← Chapters

ဓားအကဲဖြတ်စွမ်းရည်

Vol. 9 Ch. 119

ဓားအကဲဖြတ်စွမ်းရည်

Vol. 9 Ch. 119

ဓားချီအား ဓားထဲတွင် တခြားလူများ မထိခိုက်စေရန် သိမ်းဆည်းခြင်းသည် အလွန်တရာ နာကျင်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။

သည်ဓားကို ကိုင်ဆောင်သောလူမှာ ဓားအတွင်းမှ ဓားချီကို ခံနိုင်ရည် မရှိပါ။

ထိုသို့သော လူမှာ သာမန်လူတစ်ဦး သို့မဟုတ် အရွယ်မရောက်သေးသော ကလေးတစ်ဦး ဖြစ်ရပေမည်။

ဓား၏အလျားအတိုင်းအတာအရ ဓားပိုင်ရှင်မှာ ကလေးမဟုတ်ပါ။

သို့ဆိုလျှင် သာမန်လူ ဖြစ်ရပေမည်။

ဝိညာဉ်ကျောက်တုံး သိန်းကျော်တန် ဓားတစ်လက်အား သန်မာလူအသုံးပြုနိုင်ရန် ဓားချီများကို ချိပ်ပိတ်ထားသည်။

သာမန်လူတစ်ယောက်က ထိုသို့ အဖိုးအခကြီးသောကိစ္စအား ပြုလုပ်မည် မဟုတ်ပါ။

ဟန်မူယဲ့၏အာရုံထဲတွင် အစိမ်းရောင်ဝတ်လူငယ်တစ်ဦးသည် ဓားကို ကိုင်ကာ ဝှေ့ယမ်းနေသည်။

သို့သော်လည်း လူငယ်တွင် မည်သည့်ကျင့်ကြံဆင့်မှ မရှိပါ။ သူ၏ဓားသိုင်းမှာ ကောင်းမွန်သော်လည်း ၎င်းကို ထောက်ပံ့ရန် ခွန်အား ကင်းမဲ့၏။

ဟန်မူယဲ့သည် အလင်းတောင်ကုန်းဓားဂိုဏ်း၏ တောင်ဖြိုဓားသိုင်းအား တတ်မြောက်သွားသည်။

သူသည် အလင်းတောင်ကုန်းဓားဂိုဏ်း၏ ပေတစ်ထောင်ဓားသိုင်းအား တတ်မြောက်သွား၏။

…

ဓားသိုင်းအတော်များများမှာ ကောင်းလွန်လှ၏။

“အဖေ… ဒီဓားက ဓားကောင်းတစ်လက်ပဲ။ ကံမကောင်းတာက ကျွန်တော် ကျင့်ကြံလို့ မရဘူး။ ဘာလို့ ဒီဓားကို လိုဦးမှာလဲ”

ပုံရိပ်ထဲတွင် လူငယ်က သုန်မှုန်စွာဖြင့် ပြောသည်။

“ဒါက အဆင်ပြေပါတယ်။ ငါ ဓားသွန်းလုပ်တဲ့ဆရာတစ်ယောက်ကို ရှာပြီးတော့ ဓားချီကို ဓားထဲ ထည့်သိမ်းထားခိုင်းမယ်။ မင်းက ဓားချီကို သန့်စင်ဖို့ အခွင့်အရေး ရကောင်းရလာနိုင်တာပေါ့”

လူကြီး၏အသံတွင် စိုးရိမ်ပူပန်သော အငွေ့အသက်များမှာ ဖုံးကွယ်၍ မရပါ။ သူက သက်ပြင်းချကာ ပြောသည်။

“စိတ်မကောင်းစရာက မင်းအဖိုးဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သွားပြီးတော့ ဓားစံအိမ်ရဲ့ ဓားပျိုးထောင်စနစ်ကို သွားမတောင်းချင်ဘူးလေ။ မဟုတ်ရင်…”

ပုံရိပ်က ပြောင်းလဲသွားပြန်သည်။ သတ်လတ်ပိုင်းအရွယ်လူကြီးသည် ကမ္ဘာမြေအဆင့်များစွာ၏ဝန်းရံတိုက်ခိုက်မှုမှ လွတ်မြောက်အောင် ကြိုးစားတိုက်ခိုက်နေရ၏။ နောက်ဆုံးတွင် သူ သေဆုံးသွားခဲ့သည်။

