အကြီးမားဆုံး အကျိုးပြုမှုနှင့် ဆေးဆရာ
Vol. 9 Ch. 118
ထိုစကားအပြီးတွင် အစိမ်းဖျော့ရောင် ဝတ်စုံနှင့် အမျိုးသမီးက လျှောက်လှမ်းကာ ဝင်ရောက် လာသည်။
“ဆေးလုံး သခင်မု....”
“စီနီယာ အစ်မယု...”
ထိုအမျိုးသမီး ဝင်ရောက်လာသည်နှင့် ဆေးလုံးဆရာ လူအုပ်ကြီးက လမ်းဖယ် ပေးလိုက်ကြသည်။ သူတို့အားလုံးက သူမကို လေးလေးစားစား ကျိုးကျိုးနွံနွံ နှုတ်ဆက် လိုက်ကြ၏။
ကျောင်တင်းပင် လက်နှစ်ဖက်ဖြင့် အရိုအသေပေးကာ နှုတ်ဆက် လိုက်သည်။
မိုဝူကျီလည်း အလျင်အမြန် ဘေးကပ် ရပ်လိုက်သည်။ သူ့နှလုံးခုန်သံကား တဒိန်းဒိန်း ခုန်နေလေ၏။ ထိုဆေးလုံး သခင်မုသည် ကျောင်တင်း ပြောခဲ့သည့် မုယင် ဖြစ်ရမည်။ မိုဝူကျီကို စိတ်လှုပ်ရှား စေသည်က ထိုဆေးလုံးသခင်မုကား ကောင်းကင် ဖွေရှာနန်းတော်မှ လာခြင်း ဖြစ်၏။ ထို့အပြင် သူမက ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံး ဘုံစေတီမှ ဖြစ်နေသည်။
အကယ်၍ သူက သူမနှင့် သိကျွမ်းသွားပါက ဘွားဘွားလင်းလောင်ကို ချည်းကပ်ရန် ပိုမို လွယ်ကူ သွားလိမ့်မည်။ ထိုအရာကို တွေးမိလိုက်ပြီး မိုဝူကျီက မုယင်လက်ကို ဆွဲကာ မိတ်ဆွေ ဖြစ်ဖို့ရာ တောင်းဆိုဖို့ရာ အလိုရှိနေသည်။ ထို့နောက်တွင် သူမက သူ့အား တွေ့ဆုံမှု တစ်ခုအတွက် အကူအညီ ပေးလိမ့်မည်။
သို့သော်လည်း ထိုအရာများက အတွေး သပ်သပ်သာ ဖြစ်သည်။ အကယ်၍ သူသာ ထိုသို့ လုပ်လိုက်ပါက မုယင်ကိုပင် တွေ့ခွင့်ရတော့မည် မဟုတ်ချေ။ ပိုဆိုးသည်က ဆေးလုံးပြိုင်ပွဲတွင် ဝင်ပါမည့် သူ့အခွင့်အရေးကား ပြန်လည် ရုတ်သိမ်း ခံရလိမ့်မည်။
“စီနီယာ အစ်မမု .... စီနီယာရဲ့ ဆရာက ဘွားဘွားလင်းလောင် မဟုတ်ပေမဲ့ ဝိညာဉ်လမ်းကြောင်း ပြန်လည် ကောင်းမွန်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ မျိုးဆက်ရဲ့ စံနမူနာ ဖြစ်ရုံတင် မကဘူး ဝိညာဉ် လမ်းကြောင်း ထိခိုက်ထားတဲ့ ကျင့်ကြံသူတွေ အတွက်လည်း ကံကောင်းမှုတွေ ဆောင်ယူ လာပေးခဲ့တယ်။ ကျွန်တော်က ကျွန်တော်တို့ လူငယ်မျိုးဆက်ကို ပြောတာပါ....” ကျောင်တင်းက မုယင်စကားများကို တိုက်ရိုက် ပြန်လည် မချေပပေမဲ့ သူ့စကားလုံးများက ခွန်းတုံ့ပြန်မှု အချို့ ပါဝင်လေ၏။
မုယင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည် “ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံး ဘုံစေတီက ဆေးလုံး ဆရာများစွာက သူ့ဟာနဲ့သူ ကောင်းချက်တွေ ရှိကြတာပဲ ဘွားဘွားလင်းလောင်က ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံး ဘုံစေတီက ထူးချွန်တဲ့ ဆေးလုံးဆရာ ဖြစ်ပေမဲ့ ငါ့ဆရာကလည်း ဆေးလုံး ဘုံစေတီက ထူးချွန်တဲ့ ဆေးလုံးဆရာပဲ...”
