← Chapters

မင်း လာနေပြီလား

Vol. 115 Ch. 1607

မင်း လာနေပြီလား

Vol. 115 Ch. 1607

မန်ဟိုမှာ သူ၏အားအင်များ စိမ့်ထွက်နေသဖြင့် မျက်နှာတစ်ခုလုံး သွေးဆုပ်ဖြူလျော်နေသည်။ သို့သော် သူ၏မျက်နှာအမူအရာကား နည်းနည်းလေးမှ ပြောင်းမသွားပေ။ အသားအရေတို့ ပိန်ချုံးခမ်းခြောက်နေသည့်အချိန်မှာပင် မန်ဟို၏အသံသည် ခပ်တိုးတိုးထွက်လာ၏။ “အော် ဟုတ်လား....”

အသက်ဓာတ်များ၊ ဝိညာဉ်စွမ်းအားများနှင့် ကျင့်ကြံခြင်းအခြေခံ၊ သူ့အား ဖွဲ့စည်းထားသည့်အရာအားလုံး အဖြူရောင်အငွေ့များအသွင်ဖြင့် လောကပါလနတ်မင်းဆီ စီးဆင်းဝင်ရောက်နေသည်။ အငွေ့များသည် လောကပါလနတ်မင်း၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့အထဲ တိုးဝင်လျက် မိစ္ဆာသစ်သီးတစ်လုံးအား ဖော်ဆောင်နေကြ၏။

စာရေးသားဖော်ပြနေရသည်မှာ အချိန်တချို့ကြာလိုက်သော်လည်း အမှန်တွင် တခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မန်ဟိုမှာ ‌ခြောက်ကပ်နေသောအလောင်းကြီးသဖွယ် ဖြစ်လာပြီးနောက် ဖောက်ခနဲ ... အမှုန့်ကြေသွား‌တော့သည်။ သူကား ခန္ဓာနှင့်တကွ ဝိညာဉ်ပါ အသတ်ခံလိုက်ရပုံပင်။

လောကပါလနတ်မင်းမှာတော့ ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်စပြုလာပြီး သူ့ရင်ဘတ်ရှိ မိစ္ဆာသစ်သီးထံမှလည်း စူးရှတောက်ပသော မိစ္ဆာအလင်းရောင်ဖြင့် တောက်ပနေသဖြင့် စိတ်လှုပ်ရှားတုန်ရီနေတော့သည်။

“နိဗ္ဗာနပြန်မွေးဖွားခြင်း၊ ငါ အသက်ပြန်ရှင်နိုင်ပြီ” လောကပါလနတ်မင်းသည် ခေါင်းနောက်လှန်၍ ဟိန်း‌ဟောက်လိုက်ရာ သူ၏အတွင်းကလီစာများ ကျုံ့သွားပြီးနောက် အသစ်ပြန်လည်ဖြစ်ပေါ်လာကြသည်။ ၉၉ လုံးမြောက် မိစ္ဆာသစ်သီး မန်ဟိုမှာ ... ပြိုကွဲတော့မည့်ပုံပေါ်၏။ လောကပါလနတ်မင်း၏မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေသည့်အချိန်မှာပင် ရုတ်တရက် သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။

“မဖြစ်နိုင်တာ” သူက သူ့ကိုယ်အတွင်းရှိ နိဗ္ဗာနပြန်မွေးဖွားခြင်းအရှိန်အဝါအပေါ် အာရုံစူးစိုက်ရင်း ရေရွတ်လိုက်သည်။ ထိုအရှိန်အဝါသည် သူ တောင့်တနေခဲ့သောအရာ၊ သူ့အတွက် လိုအပ်ခဲ့သောအရာဖြစ်သော်လည်း နိဗ္ဗာနအရှိန်အဝါက သူ၏အရှိန်အဝါမဟုတ်ဘဲ မန်ဟို၊ ၉၉ လုံးမြောက်မိစ္ဆာသစ်သီးထံမှ လာနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။

