ခက်ခဲလှသော ပထမအဆင့်
Vol. 9 Ch. 121
ဖုန်းကျန့်ချိုး ထွက်သွားပြီး နောက်တွင် လူလတ်အမျိုးသမီး တစ်ဦးက စင်မြင့်ပေါ် တက်လာကာ လေးဖက်လေးတန်ကို ဦးညွှတ် ဂါရဝပြုလိုက်ပြီး ပြောလိုက်သည် “ကျွန်မက ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံးဘုံ စေတီက မင်နင်ပါ ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို ကြီးမှူးပေးမဲ့သူပါ။ စောစောက ဂိုဏ်းချုပ်ဖုန်း ပြောခဲ့သလိုပဲ ကျွန်မတို့ အင်ပါယာ ငါးခုထဲမှာ ကောင်းကင်အဆင့် တက်လှမ်းနိုင်တဲ့ သူက အလွန်နည်းလွန်း နေပါတယ်။ ကမ္ဘာပျက်ရင်တောင် လွတ်လမ်းတော့ ရှိသေးတယ် ဆိုတဲ့အတိုင်း ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ်က ကျွန်မတို့ အင်ပါယာ ငါးခုက လူတွေအတွက် ထွက်ပေါက်တစ်ခုပါ ပြီးတော့ ဝင်နိုင်မဲ့ အခွင့်အရေးကိုလည်း ဒီပြိုင်ပွဲကနေ တစ်ဆင့် ဆုံးဖြတ်ပါမယ်...
ဒီပြိုင်ပွဲအတွင်းမှာ ဒိုင်အနေနဲ့ ကျွန်မ အပါအဝင် စုစုပေါင်း အဆင့်ခြောက် ဆေးလုံးဆရာ ငါးယောက် ရှိပါ့မယ် ရလဒ်ကောင်းတွေ ရသရွေ့ နေရာကောင်းကောင်း ရနိုင်မယ်လို့ ယုံကြည်ပါတယ်..
ပထမအဆင့်က ရှုံးထွက်ပွဲစဉ် ဖြစ်ပြီးတော့ ပါဝင်သူ အားလုံးက ကိုယ့်ရဲ့ ဆေးပြင်းမီးဖိုဆီ ရောက်ဖို့ ကျောက်စိမ်းပြားကို အသုံးပြုပေးကြပါ...”
“ဝူကျီ မင်းနိုင်နိုင် ရှုံးရှုံး ကိစ္စမရှိဘူး။ စိတ်အေးအေးထား အရမ်းမစိုးရိမ်နဲ့ ငါတို့ နောက်ပြိုင်ပွဲကျ လာလို့ရသေးတယ်။ အရင်တခါက ငါတို့ အဆင့် ၉၇ ပဲ ရောက်ခဲ့တာ။ အဲဒါကြောင့် ဒီတစ်ကြိမ် မရလည်း အရမ်းကွာမှာ မဟုတ်ဘူး.... ” ကျန်းရှောက်ခယ်က မိုဝူကျီကို အားပေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ် ပြလိုက်ပြီးတော့ “ကျန်းသခင်လေး စိတ်အေးအေးနေပါ။ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ...”