ထိုသူကား အလင်းတောင်ကုန်းဓားဂိုဏ်းချုပ်၏သားဖြစ်သည်။ ထိုကိစ္စသည် မည်သူမှ မသိဘဲ တိမ်မြုတ်ပျောက်ကွယ်နေခဲ့၏။

…

ပုံရိပ်မှာ နောက်ဆုံးတွင် ကွယ်ပျောက်သွား၏။

အလင်းတောင်ကုန်းဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်အားကြီးဓားဂိုဏ်းတစ်ခု ဖြစ်သည်။

သူတို့သည် ထိပ်သီးဂိုဏ်းကိုးဂိုဏ်းထဲတွင် မပါဝင်သော်လည်း ခြေတစ်လှမ်းမျှသာ လိုပေသည်။

အလင်းတောင်ကုန်းဓားဂိုဏ်းချုပ် ယန်တင်းရှန်သည် ကောင်းကင်ဘုံတစ်ဝက်ပညာရှင် ဖြစ်သည်။ သူ၏ဓားပညာမှာ အလွန်ကောင်းကာ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ကျော်ကြားထင်ရှား၏။

လူအများအပြားက ဓား၏ဇာစ်မြစ်အား ခန့်မှန်းနေကြ၏။

ဟန်မူယဲ့ ပြောသော စကားများမှ သတင်းအချက်အလက်များ ကောက်ချက်ချရန် မဖြစ်နိုင်ပါ။

ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်က မျက်မှောင်ကြုတ်ကာ သူ့ဘေးတွင်ရပ်နေသော အဖိုးအိုအား ကြည့်သည်။

ထိုအဖိုးအိုသည် ဓားအမျိုးမျိုးကို အကဲဖြတ်သူဖြစ်ကာ အမြဲတမ်းအားဖြင့် တိကျမှန်ကန်သည်။

သည်တစ်ကြိမ်တွင်ကား တစ်ခုခုမှားယွင်းနေ၏။

ဆိုင်ရှင်က သူ့အား ကြည့်နေသည်ကို မြင်လျှင် အဖိုးအိုက ပြောသည်။

“တာအိုရောင်းရင်း ပြောတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဓားဟာ သွန်းလုပ်တဲ့နေရာမှာပဲ နည်းနည်း ထူးခြားတယ်။ ဒီနောက်မှာ အကြောင်းတစ်ခုခုရှိနေတယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ”

အမှန်တကယ်လည်း ပိုင်ရှင်မရှိဘဲ မည်သူက ၎င်း၏တန်ဖိုးကို ခန့်မှန်းနိုင်မည်နည်း။

သည်ဓားမှာ ကျင်းရှန်းဓားဂိုဏ်း၏ရတနာခန်းထဲမှ ရလာခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ပြဿနာရှာလိုပါက ကျင်းရှန်းဓားဂိုဏ်းသို့ သွားနိုင်သည်။

ဓားကား ဓားကောင်းတစ်လက် ဖြစ်သည်။ ၎င်းကို ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ခန့်သုံးကာ ဝယ်နိုင်ပါကလည်း အရှုံးမရှိပါ။

လူအများအပြား မျက်တောင်ပင့်လိုက်ကြသည်။ သူတို့အားလုံး စိတ်ဝင်စားကြ၏။

“ခေါင်းဆောင်… ဒီဓားကို ယူပြီးတော့ အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်တင်းရှန်ကို ပေးလိုက်ပါ”

ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။

အလင်းတောင်ကုန်းဓားဂိုဏ်း၊ ယန်တင်းရှန်။

အလင်းတောင်ကုန်းဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ယန်တင်းရှန်သည်လည်း နာမည်ကျော်ဓားသမားတစ်ဦး ဖြစ်သည်။

“ဒီဓားဟာ အလင်းတောင်ကုန်းဓားဂိုဏ်းကလား”

“ငါ မှတ်မိပြီ”

တစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

“အလင်းတောင်ကုန်းဓားဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသောသားဟာ မတော်တဆတစ်ခုကြောင့် သေသွားပြီးတော့ သူ့မှာ မြေးတစ်ယောက်ပဲ ကျန်ရစ်တယ်။ သူဟာ မကျင့်ကြံနိုင်ဘူး”

“မှန်တယ်… အလင်းတောင်ကုန်းဓားဂိုဏ်းဟာ သူတို့ရဲ့ ဂိုဏ်းချုပ်ငယ် သေသွားတဲ့အတွက် အတော်လေး လိုက်ပြီး စုံစမ်းခဲ့ကြသေးတယ်”

စင်ပေါ်တွင် ကောင်းအီက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“အဖိုးတစ်ခါ ပြောဖူးတာက အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့သခင်လေးဟာ သူ့သားအတွက် ဓားသွန်းလုပ်သူ လိုက်ရှာပြီး ဂိုဏ်းသို့ အပြန် လမ်းမှာ သေသွားခဲ့တယ် ကြားတယ်”

သူသည် မတော်တဆ သေသွားခဲ့ကာ ဓားသည် ကျင်းရှန်းဓားဂိုဏ်း၏ရတနာခန်းထဲ၌ ရှိနေသည်။

ထိုကိစ္စသည် သေချာပေါက် ကျင်းရှန်းဓားဂိုဏ်းနှင့် ဆက်စပ်နေ၏။

ယခုတွင် ကျင်းရှန်းဓားဂိုဏ်းသည် ဖုန်းလင်ဓားဂိုဏ်းနှင့် ပူးပေါင်းလိုက်ပြီး ဖြစ်သည်။ ထိုကိစ္စမှာလည်း ဖုန်းလင်ဓားဂိုဏ်းနှင့် ဆက်စပ်သွားပြီ ဖြစ်သည်။

အပေါ်ထပ်တွင် ခေါင်းဆောင်တောက်ရင် ရယ်မောလိုက်၏။

သူ့ဘေးမှ သတ်လတ်ပိုင်းအရွယ်လူကြီးက ထရပ်ကာ ပြောသည်။

“ကောင်းပြီ… ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီဓားကို လက်ခံမယ်”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း။

အပေါ်ထပ်မှ လူက မိမိကိုယ်ကို မိတ်ဆက်လိုက်လျှင် အားလုံးက ခေါင်းယမ်းကြသည်။

မိုင်တစ်သောင်းပတ်လည်၌ မည်သူမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မလွန်ဆန်ဝံ့ပါ။

ထို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သည်ဓားကို ယန်တင်းရှန်အား ပေးအပ်ပါက ၎င်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားဂိုဏ်းကြီးနှစ်ခု၏ပတ်သက်မှု ဖြစ်သွားပေမည်။

ယခုတွင် မည်သူမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မယှဉ်ဝံ့ပါ။

သူတို့က ယှဉ်လုလိုပါက ဟန်မူယဲ့က ဓား၏ဇာစ်မြစ်ကို မဖော်ထုတ်ခင် လှုပ်ရှားရပေမည်။ ယခုကား အတော်လေး နောက်ကျသွားလေပြီ။

ပိုင်စုကျန်းက ဟန်မူယဲ့အား ကြည့်ကာ ပြုံးလျက် စင်ပေါ်မှ ဆင်းသွားသည်။

ဓားသည် ရှန့်ယန်မိစ္ဆာဂိုဏ်းအတွက်လည်း အသုံးဝင်သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကဲ့သို့ များစွာ အရေးပါခြင်းတော့ မရှိပေ။

လတ်တလောတွင် ဖုန်းလင်ဓားဂိုဏ်းနှင့် ယှဉ်ပြိုင်နေရသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အလင်းတောင်ကုန်းဓားဂိုဏ်းကဲ့သို့ မဟာမိတ်အား အရေးတကြီး လိုနေ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် သည်ဓားမှာ ဝိညာဉ်ကျောက်တုံးများဖြင့် တန်ဖိုးဖြတ်မရတော့ပါ။

ပိုင်စုကျန်းက ထိုအချက်ကို နားလည်သလို တခြားလူများကလည်း သဘောပေါက်ကြ၏။

စိတ်အပျက်ဆုံးသူမှာ ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင် ဖြစ်သည်။

