သမိုင်းတစ်ခေတ်၏ နိဂုံး
Vol. 115 Ch. 1608
မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် တန်ခိုးရှင်သုံးဦးသာ ရှိခဲ့သည်မှာ အမှန်တကယ်လား အချိန်ပေးစဉ်းစားခဲ့ဖူး၏။ ကျင်ယွင်ရှန်းကို တွေ့သည့်အခါမှ ထိုမေးခွန်းအတွက် အဖြေပေါ်လာခဲ့သည်။
တန်ခိုးရှင်အဆင့်တက်ခဲ့သည့် လူအရေအတွက်မှာ အရေးမပါပေ။ အဓိကသော့ချက်က ထိုတန်ခိုးရှင်သုံးယောက်သည် လောကပါလနတ်မင်း၏လက်ချောင်းများကို ဖျက်စီးခဲ့သည့်အတွက် တန်ခိုးရှင်အဆင့်၏ အပြည့်စုံဆုံးစံနမူနာများ ဖြစ်ကြ၏။
ထိုလူသုံးယောက်ကို ကြည့်နေစဉ် အနန္တစကြဝဠာအတွင်းထဲ၌ သူတို့လိုလူများ ရှိနေကြောင်း မန်ဟို သဘောပေါက်လိုက်သည်....
သူ၏ပန်းတိုင်အစစ်မှာလည်း ထိုအနန္တစကြဝဠာပင် ဖြစ်ကြောင်း မန်ဟို သိလိုက်လေပြီ။ ထိုနေရာသည် ဘိုးဘေးနယ်ပယ်၏အလွန်ကို ရှာဖွေနိုင်မည့် တန်ခိုးရှင်များ၏ကမ္ဘာဖြစ်၏။
ကျင့်ကြံခြင်းလမ်းစဉ်သည် အမြဲထာဝရ ဆက်ရှိနေလိမ့်မည်။ အဆုံးမဲ့တာအို၊ အတိုင်းအတာမဲ့ဓမ္မတရားနှင့် တူသည်။ ဘယ်တော့မှ အဆုံးသတ်မည်မဟုတ်ပေ....
ယင်းကို လောကပါလနတ်မင်းထံမှ မန်ဟို သိရှိခဲ့ရပြီး လောကပါလနတ်မင်းသည် တန်ခိုးအကြီးဆုံးအချိန်တုန်းက မည်မျှကြောက်စရာကောင်းခဲ့မည်ဖြစ်ကြောင်း သူ့အနေဖြင့် စိတ်ကူးသာကြည့်နိုင်၏။
“အခုအချိန်က ထွက်သွားရမယ့်အချိန်မဟုတ်သေးဘူး” မန်ဟို၏အနန္တစကြဝဠာ၏အတွင်းထဲသို့ ဆက်ကြည့်နေရင်း တွေးသည်။ အချိန်များစွာကြာသော် သူက သက်ပြင်းချလေသည်။ အမှန်တွင် သူနှင့် တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏ နှောင်ကြိုးမှာ အလွန်အားနည်းလာခဲ့ပြီဖြစ်၏။ သို့သော် သူ့မှာ ထိုနှောင်ကြိုးအား မဖြတ်တောက်နိုင်သေးပေ။ လောကပါလနတ်မင်း၏ကျိန်စာကို ဖြေ၍ သူသိသမျှ လူတိုင်း၏ ဝိညာဉ်မျိုးစေ့များအား ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ပြန်လည်ပို့ဆောင်ပေးရဦးမည်မဟုတ်ပါလော။
