သူက ယဲ့ကလန်သားတစ်ယောက်ပဲ!
Vol. 7 Ch. 91
ကျန်းရှီမြို့ရှိ ယဲ့ကလန်အတွင်း၌ … ယနေ့ ယဲ့ကလန်သည် အကြီးဆုံး သခင်လေး အိမ်ပြန်လာသည့် အတွက် ဝမ်းမြောက် ဝမ်းသာဖြင့် မီးအိမ်များ၊ ပန်းများဖြင့် ယဲ့အိမ်တော်ကို အလှဆင်နေကြသည်။
ယဲ့လုံသည် ယဲ့ယွင်ရှန်၏ အကြီးဆုံးသား ဖြစ်ပြီး ယဲ့ဟူ၏ အစ်ကိုလည်း ဖြစ်သည်။ သူ့ကို ယဲ့ကလန်၏ ဆက်ဆံသူ အဖြစ် ယဲ့ကလန်၏ တတိယ မျိုးဆက်များက လက်ခံ ထားကြသည်။ သူသည် ကျန်းရှီမြို့၏ ထိပ်တန်း သခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သခင်လေး စိမ်းပြာနဂါးဟု ခေါ်ကြသည်။
ယခင်တုန်းက ယဲ့လုံသည် တရုတ်ပြည် မြောက်ပိုင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့ကာ စစ်ခုန်ကလန်က သခင်မလေးနှင့် မေတ္တာမျှခဲ့သည်။ ထို့ကြောင့် သူသည် စစ်ခုန်ကလန်၏ သခင်မလေး စစ်ခုန်ကျင့်နှင့် လက်ထပ်တော့မည် ဖြစ်သည်။
ယနေ့ ယဲ့လုံသည် ဘိုးဘေးများ ကျော်ကြားလာအောင် လုပ်နိုင်မည်ဖြစ်သည့် အတွက် အိမ်သို့ ဂုဏ်ယူ ဝင့်ကြွားစွာ ပြန်လာခဲ့သည်။
ယဲ့ကလန်မှ အကြီးအကဲများအားလုံး ယဲ့အိမ်တော်၏ ခန်းမ၌ ထိုင်နေကြသည်။
ချောမော ခံ့ညားပြီး ဘဝင်မြင့်နေသော မျက်နှာထားနှင့် ယဲ့လုံက သူ၏ အဘိုးဖြစ်သူ ယဲ့ဖန့်ချန်အား အထက်စီးဆန်စွာ ပြောလိုက်သည်။
"အဘိုး စစ်ခုန်ကလန်က တရုတ်ပြည် မြောက်ပိုင်းမှာ ပြိုင်ဘက်ကင်းပဲ၊ သူတို့က တကယ့်ကို အင်အားကြီးတာ။ အခု စစ်ခုန်ကလန် ခေါင်းဆောင်က ကျင့်ကျင့်နဲ့ ကျွန်တော်ရဲ့ လက်ထပ်ပွဲအတွက် ဆွေးနွေးဖို့ အိမ်ကို လာလည်တာပါ"
ယဲ့ကလန်ကို အုပ်ချုပ်ခြင်းထက် စစ်ခုန်ထို့၏ သားမက် ဖြစ်ခြင်းက ပို၍ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု ယဲ့လုံက ယူဆထားသည်။
ယဲ့ကလန်သားများ အားလုံးက သူ့ကို အလွန် လေးစား အားကျသည့်ဟန်ဖြင့် ဝိုင်းကြည့်နေကြသည်။
ယဲ့လုံသည် ယဲ့ကလန်၏ ဂုဏ်ဆောင် ဖြစ်သည်။ ယဲ့ဖန့်ချန်တောင်မှ သူ့စကားကြောင့် စိတ်လှုပ်ရှားလာကာ အသည်းအသန် မတ်တပ်ထရပ်ကာ စစ်ခုန်ကလန် ခေါင်းဆောင်ကို လက်နှစ်ဘက်ကို ဆုပ်၍ "ခင်ဗျား ရောက်လာပေးတဲ့အတွက် ကျုပ်တို့ ဂုဏ်ယူမိပါတယ်" ဟု နှုတ်ဆက်လိုက်သည်။
စစ်ခုန်ထို့သည် စစ်ခုန်ကလန်၏ ခေါင်းဆောင်ဖြစ်ပြီး တရုတ်ပြည် မြောက်ပိုင်းမှ အထင်ကရ ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ခံ့ညားထည်ဝါသည်။
စစ်ခုန်ထို့က မျက်ခုံး အသာပင့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