မိစ္ဆာသစ်သီးကား အက်ကွဲလာပြီး အဆုံးမဲ့အနီရောင်အလင်းက အက်ကွဲကြောင်းများမှ ချည်မျှင်များသဖွယ် ဖြာထွက်လာသည်။ ထိုအနီရောင်အလင်း၌ မိစ္ဆာအရှိန်အဝါနှင့် နိဗ္ဗာနပြန်မွေးဖွားခြင်းအငွေ့အသက်တို့ ပြည့်နှက်နေသည်။ အလင်းသည် လောကပါလနတ်မင်း၏ကိုယ်တစ်လျှောက် လျင်မြန်စွာ ဖြာဆင်းလာကာ သူ၏လက်များ၊ မျက်နှာ၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးသာမက သူ၏မျက်လုံးဆီသို့ပင် ရောက်ရှိလာ၏။ ၎င်းက သူ့ကိုယ်အပြည့် နေရာယူကာ သူနှင့်ပတ်သက်သမျှ အရာအားလုံးအား ချိတ်ပိတ်ချုပ်နှောင်လိုက်သည်။

ဤသည်မှာ နိဗ္ဗာနပြန်မွေးဖွားခြင်းဖြစ်သော်လည်း .... မိစ္ဆာ၏ပြန်မွေးဖွားမှု၊ မန်ဟို၏ ပြန်မွေးဖွားမှု ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် တောက်ပနေသော အနီရောင်အမျှင်များအတွင်း၌ ပထမမိစ္ဆာချုပ်နှောင်မန္တန်ကို သိသိသာသာ ခံစားရနိုင်သည်။ ထို့နောက် ဒုတိယမန္တန်၊ တတိယမန္တန်... နဝမမန္တန်အထိ တစ်လျှောက်လုံး။ အကုန်လုံး အလင်းထဲ၌ စုဝေးလျက် လောကပါလနတ်မင်း၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ချုပ်နှောင်ကာ ဘာမှမလုပ်နိုင်အောင် တားထား၏။ သူ၏အခြေခံလည်း ဖြတ်တောက်ခံနေရသည်။

“မန်ဟို” လောကပါလနတ်မင်း၏ စူးစူးဝါးဝါး အော်သည်။ ဤအချိန်တွင် မန်ဟို၏အသံက သူ့ကိုယ်ထဲမှ စကားပြော၏။

“မင်းအမှားက ကောင်းကင်ချုပ်နှောင်မန္တန်က ငါ့ရဲ့အဆင့်မြင့်ဆုံးမန္တန်လို့ အပိုင်တွက်ထားတာပဲ

“လွန်ခဲ့တဲ့နှစ်သောင်းပေါင်းများစွာတုန်းက နဝမမိစ္ဆာချုပ်နှောင်မန္တန်ပြီးရင် ... ဒသမမန္တန်ရှိသေးတာကို ငါ သ‌ဘောပေါက်ခဲ့တယ်

“ဒီဒသမန္တန်က ငါ လက်လှမ်းမမှီတဲ့ နယ်ပယ်တစ်ခုမှာ တည်ရှိတယ်။ အချိန်အခါမှန်မှ ငါ အဲ့ဒါကို ထုတ်လွှတ်နိုင်မှာ ဥပမာ နဝမမန္တန်ကို အခြေခံအဖြစ် ထားပြီး နိဗ္ဗာနပြန်မွေးဖွားခြင်းစွမ်းအားနဲ့ မန္တန်ကို အားဖြည့်ပေးနိုင်တဲ့အချိန်မျိုးပေါ့

“ဒါကြောင့် မန္တန်ကို ထုတ်ဖော်ဖို့ မင်းရဲ့ခန္ဓာကိုယ်ကို ငှားဖို့ လိုခဲ့တာ

“ဒသမမိစ္ဆာချုပ်နှောင်....

“ငါ့ကံကြမ္မာက ... မိုးကောင်းကင်ကို မိစ္ဆာတစ်ကောင်လို ချုပ်နှောင်ဖို့ပဲ

လောကပါလနတ်မင်းသည် ဒေါသတကြီး အော်ဟစ်သော်လည်း သူ၏ခန္ဓာကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူ့မှာ သူ၏ညာလက်က မြောက်တက်လာပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်ကိုသာ ကြည့်နေနိုင်သည်။ ကောင်းကင်ချုပ်‌နှောင်မန္တန်နှင့် တူညီသည့်တိုင် အလွန်ကွဲပြားသောစွမ်းအား ပေါ်ထွက်လာသည်။ လောကပါလနတ်မင်းမှာ ကြောက်လာတော့သည်။ အဆိုပါစွမ်းအားက မိုးကောင်းကင်နှင့်မြေပြင်အတွင်း၌ အမြင့်ဆုံးသောတန်ခိုးအာဏာကဲ့သို့ အရှိန်အဝါကြီးမားလှ၏။

မန်ဟိုပြောခဲ့သည့်အတိုင်း ....