မန်ဟိုက ပြုံးလျက် အနန္တစကြဝဠာ၏အတွင်းအား ဦးညွှတ်နှုတ်ဆက်ပြီးနောက် တောင်ပင်လယ်ကြယ်တာရာကောင်းကင်ထဲ လှည့်ဝင်လိုက်သည်။ မကြာမီ သူသည် မရင်းနှီးတော့သော သူ၏အိမ် တောင်ပင်လယ်လောက၊ နဝမတောင်ပေါ်သို့ ပြန်ရောက်လာခဲ့၏။ ဝိညာဉ်မျိုးစေ့များအား ထိန်းသိမ်းထားသည့် ရေခဲတောင်သို့ ရောက်လျှင် မန်ဟိုက အခေါင်းနှစ်ခေါင်းကို လှမ်းကြည့်သည်။
တစ်ခေါင်းထဲတွင် ရှုချင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ နောက်တစ်ခေါင်းထဲ၌မူ တောင်ပင်လယ်လိပ်ပြာသည် အသက်ဝင်နေသည့်ပမာ တည်ရှိ၏။
မန်ဟိုက သူတို့ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်သည်။ မန်ဟို့ပုံစံမှာ တစ်ယောက်တည်း အဖော်မဲ့နေပုံရသော်လည်း စိတ်ပိုင်းဖြတ်ထားဟန်တူ၏။
“နည်းလမ်းကို ငါ သိပြီ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “အချိန်ပဲလိုတာ....” ထို့နောက် မန်ဟိုသည် မျက်လုံးများပိတ်၍ တရားစထိုင်တော့သည်။
လောကပါလနတ်မင်း၏ကျိန်စာကို ဖြေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက ... လောကပါလနတ်မင်း ဖြစ်လာဖို့ပင်။
လောကပါလနတ်မင်းသည် သေသွားပြီဖြစ်သော်လည်း သူ မပျောက်ကွယ်ခင် မန်ဟိုက သူနှင့်တစ်သားတည်း ပေါင်းစည်းခဲ့၏။ ထိုအခိုက်အတန့်တွင် သူ လိုအပ်သောအရာ မှတ်ဉာဏ်မျိုးစေ့တစ်စေ့ကို ရခဲ့သည်။
ယင်းမှတ်ဉာဏ်ကို ခန္ဓာမဲ့ဝိညာဉ်အဖြစ် ခေါ်လျှင် ပိုသင့်တော်မည်။ သူအနေဖြင့် အဆိုပါခန္ဓာမဲ့ဝိညာဉ် အပြည့်အဝကြီးထွားလာအောင် တစတစ အစာကျွေးရလိမ့်မည်...
အချိန်တွေကို ကုန်လွန်ခွင့်ပြုလျက် တိတ်ဆိတ်စွာ တရားထိုင်နေစဉ် မန်ဟို၏မျက်နှာသည် အလွန်တည်ကြည်အေးချမ်းနေ၏။ သူက သူ၏စိတ်ဆန္ဒအား ကြယ်တာရာကောင်းကင်မှ ပြန်ရုပ်သိမ်းကာ မလှုပ်မယှက်ထိုင်နေသည်။ မန်ဟိုကား သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အဖက်မလုပ်တော့ပေ။
အချိန်တွေ ကုန်ဆုံးသွားသည်။ နှစ်သုံးသောင်း.....