"အင်း ... ကျုပ်က ဒီကို ကျုပ်သမီး စစ်ခုန်ကျင့်အတွက် ရောက်လာတာ၊ ကျန်းရှီမြို့မှာ လူတွေကို ပိုလှလာအောင် လုပ်ပေးနိုင်တဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ယောက် ရှိတယ်လို့ ပြောနေကြတယ်။ အခု ကျုပ်သမီးက အဲ့လူကို သွားရှာနေတာ"
လက်ဘက်ရည်ကို တစ်ငုံသောက်ပြီး စစ်ခုန်ထို့က ဆက်ပြောလိုက်သည်။
"ကျုပ်သမီး ခွဲစိတ်ပြီးတာနဲ့ နေ့ကောင်းနေ့မြတ် ရွေးပြီး မင်္ဂလာပွဲ ကျင်းပကြတာပေါ့၊ ပြီးရင် ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးရမယ်"
*ဘာ*
စစ်ခုန်ထို့က စစ်ခုန်ကျင့်နှင့် ယဲ့လုံ၏ မင်္ဂလာပွဲကို သဘောတူလိုက်သည့် အတွက် ယဲ့ကလန်သားများ အားလုံး စိတ်လှုပ်ရှားနေပုံ ရသည်။ သို့သော် သူ ဆက်ပြောလိုက်သည့် စကားကြောင့် သူတို့အားလုံး၏ မျက်နှာက ကြောက်လန့်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။
*ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းပေးရမယ်*
*သူ ဘာပြောချင်တာလဲ*
ယဲ့ဖန့်ချန်က မျက်မှောင်ကြုတ်ကာ ယဲ့လုံအား ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်သည်။
ယဲ့လုံက မတ်တပ်ရပ်၍ ရှင်းပြလာသည်။
"အဘိုး ... ကျုပ်က ယဲ့ကလန်ရဲ့ ဆက်ခံသူပဲလေ၊ ကျုပ် လက်ထပ်ပြီးတာနဲ့ ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းယူလို့ ရတဲ့ အခွင့်အရေး ရှိတယ်၊ ဒါကြောင့် ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကျုပ် တင်တောင်းမလို့"
…
ယဲ့လုံ၏ စကားကြောင့် ယဲ့ကလန်သားများအားလုံး ပါးစပ်အဟောင်းသားနှင့် တအံ့တဩ ဖြစ်သွားကြသည်။
*ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ တင်တောင်းမယ်*
*ဒါ ပေါ်တင်ကြီး သူများပစ္စည်းကို သိမ်းပိုက်တာပဲ*
ယဲ့ကလန်သားများ အားလုံး စစ်ခုန်ကလန်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားကြသည်။
*ဒါကို ဆွေးနွေးတာလို့ ခေါ်နေတာလား? ယဲ့လုံက စစ်ခုန်ကလန်က ယဲ့ကလန်ကို သိမ်းပိုက်လို့ ရအောင် ကူညီပြီးတော့ ကျန်းရှီမြို့မှာ သူတို့ လွှမ်းမိုးလို့ ရအောင် လုပ်ပေးနေတာ အသိသာကြီးကို*
ယဲ့ကလန်သားများအားလုံး ဒေါသထွက်လာကြသည်။ ယဲ့ဖန့်ချန်၊ ယဲ့ယွင်ရှန်နှင့် ယဲ့ဖန်ဟိုင်တို့ သည်လည်း ထပ်တူညီစွာပင် ထိတ်လန့်၍ ဒေါသ ထွက်နေကြသည်။
ယဲ့လုံက သည်လောက် ဆိုးရွားသည့်အပြုအမူမျိုး လုပ်လိမ့်မည်ဟု သူတို မထင်ထားမိပါ။ ယဲ့ကလန်သားများ ပြန်လည် ငြင်းဆိုမည့်အချိန်တွင် အပြင်မှ ခြေသံများကို ကြားလိုက် ရသည်။
"ပါးပါး"