ငါ့ကံကြမ္မာက မိုးကောင်းကင်ကို မိစ္ဆာတစ်ကောင်လို ချုပ်နှောင်ဖို့ပဲ

မိစ္ဆာများသည် ပုံသဏ္ဍာန်အမျိုးမျိုးအထွေထွေ ရှိ၏။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ထိုအသွင်ပုံသဏ္ဍာန်အမျိုးမျိုးကို နှလုံးသား၊ လောကပါလနတ်မင်းကို ခန္ဓာကိုယ်အဖြစ် အသုံးပြုကာ အင်အားအကြီးဆုံး နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်နေချေပြီ။ သူ့ညာလက်က မြောက်တက်သွားစဉ် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ ကြယ်တာရာကောင်းကင်မှာ သေးငယ်သထက် သေးငယ်ရင်း ကျုံ့လာကာ နောက်ဆုံးတော့ သူ၏လက်ဝါးထက်၌ မှိန်ပျပျလင်းလက်လျက် ပျံဝဲနေသည့် အလင်းဖန်လုံးတစ်လုံးဖြစ်လာသည်။

လောကပါလနတ်မင်း၏ ဘယ်မျက်လုံးသည် ရုန်းကန်နေခြင်းမရှိတော့။ အထီးကျန်နေသည့်အလား မှေးမှိန်သယောင်ပင်။ ၎င်းသည် အနန္တစကြဝဠာ၏အနက်ပိုင်းထဲသို့ လှမ်းကြည့်ရင်း စိတ်အေးသွားပုံပင် ပေါ်၏။

မန်ဟိုက ယခုတွင် လောကပါလနတ်မင်း၏ဘယ်မျက်လုံးမှတစ်ဆင့် ကြည့်နေချေပြီ။ လောကပါလနတ်မင်း၏ညာလက်က ဖြည်းဖြည်းချင်း မြောက်တက်လာပြီး ဘယ်မျက်လုံးအား ထိုးချလိုက်သည်။

အုန်းးးးးးးးးးးးးးး

လောကပါလနတ်မင်း၏တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ဘယ်မျက်လုံးသည် ကျုံ့လာ၏။ မျှော်လင့်ချက်မဲ့မှု၊ လက်မခံနိုင်မှုတို့အား ထိုမျက်လုံးထဲတွင် မြင်ရနိုင်သည်။ ထို့နောက် ၎င်းကား ပြာကျသွားတော့သည်....

လောကပါလနတ်မင်းသည် မသေခင် အနန္တစကြဝဠာ၏အတွင်းသို့ လှမ်းကြည့်နေခဲ့၏။ သူ ဘာကိုကြည့်နေမှန်း မည်သူမှမပြောနိုင်ပေ။

အနန္တစကြဝဠာ၏ အဆုံးမရှိသော အမှောင်ထုကို ကြည့်နေသည်လား...

သို့မဟုတ် သူ လာခဲ့သောနေရာသို့ ကြည့်နေသည်လား...။

လောကပါလနတ်မင်း၏ခန္ဓာကိုယ်လုံး တဖျတ်ဖျတ်လူးလွန့်လျက် ပြာကျသွားသည်။ အက်ကွဲသံများ မြည်လာပြီးနောက် သူကား ဘာဆိုဘာမှမကျန်တော့သည့်တိုင်အောင် ခြောက်ကပ်သွားတော့သည်။

အဖြူရောင်အငွေ့များက မန်ဟိုအဖြစ် ပြန်စုစည်းရင်း စီးမျောထွက်လာသည်။ မန်ဟို ထိုနေရာ၌ ပျံဝဲနေစဉ် သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့်ခံစားချက်များအား မြင်ရနိုင်သည်။ နောက်ဆုံးတော့ သူက သက်ပြင်းချလိုက်သည်။

