ထူးဆန်းသော ရွှင်းအာ
Vol. 6 Ch. 90
"ဒါ ... ဒါ ငါလား?"
ရွှင်းအာက မှန်ကို တအံ့တဩ ကြည့်နေသည်။ မှန်ထဲတွင် နှင်းပွင့်လေးလို လှပသော မျက်နှာလေးတစ်ခုက ထင်ဟပ်နေ၏။
မွေးရာပါအမှတ်တစ်ခုလုံး ပျောက်ကွယ်သွားပြီး သူမ၏ မွေးကင်းစကလေးသဖွယ် နူးညံ့ချောမွေ့သော အသားအရေလေးက ဝင်းနေသည်။
အနည်းငယ် ညစ်ပတ်ပေကျံနေသော်ငြားလည်း ဤသည်က သူမ၏ လှပသော မျက်နှာလေးကို ဖုံးကွယ်ရန် မစွမ်းနိုင်ပေ။
သူမ၏ နူးညံ့၍ ဖြောင့်တန်းနေသော နှာတံ၊ သူမ၏ နီဆွေးနေသော နှုတ်ခမ်းလေးကလည်း ဆွဲဆောင်မှု ရှိသည်။
သူမ၏ မျက်လုံးလေးများက ကြယ်တာရာအလား တဖျတ်ဖျတ် တောက်ပနေကာ ချစ်စရာကောင်းလှသည်။
ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတဲ့ ကလေးမလေးပါလိမ့်။
ခဏကြာသော် ရွှင်းအာ ထပ်မံ၍ ငိုကြွေးပြန်သည်။
"ညီမရဲ့ မွေးရာပါအမှတ်က မရှိတော့ဘူး၊ ညီမက ရွံစရာကောင်းတဲ့ ရုပ်ဆိုးမလေး မဟုတ်တော့ဘူး"
ရွှင်းအာက ပြောရင်း ဆောင့်ကြောင့်ထိုင်ချကာ သူမ ကလေးဘဝကတည်းက ကြုံတွေ့လာရသည့် အခက်အခဲ၊ ပြဿနာများကို လွှတ်ချလိုက်သည့်အလား အားရပါးရ ငိုကြွေးနေသည်။
သူမ ဝမ်းနည်းပက်လက် ဖြစ်နေတာကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ မကောင်းသလို ဖြစ်လာသည်။
သည်ကလေးမလေး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရမှန်း သူ ခန့်မှန်းမိပါသည်။
အဆုံးအစမဲ့သော လှောင်ပြောင်မှုများ၊ အထင်သေးမှုများက သည်ကလေးအပေါ် ဝန်ထုပ်ဝန်ပိုး ကြီးစွာ ဖြစ်စေပြီး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့လာရသည်။
ယဲ့ဖန် ထိုင်ချလိုက်ပြီး သူမခေါင်းလေးကို ပုတ်၍ နှစ်သိမ့်သည့်သဘောဖြင့် ပြုံးပြလိုက်သည်။
"ကဲ… ကလေးမလေး… အခုချိန်ကစပြီး မင်းကို ဘယ်သူမှ လှောင်ပြောင်တော့မှာ မဟုတ်သလို ဘယ်သူမှလည်း ရွံသလို ဆက်ဆံတော့မှာ မဟုတ်ဘူး"
သူ့စကားကြောင့် ရွှင်းအာက ခေါင်းလေးကို မော့ကာ မျက်ရည်များနှင့် ရွှဲစိုနေသော ချစ်စရာကောင်းလှသည့် မျက်နှာလေးနှင့် ယဲ့ဖန်ကို ကြည့်လာသောကြောင့် ယဲ့ဖန်တောင် ရင်ခုန်သွားသည်။
ယဲ့ဖန်ကို ကြည့်နေရင်း သူမ ထပ်မံ၍ ငိုကြွေးကာ သူ့လက်မောင်းကြားထဲ တိုးဝင်လာသည်။
သူမ မွေးဖွားလာကတည်းက မည်သူမျှ သူမကို ဂရုမစိုက်ခဲ့ပါ။ ယခုတော့ သူမကို ဂရုစိုက်သည့် ပထမဆုံးသူကို သူမ ရှာတွေ့ခဲ့လေပြီ၊ သူမရဲ့ အစ်ကိုကြီး ယဲ့ဖန်။
