အသက်ရှင်နေပေးပါ ယဲ့ဖန်
Vol. 7 Ch. 93
"အား…အား"
ယဲ့ယွင်ရှန် လက်မှ ဒဏ်ရာကို တင်းကျပ်စွာ ဖိ၍ အော်ဟစ်နေသည်။ သူ့ဒဏ်ရာမှ သွေးများက ဒလဟော စီးကျနေသည်။
သူ အချစ်ရဆုံးသားက သည်လောက် သွေးရူးသွေးတန်းနှင့် လူမဆန်တတ် လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။
ဤအဖြစ်အပျက်ကိုကြည့်ပြီး ယဲ့ကလန်သားများ ဒေါသထွက်ကာ အံတကြိတ်ကြိတ်နှင့် ယဲ့လုံကို အပိုင်းပိုင်း ခုတ်ထစ်ချင်နေကြသည်။
"ယဲ့ယွင်ရှန် ခင်ဗျား လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား?"
ယဲ့လုံ၏ မျက်လုံးများက နီမြန်းနေသည်။ သူသည် ရူးလုနီးပါး ဖြစ်နေ၏။ စစ်ခုန်ကလန်၏ သားမက် ဖြစ်ရန် သူ့ကို တားဆီးသည့်သူ မှန်သမျှ သေရမည်သာ၊ သူ့အဖေအရင်း ဖြစ်နေရင်တောင်မှ သေရမည်။
ယဲ့ယွင်ရှန်က ယဲ့လုံအား အလွန် နာကြည်း မုန်းတီးဟန်ဖြင့် ကြည့်ကာ "ငါသေမှပဲ ရမယ် ခွေးမသားရ"
"ငါ့ပိုင်ဆိုင်မှု အားလုံးကို ယဲ့ဖန်ကိုပဲ ပေးနိုင်မယ်။ ယဲ့ကလန်ရဲ့ ပိုင်သမျှ အရာအားလုံးက ယဲ့ဖန်နဲ့ပဲ သတ်ဆိုင်တယ်ကွ"
ယဲ့လုံ ဒေါသပေါက်ကွဲလာသည်။
ရွှစ်!
ယဲ့ယွင်ရှန် ဘေးရှိ ယဲ့ကလန်သား တစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်သောကြောင့် သွေးများက ပျံ့ကျဲသွားသည်။
"ယဲ့ခို့"
သွေးပျက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ယဲ့ကလန်သားများ အားလုံး ဝမ်းနည်းစွာ အော်ဟစ် လိုက်ကြသည်။
အားလုံးက ယဲ့လုံကို စိတ်လွတ်နေသော အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။ သို့သော် ယဲ့လုံက ယဲ့ကလန်ကို လျစ်လျူရှူကာ သူ့အဘိုးကို စိုက်ကြည့်၍ ရက်စက်စွာ ပြောလိုက်သည်။
"ဟီးဟီး … ခင်ဗျား ကျုပ်ပြောတာကို ငြင်းတာနဲ့ ကျုပ် လူတစ်ယောက်ကို သတ်ပစ်မယ်။ ခင်ဗျား ကျုပ်ကို ဆယ်ခါ ငြင်းရင် ကျုပ် လူ ဆယ်ယောက် သတ်မယ်။ တစ်ယောက်ယောက် လက်မှတ်မထိုးမချင်း ကျုပ် လူသတ်နေမှာ"
ယဲ့လုံက မကောင်းဆိုးဝါးသဖွယ် ပြောဆိုနေသည်။ ယဲ့ကလန်သားများ အားလုံး ကြောက်ရွံ့မှုကြောင့် တုန်ယင်လာသည်။ ထို့နောက် သူက နောက်ထပ် ယဲ့ကလန်သား၏ လည်ပင်းပေါ်သို့ ဓားတင်လိုက်သည်။
ယဲ့ရှန့်!
