အမွေးပွလေး၏စွမ်းရည်များ
Vol. 2 Ch. 27
“အမွေးပွလေး မင်းမှာ ဘယ်လိုမျိုး တိုက်ခိုက်နိုင်တဲ့စွမ်းရည် ရှိလဲ”
ထိုသို့မေးရခြင်းမှာ အကြောင်းရှိသည်။ အမွေးပွလေး၏ နူးညံ့လှသော သွင်ပြင်နှင့် သွေးထွက်သံယို တိုက်ခိုက်နေသော မြင်ကွင်းအား ဆက်စပ်ကြည့်ရန်မှာ ခဲယဉ်းလှသည်။ ယဲ့ချန်အမြင်တွင် သာမန် ထျန်းချီအဆင့် ၁ သို့မဟုတ် ၂သာရှိသော မှော်သားရဲများကပင် အမွေးပွလေးအား တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် တိုက်ခိုက်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
သူ့အမေးကြောင့် အမွေးပွလေးသည် မခံမရပ်နိုင် ဖြစ်သွားသည့်အလား အသံစူးစူးလေးဖြင့် အော်လေသည်။ ထို့နောက် လက်တွေ့ပြတော့မည့်အလား ယဲ့ချန်၏ အရှေ့ဘက်နားသို့ ခုန်ဝင်လာသည်။
ရုတ်တရက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းမှာ ဝေဝါးသွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ယဲ့ချန်သည် ကြောက်မက်ဖွယ်ဧရာမ သတ္တဝါကြီးများ ဝန်းရံထားသော နေရာတခုသို့ ရောက်ရှိသွား၏။ သတ္တဝါကြီးများ အားလုံးသည် ဆာလောင်နေသော မျက်လုံးရိုင်းကြီးများဖြင့် သူ့အား ဝိုင်းဝန်း စိုက်ကြည့်နေကြကာ အခွင့်ကြုံသည်နှင့် ကိုက်ဖြတ်စားသောက် တော့မည့်အလား။ ယဲ့ချန်၏ အသိစိတ်တစ်ခုလုံး မူးနောက်ယိုင်နဲ့သွားပြီး မျက်လုံးမှိတ်ချ လိုက်မိသည်။ ထို့နောက် ဝိညာဉ်အသိအမြင်အား ဖော်ထုတ်၍ တဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့် ကြည့်တော့မှသာ အမြင်အာရုံက ဝေဝါးနေရာမှ ကြည်လင်လာပြီး မျက်စိရှေ့တွင် မတ်တတ်ရပ်နေသော အမွေးပွလေးကို မြင်လိုက်ရသည်။
“မင်း ... မင်းက ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်”
ယဲ့ချန်သည် စိတ်လှုပ်ရှားအံ့ဩစွာဖြင့် မေးမိ၏။ အမွေးပွလေးသည် ပြန်မဖြေပါ။ ရှေ့လက်တစ်ချောင်းအား လျှာနီနီလေးဖြင့် လျှက်လျက် မျက်နှာက ဂုဏ်ယူဝံ့ကြွားဟန်နှင့် မော်ချီနေသည်။
