ပဟေဠိဆန်သော စာအုပ်သုံးအုပ်
Vol. 2 Ch. 28
‘အမွေးပွလေးရဲ့ပုံစံက တစ်ခုခုဆိုးရွားတာ ဖြစ်တော့မဲ့အတိုင်းပဲ’
ခဏတာ တွေးတောပြီးနောက် ယဲ့ချန် ဆက်ထိုင်မနေနိုင်တော့ဘဲ အလျင်အမြန် နောက်ကလိုက်သွား လိုက်သည်။ ထိုအချိန်တွင် အမွေးပွလေးသည် ယဲ့မိသားစုရဲတိုက်၏ တံတိုင်းအပြင်ဘက်သို့ ခုန်ပျံကျော်လွှား သွားလေပြီ။
“အစောင့် တစ်ယောက်ယောက်နဲ့ လမ်းမှာတွေ့ရင် အဆင်မပြေဘူး အဘိုးနဲ့အဖေတို့ သိသွားလိမ့်မယ်”
ယဲ့ချန် ရေရွတ်ရင်း ဝိညာဉ်အသိအမြင်အား အသုံးပြုကာ အစောင့်များရှိနေသော နေရာကို ရှောင်ကွင်းလျက် တံတိုင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။
ပုတ်သင်သားရဲကြီး ကျူးကျော်လာသော ဖြစ်ရပ် ပြီးကတည်းက ရဲတိုက်ထဲတွင် ထောင်ချောက်အမျိုးမျိုး ထပ်မံတပ်ဆင်ထားရာ ယဲ့ချန်မှာ အစောင့်များကိုသာမက ထိုထောင်ချောက် များအားလည်း သတိထားရှောင်ကွင်းရသည်။ တံတိုင်းအပြင်ဘက်သို့ ရောက်ပြန်တော့လည်း အတော်လှမ်းလှမ်းသို့ ရောက်သွားပြီဖြစ်သော အမွေးပွလေးအား ဝိညာဉ်အသိအမြင်ဖြင့် အာရုံခံကာ အလျင်အမြန် နောက်ယောင်ခံ လိုက်လာခဲ့သည်။
‘ဘယ်လောက်အရေးကြီးတဲ့ ကိစ္စမလို့ ဒီအကောင်ပေါက်လေးက ကမျောသောပါး ပြေးထွက်သွားရတယ် မသိဘူး’
ယဲ့ချန်တွေးမိသည်။
အမွေးပွလေးသည် သေးသေးကွေးကွေး ခန္ဓာကိုယ်လေးဖြင့် သွက်နေအောင် ပြေးသွားလေရာ ယဲ့ချန်ကလည်း ထျန်းချီများကို အသက်သွင်းလျက် ပြေးလိုက်ရသည်။ ညအမှောင်ထုထဲတွင် အဖြူရောင်အရိပ်လေးက ရှေ့မှ ဦးဆောင်ပြေးနေပြီး လူရိပ်တရိပ်က နောက်မှ ထပ်ချပ်မကွာ လိုက်နေသည်။
နှစ်နာရီခန့် ပြေးလွှားခဲ့ပြီးနောက် လျန်ယွင်တောင်တန်း၏ အတွင်းဘက်ဆုံးနေရာသို့ ဝင်ရောက်လာမိပြီ ဖြစ်ကြောင်း ယဲ့ချန် သတိပြုမိလိုက်သည်။ ယဲ့မိသားစုမှ အကြီးအကဲများပင် စိတ်ထင်တိုင်း မလာရဲသောနေရာ ဖြစ်သောကြောင့် သူလည်း ပတ်ဝန်းကျင်သို့ သတိထားအကဲခတ်ရင်း ပြေးနေရသည်။
လျန်ယွင်တောင်တန်းဘက်တွင် သာမန်လူများ ထင်သလို မသွားလာရဲသော ကန့်သတ်နယ်မြေများ မရေမတွက်နိုင်အောင် ရှိသည်။ များသောအားဖြင့် ထိုကန့်သတ် နယ်မြေများတွင် ရှားပါးမှော်သားရဲ မျိုးစိတ်များ သို့မဟုတ် အဆင့်မြင့် မှော်သားရဲကြီးများ နေထိုင်ကြသည်။ လက်တည့်စမ်းလို၍ ထိုကန့်သတ်နယ်မြေများ အတွင်းသို့ ဝင်သွားကြသော လူငယ်အများအပြား ရှိသော်လည်း ဘယ်သူမှ ပြန်ထွက်မလာနိုင်ခဲ့ပေ။
