ဆေးလုံးဆရာများ အပြန်အလှန် ဆွေးနွေးပွဲ
Vol. 9 Ch. 117
ကျန်းရှောက်ရုက စိတ်ပျော်လက်ပျော် ပြောလိုက်သည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲက စတော့မှာ မဟုတ်ဘူးလား ဒီမှာ ဆေးလုံးဆရာတွေ တော်တော် များများတောင် ရောက်နေကြပြီ ပြီးတော့ ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံးဆရာက ဆေးလုံး ဖော်စပ်ခြင်း အကြောင်း အပြန်အလှန် ဆွေးနွေးကြမယ်တဲ့ အဲမှာ ဆေးလုံး ဆရာတိုင်း ပါဝင်လို့ ရတယ်...”
ကျန်းရှောက်ရု စကား ပြီးအောင်ပင် မစောင့်ဘဲ မိုဝူကျီက စိတ်လှုပ်ရှားစွာ ဝင်ဖြတ် မေးလိုက်သည် “အခု အဲဒါကို သွားပါခိုင်းနေတာလား...”
“ဟုတ်တယ်လေ သွားမလား...”
မိုဝူကျီက အနည်းငယ် တွန့်ဆုတ်ခြင်း မရှိ သဘောတူ လိုက်သည် “သွားမှာပေါ့ အခု သွားကြမယ်လေ...” ထိုဆွေးနွေးပွဲက ကောင်းကင် ဖွေရှာနန်းတော်မှ လုပ်ခြင်း မဟုတ်လျှင်ပင် သူက သွားဦးမည် ဖြစ်၏။ နားဖြင့်သာ ကြားဖူးခဲ့သော ကောင်းကင်ဖွေရှာ နန်းတော်က မျက်စိ ရှေ့မှောက်သို့ ရောက်လာသောအခါ ပို၍ပင် ကြည့်ချင်မိသည်။
ကျန်းရှောက်ခယ်၏ အဝတ်အထဲမှ ကျောက်စိမ်းပြား ထွက်လာသည်။ သူက မိုဝူကျီကို ပေးလိုက်ပြီးတော့ “ဝူကျီ ဒါက ဆေးလုံးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် အမှတ်အသားပြားပဲ ဒါမရှိဘဲ ရှောက်ရုနဲ့ မင်း အဲထဲကို ဝင်လို့ ရမှာ မဟုတ်ဘူး....”
သူတို့က ကောင်းကင် ဖွေရှာနန်းတော် နေရာသို့ ရောက်လာသော အခါ ထိုကောင်းကင် ဖွေရှာနန်းတော်က ပျောက်ဆုံးနယ်မြေ တစ်ခုလုံးအတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေသည့် အကြောင်းရင်းကို နားလည် သွားလေသည်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ် နေရာကား ကြီးမား လွန်းသော်လည်း ဤနေရာရှိ ဂိုဏ်းများ၊ လူများလဲ များပြားလှပေ၏။ လက်တွေ့တွင် နေရာ၏ အစွန်အဖျား နေရာများကား ထိုးသိပ် ထားသလို သိပ်သည်း နေတတ်သည်။ သို့သော် နေရာတစ်ခုလုံးတွင် ကောင်းကင် ဖွေရှာနန်းတော်က အကောင်းဆုံး နေရာကို ယူထားသည် သာမက အလယ် တည့်တည့်တွင် ဖြစ်နေသေး၏။ ထို့အပြင် သူတို့ကား ဂိုဏ်းအားလုံးရှိ နေရာများထက် အကြီးမားဆုံး နေရာကို ယူထားလေသည်။
ထိုသည်က စခန်းချရန် ယာယီနေထိုင်ရာ တစ်ခု ဖြစ်သော်လည်း အင်အား ပြသမှုကား တခြားသော ဂိုဏ်းများနှင့် ယှဉ်လျှင် အရမ်းကို အင်အားကြီးမား လှမှန်း သိသာ၏။
