← Chapters

မင်းကို သုံးကွက်အတွင်း သတ်ပြမယ်!

Vol. 6 Ch. 87

မင်းကို သုံးကွက်အတွင်း သတ်ပြမယ်!

Vol. 6 Ch. 87

* ငါ့ညီကို ဒူးထောက်ပြီး တောင်းပန်မလား*

*ဒူးထောက်ပြီး အသေခံမလား"

ယဲ့ဖန်၏ စကားကြောင့် သုံးယောက်လုံး၏ မျက်နှာများ သုန်မှုန်လာကြသည်။ အထူး သဖြင့် ကော်စန်းက အလွန်ရက်စက်သည့် အကြည့်တို့ဖြင့် ကြည့်ကာ "ဟေ့ကောင်… မင်းက ပုရွတ်ဆိတ်တစ်ကောင်အတွက်နဲ့ ငါ့ကို သေစေချင်တယ်ပေါ့လေ"

ကော်စန်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေသည်။ သည်လို အရှက်မရှိသည့်စကားမျိုး မကြားရသည်မှာ သူ့အတွက် နှစ်အတော်ကြာပြီ ဖြစ်သည်။ သူ့ကို ဒီလိုဆက်ဆံသည့် သူတိုင်း သူသတ်လို့ သေသွားကြတာချည်းပင်။

*ပုရွတ်ဆိတ်*

ကော်စန်း၏ စကားကြောင့် ယဲ့ဖန်မျက်လုံးများက အေးစက်လာကာ "မင်းလည်း ပုရွတ်ဆိတ်ပဲ"ဟု ပြန်ပြောလိုက်သည်။

*သွားသေလိုက်*

ကော်စန်း ဒေါသထွက်လာပြီး သူ့မျက်လုံးမှ လူသတ်ချင်သည့် အရိပ်အငွေ့များ ဖြတ်ပြေးလာကာ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

ထိုစဉ် စစ်ခုန်ကျင့်က ကော်စန်းကို လက်ပြ၍ ဟန့်တားလိုက်သည်။ ထို့နောက် သူမက ယဲ့ဖန်ကို အမိန့်ပေးသလို ပြောလာသည်။

"ယဲ့ဖန်… ရှင့်မှာ သူမတူတဲ့ ဆေးပညာစွမ်းရည်ရှိတိုင်း အခြားသူတွေကို လျစ်လျူရှု ထားလို့ ရမယ်လို့ ထင်မနေနဲ့၊ ငါတို့က တရုတ်ပြည်‌မြောက်ပိုင်းက စစ်ခုန်ကပဲ၊ ငါတို့ကို ကလန်ကဆန်လုပ်ရင် ဖြစ်လာမယ့်ရလဒ်ကို သိလား?"

စစ်ခုန်ကျင့်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလာသည်။ အကယ်၍ ယဲ့ဖန်သာ သူမကို ပိုလှလာအောင် လုပ်နိုင်စွမ်း မရှိဘူးဆိုလျင် စစ်ခုန်ကျင့်တစ်ယောက်  သည် အခြောက်တိုက် ဘဝင်မြင်နေတဲ့ကောင်ကို ကျိုးကန်းသွားစေရန် ကော်စန်းကို ပညာပြခိုင်းလိုက်ပြီ ဖြစ်သည်။

*ရလဒ်*

ယဲ့ဖန် ခေါင်းကိုခါ၍ ရယ်ကာ ပြန်ပြောလိုက်သည်။ "စစ်ခုန်ကလန်ကို ကလန်ကဆန်လုပ်ရင် ဘာဖြစ်လာမလဲ ကျုပ် မသိဘူး၊ ဒါပေမယ့် ကျုပ်ကို လာစော်ကားရင်တော့ ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာတော့ ကျုပ် သိတယ်"

…..

ဘဝင်မြင့်လွန်းတယ်!

မောက်မာလွန်းတယ်!