ရွှင်းအာ၏ မျက်ရည်စများနှင့် မျက်ဝန်းလေးများက အလွန် ပြတ်သားသည့် အသွင်ကို ဆောင်နေသလို သူမ စကားစလိုက်သည်။
"ညီမကို မုန်းတဲ့သူတွေကို ညီမ မုန်းသလို ညီမကို ချစ်တဲ့သူတွေကိုလည်း ညီမချစ်တယ်။ အစ်ကိုကြီး ယဲ့ဖန် … အစ်ကိုက ညီမကို ရိုးရိုးသားသား ဆက်ဆံတဲ့ ပထမဆုံးသူပဲ။ ညီမ အစ်ကိုကြီးကို ဘယ်တော့မှ မမေ့ဘူး…"
ရွှင်းအာ၏ အသံက သူမကိုယ်သူမ ပြောနေသကဲ့သို့ လွန်စွာ တိုးညှင်းလှသည်။
ထို့နောက် ရွှင်းအာသည် မျက်ရည် သုတ်ကာ ယဲ့ဖန်၏ လက်မောင်းကြားထဲမှ ပြန်ထွက်လိုက်သည်။
ယဲ့ဖန်၏ အင်္ကျီက သူမကြောင့် စိုရွှဲသွားသည်ကို မြင်ပြီး သူမ အနည်းငယ် ရှက်ရွံ့လာကာ ခေါင်းလေးကို ငုံ့၍ ကြောက်သလို ပြောလာသည်။
"အစ်ကိုကြီး… တောင်းပန်ပါတယ်… ညီမ အစ်ကို့အင်္ကျီကို စိုသွားအောင် လုပ်မိသွားတယ်"
ယဲ့ဖန်က ပြုံး၍ သူမခေါင်းလေးကိုသာ ပုတ်ပေးလိုက်သည်။ ဤရိုးရှင်းလှသည့် အပြုအမူလေးကြောင့် သူမ မှင်တက်သွားသည်။
ဘာရယ်ကြောင့်မှန်းမသိဘဲ ယဲ့ဖန် သူမခေါင်းကို ပုတ်ပေးတာကို သူမ နှစ်သက်လာမှန်း ယခုမှ သတိထားမိလိုက်သည်။ သူသာလျင် သူမခေါင်းကို ပုတ်ပေးသည့် ပထမဆုံးနှင့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ထို့နောက် ရွှင်းအာက သူမ၏ စုတ်ပြတ်နေသော အဝတ်အစားထဲမှ နက်မှောင်နေသော လက်ကောက်လေးကို ပိန်ကပ်ကပ် လက်ကလေးများနှင့် ထုတ်ယူ၍ ပြောလိုက်သည်။
"အစ်ကိုကြီး… ညီမမှာ ပိုက်ဆံမရှိဘူး၊ ဒီလက်ကောက်လေးပဲ ရှိတယ်။ ဒါလေးပဲ ယူထားလိုက်နော်"
ထို့သို့ပြောပြီး ရွှင်းအာက ထိုလက်ကောက်လေးကို ယဲ့ဖန်၏ လက်ကောက်ဝတ်မှာ စွပ်ပေးလိုက်သည်။
ထိုလက်ကောက်သည် အလွန် ထူးခြားဆန်းကြယ်၏။ ထိုလက်ကောက်ကို အနက်ရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ ထိုကျောက်တုံးတစ်တုံးချင်းစီ၏ မျက်နှာပြင်တွင် "အမှောင်" ဟုသည့် စကားလုံးကို ထွင်းထားသည်။
ထိုစကားလုံးကို ကလေးငယ်တစ်ယောက်က ထွင်းထားမှန်း သိသာလှသည်။
ချက်ချင်းပင် ယဲ့ဖန်က သူအိတ်ထဲ ရှိသမျှ ပိုက်ဆံတွေကို ထုတ်ကာ ရွှင်းအာ၏ အိတ်လေးထဲ ထည့်ပေး၍ "ကလေးမလေး.. ဒီပိုက်ဆံတွေ ယူထားလိုက်၊ နောင် ပြဿနာတစ်ခုခု ကြုံရရင် အစ်ကိုကြီးဆီကိုလာခဲ့၊ မှတ်မိတယ်မလား?"