တောင်ပင်လယ်ကြယ်တာရာကောင်းကင်အတွင်း၌ ကျင့်ကြံသူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းလိုက်၊ တိမ်ကောလိုက် သံသရာလည်နေသည်။ တောင်ပင်လယ်လောကနှင့် အာကာပြင်ကျယ်ကျောင်းတော်အကြား စစ်ပွဲများ ထပ်ခါတလဲလဲ ဖြစ်ပွားသည်။
ပုတ်သင်ဘုရင် သေဆုံးသည်။ ထို့နောက် ဧရာမခေါင်းကြီး။ ထို့နောက် ခြဘုရင်မ။ နောက်ဆုံးတော့ ဧရာမပန်းကြီးပင် ခြောက်ကပ်သေဆုံးသွား၏။
ကြယ်တူရွေးနှင့် အသားဂျယ်လီမှာ ထာဝရအသက်ရှည်ပုံရသော်လည်း သူတို့ပင် အိုမင်းလာသည့် လက္ခဏာများ ပြလာကြသည်။ အဆုံးသတ်တွင် သူတို့သည် ကြယ်တာရာကောင်းကင်တစ်ခွင် လှည့်လည်သွားလာကာ သူတို့နည်းသူတို့ဟန်ဖြင့် မော်ကွန်းတစ်ပုဒ်ပြီးတစ်ပုဒ် ရေးထိုးကြ၏။
သခင်သုံးဝတ်ပြုကျောင်း နှင့် သခင်ငါးကျောင်းတော်ဟူ၍ ပေါ်ပေါက်လာသည်။ ကြယ်တာရာကောင်းကင်မှာ နှစ်ပေါင်းများစွာတိုင်အောင် ငြီးငွေ့ပျင်းရိဖွယ်ကောင်းခဲ့သော်လည်း ယခုတော့ ကို့ရို့ကားရားဇာတ်လမ်းအသစ်များ ပျံ့နှံ့လာတော့သည်။
နောက်နှစ်သုံးသောင်း ကြာသွားသည်။ ကြက်တူရွေးသည် အလွန်ပင်ပန်း၍ အိုမင်းနေသောပုံစံဖြင့် ပြန်ရောက်လာ၏။ မန်ဟိုက ၎င်းကို တခဏလှမ်းကြည့်ပြီးနောက် သူ ပြင်ဆင်ထားသော ရေခဲအခေါင်းတစ်ခေါင်းထဲတွင် ချိတ်ပိတ်လိုက်သည်။
အသားဂျယ်လီမှာ ပြန်မလာခင် နှစ်ပေါင်းထောင်ချီကြာသည်အထိ တစ်ကောင်တည်းလေလွင့်နေခဲ့၏။ နောက်ဆုံးတော့ အသားဂျယ်လီလည်း ပြန်ရောက်လာပြီး မန်ဟိုနှင့်အတူထိုင်၍ အမြှုပ်ထွက်မတတ် လေပေါပြီးနောက် ကြက်တူရွေးနှင့်အတူ အိပ်သွားသည်။
ကျိန်စာဖြေပြီးလျှင် မန်ဟိုသည် သူတို့ကို နှိုးလိမ့်မည်... ဂူယွီတင်းစန်းယွီနှင့် မှီခိုရာဂိုဏ်းချုပ်မှာ ဤအချိန်အထိ တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆုံးအခြေအနေသို့ ရောက်နေကြလေပြီ။ မန်ဟို့အကူအညီဖြင့် သူတို့သည် ပို၍ပင်ကြာကြာတောင့်ခံအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြ၏။
မန်ဟိုက အသားဂျယ်လီနှင့်ကြက်တူရွေးတို့ ရှိနေသော ရေခဲအခေါင်းကို လှမ်းကြည့်ပြီး ဤကမ္ဘာလောကနှင့် သူ၏ပတ်သက်မှုတို့ ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ယခုတွင် အမှန်ပင် သူတစ်ယောက်တည်း ဖြစ်နေချေပြီ။
ဤသို့ဖြင့် နဝမတောင်ပေါ်၌ သူတစ်ယောက်တည်း တရားထိုင်လျက်....