မူလက ထိုအကျိုးအမြတ်မှာ သူတို့လက်ထဲတွင် ဖြစ်သည်။

ယခု အလင်းတောင်ကုန်းဓားဂိုဏ်းထံမှ ကျေးဇူးကြွေးတစ်ခုအား ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ဖြင့် ရောင်းချခဲ့မိသည်။

“စီနီယာအစ်ကိုဟန်ရဲ့ ဓားအကဲဖြတ်စွမ်းရည်က ကောင်းမွန်လှပါတယ်”

ကောင်းအီက ဟန်မူယဲ့အား ပြောကာ စင်ပေါ်မှ ဆင်းသွားသည်။

ဟန်မူယဲ့ စင်ပေါ်မှ ဆင်းသွားသောအခါ လူအများက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။

ဤသို့ မြင့်မားသော ဓားအကဲဖြတ်စွမ်းရည်မှာ ရှားမှ ရှားလှသည်။

ထို့အပြင် ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ခေါ်လိုက်သောအခါ သူ့နောက်ခံမှာလည်း ထင်ရှားသွား၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်။

မိုင်တစ်သောင်းပတ်လည်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်တစ်ဦးအား မည်သူမှ အပြစ်မလုပ်ဝံ့ပါ။

အံ့ဖွယ်ကိုးပါးဓားစံအိမ်မှလူက ဓားကို ဝယ်သွားသောအခါ အစေခံတစ်ဦးက အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁တုံးအား ဟန်မူယဲကို လာပေးသည်။

“သခင်လေး… ဒါက ဓားအကဲဖြတ်တဲ့အတွက် သခင်လေးရဲ့ဆုကြေးပါ”

ဓားအကဲဖြတ်ခြင်းအတွက် ဆုကြေးရှိသည်လား။

ချိုမြိန်သော အံ့အားသင့်စရာတစ်ခု ဖြစ်သည်။

“တကယ်တော့ မင်းသာ အမှန်တကယ် ဂရုတစိုက် ဆန်းစစ်ကြည့်ရင် သဲလွန်စတွေ့ဖို့ မခက်ဘူး”

ဘေးတွင် ထိုင်နေသော ရှစ်စွန်းထူက အနည်းငယ် ခါးသက်စွာ ပြောသည်။

ဟန်မူယဲ့က ရယ်မောလိုက်ကာ ဝိညာဉ်ကျောက်တုံးအား သိမ်းဆည်းလိုက်၏။ ထို့နောက် သူက အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးအား လင်းရှန်ထံသို့ ပစ်ပေးလိုက်သည်။

“လေ့ကျင့်ရေးမှူးလင်း… မြင်တဲ့သူ ဝေစုရမယ်”

‘မြင်တဲ့သူ ဝေစုရသတဲ့လား’

ရှစ်စွန်းထူက ပိုင်စုကျန်းနှင့် ရှန့်ခယ်တို့အား ကြည့်သည်။

သူတို့က အဘယ်ကြောင့် ဝေစု မရသနည်း။

ဟန်မူယဲ့သည် လေလံပွဲတွင် နောက်ပိုင်းတင်သော ပစ္စည်းများအား စိတ်မဝင်စားတော့ပါ။

နေသုံးစင်းနတ်ဆေးလုံး မည်သော ဆေးတစ်လုံးပေါ်လာမှ ပိုင်စုကျန်းက လေလံပစ်ကာ အရယူလိုက်သည်။

ဆေးလုံးတန်ဖိုးမှာ ၁၂၀၀၀ ဖြစ်သော်လည်း ပိုင်စုကျန်းက ကမ်းလှမ်းစျေးအား ၅၀၀၀၀ သို့ တိုက်ရိုက်တိုးမြှင့်လိုက်ရာ မည်သူမှ မယှဉ်ပြိုင်ရဲတော့ချေ။

ပိုင်စုကျန်းက ဆေးလုံးကို ကမ်းပေးသောအခါ ဟန်မူယဲ့က ပြုံးလျက် ပြောသည်။

“ဆိုင်ရှင်ပိုင်… ကျုပ်တို့ ရောင်းရငွေထဲကပဲ နှုတ်ယူလိုက်ပါ”