ပြေးလွှားနေရင်း ယဲ့ချန် နားထဲတွင် ဖခင်ဖြစ်သူ၏ လျန်ယွင်တောင်တန်း အတွင်းဘက်ပိုင်းသို့ မသွားရန် အထပ်ထပ် တားမြစ်သံများအား ကြားယောင်လာသလို ရှိသည်။ သည်အခြေအနေထိ ရောက်လာမှတော့ ပြန်လှည့်ဖို့ရာ မဖြစ်နိုင်ပါချေ။ အမွေးပွလေးအားလည်း တကောင်တည်း ထားမခဲ့နိုင်သည်မို့ ဖခင်ဖြစ်သူကို စိတ်ထဲမှသာ တောင်းပန်လိုက်တော့သည်။ တခုရှိသည်မှာ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား ပိုင်ဆိုင်ထားသောကြောင့် အဆင့်မြင့်မှော်သားရဲများ၏ တည်နေရာကို ရှောင်ကွင်းသွားနိုင်သ၍ အဆင်ပြေမည်ဟု ယုံကြည်ပါ၏။
အတွေးများသွားသောကြောင့် အမွေးပွလေးအား မျက်ခြည်ပြတ်တော့မလို ဖြစ်သွားရာ ယဲ့ချန် ပြေးနေသည့်အရှိန်ကို မြှင့်တင်လိုက်ရသည်။
လမ်းတစ်လျှောက်တွင် အဆင့်၈မှော်သားရဲ ၅ကောင်၊ ၆ကောင်ခန့်ကို ဝိညာဉ်အသိအမြင်ဖြင့် အာရုံခံမိ၍ ပါးပါးနပ်နပ် ရှောင်တိမ်းလာခဲ့သည်။ အဆင့်၈ သားရဲတစ်ကောင်ကပင် ရင်ဆိုင်ရန် ခက်ခဲလှပြီဖြစ်ရာ ၅ကောင်၊ ၆ကောင်ခန့် ဆိုပါက ပြောနေစရာတောင် မလိုတော့ပေ။ ယဲ့ချန်သည် အမွေးပွလေးနောက်မှ လိုက်ခဲ့ရင်း တစ်နာရီခန့် ဆက်လက် ပြေးလွှားလာခဲ့သည်မှာ ကျဉ်းမြောင်းသော တောင်ကြားလမ်းတစ်ခု၏ အဝကို ရောက်သည်အထိပါပင်။ တောင်ကြားလမ်းသည် သုံးပေခန့်သာ ကျယ်ပြီး ကျက်တီးမြေကဲ့သို့ ကမ်းပါးနှစ်ခုကြားတွင် တည်ရှိသည်။ တောင်ကြားလမ်းအဝင်ဝ၌ ရပ်နေရင်း အမည်မသိသော စိတ်လေးဖွယ် ခံစားချက်တစ်ရပ်ကို ရသည်။ အကယ်၍ အထဲသို့ ဝင်သွားပြီးကာမှ အဆင်မြင့်သားရဲ တစ်ကောင်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက သေလမ်းသာရှိသည်။ သို့သော် အမွေးပွလေးက ဤတောင်ကြားလမ်းထဲသို့ ဝင်သွားသည်မှာ သေချာပါ၏။ အတန်ကြာ တုံ့ဆိုင်းနေမိပြီးမှ ယဲ့ချန် ဆုံးဖြတ်လိုက်ကာ လျင်မြန်သောအရှိန်နှုန်းဖြင့် တောင်ကြားလမ်းအတွင်း ပြေးဝင်သွားတော့သည်။
ဆယ်မိနစ်ခန့် ပြေးလွှားခဲ့ပြီးနောက် မျက်စိရှေ့ရှိ မြင်ကွင်းမှာ တောင်ကြားလမ်း အဝင်ဝတွင် မြင်တွေ့ခဲ့ရသည်နှင့် မတူကွဲပြားစွာ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ မြင့်မားသော တောင်နံရံများ ခြံရံထားသော အလယ်တွင် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ကျယ်ကြီးက မြင်ကွင်းတဆုံး ရှိနေပါ၏။ မြင့်မြင့်မားမား တောင်ကမ်းပါးများနှင့် စိမ်းစိမ်းစိုစို မြက်ခင်းပြင်၊ ထိုသဘာဝမြင်ကွင်းကား အကြည့်မလွှဲချင်စရာ ကောင်းလောက်အောင် မျက်စိပဒဿရှိလှသည်။