“ဘယ်လိုလဲ ကောင်းကင် ဖွေရှာနန်းတော်ကို မေးကြည့်ရအောင် တကယ်လို့ ငါက ဒြပ်ငါးမျိုး ကင်းမဲ့ နယ်ထဲကနေ စစ်မှန်ခြင်း နတ်ဘုရားပန်း ရလာခဲ့ရင် ကောင်းကင် ဖွေရှာနန်းတော်ကို ဝင်ဖို့ အခွင့်အရေး ရမှာလားလို့...” ကျန်းရှောက်ရုက ပြောလိုက်သည်။
မိုဝူကျီလဲ သူ့ဘာသာ တွေးမိလိုက်သည်။ ဤကောင်လေးကား အမှန်ပင် လွတ်လပ်လှ၏။ နာမည်စာရင်းတွင် သူ့နေရာ ပါ၊ မပါ လုံးဝ မသေချာသေးချေ။ သူက နေရာ တစ်နေရာ မရနိုင်လျှင် ကျန်းရှေုာက်ခယ်နှင့် ဒုတိယ အိမ်တော်သခင်တို့၏ သဘောတူညီချက် အရ ကျန်းရှောက်ရုတွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ဖို့ရာ အခွင့်အရေး မရှိပေ။
“မင်းတို့နှစ်ယောက်က ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးဆရာ ဆွေးနွေးပွဲကို လာတက် ကြတာလား....” ကောင်းကင် ဖွေရှာနန်းတော် အပြင်ဘက်ဆုံးတွင် တပည့် တစ်ယောက်က သူတို့ကို တားကာ မေးမြန်း လိုက်သည်။
မိုဝူကျီက ကျန်းရှောင်ရုအကြောင်း သိနေပြီ ဖြစ်သည့် အတွက် သူက ကျောက်စိမ်းပြားကို အမြန်အဆန်ပင် ထုတ်ပေး လိုက်တော့သည် “ဟုတ်ပါတယ် ကျွန်တော်တို့က လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကပါ...”
“ဝင်ခဲ့ပါ...” တပည့်က မိုဝူကျီ၏ အမှတ်အသားပြားကိုပင် သေချာ မကြည့်ဘဲ သူတို့ကို အထဲသို့ ဖိတ်ခေါ် လိုက်သည်။
ကျန်းရှောက်ရုက ခပ်ပျော်ပျော် ပြောလိုက်သည် “အားနာဖို့ မလိုပါဘူး သူက ကျွန်တော့်ကို လမင်းကိုးစင်း ဆေးလုံး အိမ်တော်က သခင်လေးမှန်း မှတ်မိပုံပဲ အဲဒါကြောင့် မျက်နှာသာ ပေးလိုက်တာပေါ့...” ထိုအရာကို ကြားပြီး မိုဝူကျီက ပြန်ပြောစရာ ရှာမတွေ့ ဖြစ်သွားတော့သည်။
ကျန်းရှောက်ရုက သူ့ကိုယ်သူ အရမ်းအကောင်း မြင်လွန်းနေခြင်း ဖြစ်ရမည်။ ထိုတပည့်လေးက သူတို့ကို သတိပြုမိဟန် မပေါ်ပေ။ ကျန်းရှောက်ခယ်ကိုလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ အမှန်တရားကား စစ်ဆေးကြည့်ဖို့ မလိုခြင်းမှာ ဆွေးနွေးပွဲအတွက် ဆေးလုံး ဆရာများကို ဖြတ်သန်းခွင့် ပေးထားသည့် အတွက် ဖြစ်သည်။ ကောင်းကင်ဖွေရှာ နန်းတော်ကား ဆွေးနွေးပွဲတွင် ပါဝင်သော ဆေးလုံး ဆရာများကို ဖော်ရွေမှု ပြသခြင်းသာ ဖြစ်လိမ့်မည်။