အသွားမဲ့ဓားကြီးအား လေလံတင်သောအခါ ဟန်မူယဲ့ ကမ်းလှမ်းသောကြောင့် ဓားတန်ဖိုးသည် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ သို့အထိ တက်သွားသည်။

ဟန်မူယဲ့သည် တန်ဖိုး ၁၅၀၀၀ ရောက်ကတည်းက လက်လျှော့ခဲ့၏။

ဓားကား သာမန်သာ ဖြစ်သည်။ ၎င်းတွင် ရွှေမိတ်ကျောက်တုံးတချို့ ပေါင်းစပ်ပါဝင်နေခြင်းသာ။

သူက လက်လျှော့သည့်တိုင် တခြားလူများ လက်မလျှော့ပါ။

ပိုင်စုကျန်းပင် ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကမ်းလှမ်းခဲ့သည်။

နောက်ဆုံးတွင် အကြီးအကဲတောက်ရင်က နောက်ဆုံးကမ်းလှမ်းစျေး ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ ဖြင့် ဓားကို ရသွား၏။

ဟန်မူယဲ့သည် နောက်ဆုံးကျန်သော ရတနာများ အဆောင်လက်ဖွဲ့များအား စိတ်မဝင်စားတော့ပါ။

လေလံပွဲပြီးသောအခါ ဘေးတံခါးပေါက်များ ပွင့်သွားပြီး လူများလည်း တဖြေးဖြေး ကျဲပါးသွားတော့သည်။

ဟန်မူယဲ့ တံခါးအနီးသို့ ရောက်သောအခါ ရှစ်စွန်းထူအား အစေခံတစ်ဦးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂တုံး လာပေးသည်ကို တွေ့ရ၏။

သည်အလုပ်ကား အမှန်တကယ် အကျိုးအမြတ်ရသည်။ ဟန်မူယဲ့အား တချိန်လုံး အဖော်လိုက်လုပ်ရင်းဖြင့် သူသည် ဝိညာဉ်ကျောက်တုံး ၂၀၀ ရ၏။

ရှစ်စွန်းထူက ဝိညာဉ်ကျောက်တုံးများအား လက်ခံကာ ဟန်မူယဲ့အား ပြုံးပြသည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၂တုံးကို ပစ်ပေးလိုက်ကာ ပြောသည်။

“မြင်တဲ့သူ ဝေစုရမယ်”

ရှစ်စွန်းထူက ဝိညာဉ်ကျောက်တုံးများကို ဖမ်းယူကာ ရယ်မောသည်။

“မဆိုးဘူး… မဆိုးဘူး… သခင်လေးဟန်… နောက်တစ်ခေါက် အတူတူသောက်ကြတာပေါ့”

ဟန်မူယဲ့‌ နောက်လှည့်ကာ ယွမ်ထိုက်အင်မော်တယ်စံအိမ်အပြင်သို့ ထွက်လာသည်။

လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအများအပြားက ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ပြကြသည်။

ဟန်မူယဲ့၏ကျင့်ကြံဆင့်ကြောင့်မဟုတ်ဘဲ သူ၏ဓားအကဲဖြတ်စွမ်းရည်က အမှန်ကယ် ကောင်းသောကြောင့် ဖြစ်သည်။

“အစ်ကိုဟန်… နောက်ပိုင်း အခွင့်အရေးရရင် ကျုပ်တို့ တိမ်ပျံဓားဂိုဏ်းကို လာခဲ့ပါ”

ချန်စွန်းစုက ဟန်မူယဲ့အား ပြုံးလျက် ဖိတ်ကြားသည်။

“မိန်းကလေးပိုင်… ကျုပ်တို့ တိမ်ပျံဓားဂိုဏ်းက အမြဲကြိုဆိုနေပါတယ်”