အမွေးပွလေးကဲ့သို့ ချစ်စရာ အကောင်ပေါက်လေးက ထိုသို့ အံ့ဩဖွယ်စွမ်းရည်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု ယဲ့ချန် မမျှော်လင့်ထားခဲ့မိပေ။ ပုံရိပ်ယောင် ထောင်ချောက်များသည် သာမန်ကျင့်ကြံသူများ အတွက် အလွန်အန္တရာယ်များပြီး ဝိညာဉ်အသိအမြင် ပိုင်ဆိုင်ထားမှသာ ကြိုးစား၍ ရုန်းထွက်နိုင်ခြင်း ဖြစ်တန်ရာ၏။ အမွေးပွလေး၏ ပုံရိပ်ယောင် ထောင်ချောက်သည် ကျင့်ကြံဆင့်မြင့်သော ကျင့်ကြံသူများအတွက် အလုပ်ဖြစ်ပါ့မလား မသေချာသော်ငြား အနည်းနှင့်အများတော့ အန္တရာယ် ပေးနိုင်နေဆဲပါပင်။ သေချာတာတခုမှာ သေရေးရှင်ရေး တိုက်ပွဲများတွင် တစ်ခဏမျှသော ပုံရိပ်ယောင်ထောက်ချောက်လေးကပင် တိုက်ပွဲရလဒ်အား ပြောင်းပြန်လှန် ပေးနိုင်သည်။
ယဲ့ချန်က စိတ်လှုပ်ရှားစွာနှင့် ထပ်မေးလိုက်သည်။
“အမွေးပွလေး ... မင်းမှာ တခြားစွမ်းရည်တွေရှိသေးလား”
အကောင်ပေါက်လေးသည် ခေါင်းလေးငုံ့သွားလျက် စဉ်းစားဟန်ပြုသည်။ ထို့နောက် ခေါင်းလေးပြန်မော့ပြီး တစ်ဆက်တည်းဆိုသလို ၎င်း၏ခန္ဓာကိုယ်လေးမှာ ဖောက်ထွင်းမြင်ရမတတ် ကြည်လင်လာကာ တဖြည်းဖြည်း လေထုအတွင်း ပျောက်ကွယ်သွားသည်။
ကိုယ်ပျောက်စွမ်းရည်
ယဲ့ချန်လည်း ထပ်မံအံ့ဩသွားရပြန်ကာ ထျန်းချီများကို အသက်သွင်းလိုက်ပြီး အမွေးပွလေး၏ တည်နေရာအား အာရုံခံရန် ကြိုးစားကြည့်သည်။ သို့သော် အမွေးပွလေးမှာ လေထုနှင့်တသားတည်း ဖြစ်သွားသည့်အလား လုံးဝ အာရုံခံမရချေ။ မတတ်နိုင်တော့သည့်အဆုံး သူက ဝိညာဉ်အသိအမြင်အား အသက်သွင်းလိုက်မှသာ အမွေးပွလေး၏ တည်ရှိမှုကို အာရုံခံနိုင်သွားသည်။ ဖြစ်နိုင်တာတခုမှာ အမွေးပွလေး၏ စွမ်းရည်များ မသက်ရောက်သည့် တခုတည်းသော ခြွင်းချက်ဟူ၍ ဝိညာဉ်အသိအမြင်သာ ရှိဟန်တူသည်။
အတန်ကြာသော် အမွေးပွလေးက ကိုယ်ဖျောက်ထားသည်ကို ရပ်တန့်လိုက်သည်မို့ သူလည်း ဝိညာဉ်အသိအမြင် ထုတ်ဖော်ထားခြင်းအား ရပ်လိုက်သည်။
“ပုံရိပ်ယောင်ထောင်ချောက်နဲ့ ကိုယ်ပျောက်စွမ်းရည် အမွေးပွလေး ... မင်းကတကယ်ကို မယုံနိုင်စရာပဲ”
ယဲ့ချန် စိတ်အားထက်သန်စွာဖြင့် အကောင်ပေါက်လေး၏ ခေါင်းအား ပွတ်ပေးရင် ပြောမိသည်။ ထိုစွမ်းရည်နှစ်ခု၏ အလားအလာမှာ အဆုံးမရှိဖြစ်သည်။ ထို့ပြင် စွမ်းရည်နှစ်ခုလုံးက လက်တွေ့တိုက်ပွဲများတွင် အလွန်အသုံးဝင်သည့် အချက်ကိုလည်း မေ့ထား၍မရပေ။