တံခါးသို့ ဝင်ပြီးနောက်တွင် “ဆေးလုံးဆရာများ ဆွေးနွေးပွဲ” ဟု အညွှန်းတပ်ထားကာ လက်ဝဲဘက်သို့ ညွှန်ပြထားသော လမ်းညွှန် တစ်ခုကို တွေ့ရသည်။ မိုဝူကျီနှင့် ကျန်းရှောက်ရုတို့က မီတာ ၃၀ လောက် လျှောက်လာပြီးနောက်တွင် ကြီးမား မြင့်မားသော ခန်းမတံခါးသို့ ရောက်လာလေသည်။
ဘာမှ မလုပ်ဘဲဖြင့် သူတို့ရှေ့ရှိ တံခါးချပ်များက ပွင့်သွားလေ၏။ ခန်းမထဲတွင် လူရာကျော် ရှိနေလေပြီ။
ခန်းမ ထောင့်တိုင်း ထောင့်တိုင်းတွင် အသီးအမျိုးမျိုးဖြင့် ပြည့်နေပြီး သေချာ စစ်ဆေးကြည့်လျှင် မိုဝူကျီက တချို့သော အသီးများက အဆင့်တစ် ဝိညာဉ် အသီးများ ဖြစ်နေလေသည်။ အမှန်ပင် ကောင်းကင်ဖွေရှာ နန်းတော်၏ ချမ်းသာ ကြွယ်ဝမှုကို ထင်ဟပ်စေသည်။ ထိုအသီးများကို တွေ့သည်နှင့် ကျန်းရှောက်ရု မျက်လုံးများက လင်းလက်လာပြီး အပြေးအလွှား သွားကာ အားရပါးရ စားသုံး တော့သည်။
“မဆိုးဘူး မဆိုးဘူး ဒါတွေက ဝိညာဉ် သစ်သီးတွေပဲ ပြီးတော့ သူတို့က အလကား... ဝူကျီ မင်းလည်း လာစားလေ...”
ထိုသို့ မေတ္တာလက်ဆောင် တည့်ခင်းထားမှုကို မစားလျှင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ ကျန်းရှောက်ရုက ထိုယုံကြည်ချက်ကို မှတ်သားထားပြီး စိတ်လွတ်လက်လွတ် စားနေရင်း မိုဝူကျီကိုပါ အတူတူ နွဲဖို့ရာ ခေါ်လိုက်သည်။
သူတို့ကို အထင်မြင်သေးဟန် ကြည့်နေကြသော်လည်း မိုဝူကျီက သူတို့အားလုံးကို မမြင် ဟန်ဆောင်လိုက်ကာ အသီးတစ်သီးကို ဆွဲယူပြီး ကိုက်စား လိုက်တော့သည်။ သူက ထိုသို့သော ဝိညာဉ်အသီးကို စားနိုင်သော်လည်း ထိုသမယက ရှားပါးလှ၏။ ယန်အာကို ပေးလိုက်သည့် အသီးများမှ လွဲလျှင် အများစုကို ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ကျန်းရှောက်ရုအတွက် လူထောင်ချီက ကြည့်နေလျှင်ပင် သူက မျက်ကန်း တစ်ယောက်လို မမြင်ချင်ယောင် ဆောင်မှာ သေချာလှသည်။ ထိုကောင်လေးသည် အထင်သေးခြင်း ပုံစံကိုလည်း သိမည် မဟုတ်ပေ။ သူ သဘောကျသည့် အရာကို စားဖို့သာ အာရုံရှိလေသည်။
မိုဝူကျီက အသီးတစ်လုံးကို စားပြီးသည့် အချိန်တွင် ခန်းမအလယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်လာလေ၏။ သူက သိချင်စိတ်ဖြင့် သွားစပ်စု ကြည့်လိုက်သည်။ လူငယ် တစ်ယောက်က ဆေးသီအိုရီ များကို ဟောပြော ပို့ချနေသည်ကို ဘေးပတ်ဝန်းကျင်မှ လက်ခုပ် ဩဘာသံများဖြင့် စည်ကားနေသည်။
မိုဝူကျီက ကျန်းရှောက်ရုကို မြန်မြန် ပြောလိုက်သည်။
“ငါ ဟိုဘက် သွားကြည့် လိုက်ဦးမယ်... အရင် ဆက်စားနှင့်လိုက်...”