စစ်ခုန်ကျင့်နှင့် သူမ၏ နောက်လိုက်နှစ်ယောက်တို့ သည်လောက် ဘဝင်မြင့်လွန်းသည့်သူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးချေ။

"ကောင်းတယ်၊ သိပ်ကောင်းတယ်"

စစ်ခုန်ကျင့် ဒေါသထွက်နေသလို လှောင်လည်းလှောင်ရယ်ချင်နေ၏။

"ကော်စန်း… သွား… စစ်ခုန်ကလန်ကို ကလန်ကဆန်လုပ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ သိအောင် ပြလိုက်"

စစ်ခုန်ကျင့်က တင်းမာနေသော မျက်နှာထားနှင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ မမလေး"

ကော်စန်းက သရော်ပြုံးပြုံး၍ ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ ကျယ်လောင်သော ခြေသံများနှင့်အတူ ကော်စန်း၏ ကြမ်းကြုတ်သောချီဓာတ်များက ဒေါသအိုးပေါက်ကွဲသလို ပေါက်ကွဲထွက်လာသည်။

သားကောင်ကို ချောင်းမြောင်းစိုက်ကြည့်နေသော ကျားသစ်နက်ကဲ့သို့ ကော်စန်းက ရက်စက် ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်လာသည်။

ကော်စန်း ရှေ့သို့ ပြေးဝင်လာသည်ကို မြင်လိုက်သည်နှင့် နတ်ဆိုးသံတောင်ကြီးက ရှေ့သို့  အသည်းအသန် ပြေးလာ၍ သူ့ကို တားဆီးလိုက်သည်။

"မင်း ငါ့သခင်ကြီးကို တိုက်ခိုက်ချင်ရင် ငါ့အလောင်းကို ကျော်ပြီးမှပဲ ရမယ်"

နတ်ဆိုးသံတောင်ကြီးက ထိုသို့ပြောလိုက်ပြီး သူ၏ မျက်လုံးများကလည်း သွေးဆာနေပုံ ရသည်။

ယဲ့ဖန်က သူ့အတွက် တိုက်ရဲမှတော့ သူသည်လည်း သူ့အသက်ပင် ဆုံးပါစေ၊ ယဲ့ဖန်အတွက် တိုက်မည်သာ ဖြစ်သည်။

သံတောင်ကြီး၏ စကားကြောင့် ကော်စန်းက ကြောင်သွားပြီးမှ လှောင်ရယ်လိုက်ပြီး "ဟ… ပုရွက်ဆိတ်လေး.. မင်းက အရှုံးသမားပါပဲကွာ … မင်းက အခု သေချင်နေတယ်ဆိုလည်း ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

ကော်စန်းက နတ်ဆိုးသံတောင်ကြီး၏ ဘယ်ခြေထောက်ကို လက်ညှိုးထိုး၍ "ပထမတစ်ချက်နဲ့တင် ငါ မင်းဘယ်ခြေထောက်ကို ချိုးပြမယ်"

"ဒုတိယတစ်ချက်နဲ့ ငါ မင်းရဲ့ ဒူးခေါင်းကို ရိုက်ချိုးပစ်မယ်"

"တတိယတစ်ချက်ဆိုရင်‌တော့ ငါ မင်းအသက်ကို နုတ်ယူပြမယ်"

ကော်စန်း၏ စကားလုံးများသည် အထက်စီးဆန်ကာ ရက်စက်သည်၊ ထို့ပြင် သူက ခနဲ့ပြုံးပြုံး၍ "ငါ မင်းကို သုံးကွက်တည်းနဲ့ သတ်လို့ရတယ်"

*ဘာ*

နတ်ဆိုးသံတောင်ကြီး၏ မျက်နှာက မည်းမှောင်လာသည်။ သူ့ပြိုင်ဘက်က သူ့ကို နှိမ်၍ ပြောရဲလိမ့်မည်ဟု သူ မထင်ထားမိပါ။

နတ်ဆိုးသံတောင်ကြီးက ပြန်ပြောရန် ပြင်လိုက်စဉ်တွင် ယဲ့ဖန်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

"ကောင်းပြီလေ၊ ငါ အဲ့ဒါကို ဖြည့်ဆည်းပေးရမှာပေါ့"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် သူတို့အားလုံး မှင်တက်သွားပြီး သူ ပြောတာကို နားမလည်ကြပေ။

ပျင်းရိပျင်းတွဲနှင့် ထိုင်ချလိုက်ပြီး ယဲ့ဖန်က ရယ်၍ "သံတောင်ကြီး… မင်း သူ့ကို သုံးကွက်အတွင်း သတ်ပစ်လိုက်"

…

ကော်စန်း၊ စစ်ခုန်ကျင့်နှင့် အဘိုးအိုတို့ မှင်တက်သွားကြသည်။

*ကော်စန်းကို သုံးကွက်အတွင်း သတ်ပစ်မယ်?*

*မင်း ငါ့ကို လာနောက်နေတာလား?*

နတ်ဆိုးသံတောင်ကြီး၏ နံရိုးများက ကော်စန်းကြောင့် တစ်ချက်တည်းနှင့် ကျိုးသွားခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က ယှဉ်လို့ရတာမှ မဟုတ်တာ။