“တောင်ကြားလမ်းအဆုံးမှာ ဒီလိုမြင်ကွင်းမျိုး ရှိနေတာက တကယ်ကို ငါစိတ်ကူးထားတာထက် ကျော်လွန်နေတာပဲ”
ယဲ့ချန် မထိန်းနိုင်စွာ ရေရွတ်မိသည်။ ကောင်းကင်သို့ မော့ကြည့်လျှင် မိုးပြာရောင်တိမ်တိုက်များကို မြင်ရပြီး ခြေထောက်အောက်၌ ရှိနေသည်က စိမ်းစိုသည့် မြက်ခင်းပြင်ကျယ်။ အနုပညာဗီဇပါသူ ဆိုလျှင် ကဗျာတစ်ပုဒ်ပင် လက်တန်း စပ်နိုင်လောက်သည်။
ယဲ့ချန်သည် ငေးမောကာ ရှေ့သို့ဆက်လျှောက်လာရင်း တစ်နေရာအရောက် တစ်စုံတစ်ရာအား ခြေထောက်နှင့် တိုက်မိကာ ရပ်တန့်သွားရသည်။ အမှတ်တမဲ့ အောက်သို့ငုံ့ကြည့်မိသော် သူ နေရာတွင်ပင် တောင့်ခဲသွားပါ၏။
အလောင်းများ..။
တိတိကျကျပြောရသော် အမွေးပွလေးနှင့် မျိုးနွယ်တူ မှော်သားရဲအလောင်းများ။ အနည်းငယ်တောင်မဟုတ် အစုလိုက်အပြုံလိုက် သေနေကြခြင်း။ အစောပိုင်းက ယဲ့ချန်သည် သဘာဝရှုခင်းတွင် မိန်းမောနေသည်က တစ်ကြောင်း၊ မှော်သားရဲအလောင်းများသည် အတန်ငယ်ရှည်သော မြက်ပင်တို့နှင့် ကွယ်နေသည်က တစ်ကြောင်းကြောင့် ချက်ချင်း သတိမထားမိခဲ့တာ ဖြစ်သည်။ ထိုမှော်သားရဲအလောင်းများတွင် တချို့က အမြီဒတစ်ချောင်းရှိပြီး တချို့ကတော့ အမြီးနှစ်ချောင်း ရှိကြသည်။ အမွေးပွလေးကဲ့သို့ အမြီးသုံးချောင်းရှိသော အကောင်ရယ်လို့တော့ မတွေ့ရပေ။
‘အမွေးပွလေးက ဒီနေရာကနေ လာခဲ့တာလား တကယ်ဆိုရင် သူ့မျိုးနွယ်မှာ ဘာတွေ ဖြစ်ပျက်သွားတာလဲ’
မရေမတွက်နိုင်သော မေးခွန်းများစွာက ယဲ့ချန်ခေါင်းထဲသို့ ဝင်ရောက်လာကြသည်။
ဤချိုင့်ဝှမ်းနေရာသည် ကျင့်ကြံရန် နေရာကောင်း တစ်ခုဖြစ်သည် ဆိုတာကိုတော့ ယဲ့ချန် သတိပြုမိသည်။ တောင်နံရံကမ်းပါးများ ကာရံပေးထားသော မြက်ခင်းပြင်ကျယ်ကြီးရှိရာ ချိုင့်ဝှမ်းတွင် ထျန်းချီပမာဏများစွာ သိပ်သည်းနေသည်။ ထိုထျန်းချီများ၏ အရင်းအမြစ်က မည်သည့်နေရာမှ လာသည်ကိုတော့ သူလည်း မသိပေ။ သို့သော် သူ့တွင် အသိစိတ်ထဲရှိဓားထံမှ မဆုံးနိုင်သည့် ထျန်းချီအရင်းအမြစ်ကြီး ရှိနေလေရာ ဤနေရာမှ ထျန်းချီအရင်းအမြစ်က မည်သည့်အဖိုးတန်ပစ္စည်း ဖြစ်နေပါစေ သူ့အတွက် အသုံးမလိုပါ။