ဤနေရာကို လာသည့် အဓိက အကြောင်းရင်းမှာ ဆေးသီအိုရီ အကြောင်း ပိုမို သိရှိလိုသောကြောင့် ဖြစ်သည်။ တစ်ယောက်ယောက်က အသိပညာများ ဝေမျှနေသည့် အချိန်တွင် သူကား ထိုအခွင့်အရေးကို လက်လွတ် မခံနိုင်ချေ။
လူအုပ်ကြား တိုးဝင်လိုက်ပြီး မိုဝူကျီက ဆေးလုံးဆရာ၏ ရှင်းပြချက်များကို သေချာမြင်နိုင်သည့် နေရာသို့ ရောက်ရှိ လာလေပြီ။ သူ့ကို အံ့အားသင့် သွားစေသည်က ထိုဆေးလုံး ဆရာမှာ သူ့နှင့် ရွယ်တူမျှသာ ရှိသေးသည်။ သူ့ပုံစံမှာ အများဆုံး ၂၂ မှ ၂၃ ဝန်းကျင်လောက်သာ ရှိသေး၏။ သို့သော်လည်း ထိုလူက အနီရောင် ဆံပင်ကို သပ်ရပ်စွာ လှန်ထားပြီး နဖူး အလယ်မှ ဒယ်စောက် သဏ္ဌာန် အမှတ်ကား တခြားသူများအတွက် အထင်မြင်ကြီးမှုကို ဖြစ်စေသည်။
ထိုလူက လက်ဟန် ပညာရပ်အကြောင်း ဆိုးကျိုး၊ ကောင်းကျိုးများနှင့် ဆေးလုံး ဖြစ်တည် လာခြင်းနှင့် ဆက်နွှယ်သည့် အကြောင်းကိုလည်း ရှင်းပြနေသည်။ ထိုရှင်းပြချက်များက အလွန် ကောင်းသော်လည်း လက်ဟန်နှင့် ဆေးလုံး ပညာရပ်များကို လေ့လာဖူးသော မိုဝူကျီအတွက် အသုံး မဝင်ချေ။ ထို့အပြင် ထိုပညာရပ်များကို သူနားလည်မှုနှင့် ထိုလူရှင်းပြနေသည်က မတူညီလှပေ။
ထိုဆေးလုံးဆရာ၏ ရှင်းပြချက်ကို စီးမြော နားထောင်နေကြသော လူအုပ်ကြီးကို သတိထားမိပြီး သူ့ဘေးနားမှ လူတစ်ယောက်ကို ဆွဲကာ မေးလိုက်တော့သည် “ဒီရှင်းပြနေတဲ့ သူက ဘယ်သူများလဲ...”
ဖက်တီး ဆေးလုံး ဆရာက စိတ်အနှောင့်ယှက် ဖြစ်သွားလေ၏။ အကြောင်းမှာ မိုဝူကျီက သူ့စိတ်ဝင်တစား နားထောင် နေသည်ကို လာနှောင့်ယှက်၍ ဖြစ်သည်။ သို့သော်လည်း မိုဝူကျီ မေးခွန်းကို ကြားသည်နှင့် ဒေါသအစား အံ့အားသင့် သွားမိတော့သည်။ မျက်လုံးပြူး မျက်ဆံပြုးဖြင့် မိုဝူကျီကို ကြည့်ကာ မေးလိုက်သည် “ခင်ဗျား လာနောက်နေတာလား ဒယ်စောက် သခင်ကိုတောင် မသိဘူးလား...”
မိုဝူကျီက ဖက်တီး ပခုံးကို အသာအယာ ပုတ်လိုက်ပြီးတော့ တီးတိုး ပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်တော်က ဆေးလုံး ဖော်စပ်တာတွေ သိပ်နားမလည်ဘူး။ အဲဒါကြောင့် အစ်ကိုကြီးလောက် မသိဘူး ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို သင်ပြပေးပါဦး...”
မိုဝူကျီက ဆေးလုံးဆရာ မဟုတ်သည်က တစ်ကြောင်း၊ လေးလေးစားစား ပြောဆိုသည်က တစ်ကြောင်း ဖက်တီးက ကျေနပ် သွားလေ၏ “ငါ ပြောပြမယ် ဒီ ဒယ်စောက် သခင်ရဲ့ မျိုးရိုးနာမည်က ကျောင်တဲ့...”