ထိုကောင်လေးက အသက် ဆယ်နှစ်သာ ရှိသေးသည်။ ဖြူစင်သော်ငြားလည်း ထိုကောင်လေးက အလွန် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
"ယဲ့လုံ… သတ်မှာဖြင့် သတ်လိုက်"
ထိုသို့ ပြောပြီး ယဲ့ရှန့်က ယဲ့ဖန့်ချန်နှင့် အခြား ကလန်ဝင်များအား ကြည့်ကာ ပြောလာသည်။
"ဘိုးဘိုးနဲ့ ဦးလေးတို့ ဒီခွေးမသားပြောတာကို ဘယ်တော့မှ သဘောမတူပါနဲ့။ ကျွန်တော်က ယဲ့ကလန်သား အဖြစ် မွေးဖွားလာသလို ယဲ့ကလန်သား အနေနဲ့ပဲ သေဆုံးမှာပါ။ ယဲ့ဖန် အသက်ရှင်နေသ၍ ယဲ့ကလန်ကြီးက ဆက်လက် တည်ရှိသွားမှာပဲ"
ယဲ့ရှန့်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောဆိုလိုက်သည်။
"ဖန် ငါ မင်းကို တကယ် တောင်းပန်ပါတယ်။ ငါ မင်းကို တစ်ကြိမ်လောက် လှောင်ပြောင် ကျိန်ဆဲခဲ့ဖူးတယ်၊ အဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်။ မင်း ဆက်ဆက် အသက်ရှင်နေပေးပါ"
ရွှစ်!
ဓားရောင် တစ်ချက်လက်သွားပြီး သွေးများ ပန်းထွက်လာသည်။ ယဲ့ရှန့် သေသွားချေပြီ။ သို့သော် ဤသည်ကား ကံဆိုး မိုးမှောင်ကျခြင်း၏ အစပင် ရှိသေးသည်။
ထို့နောက် ယဲ့လုံက အခြား ယဲ့ကလန်သား တစ်ယောက်၏ လည်ပင်းပေါ်သို့ ဓားရွယ်လိုက်သည်။
"ယဲ့ဖန်… ငါ ယဲ့ထျန်း မင်းကို တစ်ခါတိတိ လှောင်ပြောင် ကျိန်ဆဲခဲ့ဖူးတယ်။ အဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်။ မင်း ဆက်ဆက် အသက်ရှင်နေပေးပါ"
ရွှစ်!
"ယဲ့ဖန် … ငါ ယဲ့ယွင် မင်းကို လှောင်ပြောင် ရိုက်နှက်ခဲ့ဖူးတယ်။ အဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်။ မင်း ဆက်ဆက် အသက်ရှင်နေပေးပါ"
"ယဲ့ဖန်… ငါ ယဲ့ထုံ မင်းကို လှောင်ပြောင် ခဲ့ဖူးတယ်။ အဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်။ မင်း ဆက်ဆက် အသက်ရှင်နေပေးပါ"
….
ယဲ့ကလန်သားများ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးသွားပြီး သူတို့၏ "ယဲ့ဖန်… ငါ တောင်းပန်ပါတယ်။ မင်း ဆက်ဆက် အသက်ရှင်နေပေးပါ" ဟူသည့် စကားများက မှောင်မည်းနေသော ခြံဝန်းအတွင်း ပဲ့တင်ထပ်နေသည်။
ဝမ်းနည်းဖွယ် မြင်ကွင်းပါတကား။ ယဲ့ကလန်သားများအားလုံး သေလမ်းကိုသာ ရွေးချယ်သွားကြသည်။