သူက ထိုစကားများကို ကြားသည့် အခါ စိတ်ထဲတွင် လေးလံ လာလေ၏။ မုယင် ပြောပုံအရ သူမသည် ဘွားဘွားလင်းလောင်ကို မနာလိုမုန်းတီးချက် အချို့ ရှိဟန် ရသည်။ ထိုသို့ မဟုတ်ပါက ဆေးလုံး ဘုံစေတီမှ နောက်လိုက် တစ်ယောက် အနေနှင့် သူမသည် ထိုသို့ စကားမျိုးကို ပြောလိမ့်မည် မဟုတ်ပေ။
ကျောင်တင်းက အနေရခက်စွာ ပြောလိုက်သည် “အဲလိုလည်း ဟုတ်ပါတယ်။ ဆေးလုံး ဘုံစေတီက စီနီယာ ဆေးလုံး ဆရာတိုင်းက အမှန်တကယ်ကို လေးစားဖို့ ကောင်းတယ် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကလည်း စီနီယာ အစ်မလိုမျိုး ဖြစ်ပြီးတော့ ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံး ဘုံစေတီကို ဝင်ခွင့်ရဖို့ပါ ကျွန်တော်တို့ လူငယ်မျိုးဆက် တစ်ခုလုံးမှာ မု....”
ကျောင်တင်း စကားဆုံးအောင်ပင် မစောင့်ဘဲ မုယင်က ဖြတ်ပြောလိုက်သည်။
“ဆေးလုံး သခင်ကျောင် မင်းထပ်မှား ပြန်ပြီ.... လူငယ် မျိုးဆက်ထဲမှာ အကျိုးအပြုနိုင်ဆုံး ဆေးဆရာက မင်းမဟုတ်သလို ငါလည်း မဟုတ်ဘူး။ ဒီနေရာက ဆေးလုံး ဆရာတွေလည်း မဟုတ်သေးဘူး....”
ထိုစည် ဆေးလုံးဆရာ အများအပြားက မုယင် စကားကြောင့် မှင်တက်သွားကြသည်။ ဤနေရာတွင် အတော်ဆုံး၊ အထူးချွန်ဆုံး ဆေးလုံး ဆရာလေးများ စုစည်း ထားသည်ဟုပင် ဆိုလို ရလေ၏။ ဖြစ်နိုင်သည်က သူတို့ မသိသေးသည် ဆေးလုံးဆရာ အချို့ ရှိနေသေးတာလား..... အကယ်၍ ထိုဆေးလုံး ဆရာက မုယင်နှင့် ကျောင်တင်းတို့ထက် ပိုမို အံ့ဩဖို့ ကောင်းနေလျှင် ထိုလူကား ထူးခြား လွန်းနေတာ မဟုတ်ဘူးလား...