နတ်ဆိုးသံတောင်ကြီးအတွက် ကော်စန်းကို သတ်ဖို့က မဖြစ်နိုင်ပေ၊ သုံးကွက်တည်းနဲ့ အသေသတ်ဖို့ဆိုတာက ပို၍တောင် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ကော်စန်းနှင့် စစ်ခုန်ကျင့်တို့ အားရပါးရ လှောင်ရယ်လိုက်ကြသည်။ သူတို့က ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။

နတ်ဆိုးသံတောင်ကြီးသည်လည်း တွေဝေနေ၏။ သို့သော် ယဲဖ့န်၏ ယုံကြည်မှုရှိပြီး၊ တည်ငြိမ်သော မျက်လုံးများကြောင့် သူသည်လည်း သူကိုယ်တိုင် ကော်စန်းကို သုံးကွက်အတွင်း အသေသတ်နိုင်သည်ဟု ယုံကြည်ချက် ရှိလာသည်။

နတ်ဆိုးသံတောင်ကြီးက ယဲ့ဖန်ရှေ့ ဒူးတစ်ချက်ထောက်ကာ ပြတ်သားသောလေသံဖြင့် "ဟုတ်ကဲ့ပါ သခင်ကြီး"

နတ်ဆိုးသံတောင်ကြီးက ဒူးထောက်ရာမှ ပြန်ထကာ ကော်စန်းကို စိုက်ကြည့်လိုက်သည်။

"ဟိုးဟိုး… အရူးပါလား"

ကော်စန်းက ရယ်၍ "ဒီလိုဆိုမှတော့ သေပေတော့" ဟု ပြောလိုက်သည်။

ကော်စန်းက နတ်ဆိုးသံတောင်ကြီးဘက်သို့ ခုန်ဝင်လာကာ သူ၏ ဘယ်ဘက်ခြေထောက်ကို ဦးတည်၍ တစ်ပတ်လည်ကန်ချက်ဖြင့် ကန်လိုက်သည်။

မွေထိုင်းလက်ဝှေ့သည် အလွန်ပြင်းထန်သည့် ကိုယ်ခံပညာဖြစ်သည်။

ထို့အပြင် မွေထိုင်းလက်ဝှေ့သမားများ၏ ခြေထောက်များကို သံမဏိခြေထောက်ဟု တင်စားကြသည်။ သူတို့၏ ခြေထောက်ဖြင့် သစ်ပင်များကို ပင်စည်ကနေ လဲကျသွားအောင် ကန်နိုင်သည်ဟု ဆိုကြသည်။

လေတိုးသံနှင့်အတူ ကော်စန်း၏ တစ်ပတ်လည်ကန်ချက်သည် နတ်ဆိုးသံတောင်ကြီး၏ ဘယ်ခြေထောက်သို့ အလင်းတန်းကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

နတ်ဆိုးသံတောင်ကြီးက အာရုံစူးစိုက်ထားကာ ရှောင်ရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်၏ အသံက ကြားဖြတ် ဝင်ရောက်လာသည်။

"ညာခြေ အပေါ်နား ၄၅ ဒီဂရီလောက်"

ယဲ့ဖန်၏ အပြောကြောင့် သံတောင်ကြီးက ရှောင်ရန် မပြင်တော့ပဲ သူ့ညာခြေဖြင့် မြေကြီးကို ခြေဆောင့်နင်းကာ အပေါ်ဘက် ၄၅ ဒီဂရီကို ကန်ချလိုက်သည်။

အရိုးကျိုးသံ ထွက်ပေါ်လာပြီး စစ်ခုန်ကျင့်၊ အဘိုးအိုတို့နှင့်အတူ သံတောင်ကြီးပါ အံ့အားသင့်နေသည်။

ကော်စန်း၏ တစ်ပတ်လည်ကန်ချက်သည် သံတောင်ကြီး၏ ဘယ်ခြေထောက်နှင့် သုံးစင်တီမီတာအခန့်တွင် တန့်သွားပြီး ကော်စန်း၏ ခြေထောက်က ကြောက်မက်ဖွယ်ကောင်းသော အနေအထားမျိုးဖြင့် လိမ်နေကာ အဖြူရောင်အရိုးကိုတောင် မြင်နေရသည်။