ရွှင်းအာ ငေးငိုင်နေပြီးမှ ခေါင်းလေးကို တဆတ်ဆတ် ညိတ်ကာ "ဟင်… ဟုတ် ညီမ နားလည်ပါပြီ"
ထို့နောက် ရွှင်းအာက ခြေဖျားထောက်ကာ ယဲ့ဖန်၏ နဖူးကို သူမ၏ ပန်းဆီရောင် နှုတ်ခမ်းလေးဖြင့် နမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး… ညီမ သွားတော့မယ်နော်"
သူမ၏ လှပသော မျက်နှာလေးက နီမြန်းနေကာ ယဲ့ဖန်ကို လက်ပြ၍
"နောက်မှ တွေ့မယ်နော် ... အစ်ကိုကြီး"
ပိန်သေးသေး ကောင်မလေး အားကစားကွင်းအပြင်သို့ ထွက်သွားသည်ကို ကြည့်နေရင်း ထူးဆန်းသော အလင်းတစ်ခု ရိပ်ခနဲ ဖြတ်သွားသည်။
"ဒီကလေးမလေးက တော်တော်ထူးဆန်းတယ်၊ သူမရဲ့ ထိပ်တန်းအဆင့် အဆိပ်ခန္ဒာကိုယ်က နိုးထလာပြီပဲ"
ကော်စန်း၏ အလောင်းက ယခုထိ အားကစားကွင်းထဲမှာ ရှိနေသေးသည်။ သို့သော် ရွှင်းအာက ထိုအလောင်းကို နည်းနည်းလေးမှ ကြောက်ပုံမရပေ။
ယဲ့ဖန်က ချက်ချင်းနောက်လှည့်ကာ နတ်ဆိုးသံတောင်ကြီးကို အမိန့်ပေးလိုက်သည်။
"သံတောင်ကြီး ရွှင်းအာနောက် လိုက်ပြီး သူမကို တိတ်တိတ်လေး ကာကွယ်ပေးလိုက်"
"ဟုတ်ကဲ့ပါ သခင်ကြီး"
သည်ကလေးမလေးကို ယဲ့ဖန် ဘာကြောင့် ဂရုစိုက်နေရတာလဲဆိုတာကို သူ နားမလည်သော်လည်း သူ ရွှင်းအာနောက်သို့ ချက်ချင်း လိုက်သွားသည်။
သို့သော် ဆယ်မိနစ်ခန့် ကြာသော်အခါ နတ်ဆိုး သံတောင်ကြီး ပြန်ရောက်လာကာ မချိတင်ကဲ ပြုံး၍ ပြောလာသည်။
"သခင်ကြီး ... ကျွန်တော် အသုံးမကျဘူး၊ ကျွန်တော် သူ့..သူ့ကို မျက်ချေပြတ်သွားတယ်"
နတ်ဆိုးသံတောင်ကြီး ရှက်လည်းရှက်နေသည်၊ အစက ဆယ်နှစ်အရွယ် ကလေးမလေးနောက် တိတ်တိတ်လေး လိုက်တာက လွယ်ကူလွန်းလှသည်ဟု သူ ထင်ထားခဲ့သော်လည်း လမ်းကြိုလမ်းကြား နှစ်ခုကို ကျော်ပြီးသည်နှင့် သူမကို သူ မျက်ချေပြတ်သွားသည်။
ယဲ့ဖန်က အံ့ဩဟန် မပြပေ၊ သို့သော် သူ့လက်ကောက်ဝတ်မှ အနက်ရောင်လက်ကောက်လေးကို အနည်းငယ် အံ့ဩနေဟန်ဖြင့် ပွတ်ရင်း
"ရွှင်းအာက တကယ်ကို သူမရဲ့ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် နိုးထသွားပြီပဲ၊ သူမရဲ့ သွေးမျိုးဆက်က နည်းနည်းလေးပဲ နိုးထလာပင်မယ့် သူမက တော်တော်လေးကို လက်ဖျားခါနေရပြီ"
ထိုသို့ ပြောပြီး ရွှင်းအာအတွက် သူ စိတ်ချသွားသည်။ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် နိုးထပြီးသည်နှင့် ရွှင်းအာက သူမကိုယ်သူမ ကာကွယ်နိုင်ပြီ ဖြစ်သည်၊ သံတောင်ကြီး တိတ်တိတ်လေး လိုက်စောင့်ရှောက်စရာ မလိုတော့ပါ။
ယဲ့ဖန်က မိုးမခပင်ဘက် ပြန်လျှောက်လာနေရင်း အနက်ရောင် နတ်ဆိုးချီက ကော်စန်း၏ အလောင်းထံသို့ ဝင်ရောက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကော်စန်း၏ အလောင်းက ပြာဖြစ်သွားသောကြောင့် နတ်ဆိုး သံတောင်ကြီး အလွန် ထိတ်လန့်သွားသည်။
အားကစားကွင်းတစ်ခုလုံး ဘာမှမဖြစ်ခဲ့သလို တစ်ဖန် ပြန်လည်၍ငြိမ်သက်လာသည်။
….