ကျန်းရှောက်ခယ်က နောင်မှ လာလို့ ရသေးပေမဲ့ သူ့အတွက်တော့ မဟုတ်ပေ။ တစ်ဖက်တွင် အရင်ပြိုင်ပွဲမှာ လမင်းကိုးစင်း ဆေးလုံး အိမ်တော်က အဆင့် ၉၇ ရခဲ့ခြင်းက မိုဝူကျီကို သိပ်မအံ့ဩစေပေ။ အင်ပါယာငါးခုထဲမှ အင်အားကြီး ဂိုဏ်းများက မည်မျှပင် ရှိနေသနည်း။ အမှန်တွင် လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ထိုသို့ အရေးမပါလှပေ။ ထိပ်တန်း တစ်ရာအတွင်း ဝင်နိုင်သည်ကပင် ရလဒ်ကောင်း ဖြစ်နေလေပြီ။
လမင်းကိုးစင်း ဆေးလုံး အိမ်တော်၏ ကျောက်စိမ်းပြားကို ကိုင်ထားလိုက်ပြီး အနီးနားက ဆေးပြင်း မီးဖိုဆီ ရောက်သွားသည်။ ဆေးပြင်းမီးမိုကြား အကွာအဝေးက ကြီးမားသော်လည်း ဘေးနားရှိ ဆေးပြင်း မီးဖိုများက အနည်းငယ် ကျပ်သိပ် နေလေ၏။
ပါဝင်သူ အားလုံး နေရာယူပြီးသည့် နောက်တွင် ဆေးလုံး သခင်မင်နင်က ကျယ်လောင်စွာ ကြေညာလိုက်တော့သည် “ပါဝင်သူ အရေအတွက်က တော်တော် များနေတာကြောင့်ရယ် စွမ်းဆောင်ရည် ကောင်းကောင်း ရှိဖို့ရယ် ကျွန်မတို့ ပထမအဆင့်က သန့်စင်ခြင်း ဖြစ်လိမ့်မယ် အမှတ်တစ်ရာပေါ် မူတည်ပြီးတော့ ဦးဆုံး ၃၀၀ ကို ရွေးချယ်မယ်...”
သန်စင်ခြင်း အကြောင်းကြားပြီး မိုဝူကျီက စိတ်ထဲတွင် ပျော်ရွှင် နေလေသည်။ ထိုသည်က သူစိုးရိမ်စရာ လိုသော ခေါင်းစဉ် မဟုတ်ပေ။ အဆင့်လေး ဆေးပင်များကို သန့်စင်ရလျှင်ပင် အဆင့်လေး ဆေးလုံးဆရာများထက် နိမ့်ကျမည် မဟုတ်ကြောင်း ကိုယ့်ဘာသာ ယုံကြည်ချက် ရှိ၏။
“အားလုံး သန့်စင်ရမဲ့ ပါဝင်ပစ္စည်းက အဆင့်လေး သံမဏိအမြုတေ ဗောဓိအသီးပဲ အားလုံးကို အသီးတစ်လုံးနဲ့ အနီရောင် မီးကျောက် တစ်ခုစီ ပေးထားတယ် ဆေးပြင်းမီးဖိုထဲ ရှာကြည့်လိုက်ကြပါ။ နေရာယူပြီးပြီ ဆိုတော့ ကျောက်စိမ်းပြားကို မီးဖိုဘေးထဲ ထားပြီး ဖွင့်လို့ ရပါတယ် အခုချိန်ကစပြီးတော့ ဆေးလုံးပြိုင်ပွဲ စတင်ပါပြီ...”
ဆေးလုံးသခင် မင်နင်က ပြိုင်ပွဲ စတင်ကြောင်း ကြေညာ သည်ကို ကြားကာ ဆေးဆရာ အားလုံးနီးပါးက ချက်ချင်းပင် ကျောက်စိမ်းပြားကို မီးဖိုဘေးနား ထားကာ သံမဏိ အမြုတေ ဗောဓိအသီးနဲ့ မီးကျောက်ကို ယူလိုက်ကြသည်။
သို့သော်လည်း မိုဝူကျီက ငူတူတူ ရပ်နေကာ သူ့ပစ္စည်းများကို ချက်ချင်း ထုတ်မယူချေ။ သန့်စင်ခြင်း အကြောင်း ကြားစဉ်က သူ့၏ ဦးဆုံး ပျော်ရွင်မှုလေးသည် ကွယ်ပျောက် သွားလေပြီ။
သံမဏိ အမြုတေ ဗောဓိအသီးကား သန့်စင်ရန် ခက်ခဲလှသည့် အဆင့်လေး ဆေးပင်ထဲမှ တစ်မျိုး ဖြစ်သည်။ ထိုအသီးတွင် မာကျောသော သွင်ပြင် ရှိသည့်အတွက် မြေကမ္ဘာ အဆင့်မီးနှင့်ပင် သူ့အဆီအနှစ်များကို ထုတ်ယူရန် ခက်ခဲလိမ့်မည်။
အနီရောင်မီးကျောက်နဲ့ဆို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....