ဖက်တီး၏ အမြီးအမောက် မတည့် ထပြောမှုကြောင့် မိုဝူကျီကို ရယ်မောလုမတတ် ဖြစ်သွား စေသည်။ ထိုဖက်တီးက ဒယ်စောက်သခင် အကြောင်း လေးလေးစားစား ပြောနေသည်ကို သိ၍ ရယ်မော ချင်စိတ်ကို ထိန်းထားလိုက်ရ၏။
“သူမွေးဖွား လာကတည်းက နဖူးမှာ ဒယ်စောက် အမှတ်အသား ပါလာတယ်။ ထျန်းရှန်း အင်ပါယာရဲ့ နံပါတ်တစ် ဆေးလုံးဂိုဏ်း ဖြစ်တဲ့ ကောင်းကင် ဆေးဝါး ဂိုဏ်းက သူ့ကို ခေါ်သွားခဲ့တယ်။ တစ်ချိန်တည်းမှာ သူ့ကို ကျောင်တင်းလို့ အမည်ပေးခဲ့တာ ဆယ်နှစ်သား အရွယ်မှာပဲ ဒယ်စောက် သခင်က အဆင့်တစ် ဆေးလုံးဆရာ ဖြစ်လာခဲ့တယ်။ ၁၁နှစ်မှာ အဆင့်နှစ် ဆေးလုံးဆရာ ၁၃နှစ်မှာ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတယ်။ ပြီးတော့ ၁၄ နှစ်မှာ မြေကမ္ဘာအဆင့် အဆင့်လေး ဆေးလုံးဆရာ ဖြစ်လာပြီးပြီ .... ဆေးလုံး ဖော်စပ်တာနဲ့ ပတ်သက်ရင် သူက အကြမ်းဖျင်း စမ်းသပ်ပြီးတာနဲ့ ရွေးချယ် တော့တာပဲ။ ဆေးလုံး ဖော်စပ်ခြင်း လောကမှာတော့ သူ့ကို ဒယ်စောက် သခင်လို့ ခေါ်ကြတယ်....”
အနည်းဆုံးတော့ မိုဝူကျီက ထိုလူ၏ နောက်ခံ အသိုင်းအဝိုင်းကို နားလည် သွားလေ၏။ အမှန်ပင် သူက မွေးဖွားစဉ် ကတည်းမှ တောက်ပလာတာ ဖြစ်၏။
ဖက်တီးက အကြမ်းဖျင်း ပြောပြပြီးသည်နှင့် သူက မိုဝူကျီကို ဆက်မပြောတော့ပေ။ ကျောင်တင်း၏ ဟောပြောချက် အပေါ်သာ အာရုံ စိုက်ထားတော့သည်။
ဒယ်စောက် သဏ္ဌာန် မွေးရာပါ အမှတ်ရှိသူ တစ်ယောက်အတွက် မိုဝူကျီက ဆေးလုံး ဖော်စပ်မှု အပေါ်တွင် သူ့၏ ထိုးထွင်း သိနိုင်စွမ်းကို သိချင်မိသည်။
“ဒါကတော့ ဆေးလုံး ဖော်စပ်ခြင်းနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော့်ရဲ့ အမြင်ပါ သာမာန် အဆင့်သုံး စိတ်ဝိညာဉ် ဆေးလုံးကို လက်ဟန် ပညာရပ်နဲ့ ဖော်စပ်လို့ ရပြီးတော့ ပိုပြီး အရည်အသွေး ကောင်းတဲ့ ဆေးလုံးတွေ ရလာနိုင်တယ်။ ဒါပေမဲ့လည်း ကျင့်ကြံဆင့် ဘယ်လောက်ပဲ မြင့်နေပါစေ လက်ဟန် ပညာရပ်နဲ့ ဖော်စပ်လို့ မရနိုင်တဲ့ ဆေးလုံး အမျိုးအစား တစ်ခုရှိတယ်....”
ကျောက်တင်း၏ စကားများက အမှန်ပင် စည်းရုံး နိုင်သောကြောင့် မိုဝူကျီပါ မြောပါသွားလေ၏။
“ဒယ်စောက် သခင် အဲဒါက ဘာဆေးလုံးများလဲ...” တစ်ယောက် က ချက်ချင်း မေးလိုက်သည်။
ကျောက်တင်းက ခေါင်းညိတ် ပြလိုက်ကာ “မေးခွန်းကောင်း တစ်ခုပဲ အဲဒါက စိတ်ဝိညာဉ် ဆန္ဒ ဆေးလုံးပဲ စိတ်ဝိညာဉ် ဆန္ဒကို ဖြစ်တည်စေပြီး အားကောင်းလာစေတဲ့ ဆေးလုံးပေါ့....”