ချန်စွန်းစုက ပိုင်စုကျန်းကိုလည်း ပြောသည်။

ဟန်မူယဲ့ကလည်း ပြုံးလျက် ပြန်နှုတ်ဆက်သည်။ ထို့နောက် ချန်စွန်းစု ထွက်သွားသည်။

လမ်းတစ်လျှောက်တွင် လူအများအပြားက သူတို့အား လာနှုတ်ဆက်၏။

ဟန်မူယဲ့၏နာမည်မှာ လေလံပွဲပြီးသည်နှင့် တခဏချင်း ပျံ့နှံ့သွားခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းတပည့်၊ မျိုးရိုးနာမည်ဟန် တွင် အလွန်ကောင်းမွန်သော ဓားအကဲဖြတ်စွမ်းရည် ရှိသည်။

“စီနီယာအစ်ကိုဟန်… ရှင်က ဓားစံအိမ်မှာပဲ သက်တောင့်သက်သာဖြစ်တယ်မလား”

ပိုင်စုကျန်းက ပြုံးသည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

အမှန်တကယ်လည်း ဓားစံအိမ်တွင် ဓားများနှင့် နေထိုင်ခြင်းကဲ့သို့ အပြင်လောကသည် သက်တောင့်သက်သာ မဖြစ်ပါ။

“ဟူး… ကျွန်မက စီနီယာအစ်ကိုဟန်ကို မနာလိုလိုက်တာ”

ပိုင်စုကျန်းက သက်ပြင်းချသည်။

သူတို့ လော့ယန်မြို့ထဲမှ ထွက်ကာ တောအုပ်တစ်ခုကို လွန်လာသောအခါ ရှန့်ခယ်က ဦးညွှတ်ကာ သူတို့အား နှုတ်ဆက်သည်။

“ကောင်လေး… ဂိုဏ်းကို အရင်ပြန်လိုက်… ငါ အလင်းတောင်ကုန်းဓားဂိုဏ်းသို့ အရင်သွားလိုက်ဦးမယ်”

အဝေးတွင် ခေါင်းဆောင်တောက်ရင်၏အသံကို ကြားရသည်။

ထို့နောက် ဓားတစ်လက် လွင့်လာ၏။

“ဒီဓားကို ယူပြီးတော့ သေသေချာချာ လေ့လာ”

ခေါင်းဆောင်တောက်ရင်က လူများအား ခိုင်းရန် အတော်လေး သိပေသည်။

ဟန်မူယဲ့သည် အသွားမဲ့ဓားအား ယူကာ ပိုင်စုကျန်းနှင့်အတူ လှေပျံပေါ်သို့ တက်သည်။ ဆိုင်ရှင်ဟယ်က လှေပျံအား မောင်းနှင်ကာ သူတို့သည် အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်လာကြ၏။

“စီနီယာအစ်ကိုဟန်… ရှင်တော့ ဒီတစ်ခေါက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ကြီးကြီးမားမား အကျိုးဆောင်လိုက်တာပဲ”

လှေပျံတွင် ဟန်မူယဲ့၏မျက်နှာချင်းဆိုင်၌ ထိုင်ကာ ပိုင်စုကျန်းက ပြုံးလျက် ပြောသည်။

သူမသည် ခေါင်းဆောင်တောက်ရင်က အလင်းတောင်ကုန်းဓားဂိုဏ်းသို့ ပေးမည့် ဓားကို ဆိုလိုခြင်း ဖြစ်သည်။

“ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အခွင့်အလမ်းဖြစ်နိုင်တယ်။ ဒါက ကြီးမားတဲ့ ကံကောင်းမှုလည်း ဖြစ်နိုင်တယ်”

ဟန်မူယဲ့က ဓားကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တီးတိုးပြောသည်။

အခွင့်အလမ်းများနှင့် ပတ်သက်၍ မည်သူမှ ရှင်းရှင်းလင်းလင်း မပြောနိုင်ပါ။

“စီနီယာအစ်ကိုဟန်… ဒီဓားကြီးမှာ ဘာလျှို့ဝှက်ချက်တွေ ရှိတာလဲ”

ပိုင်စုကျန်းက ဟန်မူယဲ့လက်ထဲမှ ဓားကို ကြည့်ကာ ပြောသည်။

ဟန်မူယဲ့က ရယ်မောကာ ဓားကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

“ဒီဓားရဲ့လျှို့ဝှက်ချက်က မသေးဘူး။ ဒါကို ဆိုင်ရှင်ပိုင်သိချင်ရင်တော့ ခေါင်းဆောင်နဲ့ ဆွေးနွေးမှ ရလိမ့်မယ်”