ဤအဆင့်က သူ့အတွက် အခက်ခဲဆုံးဟုပင် ဆိုလို့ရလေပြီ။ သူ့ကျင့်ကြံဆင့်က ဤနေရာရှိ ဆေးလုံး ဆရာများကြားတွင် အနိမ့်ဆုံး ဖြစ်လိမ့်မည်။
ထိုမာကျောသော ဝိညာဉ် အသီးကို သန့်စင်ရာတွင် ကျင့်ကြံဆင့်သာ မြင့်လျှင် အလွယ်တကူ ဖြစ်သွားလိမ့်မည်။ အဆင့်နိမ့် မီးကျောက်ကိုပင် သဘာဝစွမ်းအင်နှင့် လက်ဟန် ပညာရပ်များကို အသုံးပြုကာ ပြုလုပ် နိုင်သေးသည်။ မီးကျောက်က အဆင့်နိမ့်လေလေ သဘာဝစွမ်းအင်များ ပို၍ လိုအပ်လေလေ ဖြစ်သည်။ ယခုတွင် သူက အဆင့်နိမ့်ဆုံး အနီရောင် မီးကျောက်ကို အသုံးပြုရမည်။ သူ ဘာများ လုပ်နိုင်မှာလဲ.....
ကျန်းရှောက်ခယ် အကြည့်က မိုဝူကျီပေါ် ရောက်သွားလေ၏။ တခြားသူများက စတင် လုပ်ဆောင်နေကြစဉ် မိုဝူကျီက မလှုပ်မရှား မတ်တတ် ရပ်နေသောကြောင့် စိတ်ထဲတွင် သက်ပြင်း ချရုံမှအပ မတတ်နိုင်ချေ။ လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေး တစ်ယောက်အနေနှင့် မိုဝူကျီ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာများကို မည်သို့ မသိဘဲ နေမည်နည်း။ ဖြစ်ရိုးဖြစ်စဉ်တွေကို တွက်ချက်ပြီးသော်လည်း ပြိုင်ပွဲ၏ ပထမဆုံးအဆင့်က ကျင့်ကြံဆင့် အသားပေးမည်မှန်း ထင်မထားခဲ့ပေ။
ဆေးလုံး ဆရာ ထောင်ချီ အရေအတွက်ထဲမှ ထိပ်တန်း ၃၀၀ထဲ ပါလာဖို့ဆိုတာ ဆိုမထားနှင့်။ မိုဝူကျီ၏ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ဖြင့် သံမဏိ အမြုတေ ဗောဓိအသီးကို သန့်စင်ခြင်းက ရိုးရှင်းသော အရာမဟုတ်ပေ။
သူ မိုဝူကျီကို ရွေးချယ်လိုက်သည့် အကြောင်းရင်းမှာ မိုဝူကျီ ဆေးလုံးများက ထိပ်တန်းအဆင့် ဖြစ်ပုံ ပေါ်သောကြောင့် ဖြစ်သည်။ အရင်ပြိုင်ပွဲများမှ အတွေ့အကြုံများ အရ နောက်ဆုံးအဆင့်မှာ ဆေးလုံး ဖော်စပ်ခြင်း ဖြစ်လိမ့်မည်။ အလွန် သာလွန်နေသော အဆင့်သုံး ဆေးလုံးဖြင့် ထိပ်တန်း ၁၀၀ထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးချေ။
အရင်ပြိုင်ပွဲတွင် အဆင့်သုံး ဆေးလုံးဆရာ တစ်ယောက်က အဆင့်လေး ဆေးလုံးဆရာထက် ပိုသာအောင် ပြုလုပ်နိုင်ခဲ့သည်။ အကြောင်းမှာ သူ့ဆေးလုံး၏ အဆင့် အရည်အသွေးဖြင့် ဖြစ်၏။