“အဲဒါက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ရောက်ပြီးမှ ဖြစ်လာမဲ့ စိတ်ဝိညာဉ် ဆန္ဒ မဟုတ်ဘူးလား... အဲဒါက မြေကမ္ဘာ အဆင့် ဆေးလုံးလား...” နောက်တစ်ယောက်က ထပ်မေး လိုက်သည်။
“မင်း ဘာသိလို့လဲ ငါကြားတာတော့ အဆင့်သုံး စိတ်ဝိညာဉ် ဆန္ဒ ဆေးလုံးရှိပေမဲ့ ဖော်မြူလာက မပြည့်စုံဘူးတဲ့....”
ကျောက်တင်းက လက်ကို ဖိကိုင်ထားလိုက်ပြီးတော့ ဆက်ပြောလိုက်သည် “ဒီလူပြောတာက မှန်ပါတယ် စိတ်ဝိညာဉ် ဆန္ဒအတွ်က အဆင့်သုံး ဝိညာဉ်ဆေးလုံး ရှိတယ်။ အဲဒါကို စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးလို့ ခေါ်ကြတယ်။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးရဲ့ မပြည့်စုံတဲ့ ဖော်မြူလာက နေရာမရွေး ရနိုင်ပေမဲ့ ပြီးပြည့်စုံတဲ့ တစ်ခုက ပျောက်ဆုံးနေတာ ကြာလှပြီ။ အဲဒီဆေးလုံးက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်အောက်က သူတွေ ပြီးတော့ ယွန်ဒန် အဆင့်အောက်က သူတွေကိုတောင် စိတ်ဝိညာဉ် ဆန္ဒ ဖြစ်တည် လာစေနိုင်တယ်လို့ ကောလာဟလတွေ ရှိဖူးတယ်...”
ဆွေးနွေးချက်များက ပွက်လောရိုက် ဆူညံလာပြီး ကျောင်တင်းက ဆက်ပြော လိုက်သည်။
“စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးက အဖိုးတန်ဆုံး အဆင့်သုံး ဆေးလုံးတွေထဲက တစ်ခုလို့ ယူဆလို့ ရတယ်။ ထိပ်ဆုံး သုံးခုမှာတောင် ရှိနေနိုင်တယ်....”
မိုဝူကျီက စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးနှင့် ဖော်မြူလာက ထိုမျှ အဖိုးတန်ကြောင်း မည်သူ သိမှာလဲဟု သူ့ဘာသာ တွေးမိသွားသည်။ ကံကောင်းလှစွာ သူက တခြားသူများကို စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို မပြခဲ့ပေ။ မဟုတ်လျှင် သူ့အတွက် အန္တရာယ်များနိုင်သည်။
ဆေးလုံးဆရာ အများစုက စိတ်ပျက် သွားသော်လည်း ထိုစဉ် ကျောင်တင်းက ထပ်မံ ပြောလိုက်သည် “စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ဆုံးရှုံးမှုက လူသားအဆင့် ဆေးလုံး ဆရာတွေကို ကန့်သတ် လိုက်ရုံတင် မကဘူး။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်အောက်က ကျင့်ကြံသူ အားလုံးကိုပါ သက်ရောက် စေတယ်။ စိတ်ဝိညာဉ် ဆန္ဒ ရှိတဲ့သူနဲ့ မရှိတဲ့သူကြားက ကွာခြားချက်က လုံးဝကို ကွာဟလွန်းတယ်။ ဟိုးအရင်တုန်းက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်အောက်က ကျင့်ကြံသူတွေက သူတို့ရဲ့ စိတ်ဝိညာဉ် ဆန္ဒကို လေ့ကျင့် နိုင်ကြတယ်။ အားလုံး သိတဲ့အတိုင်း နယ်မြေနှစ်ခုက ကျင့်ကြံသူတွေကို နှိုင်းယှဉ်မယ်ဆိုရင် ပျောက်ဆုံး နယ်မြေက လူတွေက အရမ်းကို နောက်ကောက် ကျနေခဲ့ပြီးပြီ...”