“အဲဒီ ဆေးလုံး ဆရာကို သိခွင့်များ ရမလား...” ကျောင်တင်းက မနေနိုင်ဘဲ မေးကြည့် လိုက်သည်။
မုယင် မျက်လုံးများက လူအုပ်ကြီးကို ဝေ့ကြည့် လိုက်ပြီး ပြောလိုက်သည်။
“စိတ်ဝင်စားနေကြတဲ့ အဲဒီလူက သေမျိုးလောကက ဆေးဆရာ တစ်ယောက်ပဲ သူ မိသားစု ကျရှုံးပြီး နောက်မှာ သူ့မှာ နေစရာ စားစရာမရှိတဲ့ အထိ ဖြစ်ခဲ့ရတယ် ဒါပေမဲ့ အဲဒီလူကပဲ ကိုးဘဝ ပျောက်ကင်းဆေးလို့ လူသိများတဲ့ ကုသဆေး တစ်မျိုးကို ဖော်စပ်နိုင်ခဲ့တယ် နောက်ပိုင်းကျ ပင်နီဆလင်လို့ ခေါ်ကြတယ်။ အဲဒီဆေးက ဒဏ်ရာတွေကို ပိုးဝင်တာကနေ ကာကွယ် ပေးနိုင်တယ်။ ပြီးတော့ သာမန် မြို့သူမြို့သား မီလီယံနဲ့ ဒဏ်ရာရ စစ်သားပေါင်း ဘီလီယံကို ကယ်တင် ပေးနိုင်ခဲ့တယ်။ ထိုလူတွေက ဆေးလုံး ဆရာကို အမှတ်ရတဲ့ သဘောနဲ့ အဲဆေးကို မိုဆေးလို့ ခေါ်ကြတယ်။ တကယ်လို့ ငါတို့က အကြီးမားဆုံး အကျိုးပြုခဲ့တဲ့ ဆေးဆရာကို ပြောနေတာဆိုရင် မိုကောင်လေးပဲ ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်..”
ကျောင်တင်းက ပြောစရာ မဲ့သွားလေသည်။ အကယ်၍ တစ်ဖက်လူက မုယင် မဟုတ်ပါက သူက လှည့်ထွက် သွားလောက်လေပြီ။ သူက ငြင်းခုံ ပြောလိုက်သေး၏ “စီနီယာအစ်မမု သူက ဆေးဆရာက ဖော်စပ်ထားတဲ့ ဆေးသာသာပဲလေ လူသား အဆင့်တစ် ဆေးလုံးဆရာတောင် အဲထက်ကောင်းတာ ဖော်စပ်နိုင်တယ် ဟုတ်တယ်မလား။ ဘယ်လိုလုပ် သူက အကျိုးပြုဆုံး ဖြစ်နိုင်မှာလဲ သူက ဒီအတိုင်း သာမာန် ဆေးဆရာ တစ်ယောက်ပဲဟာ...”
လူအများစုလည်း ကျောင်တင်း စကားများကို သဘောတူကြသည်။ ကျောင်တင်းကဲ့သို့ သူတို့သည် တစ်ဖက်လူက မုယင် ဖြစ်မနေပါက ငြင်းခုံ ကြလိမ့်မည်။
မုယင်က ခေါင်းကို ခါလိုက်ပြီးတော့ အလေးအနက် ပြောလိုက်သည် “အဲဆေးဆရာမိုရဲ့ မိုဆေးက တစ်ပုလင်းမှ ကြေးပြား အနည်းငယ်ပဲ ကျတယ်။ ဒီက လူအားလုံးကို မေးပါရစေဦး ကြေးပြားနဲ့ ဝယ်လို့ရတဲ့ ဆေးလုံး တွေ့ဖူးကြလား။ ကြေးပြားကို ထားလိုက်ပါဦး ရွှေပြားနည်းနည်းနဲ့ ရတဲ့ ဆေးလုံးရော ရှိရဲ့လား အဲဒါကိုထား ကြေးပြားနဲ့ ဝယ်လို့ ရတဲ့ ဆေးလုံးရှိတယ်ပဲ ထားကြပါစို့။ အဲဆို မီလီယံနဲ့ ချီနေတဲ့ လူတွေကို ကယ်တင်ဖို့ ဆေးဆရာ ဘယ်လောက်လိုမည် ထင်ကြလဲ.... ပြောကြပါဦး...”