သို့သော် လက်ရှိ အကျပ်အတည်းကို ကြည့်ရလျှင် မိုဝူကျီသည် အစောစီး ပထမ အဆင့်တွင်ပင် ပြုတ်နိုင်ကိန်း ရှိသည်။
တစ်မိနစ်လောက် စိတ်လွတ်နေပြီးသည့် နောက်တွင် မိုဝူကျီက မီးဖိုဘေးတွင် ကျောက်စိမ်းပြား ချထားလိုက်ပြီး ဖွင့်လိုက်တော့သည်။ ခက်ခဲသော်လည်း ပထမအဆင့်တွင် မပြုတ်နိုင်သေးပေ။
ဆေးပြင်းမီးဖိုကို ဖွင့်လိုက်ပြီးနောက်တွင် သူက အနီရောင် မီးကျောက်နှင့် လက်သီးအရွယ် အမည်းရောင် အသီးကို တွေ့လိုက်ရ၏။ ထိုအရာများမှ လွဲ၍ ကျောက်စိမ်း ပုလင်းလေးသာ ကျန်လေ၏။ ကျောက်စိမ်း ပုလင်းတွင် သူကျောက်စိမ်းပြားမှ နံပါတ်အတိုင်း ပါရှိသည်။ ထိုနံပါတ်သည် မီးဖိုထဲ ထည့်လိုက်မှ ပေါ်လာခြင်း ဖြစ်၏။
မိုဝူကျီက ကျောက်စိမ်း ပုလင်းကို ဘေးချထားလိုက်ပြီးတော့ အနီရောင် မီးကျောက်ကို ညှိလိုက်သည်။ သူက စတင်ပြီးမှတော့ တွေဝေပြီး နှောင့်နှေးနေရန် အချိန်မရှိတော့ပေ။
မီးဖိုအောက်ရှိ မီးက တဖြည်းဖြည်း မြင့်တက် လာသောအခါ မိုဝူကျီက မီးဖို အပြင်ဘက်ကို ဆက်တိုက် ရိုက်လိုက်သည်။ အရိုးရှင်းဆုံး လက်ဟန် ပညာရပ်ဖြင့် သူက မီးဖိုကို သန့်ရှင်းလိုက်ခြင်း ဖြစ်သည်။
ပြတ်ပြတ်သားသားဖြင့် မိုဝူကျီက သံမဏိ အမြုတေ ဗောဓိကို မီးဖိုထဲ ထည့်လိုက်တော့သည်။ မိုဝူကျီက အောက်က မီးကို ဆက်တိုက် မြင့်ပေးနေသော်လည်း သံမဏိအမြုတေ ဗောဓိက ဖြည်းဖြည်းချင်းသာ အရည်ပျော်ကျနေ၏။
ဆယ်မိနစ် အထက်တွင် သံမဏိ အမြုတေ ဗောဓိက တစ်ဝက်လောက် ပျော်ကျသွားလေပြီ။ ထိုအခိုက်အတန့်တွင် မိုဝူကျီက သံမဏိ အမြုတေ ဗောဓိ၏ အဆီအနှစ် ရနံ့သင်းသင်းလေးကို ရလိုက်သည်။
ထိုရနံ့က သူ့မီးဖိုမှ မဟုတ်ကြောင်းနှင့် တခြားသူများ၏ မီးဖိုမှ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ ထိုသို့ဆိုလျှင် တခြားလူများက ဆေးအဆီအနှစ် သန့်စင်မှု ပြီးဆုံးသွားသည် ဖြစ်ကာ သူ့အသီးက ယခုမှ အရည် ပျော်ပြီးခါစ ဖြစ်၏။
ထိုသို့ ဆက်သွားနေ၍ မဖြစ်သေးပေ။ မိုဝူကျီက အသက်ပြင်းပြင်း ရှူထုတ် လိုက်တော့သည်။ တခြားသူများက ဤတစ်ကြိမ် ရှုံးရန် တတ်နိုင်သော်လည်း သူ့အတွက်တော့ မဟုတ်ပေ။