သူ၏ တစ်ပတ်လည်ကန်ချက် အရှိန်မသေခင်မှာပင် နတ်ဆိုးသံတောင်ကြီး၏ တန်ပြန်ကန်ချက်ကို ခံလိုက်ရခြင်း ဖြစ်သည်။

"အား…"

ကော်စန်း အလွန်အမင်း တုန်လှုပ်လာကာ နောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်သည်။

သူ့ခြေထောက် ကျိုးသွားချေပြီ။

သံတောင်ကြီး၏ ကန်ချက်သည် လျင်မြန်တိကျ၍ ပြင်းထန်လှသည်။

ကော်စန်းက သူ့ကို အရင်တိုက်ခိုက်လာခြင်း ဖြစ်သော်လည်း သူကသာ ကော်စန်း၏ ခြေထောက်ကို အချိန်တိုအတွင်း ချိုးလိုက်ခြင်း ဖြစ်သည်။

မယုံနိုင်စရာပါလား။

သူတို့သာမက သံတောင်ကြီးပါ အံ့ဩနေသည်။ သူက ယဲ့ဖန်၏ အကြံပေးချက်အတိုင်း ပြုမူလိုက်ခြင်း ဖြစ်သော်လည်း ဤကဲ့သို့ အလုပ်ဖြစ်လိမ့်မည်ဟု မထင်ထားလိုက်မိခဲ့။

ကော်စန်း၏ ခြေထောက်ကို သူ တစ်ချက်တည်းနှင့် ချိုးလိုက်နိုင်ပြီ!

သံတောင်ကြီး အလွန်ပျော်သွားသည်။

"ဘယ်ဘက်ကို သုံးလှမ်းလိုက်ပြီး ညာခြေနဲ့ တစ်ဖြောင့်တည်း ကန်လိုက်"

ယဲ့ဖန်၏ ဒုတိယအကြိမ် အမိန့်သံက ထွက်ပေါ်လာသည်။

သံတောင်ကြီးက ညာခြေဖြင့် မြေကြီးကို ဆောင့်နင်းကာ ဘယ်ဘက်သို့ သုံးလှမ်းလှမ်းလိုက်ပြီး ညာခြေကို တဖြောင့်တည်းထား၍ ကန်လိုက်သည်။

အလွန် လျင်မြန်သည့် ခြေတစ်ဖြောင့်တည်းကန်ချက်ကြောင့် ကော်စန်း မျက်နှာပျက်လာသည်။

ကော်စန်း ပို၍ ထိတ်လန့်သွားသည့်အချက်က နတ်ဆိုးသံတောင်ကြီးက သူ့ပြေးလမ်းကို ပိတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ မည်သို့မျှ ရှောင်လို့မရတော့ချေ။

"မဟုတ်ဘူး"

ကော်စန်း တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ ရုတ်တရက် ဖြတ်ဝင်လာသော ကန်ချက်ကြောင့် သူ့ဒူးနှင့် နတ်ဆိုးသံတောင်ကြီး၏ ညာခြေထောက်တို့ ထိပ်တိုက်တွေ့သွားသည်။

ကော်စန်း ဟန်ချက်မညီဘဲ လဲကျသွားချေသည်။

သူ့ခြေထောက်ကျိုးသွားပြီ!

သူ့ဒူးခေါင်းပါ ကျိုးသွားပြီ!

သို့သော် ဤသည်ကား အဆုံးမသတ်သေးချေ။

"သူ့နှလုံးသားရှိတဲ့ဘက်ကို ထိုးချလိုက်"

ယဲ့ဖန်၏ တတိယမြောက် အမိန့်သံနှင့်အတူ သံတောင်ကြီး၏ မျက်လုံးက မီးဝင်းဝင်းတောက်လာကာ ကော်စန်း၏ ရင်ဘတ်ကို အားနှင့် ထိုးလိုက်သည်။

"မဟုတ်ဘူး"

ထိတ်လန့်မှုကြောင့် ကော်စန်း လိပ်ပြာလွင့်မတတ် ဖြစ်နေသည်။ သူ ငုံ့ရှောင်ချင်သော်လည်း နောက်ကျသွားချေပြီ။

အုန်းခနဲ အသံနှင့်အတူ သူ၏ ရင်ညွန့်ရိုး တစ်စစီ ကျိုးကြေသွားပြီး ကော်စန်း၏ မျက်လုံးများကလည်း ငြိမ်သက်သွားသည်။

ကော်စန်း သေသွားပြီဖြစ်သည်။

All Chapters