သူမက အဓိက အချက်ထိ ရောက်သွားသောကြောင့် ပို၍ စိတ်လှုပ်ရှား လာလေ၏။ သူမက ဆက်မပြောခင် အသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ “အဲဒီ ဆေးဆရာက မိုဆေးကို ဖန်တီးပြီးတဲ့ နောက်မှာ ပိုက်ဆံရဖို့ရာ လက်ဝါးကြီး အုပ်မထားဘဲနဲ့ အဲဒီ့အစား ဖော်မြူလာကို အလကား ဝေပေးခဲ့တယ်။ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် အပြစ်ကင်းကြတဲ့ အသက် ဘယ်လောက် များများက နေ့စဉ် သေဆုံး နေကြဦးမှာလဲ... ကျွန်မတို့ထဲက ဘယ်သူကများ အဲလို ရက်ရောပြီးတော့ ပွင့်ပွင့်လင်းလင်း ရှိကြလည်း ကျွန်မတို့ထဲက ဘယ်လောက်များများက သူ့လိုမျိုး အကျိုးပြုစိတ် ရှိကြလဲ..
ဒီနေရာမှာရှိတဲ့ လူအားလုံးက ကျင့်ကြံ သူတွေဆိုတော့ ကျွန်မတို့တွေက သေမျိုးတွေကို လေလိုမျိုး သဘော ထားကြတယ်။ ဒါပေမဲ့ ကျွန်မ အားလုံးကို တစ်ခုလောက် မေးပါရစေ စတင် မကျင့်ကြံခင် အထိ ဘယ်သူကများ သေမျိုး မဟုတ်ခဲ့လို့လဲ။ ဒါမှမဟုတ် အားလုံးက ကျောက်တုံးကနေ မှော်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန် ပေါ်လာပြီးတော့ ကျင့်ကြံသူ ဖြစ်လာကြတာလား... မိဘတွေနဲ့ မွေးချင်းတွေကလည်း သေမျိုးတွေ မဟုတ်ကြဘူးလား။ သေမျိုး အုတ်မြစ်က မဟုတ်ရင် ကျင့်ကြံသူတွေက ဘယ်က ဖြစ်လာတာလဲ....
ပြီးတော့ ကျွန်မတို့က ကျင့်ကြံ သူတွေမလို့ သေမျိုးတွေထက် သက်တမ်း ပိုရှည်ကြတယ်။ ဒါပေမဲ့ အဆုံးသတ်ကြ ကျွန်မတို့တွေက သေမျိုးတွေလို ဖြစ်ပြီး မြေကြီးဆီ ရောက်မှာပဲလေ။ တခြားစကားနဲ့ ဆိုရင် ကျွန်မတို့တွေက သက်တမ်း ရှည်တဲ့ သေမျိုးတွေပဲ အဲလိုဆိုမှတော့ သေမျိုးတွေအပေါ် နှိမ်ချကြည့်ရအောင် ကျွန်မတို့က ဘယ်သူတွေမလို့လဲ....”
သူမစကားအဆုံးတွင် မိုဝူကျီက သူမအတွက် ချီးမွမ်း ပေးချင်မိသည်။ ထိုမုယင်တွင် သူသဘော ကျသော ရိုးသားပြီး စစ်မှန်သည့် သဘောထားမျိုး ရှိသည်။ သို့သော်လည်း သူက မုယင် ပြောသကဲ့သို့ မြင့်မြတ် လှသော သူ မဟုတ်ချေ။ ပင်နီဆလင် ဖော်မြူလာကို ဝေပေးခဲ့သည့် အကြောင်းရင်းမှာ သူ့အသက်ကို ကာကွယ်ရန် အတွက် ဖြစ်၏။ သို့ပေမဲ့ သူ ထွက်သွားပြီး နောက်တွင် ပင်နီဆလင်မှ အကျိူးကျေးဇူး ရရှိထားသော သူများက မိုဆေးဟု အမည် ပေးလိမ့်မည်ဟု မျှော်လင့် မထားမိပေ။ ထိုသည်က မိုဝူကျီ မျက်နှာကို ရဲတက် သွားစေ၏။