မျက်လုံးများ နီရဲနေကာ အလွန် မုန်းတီးဟန်ဖြင့် အမောတကော အသက်ရှူ နေကြသော်လည်း သူတို့မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမှ ရှိမနေပါ။
ယဲ့ဖန် … အသက်ရှင်နေပေးပါ … ဤသည်ကသာ ကလန်သားတိုင်း၏ မသေခင် နောက်ဆုံး မျှော်လင့်ချက်လေး ဖြစ်သည်။
သူတို့အတွက်၊ ယဲ့ကလန်အတွက် ယဲ့ဖန် အသက်ရှင် နေရန်သာ သူတို့ မျှော်လင့် မိကြသည်။ ငါးမိနစ်အတွင်းမှာပင် ဆယ်ယောက် ထက်ပိုသော ယဲ့ကလန်သားများ သေဆုံး သွားကြကာ သွေးနံ့များ တလှိုင်လှိုင်ထနေသည်။
ယဲ့လုံ အသိစိတ်လွတ်သွားချေပြီ။ သူ့ကလန်သားများ၏ ရွေးချယ်မှုကို သူ မယုံနိုင်ခဲ့ချေ။
ယခင်က သူတို့အားလုံး ယဲ့ဖန်ကို အထင်သေးခဲ့ကြ သော်လည်း ယခုတော့ သူတို့က ယဲ့ကလန်၏ ပိုင်ဆိုင်မှု အားလုံးကို ယဲ့ဖန်အား လွှဲပြောင်းပေးကာ သူတို့အသက်ကိုရင်း၍ သူ့ကိုသာ အသက်ရှင်စေခဲ့သည်။
မယုံနိုင်စရာပါပဲ။
"ကောင်းတယ်…သိပ်ကောင်း…သိပ်ကောင်းကွာ"
ယဲ့လုံက အလွန် ရက်စက်သည့်ဟန်ဖြင့် ရယ်မော၍ ပြောလိုက်သည်။
"မင်းတို့ ဒီလောက် ခေါင်းမာ နေမှတော့ မင်းတို့ သေဆုံးမှုအတွက် ငါ့ကို အပြစ်တင်မနေနဲ့တော့"
ချက်ချင်းပင် ယဲ့လုံက ရှေ့သို့ တိုးလာကာ လူအုပ်ကြားထဲမှ ယဲ့ဖန့်ချန်ကို ဆွဲထုတ် လိုက်သဖြင့် ယဲ့ဖန့်ချန် အခြားကလန်သားများ ရှေ့မှာပင် မှောက်ရက်လဲသွားသည်။
…
လတ်ခနဲ တစ်ချက် ဖြစ်ပြီးနောက် သူက ယဲ့ဖန့်ချန်၏ လည်ပင်းပေါ်သို့ ဓားကို ချိန်ထားလိုက်သည်။
"အဖေ!"
"အဖိုး!"
"ကလန်ခေါင်းဆောင်!"
ယဲ့ကလန်သားများ အားလုံး ခြောက်ခြားလာကြသည်။ သူတို့အားလုံး အသက်ပေး နိုင်သော်လည်း ယဲ့ဖန့်ချန်ကိုတော့ မသေစေချင်ကြပါ။ သူသည် ယဲ့ကလန်သားများ အားလုံး လေးစားရသည့် ကလန်ခေါင်းဆောင်ဖြစ်သည်။
သူ သေသွားခဲ့လျင် ယဲ့ကလန် လုံးဝ ဆုံးခန်းတိုင်သွားပေလိမ့်မည်။ ယဲ့ကလန်သားများ၏ မျက်နှာများက ပြာနှမ်းလာသည်။
ယဲ့လုံက သူ့အဘိုးအား အလွန်ခက်ထန်သည့် မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။
"အဘိုး… ခင်ဗျား လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား?"