အချိန်နှစ်တစ်သိန်း ကြာသွားသည်။
ကြယ်တာရာကောင်းကင်၌ အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့၏။
အကျဉ်းချပြစ်ဒဏ်၏ သတ်မှတ်ကာလပြည့်သွားသဖြင့် ကျင်ယွင်ရှန်း ပြန်ပေါ်လာသည်။ သူက အာကာပြင်ကျယ်ကျောင်းတော်ကို ဦးဆောင်၍ ကြယ်တာရာကောင်းကင်တစ်ခွင် နောက်တစ်ကြိမ် အင်အားချဲ့လေသည်။ သို့သော် တောင်ပင်လယ်လောကအနား ကပ်ပင်မကပ်ရဲပေ။
သို့ထိတိုင် ကျင်ယွင်ရှန်းသည် ကျင့်ကြံသူများအကြား ကိုးကွယ်ရိုသေရာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ၏။ အချိန်တွေ ကြာသွားပြန်သည်။ နောက်နှစ်တစ်သိန်းကြာသော် ကျင်ယွင်ရှန်းမှာ ပျင်းလာတော့သည်။ သူသည် တန်ခိုးရှင်အဆင့်အပြည့်အဝ မတက်သေးသလို၊ ကျိန်စာလည်း သင့်နေသေး၏။ နောက်ဆုံးတော့ မန်ဟိုအကြံပြုခဲ့သည့်အတိုင်း ဤကြယ်တာရာကောင်းကင်မှ အနန္တစကြဝဠာသို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
မထွက်သွားခင် သူသည် တောင်ပင်လယ်လောကသို့ သွား၍ နဝမတောင်အပြင်၌ ရပ်ကာ တောင်ထိပ်သို့ မော့ကြည့်၏။ ထို့နောက် လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ကျင်ယွင်ရှန်းကား ဤကြယ်တာရာကောင်းကင်တွင် မန်ဟို၏မိတ်ဆွေဟောင်းတစ်ယောက်ဟု သတ်မှတ်နိုင်သည့် နောက်ဆုံးလူဖြစ်ပေသည်။ သူ၏ထွက်သွားမှုက ဤကြယ်တာရာကောင်းကင်၌ မန်ဟို့ကို မှတ်မိသူတစ်ယောက်မှ မရှိတော့ဟု ဆိုလိုသည်။
သို့မဟုတ် မန်ဟိုကိုယ်တိုင်ကပဲ ဤတောင်ပင်လယ်ကြယ်တာရာကောင်းကင်ကို မေ့ဖျောက်ထားသည်လား... ဘယ်အရာကအမှန်လဲ မည်သူမှ အတပ်မပြောနိုင်။
နှစ်တစ်သိန်း၊ နှစ်နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်း...
နောက်ဆုံးတော့ နှစ်ပေါင်းတစ်သန်း ကုန်လွန်သွားသည်။ တောင်ပင်လယ်ကြယ်တာရာကောင်းကင်၌ အင်အားစုများ ပေါ်ထွန်းကြသည်။ ကျဆုံးကြသည်။ ကျင်ယွင်ရှန်းနှင့်တူညီသော အဆင့်သို့ တက်ရောက်နိုင်ခဲ့သူပင် ပေါ်လာ၏။
ထိုသူက ထူးခြားသောပင်ကိုယ်ပါရမီဖြင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ကံဆိုးစွာနှင့် သူမမှာ ဝိညာဉ်အရာ၌ တန်ခိုးရှင်အဆင့်မတက်နိုင်ခဲ့ပေ။
သူမသည် စစ်တပ်ကြီးကို ဦးဆောင်၍ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းအဖြစ် နှစ်တစ်သန်းတိုင်တိုင် ရပ်တည်နိုင်ခဲ့သော အာကာပြင်ကျယ်ကျောင်းတော်ကို တိုက်ခိုက်၏။ အာကာပြင်ကျယ်ကျောင်းတော်မှာ စစ်ရှုံးပြီးနောက် အတိတ်မှဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်လာခဲ့သည်။ ယခုတွင် ရှေးခေတ်ကတည်းက ယနေ့မျက်မှောက်ခေတ်အထိ တည်ရှိနေသောအရာဆို၍ ... တောင်ပင်လယ်လောကသာ ရှိတော့လေသည်။