ထို့ကြောင့် ယဲ့ချန်သည် မှော်သားရဲအလောင်းများကို ဂရုတစိုက် ဖြတ်ကျော်လျက် အမွေးပွလေးအား မတွေ့ခင်အထိ ဆက်လျှောက်လာခဲ့သည်။ အမွေးပွလေးသည် ကြီးမားသော သွေးကွက်ကြီး တစ်ကွက်ရှေ့တွင် အလွန်ပူဆွေးသောက ရောက်နေဟန်နှင့် မျက်ရည်များဝဲလျက် ရပ်နေလေသည်။ ထိုသွေးကွက်သည် အမွေးပွလေးချစ်ခင်ရသော ဆွေမျိုးသားချင်း တစ်ယောက်ယောက်၏ သွေးကွက်လေလားဟု ယဲ့ချန် တွေးမိသည်။ သူ့အနေနှင့် တတ်နိုင်သောအရာလည်း မရှိသည်မို့ အမွေးပွလေးဘေးတွင် ထိုင်ချကာ နှစ်သိမ့်ပေးမိ၏။
“ဝမ်းမနည်းပါနဲ့ ... ငါရှိတယ်”
အသံကြောင့် အမွေးပွလေးက လှည့်ကြည့်လာပြီး ယဲ့ချန်အားမြင်သော် သည်နေရာအထိ လိုက်လာခြင်းကို အံ့ဩသွားပုံပေါ်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို အမွေးပွလေး၏ နားရွက်များမှာ အန္တရာယ် တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား ထောင်မတ်သွားသည်။
ယဲ့ချန်လည်း သတိအနေအထား ဖြစ်သွားပါ၏။
အမွေးပွလေးသည် တစုံတရာကို ထိတ်လန့်နေဟန်ရကာ နေရာမှ ချက်ချင်း ထွက်သွားရန်ပြင်သည်။ ယဲ့ချန်အား အပါခေါ်ရန်လည်း မမေ့ပေ။
မရင်းနှီးသော ပတ်ဝန်းကျင် ဖြစ်သောကြောင့် ယဲ့ချန်က တုံ့ဆိုင်းမနေဘဲ အမွေးပွလေး လမ်းပြရာသို့ လိုက်လာခဲ့သည်။ မိနစ်အတန်ကြာ လျှောက်လာခဲ့ပြီးနောက် အမွေးပွလေးသည် ရပ်တန့်လိုက်ကာ လေထုထဲ၌ တစုံတရာအား တရှုံ့ရှုံ့နှင့် အနံ့ခံနေသည်။ ထို့နောက် မပြောမဆိုနှင့် စိုစွတ်နေသော မြက်ခင်းပြင်တစ်တနေရာအား လက်သည်းလေးများဖြင့် စတင် တူးဖော်တော့သည်။
“ဘာတွေရှာနေတာလဲ အမွေးပွလေး”
ယဲ့ချန်က မေးလိုက်ရင်း တစ်တဆက်တည်း ထိုင်ချလိုက်ကာ အမွေးပွလေး တူးဖော်နေသည့်နေရာအား ကူညီတူးဖော်ပေးသည်။ ထိုနေရာရှိ မြက်ပင်များသည် အခြားမြက်ပင်များနှင့် မတူညီဘဲ အနည်းငယ် ဖောင်းပွနေသယောင် ခံစားရသည်။ အောက်ဘက်၌ တစ်စုံတစ်ခုအား မြုပ်နှံထားခြင်း ဖြစ်နိုင်သည်။
ဆက်လက်၍ တူးလိုက်သည်တွင် မကြာခင်၌ ယဲ့ချန်၏လက်သည် မြေကြီးအောက်ရှိ မာကျောသော တစ်စုံတစ်ရာအား ထိမိသွားသည်။ အံ့ဩခြင်းတဝက်၊ သိလိုစိတ်တဝက်နှင့် မြန်မြန်လေး တူးလိုက်ကာ ထိုမာကျောသည့်အရာအား ဆွဲထုတ်လိုက်ရာ ခပ်လတ်လတ် သစ်သားသေတ္တာတလုံး ဖြစ်နေ၏။ ကြည့်ရသလောက် လင်ရှန့်သစ်သားနှင့် ပြုလုပ်ထားဟန်ရသည်။ မြေကြီးအောက်တွင် အချိန်အတော်ကြာ ရှိနေခဲ့ပုံ ပေါ်သည့်တိုင် သေတ္တာမှာ အနည်းငယ်မျှ ပျက်စီးခြင်း မရှိပါချေ။