သို့တိုင် အမွေးပွလေးသည် ဂုဏ်ဆာနေသော မျက်နှာပေးလေးနှင့် နှုတ်ခမ်းထောင့်အား လျှာဖြင့်သပ်လိုက်ရင်း ယဲ့ချန်ထံ ကြည့်နေသည်မှာ ‘ငါ့ရဲ့ စွမ်းရည်တွေက ဒါအကုန် မဟုတ်သေးဘူး’ဟု ပြောနေသယောင်။
ထို့နောက် ရုတ်တရက်ဆိုသလို အမွေးပွလေးသည် ပါးစပ်ဟလျက် ထူထဲသော မြူခိုးငွေ့ အများအပြားအား မှုတ်ထုတ်လိုက်သည်။ မြူခိုးငွေ့များက ဆက်ခံသူခြံဝန်း တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး အနှီမြူခိုးငွေ့များအကြား ယဲ့ချန်သည် ကိုယ့်လက်ကိုပင် ပြန်မမြင်ရတော့လောက်အောင် ပိတ်ဆို့မှုန်မှိုင်းကာ တဖြည်းဖြည်း မူးဝေလာသည်အထိ။ ခန့်မှန်းထားသည့်အတိုင်း ဝိညာဉ်အသိအမြင်ကို ထုတ်ဖော်လိုက်ပါမှ မူးဝေနေသည်များ ပြေပျောက်သွားပြီး ပုံမှန်အသိစိတ် ပြန်ဝင်လာသည်။
တစ်ခဏကြာပြီးနောက် အမွေးပွလေးသည် မာန်ဖီသ တစ်ချက်ပေးရင်း အသက်ပြင်းပြင်း ရှူလိုက်ကာ မြူခိုးငွေ့များအား ပြန်လည် ရှုသွင်းလိုက်သည်။ စိတ်အားထက်သန်မှု အပြည့်နှင့် ယဲ့ချန်သည် အမွေးပွလေး၏ ရှေ့ခြေနှစ်ချောင်းမှ မြှောက်လျက် မ,ချီလိုက်သည်။
“မင်းက အကောင်သာသေးတယ် အစွမ်းကမသေးဘူးပဲ အမွေးပွလေး ငါတောင် မင်းရဲ့နောက်ကြောင်းကို ပိုပိုပြီး စိတ်ဝင်စားလာပြီ တကယ်ပဲ မင်းကဘာလေးလဲကွာ”
ယဲ့ချန်သည် အကောင်ပေါက်လေး၏ ပုလဲနက်သဖွယ် ကြည်လင်နေသော မျက်လုံး တောက်တောက်လေးများထဲ စိုက်ကြည့်ရင်း မေးမိပါ၏။
“မင်းရဲ့စွမ်းဆောင်နိုင်စွမ်းက လူသားကျင့်ကြံသူ တစ်ယောက်ထက် လုံးဝကို နိမ့်ကျမနေဘူး မင်း စကားမပြောတတ်တာကတော့ နှမြောစရာပဲ”
ယဲ့ချန်သည် ပထမဆုံး သူ ဝိညာဉ်အသိအမြင်ကို စတင်ထုတ်ဖော်နိုင်သွားသော ညက မတော်တဆမှုအကြောင်း ပြန်တွေးကြည့်ဖြစ်သည်။ လျန်ယွင်တောင်တန်း အတွင်းဘက်ဆုံး တစ်နေရာမှ ထွက်ပေါ်လာသော အနီရောင် အလင်းတန်းအား မြင်လိုက်ရပြီးနောက် မကြာခင်တွင်ပဲ သူ့အခန်းထဲ၌ ရောက်ရှိနေသည့် ဒဏ်ရာများနှင့် အမွေးပွလေးကို တွေ့ခဲ့ရသည်။ ထိုအနီရောင် အလင်းတန်းက အမွေးပွလေးနှင့် ဆက်စပ်နေသည်လော သို့တည်းမဟုတ် အမွေးပွလေးက သူ၏ ဝိညာဉ်အသိအမြင်အား အာရုံခံမိ၍ ယဲ့မိသားစုရဲတိုက်ဆီ ရောက်ရှိလာသည်လော မတွေးတတ်တော့ပေ။
အတန်ကြာအောင် ဆက်စပ်တွေးတော နေမိပြီးမှ နောက်ဆုံးတွင် သူ အခိုင်အမာဆိုမိသည်။