ယဲ့ဖန့်ချန်က မချိတင်ကဲ ပြုံးလိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်း၌ ယဲ့ဖန် ရှိနေသည်ဟု မြင်ယောင်နေမိသည်။ သူ၏ အိုမင်းနေသော မျက်နှာတွင် ကြီးမားသော ဆန္ဒများ၊ သရော်မှုများနှင့် ပြည့်နှက်နေသည်။
"ယဲ့ဖန် … မင်းအတွက် ဘိုးဘိုး စိတ်မကောင်းပါဘူး။ ကိုယ့်ဂုဏ်သိက္ခာ အတွက် မင်းကို သိပ်ဂရုမစိုက်ခဲ့မိဘူး။ နာမည်ကျမှာ စိုးမှာကို ဂရုမစိုက်ခဲ့ဘူးဆိုရင် မင်းကို အိမ်တော် အပြင် နှင်ထုတ်ခဲ့မှာ မဟုတ်သလို မင်းလည်း အခြားသူတွေ အနိုင်ကျင့်မှာကို ခံရမှာ မဟုတ်ဘူး"
ယဲ့ဖန့်ချန် မျက်ရည်ကျလာသည်။ သူ့ဘဝတွင် အကြီးမားဆုံးနောင်တကို ပြပါဆိုလျင် ယဲ့ဖန်ကို ယဲ့ကလန်သားအဖြစ် တရားဝင် အသိအမှတ် မပြုမိခဲ့ခြင်း ဖြစ်သည်။
သည်အမှားတစ်ခုလေးကနေ ကလန်တစ်ခုလုံး ပျက်ဆီးရချေပြီ။
"ဘိုးဘိုး မှားခဲ့တယ်။ မင်း ကောင်းကောင်းမွန်မွန် နေနိုင်ပါစေလို့ ဘိုးဘိုး ဆုတောင်းပါတယ်။ မင်းသာ ရှင်သန်နေမယ်ဆိုရင် ယဲ့ကလန်က ထာဝရ သန်မာနေမှာပဲ"
ထိုသို့ပြောပြီး ယဲ့ဖန့်ချန်က ယဲ့လုံအား အရိုးအေးမတတ် အကြည့်များ၊ ပြတ်သားသော အကြည့်များဖြင့် ကြည့်ကာ "လာစမ်းပါ.. ငါ့ကို သတ်ပစ်လိုက်"
သူ့စကားကြောင့် ယဲ့ကလန်သားများအားလုံး ငိုကြွေးလေတော့သည်။ သူတို့၏ ကလန်ခေါင်းဆောင် သေဆုံးတော့မည်ကို သူတို့ သိလိုက်ကြပြီပဲ။
ယဲ့ကလန်ကား လုံးဝ ပျက်သုန်းချေပြီ။
"ကောင်းတယ် … စောက်အဘိုးကြီး … ခင်ဗျားက ယဲ့ဖန်ကို အကြီးကြီး မျှော်လင့်ထားမှတော့ ကျုပ် ခင်ဗျားကို သတ်ပြီးတာနဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာပေါ့"
ယဲ့လုံက အံကို တင်းနေအောင် ကြိတ်ထားပြီး သူ့မျက်လုံး၌ မနာလို ဝန်တိုမှုများက ပေါ်လွင်နေသည်။
"ကျုပ် သူ့ကို အရေခွံခွာပြီး သူ့အရွတ်တွေကို ဆွဲထုတ်ပစ်မယ်။ သူ့အရိုးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့နှလုံးသားကို ဆွဲထုတ်ပစ်မယ်"
"ဒီတော့ အဘိုးကြီး ... ခင်ဗျား သူ့ကို ငရဲကနေ စောင့်နေလိုက်"
ယဲ့လုံက လက်မြှောက်လိုက်သည်နှင့် အေးစက်သော အလင်းတန်းတစ်ခုက ယဲ့ဖန့်ချန်၏ လည်ပင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
ယဲ့ဖန့်ချန်က လည်ပင်းကို မော့ထားပေးပြီး သူ့အတွေးထဲတွင် ယဲ့ဖန် အကြောင်းကိုသာ စဉ်းစားမိပြီး သေရန် အသင့်ပြင်ထားသည်။
ယဲ့ဖန်ကသာ သူ ဂုဏ်အယူရဆုံး မြေးဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။
"နောက်မှ တွေ့ကြတာပေါ့ ယဲ့ဖန်"
ထို့သို့ပြောပြီး ယဲ့ဖန့်ချန်က မျက်လုံးကို မှိတ်ချကာ သေခြင်းတရားကို စောင့်မျှော် နေလိုက်သည်။
"သေပေတော့"
ယဲ့လုံက သူ့ဓားကို အလွန် ရက်စက်ပြင်းထန်သည့် အရှိန်ဖြင့် ဝှေ့ယမ်းလိုက်သည်။
…
အေးစက်စက် အလင်းတန်း တစ်ခုက ယဲ့ဖန့်ချန်၏ လည်ပင်းနား ရောက်လာသည်။ ထိုစဉ် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဓားက ယဲ့ဖန့်ချန်၏ လည်ပင်းနှင့် စင်တီမီတာ အနည်းငယ်ခန့်သာ ဝေးတော့သည့် အချိန်တွင် အနက်ရောင် အလင်းတန်းတစ်ခုက မိုးကြိုးသွား အလား လှစ်ခနဲ ပေါ်လာသည်။
ရွှစ်!