တစ်ချိန်ထဲမှာပင် စုတ်ပြတ်နေသော အဝတ်အစားများနှင့် ပိန်သေးသေးကိုယ်လေးတစ်ခုသည် မှောင်မိုက်နေသော လမ်းကြားလေး၌ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
ထိုသူလေးကတော့ ရွှင်းအာပင်၊ သို့သော် သူမ၏ မျက်နှာလေးက ကြောက်ရွံ့နေခြင်း မရှိတော့ပဲ တည်ငြိမ်နေသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူမ၏ ချီဓာတ်က ပိုမိုသန်မာလာလေ ဖြစ်သည်။
ဘာရယ်ကြောင့်မှန်းမသိသောလည်း သူမ၏ သေးသွယ်သောကိုယ်လုံးလေးက ယခင်ကနှင့် မတူတော့သလိုပင်။
လမ်းကြားအဆုံးသို့ ရောက်မှ သူမ ရပ်လိုက်သည်။ ထို့နောက် သူမ ဖြည်းဖြည်းချင်း နောက်လှည့်ကာ သူမ၏ မျက်ရည်ကျလုကျခင် ဖြစ်နေသော မျက်လုံးက အေးစက်စက် အလင်းတစ်ချို့ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
"ထွက်လာခဲ့"
သူမအသံကို ကြားသည်နှင့် အမှောင်ထဲမှ အနက်ရောင်ဝတ်စုံနှင့် လူများ ထွက်ပေါ်လာသည်။
ထိုသူများအားလုံး အနက်ရောင် အဝတ်အစား၊ အနက်ရောင် ဖိနပ်နှင့် အနက်ရောင် မျက်နှာဖုံးတို့ကို ဝတ်ဆင်ထားသည်။
ထိုသူများအားလုံးက အမှောင်ထဲမှ သရဲတစ္ဆေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
ခဏကြာသော် လမ်းကြားထဲ၌ လူအယောက် ၁၀၀ ကျော် ပေါ်လာသည်။
သန်မာသော ချီဓာတ်များနှင့် ထိုသူတို့က ကြောက်မက်ဖွယ် ကောင်းသော ဝံပုလွေအုပ်စုနှင့် သဏ္ဌာန်တူလှသည်။
ထို့နောက် သူတို့ ဒူးထောက်ချလိုက်တကာ သံပြိုင် ပြောလိုက်ကြသည်။
"မွေးရာပါ အမှတ်ကို ဖယ်ရှားလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် သခင်"
ထိုအဖွဲ့၏ အရှေ့တွင် ရပ်နေသော ရွှင်းအာက လွန်စွာမှ တည်ငြိမ်လှသည်။ သူမ၏ လှပသော မျက်နှာလေးက အမူအရာ ပြောင်းလဲခြင်း မရှိဘဲ "အားလုံး ရောက်ကြပြီလား?" ဟု အေးစက်စွာ ပြောလိုက်သည်။
သူမစကားကို ကြားသည်နှင့် ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်တူသောသူက "ဘုရင် သုံးယောက်၊ တစ္ဆေ ၅ယောက်နဲ့ အဓိကကလန်ကြီး ၁၂ခုလုံး ဒီကို ရောက်နေပါပြီ သခင်" ဟု ပြောလာသည်။
ရွှင်းအာက ခေါင်းညိတ်ကာ လမ်းကြားထဲရှိ လူအားလုံးကို တစ်ချက်ကြည့်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
"ငါ နင်တို့အားလုံးကို သတင်းတစ်ခု ကြေညာစရာရှိတယ်"
"အခုကစပြီး ငါ့နာမည်အသစ်က ယဲ့ရွှင်းအာပဲ"
"အမှောင်သခင်က နာမည်အသစ်က ညဉ့်နက်ပဲ (တရုတ်လိုဆို ညရဲ့ အသံထွက်က ယဲ့နဲ့ ဆင်တူပါတယ်)"
"ငါ့ရဲ့ သင်္ကေတ ဖြစ်တဲ့ ပစ္စည်းကို ကိုင်ထားတဲ့ သူက မင်းတို့ရဲ့ သခင်အသစ်ပဲ"