“ဒီသေတ္တာက အမွေးပွလေးတို့ မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှု ဖြစ်ဖို့များတယ် ငါဖွင့်ကြည့်ဖို့ သင့်တော်ပါ့မလား မသိဘူး”
ယဲ့ချန်သည် ဘာသာရေရွတ်မိရင်း အမွေးပွလေးထံ လှမ်းကြည့်လိုက်သော် ၎င်းက ခွင့်ပြုသည့်သဘော ခေါင်းညိတ်ပြလာသည်။
သို့နှင့် သူလည်း သေတ္တာအား ဖွင့်လိုက်သော် လတ်ဆတ်သည့် မွှေးရနံ့တစ်ခု ဖြာထွက်လာသည်။ အတွင်းဘက်၌မူ ပန်းထိုးထားသော ပိုးသားအိတ် တစ်အိတ်နှင့်အတူ ရှေးဟောင်းစာအုပ်သုံးအုပ် ရှိနေသည်။ ပိုးသားအိတ်အား ဦးစွာ ဖွင့်ကြည့်မိသည်တွင် ယဲ့ချန် အကြီးအကျယ် အံ့အားသင့်သွားရသည်။ ထိုပိုးသားအိတ်မှာ တကယ်တမ်းတွင် ‘ကောင်းကင်ပထဝီအိတ်’ ဖြစ်နေခဲ့သည်။
‘ကောင်းကင်ပထဝီအိတ်’ ဆိုသည်မှာ တစ်နည်းအားဖြင့် သိုလှောင်အိတ်များကို ခေါ်ခြင်းဖြစ်ပြီး အိတ်သေးသေးလေးထဲတွင် မရေမတွက်နိုင်သော ပစ္စည်းမျိုးစုံအား ထည့်သွင်းနိုင်သော နေရာလွတ် မှော်ရတနာဆိုလည်း မမှားပေ။ သာမန် ‘ကောင်းကင်ပထဝီအိတ်’ တလုံးကိုပင် ချီစုဆောင်းဆေးလုံး ထောင်နှင့်ချီ၍ ပေးဝယ်ရပြီး ဤကဲ့သို့ ပန်းထိုးထားသည့် အဆင့်မြင့် ‘ကောင်းကင်ပထဝီအိတ်’ ဆိုပါက ဈေးကွက်ထဲတွင်တောင် ရှာမရလောက်ပေ။
အိတ်အတွင်းမှ ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်မိသောအခါ ယဲ့ချန်၏ အံ့ဩမှုမှာ တစ်ဆင့် ထပ်မြင့်သွားရသည်။ အိတ်ထဲ၌ ချီအဆီအနှစ်ဆေးလုံး ၅၃လုံးတိတိ ရှိနေပါ၏။ ထိုဆေးလုံးများအပြင် အမျိုးအမည်မသိသော နီညိုရောင် ဆေးလုံး၂လုံးလည်း ရှိနေသေးသည်။ ဆေး၂လုံး၏ အရွယ်အစားမှာ ချီအဆီအနှစ်ဆေးလုံးထက် သုံးဆခန့် ပို၍ကြီးပေသည်။
ယဲ့ချန် အသက်ပြင်းပြင်း ရှုမိသည်။ ချီအဆီအနှစ်ဆေးလုံး တစ်လုံးကပင် တန်ဖိုးကြီးလှပြီဖြစ်ရာ အလုံး၅၀ကျော်ဆိုပါက ဆိုဖွယ်မရှိတော့။ နီညိုရောင်ဆေး၂လုံးအား ဘာဆေးရယ်လို့ မခွဲခြားနိုင်သေးသော်ငြား သာမန်ညောင်ည ဆေးမျိုး မဟုတ်တာတော့ သေချာသည်။ ထိုကြွယ်ဝမှုက ယဲ့မိသားစု၏ ဆယ်နှစ်စာဝင်ငွေနှင့် ညီမျှသည်။