တစ်ချိန်တည်းတွင် ဤနေရာတွင် ပင်နီဆလင်ကို ဖော်စပ်ခဲသည့် အတွက် ဂုဏ်ယူ နေလေသည်။ ကြင်နာမှုကို မှတ်မိကြသော လူအများစုကား သာမာန် သေမျိုးများသာ ဖြစ်ကြသည်။
မုယင်၏ စကားများက လူအုပ်ကြီးကို ငြိမ်ကျ သွားစေသည်။ ဤနေရာတွင် ရှိနေသော လူအားလုံးမှာ အဆင့်တန်း မြင့်သော ကျင့်ကြံသူများ ဖြစ်ကာ သူတို့၏ အဆင့်အတန်းမှာ ဆေးလုံး ဆရာထက်ပင် ပိုမြင့်မား ကြသေး၏။ သို့သော်လည်း မုယင် စကားများက မမှားပေ။ သူတို့ စတင်၍ မကျင့်ကြံစဉ်က သူတို့ကား သေမျိုးများသာ ဖြစ်ကြသည်။ ကျင့်ကြံပြီး နောက်မှသာ ပြောင်းလဲလာခြင်း ဖြစ်ကာ သူတို့မိသားစုဝင်ထဲတွင် သေမျိုးများ ကျန်ရှိနေသေး၏။
မုယင်က ဆေးလုံး ဆရာများကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ကောင်းကင်သို့ လက်နှစ်ဖက် ဆုပ်ကာ “ဘီလီယံနဲ့ ချီနေတဲ့ သေမျိုးများ ကိုယ်စား ကျွန်မက ဆေးဆရာမိုကို ကျေးဇူးတင်ပါတယ်...”
“စီနီယာ အစ်မမု ပြောတာ မှန်တယ် ကျွန်တော်တို့ အားလုံးက တစ်ချိန်က သေမျိုးတွေပဲ အခု စီနီယာအစ်မက ဝိညာဉ်လမ်းကြောင်း ပြန်လည် ကောင်းမွန်ဆေးလုံး ဖန်တီးခဲ့ပုံကို ကျွန်တော်တို့ အားလုံးကို ဝေမျှပေးရင်ရော ဘယ်လိုလဲ...” ကျောင်တင်းက ပုံမှန် အခြေအနေသို့ ပြန်ရောက်လာကာ မုယင်ကို အရင်ဦးဆုံး ချီးကျူး လိုက်သည်။
ထိုအရာကို မြင်ပြီး မိုဝူကျီက ကျောင်တင်းသည် ဟန်ပန်များမှန်း သိလိုက်ရ၏။ သိသာလှစွာ ကျောင်တင်းက မုယင်နှင့် ကွာခြား လှသော်ငြား မုယင်က သူ့အထက် အဆင့်တွင် ရှိသောကြောင့် သဘောတူလိုက်ရ၏။
မုယင်က လက်ဝှေ့ ပြလိုက်ပြီး “ဆေးလုံးလမ်းစဉ်မှာ ကျွန်မကလဲ အဆင့်တစ်ချို့ပဲ ရောက်သေးတာပါ အားလုံးထက် အသာကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဆွေးနွေးပွဲဆိုတော့ ကျွန်မတို့ရဲ့ နားလည် နိုင်စွမ်းကို ဆွေးနွေး ကြည့်ရအောင်လေ။ ပြီးတော့ ကျွန်မ ဒီကို လာတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုရှိသေးတယ် အဲဒါက ဝိညာဉ်ဆေးပင်တွေ လဲလှယ်ဖို့....”
လူလတ် အမျိုးသား ဆေးလုံးဆရာက ချက်ချင်း မေးလိုက်သည် “စီနီယာ အစ်မမု ပြောတာ မှန်တယ် ဆေးပင်တွေ လဲလှယ်တာက ဒီဆွေးနွေးပွဲရဲ့ အဓိက အကြောင်းရင်းပဲ အခု စရင် ဘယ်လိုလဲ ကျွန်တော့်မှာ အဆင့်သုံး ဆေးပင် မြေတိမ်ကမ္ဘာ ပိုသားရယ် မြောလွင့်ကြယ်ရယ်....”
