးတယ် ၊ အဲဒီ သိုင်းပညာနှစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာကျင့်ကြံတဲ့အခါ ဒီအဘိုးကြီးအတွက် အကျိုးအများကြီးရခဲ့တယ် ၊ ကျင့်ကြံခြင်းတစ်ဆို့တာတွေအကုန်လုံးကျော်ဖြတ်ပြီး အခုလိုတန်ခိုးစွမ်းအားတွေ မြင့်မားလာတာပဲ”
“ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ မိုးကြိုးစွမ်းအား...”
တစ်စုံတစ်ခုကိုနားလည်လိုက်သည့်အလား ရန်ကျောက်ကဲ အနည်းငယ် ထိတ်လန့်သွားမိသော်လည်း အရာအားလုံးက မြူခိုးများလွှမ်းခြုံထားသည့်အလား ဝေဝါးနေပြီး အခြေအနေမှန်ကိုသိမြင်ရန် ကြိုးစားရခက်ခဲနေလေတော့သည်။