မိုဝူကျီက သူ့လက်ကို ဂရုတစိုက်ဖြင့် မီးဖိုထဲ ထည့်ကာ ချက်ချင်းပင် လက်ဟန် ပညာရပ်ကို အသုံးပြု လိုက်သည်။ လက်တွေ့တွင် သူက ဆေးလုံး ပညာရပ်ကို လက်ဟန် ပညာရပ်တွင် ဝှက်ထားပြီး ထိုဆေးလုံး ပညာရပ်ဖြင့် စတင် သန့်စင်လိုက်သည်။
မိုဝူကျီ၏ မူလ အကြံစည်တွင် သူက ဆေးလုံး ပညာရပ်ကို စစချင်း အသုံးပြုရန် ရည်ရွယ် မထားပေ။ ထိုပညာရပ်ကို ဆေးအဆီအနှစ်များ ပေါင်းစပ်ခြင်း သို့မဟုတ် ဆေးလုံး ဖြစ်တည်ခြင်း အဆင့်မှ သုံးရန် ကြံရွယ် ထားလေ၏။ သန့်စင်ခြင်း အတွက် ထိုပညာရပ် မပါဘဲနှင့် ရိုးရိုးရှင်းရှင်း လုပ်ဆောင်လို့ ရလေသည်။
သို့သော်လည်း ပြိုင်ပွဲ စတင်သည်နှင့် သူ၏ အစွမ်းထက်ဆုံး ပညာရပ်ကို ထုတ်သုံးရန်မှ အပ ရွေးချယ်မှု မရှိပေ။ ထိုအရာက သူ့အား စိတ်အားငယ်စေကာ မည်သူကများ သူ့ကျင့်ကြံဆင့် အရမ်းနိမ့်နေဖို့ တောင်းဆိုလို့လဲ.... ဆေးလုံးဆရာ တစ်ထောင်တွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တွင် ရှိနေသည်က သူတစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။
ဆေးလုံး ပညာရပ်များက သံမဏိ အမြုတေ ဗောဓိ အသီးပေါ် ကျရောက်သည်နှင့် အရည်ပျော်နှုန်းကား မြန်ဆန် လာလေသည်။ သို့သော်လည်း အရမ်းအမြန်ကြီးတော့ မဟုတ်သေးချေ။ ထို့အပြင် မီးကျောက်တုံးကား အဆင့်နိမ့် အနီရောင် မီးကျောက်သာ ဖြစ်၏။
မကောင်းတော့ဘူး ... ထိုအရာက သံမဏိ အမြုတေ ဗောဓိအသီးမှ အဆီအနှစ်များ ထုတ်ယူ နိုင်သော်လည်း သူ့အား ထိပ်ဆုံး ၃၀၀ ထဲ ပါအောင် လုပ်နိုင်မည် မဟုတ်ပေ။ မိုဝူကျီက တွေးမိသောကြောင့် အံ့ကို ကြိတ်ကာ သံမဏိ အမြုတေ ဗောဓိအသီးကို လက်ဖြင့် တိုက်ရိုက် လှုံ့ဆော်ဖို့ ကြိုးစားလိုက်သည်။
အပြင်ပန်းအားဖြင့် သူက မွှေနေသည်နှင့် တူသော်လည်း တကယ်တမ်းတွင် တိုက်ရိုက် ထိတွေ့ပြီး သူ့ဆေးလုံး ပညာရပ် အကျိုး အာနိသင်ကို တိုးပွားအောင် လုပ်နေခြင်းသာ ဖြစ်၏။ သူ့တွင် တခြား ရွေးချယ်စရာ မရှိတော့ပေ။ သူ့ကျင့်ကြံဆင့် နိမ့်နေဖို့ ဘယ်သူကများ တောင်းဆိုလို့လဲ ... ထို့အပြင် သူ့စိတ်ဝိညာဉ် ဆန္ဒသည် ထိုမျှအချိန် အကြာကြီး ထိန်းချုပ်ထားဖို့ရာ အားမကောင်းသေးပေ။