ထို့နောက်တွင် ယဲ့ချန်သည် အာရုံအား ရှေးဟောင်းစာအုပ်သုံးအုပ်ထံ လွှဲပြောင်းလိုက်သည်။ စာအုပ်တစ်အုပ်ချင်းစီအား လှန်လှောကြည့်မိသော် ပထမတအုပ်ကား ‘မဟာအဂ္ဂိရတ်ပညာ’၊ ဒုတိယတအုပ်ကား ‘မှော်သားရဲကျင့်စဉ် ကောင်းကင်လမ်းညွှန်’၊ တတိယတစ်အုပ်ကား ‘စကြဝဠာလက်ဝါး’ ဟူ၍ အသီးသီး ခေါင်းစဉ်ရေးထိုးထားသည်။ တတိယတအုပ်သည် သိုင်းပညာပေါင်း ချုပ်ကျမ်း ဖြစ်ပြီး စုစုပေါင်း သိုင်းပညာရပ် ခြောက်မျိုးပါဝင်သည်။ သုံးအုပ်လုံးအား အကြမ်းဖျင်း လှန်လှောဖတ်ရှုပြီးနောက် စာအုပ်များ၏ တန်ဖိုးအား ယဲ့ချန် တွက်ဆမိသွားသည်။ ထိုစာအုပ် တစ်အုပ်ချင်းစီကပင် အလွန်တန်ဖိုးရှိလှပြီ ဖြစ်ရာ သုံးအုပ်ပေါင်းလိုက်ပါက မျိုးနွယ်စုတစု တည်ထောင်ဖို့ပင် လုံလောက်နိုင်သည်။
“ယဲ့မိသားစုရဲတိုက်ကို ပြန်ရအောင်”
ယဲ့ချန်က မတ်တတ်ရပ်လိုက်ပြီး အမွေးပွလေးဘက်သို့လှည့်ကာ ပြောသည်။ အမွေးပွလေးက မငြင်းပေ။
နှစ်ဦးသား ပြန်လည်ထွက်ခွာ ကြတော့မည့် အချိန်တွင်ပဲ တောင်ကြားလမ်းအပြင်ဘက်မှ ထွက်ပေါ်လာသော ဆွဲဆွဲငင်ငင် အူသံများအား ကြားလိုက်ရသည်။ ထိုအူသံများကြောင့် အမွေးပွလေး၏တကိုယ်လုံး တုန်ယင်သွားသည်။ ယဲ့ချန်လည်း တောင်ကြားလမ်းဘက်သို့ လှမ်းကြည့်မိသည်။ မည်သို့သော သားရဲမျိုးက အမွေးပွလေးအား ဤမျှအထိ ကြောက်ရွံ့စေသည် မသိပေ။ ယဲ့ချန်သည် ဝိညာဉ်အသိအမြင်အား ဖြန့်ကြက်လိုက်သည်တွင် တောင်ကြားလမ်းဆီသို့ ဝင်လာနေသော ဧရာမ နတ်ဆိုးဝံပုလွေ သုံးကောင်ကို မြင်လိုက်ရသည်။ တစ်ကောင်ချင်းစီက နှစ်ပေခန့်မြင့်၍ လုံးပတ်လည်းကြီးသည်။
“နတ်ဆိုးဝံပုလွေ သုံးကောင်တောင် အမွေးပွလေး ... မြန်မြန် ငါ့ပခုံးပေါ်ကိုတက်လိုက်”
ယဲ့ချန် ထိတ်ထိတ်ပျာပျာနှင့် အမွေးပွလေးအား အော်ပြောလိုက်သည်။ ဤတစ်ကြိမ်က သူ့အတွက် အဆင့်၇ နတ်ဆိုးဝံပုလွေများနှင့် ပထမဆုံး ရင်ဆိုင်ဖူးခြင်းဖြစ်ရာ ပေါ့ဆလို့မရပေ။ အမွေးပွလေးသည် နာခံစွာနှင့် ယဲ့ချန် ပခုံးပေါ်သို့ အလျင်အမြန် ခုန်တက်လာသည်။
ယဲ့ချန်သည် ခန္ဓာကိုယ်ထဲရှိ ထျန်းချီများအား လှည့်ပတ်ကာ တောင်ကြားလမ်းဘက်သို့ တဟုန်ထိုး ပြေးသွားလိုက်သည်။ အချိန်ကိုက်ဆိုသလို နတ်ဆိုးဝံပုလွေ သုံးကောင်သည် ၎င်းတို့၏ ပစ်မှတ်အား ရှာတွေ့သွားသည့်အလား ခပ်လှမ်းလှမ်းမှ ပြေးလာနေသော ယဲ့ချန်တို့ထံ ကြည့်လာသည်။ ချောက်ချားဖွယ် ဝံပုလွေမျက်လုံးပြာ သုံးစုံသည် ညအမှောင်ထုထဲ၌ သေခြင်း၏ တမန်တော် အလား တလက်လက် တောက်ပနေကြသည်။
***