“ဘာနေနေ မင်းရဲ့ အတိတ်နောက်ကြောင်းကို ငါလုံးဝဂရုမစိုက်ပါဘူး ပစ္စုပ္ပန်ကိုတော့ ဂရုစိုက်တယ် မင်းနဲ့ငါက အခုကစပြီး ပါတနာတွေဖြစ်သွားပြီ ဒါ့ကြောင့် မင်းကို အမြဲကာကွယ်ပေးသွားမယ် ဘာကိုမှမကြောက်နဲ့ ဘယ်အရာကမှ မင်းကိုမထိခိုက်စေရဘူး”
ထိုစကားများကိုကြားသော် အမွေးပွလေး၏ မျက်လုံးလေးများမှာ မိန်းမောသွားဟန်ရပြီး အတန်ကြာမှ ယဲ့ချန်အား မော့ကြည့်လာသည်။
အမွေးပွလေးသည် ထိတ်လန့်ဖွယ်စွမ်းရည် သုံးခုကိုသာ ထုတ်ပြရသေးသော်လည်း နောက်ထပ် ကွယ်ဝှက်ထားသည့် စွမ်းရည်တချို့ ရှိနေသေးကြောင်း ယဲ့ချန် ခံစားရသည်။ ထိုသို့မဟုတ်လျှင်လည်း ထိုကွယ်ဝှက်နေသည့် စွမ်းရည်တို့အား အမွေးပွလေး ကိုယ်တိုင်က အသုံးမပြု တတ်သေးတာလည်း ဖြစ်နိုင်သည်။ အမွေးပွလေးနှင့် ပတ်သက်၍ လျှို့ဝှက်ချက် ဘယ်လောက်များများ ရှိနေဦးမည်ကို ကောင်းကင်ကသာ အသေအချာ သိပေလိမ့်မည်။
‘ယွင်မိသားစုက မကောင်းတဲ့ကောင်တွေကို အမွေးပွလေးရဲ့ ထိတ်လန့်စရာစွမ်းရည်တွေနဲ့ မိတ်ဆက်ပေးဖို့ မစောင့်နိုင်တော့ဘူးကွာ’
ထိုသို့အတွေးနှင့် ယဲ့ချန် ခေါင်းမော့ကာ စိတ်လွတ်လက်လွတ် ရယ်လိုက်မိပါ၏။
မရိုးရှင်းသော ထိုရယ်သံကြီးကြောင့် နံဘေးတွင်ထိုင်နေသော အမွေးပွလေးမှာ တကိုယ်လုံးရှိအမွေးများ ထောင်သွားသလိုပင် ခံစားလိုက်ရသည်။ အမွေးပွလေးသာ စကားပြောတတ်ပါက ဤသို့နှယ် ပြောပါလိမ့်မည်။
‘ဉာဏ်များတဲ့လူသားကောင် ... ဘာတွေထပ်ကြံနေတာလဲ’ ဟူ၍။
နောက်ပိုင်းရက်များတွင် ယဲ့ချန် လေ့ကျင့်သည့်အချိန်တိုင်း အမွေးပွလေးသည် မယောင်မလည်နှင့် ဘေးနားသို့ရောက်လာကာ ယဲ့ချန်ကိုယ်မှ စိမ့်ထွက်လာသည့် အသန့်စင်ဆုံး ထျန်းချီများအား ပျော်ပျော်ရွှင်ရွှင်နှင့် စုပ်ယူပါတော့သည်။ သို့တိုင်အောင် အမွေးပွလေး၏ လေးချောင်းမြှောက်အမြီးလေးမှာ မူလရှိပြီးသော အမြီးသုံးချောင်းနှင့် တန်းတူအရွယ်အစားအထိ ရှည်ထွက်မလာသေးပါချေ။ တဖြည်းဖြည်းချင်းသာ ရှည်ထွက်လာနေသည်။