လူလတ် အမျိုးသားက အရင်ဦးဆုံး စတင်လိုက်ပြီး ဆေးလုံး ဆရာများစွာက သူတို့ရဲ့ ဆေးပင်တွေကို ထုတ်လာကြသည်။ တစ်ချိန်တည်းတွင် အများစုက သူတို့ အလိုရှိသည့် ဆေးပင်များကို ဆိုင်းဘုတ် ထောင်ထားကြလိုက်သည်။ အချိန်တိုအတွင်း ဆွေးနွေးပွဲကား ဆေးပင် လဲလှယ်ရေးပွဲ ဖြစ်သွား လေတော့သည်။
မိုဝူကျီက ကျောင်တင်းဘေးတွင် ရပ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့မျက်လုံးမှ စိတ်အလိုမကျမှု အရိပ်အယောင်ကို မြင်လိုက်ရ၏။ သို့သော်လည်း ဖြတ်ခနဲသာ ဖြစ်၍ ချက်ချင်းပင် ပြန်ပြုံးသွားပြီး သူလဲလှယ်ချင်သည့် ဆေးပင်များကို ထုတ်ယူလိုက်သည်။
ထိုလူကား မနာလို ဖြစ်နေသော်လည်း အမှန်ပင် ပညာသား ပါ၏။ မုယင် ရောက်လာသည်နှင့် သူ့ထင်ရှား ကျော်ကြားမှုကို လုယူ ခံလိုက်ရသောကြောင့် သူစိတ်ထဲတွင် အလိုမကျမှုများနှင့်သာ ပြည့်နှက် နေသည်။
မိုဝူကျီက မုယင်ကို စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ သူမ ထွက်သွားသည်နှင့် သူမနောက်သို့ လိုက်သွားမည်။
သို့သော်လည်း ဆေးပင်များ လဲလှယ်ရမည့် အခွင့်အရေးကို လက်မလျှော့ပေ။ ထူးခြားပြီး ရှားပါးလှသည့် ဆေးပင်များကို ရရှိနိုင်မည့် ကြီးမားသော အစဉ်အလာ တစ်ခု ဖြစ်သည်။
သူက တစ်မူထူးခြားသော ဆေးပင်များစွာ လိုအပ်လေသည်။ ဥပမာ - နှစ်တစ်သောင်း ထင်းရှူးသား၊ အဆင့်မြင့် မီးအဆီ အနှစ်ကျောက်တုံး၊ နှစ်တစ်သောင်း လင်ဇီးနှင့် ရွှေဝါဂျင်ဆင်းနှင့် နှစ်တစ်သောင်း လုံယန်မြက်တို့ ဖြစ်သည်။
လက်တွေ့တွင် မိုဝူကျီက သူရရှိနိင်ရန် ကန့်သတ်ချက် ရှိကြောင်း သိသည်။ နှစ်တစ်သောင်း ကျော်နေသည့် ဝိညာဉ် ဆေးပင်များအတွက် အများစုမှာ အဆင့်လေး ဆေးပင် အဖြစ်သို့ ကျရောက် နေလေပြီ၊။ ကံကောင်းလှစွာ ရွေဝါဂျင်ဆင်းနှင့် လင်ဇီးတို့မှာ သာမန်အရာများ ဖြစ်နေသည်။ သူတို့က နှစ်တစ်သောင်း ရှိနေလျှင်ပင် အဆင့်သုံး ဆေးပင်များသာ ဖြစ်သည်။ တစ်ဖက်တွင် နှစ်တစ်သောင်း ထင်းရှူးသားက အဆင့်လေးဟု ယူဆ၍ ရသော်လည်း ဈေးသိပ် မကြီးချေ။
သူ ထိုဆေးပင်များကို လိုချင်သည့် အဓိက အချက်မှာ စိတ်ထဲတွင် ထင့်နေသောကြောင့် ဖြစ်သည်။ သူ့၏ ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအသစ်ကား သူ့အတွက် ချီသွေးကြော ၉၉ လုံး ဖွင့်နိုင်သည် အထိ ကူညီပေးနိုင်မည် မဟုတ်လောက်ပေ။ အကယ်၍ ထိုနေ့ရက်သာ ရုတ်တရက် ရောက်ရှိ လာပါက သူ့ဆေးကို အဆင့်မြင့်ရန် လိုအပ်လိမ့်မည်။ အရင်တုန်းက သူ့တွင် ထိုဝိညာဉ် ဆေးပင်များ ရရှိဖို့ရန် အခွင့်အရေးကောင်း မရခဲ့ပေ။