အသံနှင့်အတူ သွေးများက နေရာအနှံ့ ပျံ့ကျဲသွားသည်။
ယဲ့လုံတစ်ယောက် သူ့လက်မောင်းအား ထိန်းလို့မရတော့သလို ခံစားရပြီးနောက် သူ့လက်မောင်း ပြတ်ထွက်သွားသည်ကို မြင်လိုက်ရသည်။
လက်မောင်းတစ်ဘက်လုံး ဓားနှင့်အတူ လွင့်ထွက်သွားပြီး ဒဏ်ရာမှ သွေးများ ဒလဟော ပန်းထွက်လာသည်။
"အား"
စူးရှသော နာကျင်မှု နှင့်အတူ ယဲ့လုံ ပြင်းထန်စွာ တုန်ယင်လာကာ ချက်ချင်း အော်ဟစ်လိုက်သည်။
ယဲ့ဖန့်ချန်ကို သတ်ရန် လွဲသွားလိမ့်မည်ဟု သူ မထင်ထားပါ။ သူ့လက်မောင်းက မည်သို့မည်ပုံ ဖြစ်သွားမှန်းလည်း သူ စဉ်းစားမရပေ။
"မ… မဖြစ်နိုင်ဘူး"
ယဲ့လုံက ယဲ့အိမ်တော်၏ အပေါက်ဝသို့ အလွန် ထိတ်လန့် မုန်းတီးဟန်ဖြင့် ကြည့်ကာ "ဘယ်သူလဲ… ဘယ် ခွေးသူတောင်းစား လုပ်တာလဲ?"
စစ်ခုန်ကလန်မှ အကြီးအကဲများကလည်း အပေါက်ဝသို့ ပြိုင်တူကြည့်လိုက်ကြသည်။
ကျယ်လောင်သော ခြေသံနှင့်အတူ အမှောင်ထဲမှ နေ၍ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာသည်။
ထိုသူကို မြင်သည်နှင့် ယဲ့လုံ ချက်ချင်း မျက်နှာပျက်သွားသည်။ "ယဲ့ဖန်.."
ခေတ္တမျှ တွေဝေနေပြီးနောက် ယဲ့လုံက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ဟီး … ဟီး … ခွေးမသား … အသုံးမကျတဲ့ တရားမဝင်သား .. ငါ မင်းကို လိုက်ရှာတော့မလို့ပဲ … မင်းက ဒီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတာပဲ"
ယဲ့လုံ၏ အသံက အလွန် ဝမ်းသာနေသည့်ပုံပင်။ သို့သော် ယဲ့ဖန် ပြောလာသော စကားကြောင့် ယဲ့လုံတစ်ယောက် ချက်ချင်း အေးစက်လာသလို ခံစားလိုက်ရသည်။
"မင်းအဖေရဲ့ လက်မောင်းကို ဖြတ်ပစ်တယ်၊ မင်းအဘိုးကို ခေါင်းဖြတ်ဖို့ ကြံစည်ခဲ့သလို မင်းကလန်သားတွေကိုလည်း သတ်ခဲ့တယ်။ ကောင်းတယ်။ တော်တော် သားသမီး ဝတ္တရားကျေတဲ့ ခွေးမသားလေးပဲ"
ယဲ့ဖန်က ယဲ့လုံ၏ မျက်လုံးကို စိုက်ကြည့်ကာ သွေးဆာနေသည့် အပြုံးများဖြင့် "မင်း ငါ့ကို ရှာနေတာမလား? ငါ ဒီမှာ ရောက်နေပြီလေ"
"ငါရောက်နေပြီ… မင်းကို အရေခွံခွာပြီး မင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပစ်ဖို့၊ မင်းအရိုးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မင်းရဲ့နှလုံးသားကို ဆွဲထုတ်ပစ်ဖို့ ငါရောက်လာပြီ"