‘ဆန်းကြယ်ရေခဲ’ကျင့်စဉ် ပထမအဆင့်အား အောင်မြင်ရန် ယဲ့ချန်သည် အချိန်ဆယ်ရက်သာ ကြာလိုက်သည်။ ယခုဆိုလျှင် ကြယ်တာရာဘုံကိုးလွှာတွင် ပါဝင်သော ကဏ္ဍကိုးမျိုးအနက် သုံးမျိုး၏ ပထမအဆင့်အား သူ လေ့ကျင့်အောင်မြင်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ ယဲ့ချန်သည် ကံကောင်းထောက်မစွာ ‘ငြိမ့်ညောင်းလေပြေ’၊ ‘ဆန်းကြယ်ရေခဲ’တို့နှင့် လိုက်လျောညီထွေဖြစ်မည့် သိုင်းပညာနှစ်ခုကို လေ့ကျင့်နိုင်ခဲ့ပါက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ နောက်ထပ်အဆင့် တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
‘မိုးကြိုးအင်ပါယာ’ ‘ငြိမ့်ညောင်းလေပြေ’ နှင့် ‘ဆန်းကြယ်ရေခဲ’တို့သည် ပင်ရင်းတစ်ခုထဲမှ ခွဲဖြာလာသော ကျင့်စဉ်သုံးခု ဖြစ်လေရာ ယဲ့ချန်က သုံးခုလုံးအား အခက်အခဲမရှိဘဲ လှည့်လည်လေ့ကျင့်နိုင်သည်။ အမှန်တကယ်တွင် ကျင့်စဉ်သုံးခုလုံး၏ စွမ်းအင်ရင်းမြစ်သည် ထျန်းချီသဘာဝသာဖြစ်ပြီး လေ့ကျင့်ပုံနည်းစနစ်ပေါ်တွင် မူတည်၍ မတူညီသော မိုးကြိုး၊ လေ၊ ရေခဲဟူသော သဘာဝစွမ်းအင်များအဖြစ် အသွင်းပြောင်းသွားကြခြင်း ဖြစ်သည်။ ကျင့်ကြံသူအများစုသည် များသောအားဖြင့် မိုးကြိုး၊ ရေခဲ၊ မီး စသော သဘာဝစွမ်းအင် အမျိုးမျိုးအနက် တစ်မျိုးတည်းကိုသာ အာရုံစိုက်လေ့ကျင့်ကြသည်။ လူနည်းစုကသာ ပေါင်းစပ်ရလွယ်သော သတ္တုစွမ်းအင်နှင့် မီးစွမ်းအင် စသဖြင့် နှစ်မျိုးစပ် သဘာဝစွမ်းအင်မျိုးကို လေ့ကျင့်ကြသည်။ လေ့ကျင့်သည့် စွမ်းအင်အရေအတွက် များလေလေ ထိန်းချုပ်ရခက်လေလေ ဖြစ်ရာ ယဲ့ချန်ကဲ့သို့ သဘာဝစွမ်းအင်ကိုးမျိုးအား တစ်ပြိုင်နက် ကျင့်ကြံသည့်လူ ဟူ၍ လုံးဝ မရှိလောက်ပေ။
အမွေးပွလေးသည် အခန်းထောင့် တစ်နေရာတွင် ခွေခွေလေး အိပ်နေရာမှ နိုးလာကာ ယဲ့ချန်ထံကြည့်သည်။ အမွေးပွလေးသည် ယဲ့ချန်အနီးတွင် လှည့်ပတ်နေသော ထျန်းချီများ၏ ပြောင်းလဲမှုအား သတိထားမိသွားပုံပေါ်သည်။ တခါတရံတွင် အလွန်အေးစက်သွားလိုက်၊ တစ်ခါတစ်ရံတွင် သက်တောင့်သက်သာ ရှိစေသော လေပြေလေးကဲ့သို့ ဖြစ်သွားလိုက်၊ တခါတရံတွင်တော့ မိုးကြိုးသွားကဲ့သို့ ထက်ရှသွားလိုက်နှင့် မတူညီသော စွမ်းအင်များက တနေရာထဲတွင် တွန်းကန် နေကြသည်နှင့်တူပြီး တစ်ချိန်တည်းတွင်ပဲ သဟဇာတလည်း ဖြစ်နေပြန်၏။ အမွေးပွလေးအား အံ့ဩစေသည်မှာ ယဲ့ချန်သည် စွမ်းအင်သုံးမျိုး၏ ဆုံချက်တွင် အေးဆေးသက်သာစွာ ထိုင်ရင်း စွမ်းအင်သုံးမျိုးအား တမျိုးပြီးတမျိုး လွယ်လွယ်ကူကူ ပြောင်းနေနိုင်ခြင်း ဖြစ်သည်။