ငယ်ရွယ်သော အသံနှင့်အတူ မိန်းကလေး တစ်ယောက်နှင့် အဘိုးအိုတစ်ယောက်က အိမ်တော်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။
သူတို့သည် စစ်ခုန်ကျင့်နှင့် အဘိုးကူးတို့ပင် ဖြစ်သည်။ အခန်းထဲ ဝင်လာသည်နှင့် စစ်ခုန်ကျင့်က စစ်ခုန်ထို့၏ လက်မောင်းကို ဖက်ကာ ချွဲလေတော့သည်။
"ပါးပါး သမီး အရိုက်ခံလာရတယ်၊ ကော်စန်းလည်း သေသွားပြီ၊ ပါးပါး သမီးအတွက် လက်စားချေပေးပါ"
*ဟမ်*
အိမ်တော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ စစ်ခုန်ကျင့်၏ မျက်နှာက ယောင်ကိုင်းကာ လက်ဖဝါး ရာကြီးပါ အထင်းသား ပေါ်နေသည်ကို မြင်လိုက်ရသည်။
စစ်ခုန်ထို့ ထိတ်လန့်သွားပြီးနောက် မျက်လုံးကလည်း ရက်စက်သည့် အသွင်သို့ ပြောင်းလာပြီး သူ့သမီးကို မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ ကျင့်ကျင့်? ပါးပါးကို ပြောပါဦး၊ ကော်စန်း ဘယ်ရောက် သွားတာလဲ?"
သူမအဖေ၏ အမေးကြောင့် စစ်ခုန့်ကျင့်က အလွန် အရှက်ရလာသည့်ဟန်ဖြင့်
"ပါးပါး သမီးတို့ ကျွမ်းကျင်တဲ့ ဆရာဝန်ကို ရှာတွေ့ခဲ့တယ်။ သူက အရမ်း စိတ်ကြီးဝင်နေတဲ့ ကောင်စုတ် ဖြစ်နေတယ်၊ သမီးကို ခွဲစိတ်မပေးတဲ့အပြင် သူက ကော်စန်းကို သတ်ပြီးတော့ သမီးကို အတင်း ကိုယ့်ပါးကိုယ် ရိုက်ခိုင်းတယ်"
"ကော်စန်း သေသွားပြီ!"
…
ဗုံးမှန်သည့်အတိုင်း စစ်ခုန်ထို့၏ မျက်နှာက မည်းမှောင်လာသည်။ အားကိုးရတဲ့ သက်တော်စောင့် တစ်ယောက် ဆုံးရှုံးရပြီး သူ့သမီးကလည်း အတင်း ကိုယ့်ပါးကိုယ် ရိုက်ခဲ့ရလိမ့်မည်ဟု သူ မထင်ထားမိပါ။
"ဒါ ...ဒါ စစ်ခုန်ကလန်ကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ"
"ကျင့်ကျင့် ပြောစမ်း အဲ့ဆရာဝန်က ဘယ်သူလဲ?"
စစ်ခုန်ထို့က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။ စစ်ခုန်ကျင့်က မျက်ရည်ကို သုတ်ကာ အံကို ကြိတ်၍ ပြောလိုက်သည်။
"ပါးပါး အဲ့လူက ယဲ့ဖန်တဲ့၊ သမီး သူ့နောက်ကြောင်းကို စုံစမ်းပြီးပြီ၊ သူက ယဲ့ကလန်သား တစ်ယောက်ပဲ"
*ယဲ့ဖန်*
ယဲ့ကလန်သားများ အားလုံး သလင်းလှိုဏ်ဂူထဲ ပစ်ချခံလိုက်ရသလို အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
*သွားပြီ*
ယဲ့ကလန်သားများအားလုံး ယဲ့ကလန်တော့ အဆုံးသတ်ပြီဟု သတိထားမိလိုက်သဖြင့် ကြောက်လန့် တုန်လှုပ်လာကြသည်။
ခုနကတည်းက စစ်ခုန်ကလန်က ယဲ့ကလန်ကို သိမ်းပိုက်ချင်နေတာ၊ ယခုတော့ ပြစရာ အကြောင်းရင်း ရသွားချေပြီ။