ကျောင်တင်း စကားများကိုကြားပြီး ကဗျာကယာ ထဆွေးနွေး လာကြသည်။ တချို့လူများက သူတို့သည် ပျောက်ဆုံးနယ်မြေကို အကျိုးပြုရန် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို ရှာမည်ဟု ကြွေးကြော် လာကြ၏။ ခဏာတာ ကြာပြီးသည့် နောက်တွင် ကျောင်တင်းက လူအုပ်ကြီးကို တိတ်တိတ် နေပေးရန် လက်ပြ လိုက်သည်။ ထို့နောက်တွင် သူ့အသံကို မြင့်လိုက်ပြီးတော့ ကြေညာလိုက်တော့သည် “မပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးကို ပြန်ရလာဖို့ နှစ်များစွာ ကျွန်တော် ကိုယ်တိုင် သုတေသန လုပ်ပြီးတော့ ဆေးလုံးဖော်မြူလာ အသစ်ကို ဖန်တီးနိုင်ခဲ့တယ်။ ဒီဆေးလုံးက စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးလိုမျိုး စိတ်ဝိညာဉ် ဆန္ဒကို လေ့ကျင့်ပေးနိုင်မှာ မဟုတ်ပေမဲ့ ရေရှည်စွဲသုံးရင် ခင်ဗျားတို့ရဲ့ ပုန်းကွယ်နေတဲ့ စိတ်ဝိညာဉ် ဆန္ဒကို အဆင့်တစ်ခုထိတော့ ရောက်စေလိမ့်မယ်....”
ဖြောင်းဖြောင်း...
လက်ခုပ် ဩဘာသံများ ခန်းမတစ်လျောက် ပေါ်ထွက်လာပြီး လူများစွာက ထိုဆေးလုံး နာမည်ကို စတင် မေးမြန်းနေကြသည်။
“ဒယ်စောက် သခင် ခင်ဗျားက ကျွန်တော်တို့ ပျောက်ဆုံး နယ်မြေရဲ့ လူငယ် မျိုးဆက်ထဲမှာ ပါရမီအရှိဆုံး ဆေးလုံးဆရာပဲ။ ပြီးတော့ ကျွန်တော်တို့လို ကျင့်ကြံသူတွေ အတွက် များစွာ အထောက်အကူ ဖြစ်စေသေးတယ်....”
“ဟုတ်တယ် ဒယ်စောက် သခင်က ဒီသုတေသနသာ လုပ်မနေရင် မြေကမ္ဘာ အဆင့်ငါး ဆေးလုံးဆရာ ဖြစ်နေပြီး လောက်ပြီ....”
အလွန်အမင်း စိတ်လှုပ်ရှား နေသော လူအုပ်ကြားမှ အသံတစ်ခုပြီး တစ်ခု ထွက်ပေါ်လာကာ ဆေးလုံး ဆရာများလည်း ပို၍ ပို၍ စိတ်လှုပ်ရှား လာကြသည်။
ကျောင်တင်းက လူအုပ်ကြီးကို ငြိမ်ဖို့ရာ လက်ဟန် ပြလိုက်ပြီး “နှမြောစရာ ကောင်းတာက ကျွန်တော်တို့က လူငယ် မျိုးဆက်ထဲက ပါရမီအရှိဆုံး ဆေးလုံး ဆရာအကြောင်း ပြောကြမယ်ဆိုရင် ကောင်းကင် ဖွေရှာနန်းတော်က စီနီယာ မုယင် ဖြစ်သင့်တယ်လို့ ထင်တယ်ဗျ သူမက ကျွန်တော်တို့ မျိုးဆက်ရဲ စံနမူနာ ပုဂ္ဂိုလ်လေ သူမကသာ အားလုံးကို များစွာ အကျိုးပြုပေးခဲ့တာ....”
“မင်းမှားနေသေးတယ်။ အများဆုံး အကျိုးပြုတဲ့ သူက မင်းမဟုတ်သလို ငါလည်း မဟုတ်ဘူး...” တံခါးမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး ကျောင်တင်း စကားကို ဝင်ဖြတ် ပြောလိုက်သည်။
***