“ဘယ်လိုပြောပြော ဒီဓားဟာ ခေါင်းဆောင်ဝယ်ခဲ့တာပဲလေ”

ခေါင်းဆောင်တောက်ရင်သည် မီးမျိုးဆက်အား ပြန်လည်အသက်သွင်းလို၏။

ဓားသည် မိုင်းတွင်းတစ်ခုနှင့် ဆက်စပ်နေ၏။

သည်မျှ ကြီးမားသော အရင်းအမြစ်ဖြင့် မီးမျိုးဆက်မှာ အမှန်တကယ် ပြန်လည်အသက်ဝင်လာပေလိမ့်မည်။

ဟန်မူယဲ့ကား မိုင်းတွင်းတူးသော ကိစ္စအား စိတ်မဝင်စားပါ။

ယနေ့ လေလံပွဲကို တက်ရောက်ပြီးနောက် ပိုင်စုကျန်းနှင့် အကျိုးတူပူးပေါင်းကာ စီးပွားလုပ်ခြင်းသည် အလွန်ကောင်းသော ဆုံးဖြတ်ချက်ဟု ဟန်မူယဲ့ ထင်သည်။

ကြွယ်ဝခြင်း၊ အာဏာနှင့် မြေများသည် အရေးကြီးသော်လည်း လောကီပိုင်ဆိုင်မှုများသာ ဖြစ်သည်။

ဥစ္စာငွေကြေးများအပေါ်၌ အချိန်များ ဖြုန်းတီးခြင်းက မထိုက်တန်ပါ။

အကယ်၍ တကိုယ်တော်ကျင့်ကြံသူများသာ ဟန်မူယဲ့၏အတွေးကို သိပါက ငိုကြွေးကြပေလိမ့်မည်။

ဟန်မူယဲ့က အဝတ်အိတ်တစ်လုံးအား ထုတ်လိုက်သည်။

သူက အိတ်အား ဖွင့်လိုက်လျှင် အထဲတွင် ဓားကျိုးအပိုင်းအစများအား တွေ့ရ၏။

ဓားကျိုးအပိုင်းအစများကို ကြည့်ကာ ပိုင်စုကျန်းက ပါးစပ်ကို ဖုံး၍ ရယ်မောလိုက်၏။

သူက သည်ဓားကျိုးအပိုင်းအစများကို ဝိညာဉ်ကျောက်တုံး ၁၆၀၀၀ ဖြင့် ဝယ်ခဲ့ရသည်။

ဟန်မူယဲ့က အပိုင်းအစများကို ဓားပုံစံသို့ ပြန်စီကာ လက်ကိုင်အား သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ့လက်မှ အစိမ်းရောင် ဓားချီများသည် ဓားထံသို့ စီးဆင်းသွားသည်။

ဓားသည် တုန်ခါသွားကာ ပြိုပျက်သွားသော ဓားမှာလည်း တဖြေးဖြေး ပြန်လည်တွယ်ဆက်လာနေ၏။

ပိုင်စုကျန်းကား နားမလည်ပါ။ ဤသည်ကား အပြင်ပန်းတွင်သာ တွယ်ဆက်ခြင်းဖြစ်ကာ အမှန်တကယ်ကား အသုံးမဝင်ချေ။

“ဆိုင်ရှင်ပိုင်… ဒီဓားဟာ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်နဲ့ ဆက်နွယ်နေတယ်။ အတူ သွားကြည့်ဖို့ စိတ်ဝင်စားလား”

ထိုအခိုက်တွင် ဟန်မူယဲ့ ရုတ်တရက် ပြောသည်။

ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏ဂူ။

ပိုင်စုကျန်းက မျက်တောင်ပင့်လိုက်ကာ အလျင်အမြန် ခေါင်းညိတ်သည်။

ဟန်မူယဲ့က ရယ်မောကာ ဓားကို လေပေါ်သို့ ပစ်တင်လိုက်၏။ ဓားသည် အမှန်တကယ်ပင် အရပ်မျက်နှာတစ်ခုသို့ ညွှန်ပြနေသည်။

All Chapters