မိုဝူကျီက သူလိုအပ်သော ဆေးပင်များကို ချရေးလိုက်ပြီး ရတနာ သွေးပဒုမ္မာကြာကို ရေးမည့် ဆဲဆဲတွင် မုယင် ရေးထားသော ဆေးပင်များကို တွေ့လိုက်ရ၏။ သူမ စာရင်းထဲတွင် နှစ်တစ်သိန်း ထင်းရှူးသားနှင့် ရတနာ သွေးပဒုမ္မာကြာ ရှိနေလေသည်။ တစ်ခုတည်းသော ခြားနားချက်ကား သူမက နှစ်တစ်သိန်း သက်တမ်းရှိ ထင်းရှူးသားကို အလိုရှိခြင်း ဖြစ်သည်။
“စီနီယာ အစ်မမု ကျွန်တော့်မှာ နှစ်တစ်သိန်း ထင်းရှူးသား ရှိတယ် ကြည့်ကြည့်ပါဦး.....” လူငယ် ဆေးလုံး ဆရာလေးက မုယင်ရှေ့တွင် ကျောက်စိမ်း သေတ္တာလေး ထုတ်လာပြီး သူမကို လှမ်းပေး လိုက်သည်။
မိုဝူကျီက စိတ်ထဲတွင် သက်ပြင်းသာ ချလိုက်တော့သည်။ လူတစ်ယောက်၏ ဂုဏ်သတင်းကား အမှန်ပင် ရတနာ တစ်မျိုး ဖြစ်လေ၏။ မုယင် ဘယ်အရာကို အလိုရှိရှိ သူမဆီ ရောက်လာမည် ဖြစ်သည်။ ထိုသူကား သူမနှင့် ဈေးနှုန်းပင် ညှိနှိုင်း မနေချေ။
“ကျေးဇူးအများကြီး တင်ပါတယ်....” မုယင်က ပြုံးကာ ကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့် လိုက်သည်။
မိုဝူကျီက ခြေလှမ်း သွက်သွက်လှမ်းရင်း အနီးကပ် ကြည့်ကြည့် လိုက်သည်။ ကျောက်စိမ်း သေတ္တာထဲတွင် နူးညံ့ပြီး သိမ်မွေ့လှသည့် အနံ့လေး ထွက်ပေါ်နေသော အဝါဖျော့ရောင် ပင်စည်ပွား တစ်ခု ရှိနေလေသည်။ မိုဝူကျီက တစ်ချက် ကြည့်ရုံဖြင့် ထိုထင်းရှူးသားက သူအလိုရှိတာထက် များစွာ အဖိုးတန်ကြောင်း သိလိုက်ရသည်။
ထိုစဉ် မိုဝူကျီ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာ၏။ ထိုထင်းရှူးသားက သူလိုချင်သည့် အရည်အသွေးထက် ကျော်လွန်နေသောကြောင့် သေချာပေါက် သူ့ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအတွက် ပိုမို သင့်တော်လိမ့်မည်။
သူ ထိုအရာကို လက်ဦးမှု ယူရမည်။
“ဒါက သေချာ ထိန်းသိမ်းထားတဲ့ ထင်းရှူးသားပဲ အဆင့်လေး ဝိညာဉ် ဆေးပင်တွေထဲမှာတောင် တော်တော် ရှားတယ်။ ဒါက ကျွန်မအတွက် အသင့်တော်ဆုံးပဲ လာ ဈေးပြောကြည့်ပါဦး....” မုယင်က သေတ္တာကို ဖွင့်လိုက်သည်နှင့် သူမ မျက်လုံးတွင် အံ့ဩသည့် အရိပ်အယောင် ဖြတ်ပြေးသွားလေ၏။
***