ကြယ်တာရာဘုံကိုးလွှာ ကျင့်စဉ်မှ ရရှိသော အကျိုးကျေးဇူးများသည် ကမ္ဘာပေါ်ရှိ မည်သည့်ကျင့်စဉ်နှင့်မှ နှိုင်းယှဉ်မရနိုင် ဆိုပါက ချဲ့ကားပြောခြင်း မဟုတ်ချေ။ ကဏ္ဍကိုးမျိုးအနက် သုံးမျိုးအား ကျွမ်းကျင်သွားပြီမို့ နောက်ထပ် ဆက်လက်လေ့ကျင့်ရန် ယဲ့ချန်က အလင်းစွမ်းအင်အား ရွေးချယ်ထားသည်။ သို့ဆိုလျှင် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးဟူ၍ ကဏ္ဍငါးမျိုးသာ ကျန်ရှိတော့မည်ဖြစ်သည်။ မိုးကြိုး၊ လေ၊ ရေခဲနှင့် အလင်းတို့သည် အခြေခံအကျဆုံး သဘာဝစွမ်းအင်လေးမျိုးဖြစ်သည်။ ထိုလေးမျိုးအား ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သွားပါက မည်မျှ အစွမ်းထက်သွားမည်ကို ယဲ့ချန် တွေးကြည့်မိသည်။ သူ၏တန့်ထျန်ထဲရှိ ထျန်းချီများ ပိုမိုသိပ်သည်းကျစ်လျစ် လာတာလည်း ဖြစ်နိုင်သည်။ ယဲ့ချန်၏ လက်တလော ကျင့်ကြံဆင့်သည် ထျန်းချီအဆင့်၆ အလယ်အလတ်ဆင့်၌သာ ရပ်တန့်နေသော်လည်း သူ့တွင်ရှိသော ထျန်းချီပမာဏနှင့် သန့်စင်မှုမှာ ထျန်းချီအဆင့်၆ထက် ပိုသည်။ စွမ်းအင်လေးမျိုးလုံး၏ ပထမအဆင့်အား အောင်မြင်သွားပါက ယွင်ရိဖေးကိုပင် အနိုင်ယူနိုင်လောက်သည်။
ထိုအချိန်တွင် ပန်းပဲဖိုမှ ပစ္စည်းတချို့ ဆက်ခံသူခြံဝန်းထံ ရောက်လာသည်။ ယဲ့မော့ယွမ် တာဝန်ယူထားသော လက်ပစ်ဗုံးပုံစံခွက် ဖြစ်သည်။ ပုံစံခွက်က နှစ်ခုသာ ရောက်လာသေးသော်လည်း ယဲ့ချန်က အလျင်မလိုပေ။ ထိုပုံစံခွက်နှစ်ခုထဲသို့ ယမ်းမှုန့်များ စနစ်တကျဖြည့်ပြီးချိန်တွင် လက်ပစ်ဗုံးများအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။ ယဲ့ချန်သည် ယမ်းမှုန့်ဖော်မြူလာအား အနည်းငယ် ပြောင်းလဲထားရာ သည်တစ်ခေါက်တွင် ပေါက်ကွဲအားက မည်သို့နေမည် မသိပေ။ လက်ပစ်ဗုံး ပုံစံခွက်များ ထုလုပ်ခြင်းက ဦးလေး ယဲ့မော့ယွမ်ကဲ့သို့ ဝါရင့်ပန်းပဲသမား တစ်ယောက် အတွက်ပင် မလွယ်ကူဟန်ရသည်။ ဆယ်ရက်ကျော်အတွင်း နှစ်ခုသာ ထုလုပ်နိုင်သည်။