ကံကောင်းလှစွာ ဤတစ်ကြိမ်က ဆေးပင်များကို သန့်စင်ရန်သာ ဖြစ်၏။ အကယ်၍ ဆေးအဆီအနှစ်များကို ပေါင်းစပ်ခြင်းသာ ပါဝင်ခဲ့လျှင် တခြားလူများ ကျော်တက် သွားသည်ကို ငေးကြည့် နေရလိမ့်မည်။
မီးကျောက်ကို ကိုင်ထားသကဲ့သို့ ခံစားနေရကာ မိုဝူကျီ၏ အရည်ပြားကား ချက်ချင်းပင် မည်းတူး လာလေ၏။ မိုဝူကျီက ထိုအရာသည် လျှပ်စီးဆိုလျှင် ဂရုစိုက်မည် မဟုတ်သော်လည်း ယခုအခါ အားပြင်းလှသော အပူက သူ့အား လောင်မြိုက်နေလေ၏။ သို့သော်လည်း မိုဝူကျီက လက်ကို မလွတ်ရဲသေးပေ။ အကယ်၍ သူသာ လွတ်လိုက်ပါက ဒုတိယ အခွင့်အရေး ရလာတော့မည် မဟုတ်ပေ။
သံမဏိ အမြုတေ ဗောဓိ အရည် မြန်မြန် ပျော်လာသည်ကို မြင်၍ ရှီဂျွန်အပေါ်တွင် ရှိခဲ့ဖူးသော လှောင်ပြောင်မှုကို အမှတ်ရမိ သွားသည်။ အရင်တုန်းက သူသည် ရှီဂျွန်၏ ဆေးလုံး ဖော်စပ်ခြင်းကို ဟင်းသီးဟင်းရွက်များ ကြော်လှော်နေသည်နှင့် တူသည်ဟု လှောင်ပြောင်ခဲ့ဖူး၏။ သို့သော် ယခု သူက တူညီသော အရာကို ပြုလုပ်နေမိသည် မဟုတ်ပါလား.... အနည်းဆုံးတော့ ရှီဂျွန်က ယောက်မ အသုံးပြုကာ မိုဝူကျိက လက်ဖြင့် တိုက်ရိုက် မွှေနေခြင်း ဖြစ်သည်။
မိုဝူကျီက ရုတ်တရက် မျက်လုံးပွင့် နားပွင့် ဖြစ်သွားလေ၏။ မည်သည့် အချိန်နှင့် နေရာတွင် ဖြစ်နေပါစေ တခြား လူများအပေါ် နှိမ်ချ မကြည့်သင့်ပေ။ ထိုလူက မင်းထက် အားကောင်းသောကြောင့် မဟုတ်ဘဲ တစ်ရက်ရက်တွင် မင်းလည်း သူ့လို ဖြစ်လာနိုင်၍ ဖြစ်သည်။
နာရီဝက် ကုန်ဆုံး သွားပြီးနောက် မိုဝူကျီက နောက်ထပ် နာကျင်မှုကို မခံစားနိုင်တော့ပေ။ ထို့ကြောင့် လက်ကို မီးဖိုထဲမှ ရုတ်လိုက်သည်။ ဆေးပြင်းမီးဖိုထဲရှိ သံမဏိအမြုတေ ဗောဓိကား လုံးဝ အရည် ပျော်ကျသွားလေပြီ။ မိုဝူကျီက ဆေးအဆီအနှစ် တစ်ဝက်လောက်ကို သူ့၏ မွေခြင်း နည်းလမ်းဖြင့် သန့်စင် ပြီးလေပြီ။
သူက စိတ်ဝိညာဉ် ဆန္ဒကို အလွန်အကျွံ အသုံးပြုထားသောကြောင့် မူးနောက်နောက် ဖြစ်နေလေ၏။ သို့သော်လည်း မရပ်တန့်ရဲသလို ဆေးလုံးလည်း မမှီဝဲရဲပေ။ စည်းမျည်း စည်းကမ်းနှင့် ဆန့်ကျင်နေခဲ့လျှင် သူ ကြိုးစားထားသမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