သို့သော် မန်ဟိုနှင့်ပတ်သက်သည့် အရာမှန်သမျှ ထာဝရမတည်မြဲနိုင်ပေ။ တောင်ပင်လယ်လောကပင် ခြွင်းချက်မဟုတ်။ နောက်တစ်သန်းကြာသော် တောင်ပင်လယ်လောကကို တိုက်ခိုက်သည့် အစွမ်းထက်တန်ခိုးရှင်နောက်တစ်ဦး ပေါ်ထွက်လာသည်။
ထိုစစ်ပွဲကြီးအား တောင်ပင်လယ်လောက အနိုင်ယူနိုင်ခဲ့သော်လည်း အသေအပျောက်အကျအဆုံး အင်မတန်ကြီးမားခဲ့သည်။
နှစ်တွေကြာသွားသည်။ တောင်ပင်လယ်လောကသည် ဤကြယ်တာရာကောင်းကင်၏ အမှတ်အသားပမာ ဖြစ်လာ၏။ နှစ်တစ်သန်းကြာတိုင်း တန်ခိုးရှင်တစ်ပိုင်းတစ်ယောက် ပေါ်ထွန်းလာပြီး တောင်ပင်လယ်လောကကို သိမ်းပိုက်ဖို့ ကြိုးစားတတ်ကြသည်.။ တစ်ခါတရံ တန်ခိုးရှင်တစ်ပိုင်းအဆင့် တစ်ယောက်မကပေ။ တစ်ခါတုန်းဆိုလျှင် သုံးယောက်ဖြစ်၏။
သူတို့အားလုံး တောင်ပင်လယ်လောကအား လိုချင်တပ်မက်ကြသည်။ တောင်ပင်လယ်လောကဖြင့်သာ သူတို့၏ဝိညာဉ်များကို အဆင့်မြှင့်၍ တန်ခိုးရှင်အဆင့်သို့ အပြည့်အဝတက်လှမ်းနိုင်မည်ဟု သူတို့အားလုံး ယုံကြည်ကြလေသည်။
သို့သော် မည်သူမျှ တောင်ပင်လယ်လောကအား မဖျက်စီးနိုင်ခဲ့ပေ။ တောင်ပင်လယ်လောက၏ပျက်စီးမှုက ..... နှစ်ငါးသန်းကြာသည့်အခါ ဖြစ်ပေါ်သည်။ တောင်ပင်လယ်လောကသည် အတွင်းထဲမှ လှိုက်စားခံနေရခဲ့သည်မှာ ကြာလေပြီ။ ပြည်တွင်းစစ်ကြောင့် လောကကား ပြိုကွဲသွားသည်။
ကျင့်ကြံသူများအကြား အစုအဖွဲ့များ ကွဲထွက်သွားပြီး နောက်ဆုံးတော့ အတော်များများက ကြယ်တာရာကောင်းကင်တွင် လှည့်လည်စူးစမ်းဖို့ လောကမှ ထွက်သွားကြသည်။ တဖြည်းဖြည်း တောင်ပင်လယ်လောကမှာ လူသူခြောက်ကပ်လျက် ပျက်စီးလာသည်။ အဆုံးသတ်တွင် ၎င်းသည် ကြယ်တာရာကောင်းကင်ထဲ၌ အထီးကျန်စွာ ပျံဝဲလျက် အချိန်နှင့်အတူ လွင့်ပါးမှေးမှိန်လာ၏။ ပထမတောင်ပင်လယ် ပျောက်ကွယ်ပြီးနောက် ဒုတိယတောင်ပင်လယ်။ နောက်ဆုံးကျန်ခဲ့သည့် တောင်ပင်လယ်မှာတော့ ... နဝမတောင်ပင်လယ်သာ။
ထိုအချိန်တွင် မန်ဟို တရားထိုင်နေခဲ့သည်မှာ ... နှစ်ပေါင်းသန်းတစ်ရာ ကြာခဲ့လေပြီ။
ထိုနှစ်တွင် တောင်ပင်လယ်ကြယ်တာရာကောင်းကင်အတွင်း၌ ကပ်ဘေးတစ်ခု ပေါ်လာသည်။ ကပ်ဘေးသည် ထူးခြားဆန်းကြယ်သော အဖျက်လေအသွင်ဖြင့် လာ၏။ အဖျက်လေက ဖြတ်တိုက်သွားသမျှ အရာအားလုံး၏ အသက်အားလုံးကို နုတ်ယူသွားသည်....
ဤသည်ကား ... သမိုင်းတစ်ခေတ်၏ နိဂုံးပင် ဖြစ်ချေ၏။