အမှန်က အတိတ်တုန်းကဆိုလျှင် လောကပါလနတ်မင်းအား သတ်ဖို့ လွန်စွာခက်ခဲခဲ့လိမ့်မည်။ သို့သော် လောကပါလနတ်မင်း မည်မျှအားနည်းသွားခဲ့ကြောင်း ထည့်တွက်လျှင် သူ့ကို သတ်ဖို့ကား မန်ဟို့အတွက် အပန်းမကြီးပေ။ အမှန်တွင် ကျိန်စာကြောင့်သာမဟုတ်လျှင် မန်ဟိုသည် ဘယ်တော့မှ ခက်ခဲသောအချိန်များကို ဖြတ်သန်းခဲ့ရမည်မဟုတ်သလို သေစေနိုင်သည့်အန္တရာယ်တွင်းများထဲသို့လည်း တွန်းပို့ခံခဲ့ရမည်မဟုတ်။

ခက်ခဲသည့်အပိုင်းဆို၍ ... တန်ခိုးရှင်သုံးဦးနှင့် တိုက်ခိုက်ခဲ့ရသောအပိုင်းသာ ရှိသည်။ ထိုတိုက်ပွဲသည် အမှန်စင်စစ် အန္တရာယ်များခဲ့၏။ ယင်းတိုက်ပွဲသာ သူ၏စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ခဲ့သည်။

ကျန်အရာအားလုံး၊ သူ လုပ်ခဲ့သည့် အပြုအမူအားလုံး၊ သူလုပ်ခဲ့သမျှအကုန်လုံးက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ကောင်းကင်ချုပ်နှောင်မန္တန်က သူ၏အင်အားအကြီးဆုံးချုပ်နှောင်ခြင်းမန္တန်ဖြစ်သည်ဟု လောကပါလနတ်မင်း အထင်မှားအောင် မန်ဟိုသည် အကွက်ချခဲ့၏။ အသာစီးရပြီအမှတ်နှင့် လောကပါလနတ်မင်းကိုယ်တိုင် ပေါ်လာအောင် ထိုမန္တန်ဖြင့် မျှားခဲ့သည်။

သို့သော် ကျိန်စာကို ချိုးဖျက်ဖို့ လောကပါလနတ်မင်းအား သတ်ရုံနှင့်တင် မလုံလောက်ပေ။ လွန်ခဲ့သောနှစ်သောင်းပေါင်းများစွာကတည်းက ဤအချက်ကို မန်ဟို သဘောပေါက်ခဲ့၏။ အဖြေက ရွှေတုန်းလျှိုပေးခဲ့သော ကျောက်စိမ်းပြားထဲ၌ ရှိနေခဲ့သည်။

ထိုအချက်အလက်ကြောင့် မန်ဟိုသည် လုပ်သင့်သမျှအရာအားလုံးကို လုပ်၍ ဤအခြေအနေသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

“အခု ကျိန်စာကို ဘယ်လိုဖြေရမလဲ ငါ သိပြီ” မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။ “အချိန်ပဲလိုတယ်..”ထို့နောက် မန်ဟိုသည် မျက်လုံးများကို အ‌တော်ကြာပိတ်ထားပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်၏။

လူသုံးယောက်အား သူ မြင်လိုက်ရသ‌ယောင်ပင်။ တစ်ယောက်က အာကာပြင်ကျယ်ဂိုဏ်းချုပ်၊ တစ်ယောက်က အနက်ရောင်ဝတ်ရုံနှင့် လူငယ်၊ နောက်တစ်ယောက်ကတော့ အင်မော်တယ်နတ်ဘုရားကုန်းမြေတွင် မြင်ခဲ့ဖူး‌သောလူပင်။

သူတို့သည် အဝေးတစ်နေရာ၌ ခရီးနှင်နေကြစဉ် ရုတ်တရက် ရပ်၍ မန်ဟို့အား လှမ်းကြည့်နေကြပုံပေါ်၏။ သူတို့က မိတ်ဆွေရင်းချာများသဖွယ် နွေးထွေးစွာ ပြုံးပြကြသည်။

မန်ဟို့စိတ်ထဲတွင် အသံတစ်သံကြားလိုက်ရ၏။ “ငါတို့ မင်းကို စောင့်နေတယ်။ မင်း လာနေပြီလား...”

All Chapters