သူက ဆေးလုံးပြိုင်ပွဲကို ဝင်ပြိုင်ခြင်းမှာ ထင်ပေါ် ကျော်ကြားမှုကြောင့် မဟုတ်ဘဲ ယန်အာကို ကယ်တင်ဖို့ အတွက် ဖြစ်သည်။ ထို့ကြောင့် အမှားတစ်ခု တလေမှ မပြုလုပ်ရဲပေ။
မိုဝူကျီက သူ့လက်မှ လောင်ကျွမ်းနေသော နာကျင်မှုကို လုံး ဝလျစ်လျူရှု ထားသည်။ ယခုတွင် သူက မီးဖိုထဲရှိနေသော သံမဏိ အမြုတေ ဗောဓိအသီး အပေါ်တွင်သာ လုံးဝ အာရုံစိုက်ထား၏။
သူ့၏ အပတ်တကုတ် အားထုတ်မှုကြောင့် သံမဏိအမြုတေ ဗောဓိကား စတင်၍ ဆေးရနံ့ သင်းသင်လေး ထွက်ပေါ် လာလေပြီ။ မိုဝူကျီက ဂရုမမူဘဲ မနေရဲ့ချေ။ ထို့အပြင် သူက အားထုတ်မှု အပေါ်တွင် အာရုံ စူးစိုက်ထားလေ၏။ ဆေးအညစ်အကြေးတွေ ဖယ်ထုတ်သည့် အချိန်မှစ၍ အဆုံးထိ ထိုသို့ လုပ်ဆောင် သွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအား ဖြန့်ကြက်လိုက်ပြီး ဆေးအညစ်အကြေးများ ဖယ်ထုတ်ရန် ဆေးလုံး ပညာရပ်ကို သုံးလိုက်သည်။
မီးဖိုမှ ဆေးအညစ်အကြေးများက ထွက်သွားလေသည်။ တစ်ချိန်တည်းတွင် မီးဖိုထဲမှ ဆေးအဆီအနှစ် များကို ထုတ်ယူလိုက်ပြီး ကျောက်စိမ်း ပုလင်းထဲသို့ ထည့်ပေးလိုက်သည်။
အကယ်၍ ပုံမှန် အတိုင်းဆိုလျှင် မိုဝူကျီက ဆေးအဆီအနှစ်များကို ဒုတိယအကြိမ် ထပ်သန့်စင် လိမ့်မည်။ သို့သော် သူက ထပ်၍ မလုပ်ဆောင် နိုင်တော့ပေ။ ဆေးအဆီအနှစ်များကို အတင်းကြပ် သန့်စင်ဖို့ ကြိုးစားလျှင်ပင် အရင်ကြိုးစား အားထုတ်မှုများက ဖုန်မှုန်သဖွယ် ပျောက်ကွယ် သွားလိမ့်မည်။
“ဟူး...”
ကျောက်စိမ်း ပုလင်းကို ပိတ်ပြီးသည်နှင့် မိုဝူကျီက အသက်ပြင်းပြင်း ရှူထုတ် လိုက်တော့သည်။ ခေါင်းကို မော့ပြီး ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သောအခါ သူက နောက်ဆုံး ပြီးစီးသူများထဲက ဖြစ်နေကြောင်း သိလိုက်ရ၏။
ထိုစဉ် မီးကဲ့သို့ ပူပြင်းလှသော ခံစားချက်က နေရာအနှံ့ ပျံ့နှံ့လာလေသည်။ မိုဝူကျီက သူ့ညာဘက်လက်ကို ကြည့်လိုက်သောအခါ သူ့အစိတ်အပိုင်း မဟုတ်တော့သည့် အလား မည်းတူး နေသည်ကို တွေ့လိုက်ရ၏။
သန့်စင်ခြင်း ပြီးစီး သွားသော်လည်း ကျောက်စိမ်းပုလင်းကို လာရောက် မသိမ်းစည်း မချင်း မိုဝူကျီက ကုသဆေးလုံး တချို့ ကို မသောက်သုံးရဲပေ။ ဤပြိုင်ပွဲကား အမှား လုပ်မိရန် အတွက် အလွန်အရေးကြီး လွန်းလှသည်။
***