အချိန်များက တရွေ့ရွေ့ဖြင့် ဆက်လက် ကုန်ဆုံးနေသည်။ ယဲ့မိသားစုရဲတိုက်တွင် ထူးထူးခြားခြား ဖြစ်ရပ်ဟူ၍ မဖြစ်ပျက်ခဲ့ဘဲ အားလုံးက ငြိမ်းချမ်းစွာဖြင့် ကျင့်ကြံခြင်းတွင်သာ နှစ်မြှပ်ထားကြသည်။
သို့နှင့် တလကြာသွားပြီး လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်၏ မဟာမိတ်သိုင်းပြိုင်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် အကြီးအကဲများသည် မိသားစုခေါင်းဆောင် ခြံဝန်းအတွင်း စဉ်ဆက်မပြတ် ကျင့်ကြံရင်းဖြင့်သာ အချိန်ဖြုန်းခဲ့ကြသည်။ ခြံဝန်းအပြင်ဘက်သို့ပင် ထွက်ခဲလှသည်။ ယဲ့ချန်အပါအဝင် လူငယ်မျိုးဆက် တစ်ခုလုံးသည် သိုင်းပြိုင်ပွဲအတွင်း ယဲ့မိသားစု မျက်နှာ မပျက်ရလေအောင် စွမ်းစွမ်းတမံ ကြိုးစားလေ့ကျင့် နေကြသည်။
ယဲ့မိသားစုရဲတိုက်တစ်ခုလုံး တိတ်ဆိတ်နေသည်မှာ လျန်ယွင်တောင်တန်းဘက်မှ သားရဲအော်သံများကိုပင် အတိုင်းသား ကြားနေရသည်အထိ။
ညအချိန် ဖြစ်သည်။
ပုံမှန်ရက်များအတိုင်း ယဲ့ချန်သည် အိပ်ရာပေါ်တွင် မျက်လုံးမှိတ်ကာ ခြေချိတ်ထိုင်နေရင်း လေ့ကျင့်နေသည်။ ဤရက်ပိုင်းအတွင်း လူငယ်လေး၏ ဝိညာဉ်အသိအမြင်မှာ တိုးတက်လာပြီး ၁မိုင်၏ သုံးပုံနှစ်ပုံ အကွာအဝေးအထိ အာရုံခံနိုင်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင်ပဲ အမွေးပွလေးသည်လည်း ငြိမ်သက်စွာ ရှိနေလျက် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေဟန်ရသည်။
ဝေးကွာလှသော တောင်တန်းတစ်နေရာမှ ရှေးကျပြီး ကျယ်လောင်စူးရှသော သားရဲအော်သံတခုက ညဉ့်လေထုအား ဖြတ်သန်းလျက် ဆက်ခံသူခြံဝန်းဆီသို့ ရိုက်ခတ်လာသည်။
ထိုအချိန်တွင်ပဲ အမွေးပွလေး၏ မျက်လုံးများ ဖျတ်ခနဲဆိုသလို ပွင့်သွားကာ တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား အခန်းတံခါးဆီသို့ တရှိန်ထိုး ပြေးသွားလေသည်။
“အမွေးပွလေး”
အကောင်ပေါက်လေး ထွက်ခွာသွားကြောင်း သိလိုက်ရသော ယဲ့ချန်သည် အလျင်အမြန် ဟန့်တားလိုက်ပါသော်လည်း အရာမထင်တော့ပေ။ အမွေးပွလေးကား အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ် သွားလေပြီ။
ယဲ့ချန်လည်း ဆက်လက်၍ မလေ့ကျင့်နိုင်တော့ပေ။
‘ဘာဖြစ်သွားတာလဲ အမွေးပွလေးက လျန်ယွင်တောင်တန်းဘက်ကို ပြန်သွားပြန်တာလား’
***