သူတို့ ထင်သည့်အတိုင်းပင် စစ်ခုန်ကျင့် ပြောလို့ပြီးသည်နှင့် စစ်ခုန်ထို့နှင့် အခြား အကြီးအကဲများက ထရပ်ကာ ယဲ့ကလန်အား ကြောက်မက်ဖွယ် ကောင်းသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ မင်းတို့ ဘာလုပ်ခဲ့လဲ မြင်တယ်မလား ယဲ့ကလန်"
စစ်ခုန်ထို့က ဒေါသတကြီး အော်ဟစ်ကာ ယဲ့ဖန့်ချန်အား အလွန် ရက်စက် ပြင်းထန်သည့် အရိပ်အငွေ့ဖြင့် ကြည့်နေသည်။
"ကျုပ်တို့က ဒီကို ကြင်နာမှုကို ပြတဲ့အနေနဲ့ ကျုပ်သမီးနဲ့ ယဲ့လုံရဲ့ မင်္ဂလာပွဲအတွက် ဆွေးနွေးဖို့ လာကြတာ။ ဒါပေမယ့် ခင်ဗျားကလန်သားက ကျုပ် သက်တော်စောင့်ကို သတ်ပြီး ကျုပ်သမီးကိုတောင် အရှက်ခွဲလိုက်သေးတယ်။ ဒါ တော်တော်လွန်သွားပြီ"
"ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေသင့်တယ်"
စစ်ခုန့်ထို့က လက်ဝှေ့ယမ်းကာ ကြုံးဝါးလိုက်သည်။
"သူတို့အားလုံးကို သတ်လိုက်"
စစ်ခုန်ကလန်၏ အကြီးအကဲများက ရက်စက်ကာ ဆာလောင်နေသည့် ဝံပုလွေများကဲ့သို့ ယဲ့ကလန်သားများထံ ပြေးဝင်လာကြသည်။
လေတိုးသံ နှင့်အတူ ဆီးကာ တားသည့် ယဲ့ကလန်၏ သက်တော်စောင့်များ ထိုအကြီးအကဲများ၏ လက်ဝါးကြောင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားကြသည်။
တစ်ခဏ အတွင်းမှာပင် အဘိုးအိုက သက်တော်စောင့်များ၏ ကိုယ်ကို သူ၏ ချွန်ထက်နေသော လက်ချောင်းများဖြင့် အရေခွံစုတ်ပစ်လိုက်သည်။
အခြားအကြီးအကဲ တစ်ယောက်ချင်းစီတိုင်းက သိုးအုပ်ကို ဝင်ဆွဲသည့် ကျားများကဲ့သို့ ခုန်ဝင်လာကြသည်။
တစ်ယောက်! ငါးယောက်! ဆယ်ယောက်!
…
စက္ကန့်ပိုင်းအတွင်းမှာပင် ဒါဇင်နှင့်ချီသော ယဲ့ကလန်၏ သက်တော်စောင့်များ သေဆုံးသွားကြသည်။
ခြံဝန်းတစ်ခုလုံးနှင့် ခန်းမထဲတွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးချောင်း စီးနေကာ ရက်စက်သော ချီဓာတ်များက ပျံ့နှံ့နေသည်။
ယဲ့ကလန်သားများ သေမတတ် ကြောက်နေကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေသည်။
စစ်ခုန်ကလန်၏ အကြီးအကဲများသည် တကယ့်ကို ရက်စက်သည့် မကောင်းဆိုးဝါးများ ဖြစ်ကြပေသည်။
မင်္ဂလာပွဲကနေ အသုဘပွဲသို့ ပြောင်းသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ယဲ့ကလန်သားများ၏ မျက်နှာက ပြာနှမ်းလာသည်။ ယဲ့ကလန်တော့ ဆုံးခန်းတိုင်ပြီပင်။
"ယဲ့ကလန်သားတိုင်းကို ဖမ်းပြီး တစ်ယောက်ပြီး တစ်ယောက် သတ်လိုက်ကြ"
စစ်ခုန်ထို့က ကြုံးဝါးလိုက်သည်။
"ယဲ့ဖန်နဲ့ ပတ်သက်တဲ့ ကလန်သားတိုင်းကို သတ်ပစ်။ သူ့ဦးလေးတွေကို သတ်၊ သူ့အဘိုးကို သတ်၊ ပြီးတာနဲ့ ယဲ့ဖန်ကို သတ်"
"စစ်ခုန်ကလန်ကို ရန်စရဲတဲ့သူတိုင်း အသေဆိုးနဲ့ သေရမယ်"