ကိစ္စများက မတည်မြဲပေ
Vol. 9 Ch. 122
“ဘန်း...” မိုဝူကျီ သန့်စင်ခြင်း ပြီးသွားပြီး ခဏအကြာတွင် မောင်းသံ ကြားလိုက်ရ၏။ ထိုမောင်းသံကား မိုဝူကျီဘေးနားမှ တီးလိုက်သည့် အလား မိုဝူကျီ ဦးနှောက်ထဲတွင် အသံလှိုင်းများ ထပ်ခါထပ်ခါ ဖြစ်ပေါ်သွားသည်။
ထိုစဉ် မိုဝူကျီက တူးနံ့ ရလိုက်သည်။ ထိုမောင်းသံကြောင့် မပြီးသေးသော ဆေးလုံး ဆရာအချို့သည် ချက်ချင်းပင် ကျရှုံးသွားရ၏။ မိုဝူကျီက တိတ်တဆိတ် အောင်ပွဲ ခံမိသွားကာ ကံကောင်းစွာဖြင့် သူသည် သန့်စင်ခြင်းကို အချိန်မီ ပြီးစီးခဲ့သည်။ ဒုတိယအကြိမ် သန့်စင်ဖို့ရန် မကြိုးစားခဲ့သည်မှာလည်း ကံကောင်းပေသည်။ မဟုတ်လျှင် သူလည်း အဆုံးသတ် ဖြစ်သွားလောက်ချေပြီ။
ဤဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲက ဆေးလုံး ဆရာများ၏ ခံစားချက်များနှင့် အမူအရာများကို ဂရုမစိုက်ပေ။ ကျန်ရှိ ဆေးလုံးဆရာများကို ရိုင်းစိုင်းသည့် အမူအရာများဖြင့် ရပ်တန့် ခိုင်းလိုက်သည်။
နောက်တစ်ကြိမ် မင်နင်က စင်မြင့်ထက် လျှောက်လှမ်းလာပြီး ရှင်းရှင်းလင်းလင်း ကြေညာလိုက်သည် “အချိန် ပြည့်သွားပါပြီ ဆေးလုံး ဆရာများက သူတို့ရဲ့ ဆေးပြင်းမီးဖိုကို ကာထားပြီးတော့ ကျောက်စိမ်း ပုလင်းကို မီးဖိုထိပ်မှာ တင်ပေးထားပါ...”
သူမက ဆေးလုံး ဆရာများကို ရပ်တန့်ဖို့ပင် မပြောပေ။ မောင်းသံ မည်လာသည်နှင့် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင် နေကြသော ဆေးလုံး ဆရာများမှာ ချက်ချင်း ကျရှုံးသွားလေ၏။
မိုဝူကျီက မီးဖိုကို ဖုံးထားလိုက်ပြီးတော့ ကျောက်စိမ်း ပုလင်းကို မီးဖိုထိပ်ဆုံးတွင် တင်ပေး ထားလိုက်သည်။ ဆေးလုံးသခင် မင်နင်၏ အကြည့်က သူ့ညာဘက်လက်သို့ ရောက်လာသည်ကို သတိပြုမိသော်လည်း စိတ်ထဲ မထားပေ။
မိုဝူကျီ ဘေးမှ ဆေးလုံး ဆရာများက သူ့အား ကျိတ်မရယ်ဘဲ မနေနိုင်ကြတော့ချေ။ သန့်စင်ခြင်းကြောင့် လက်အခြေအနေ ထိုမျှ ဖြစ်သွားသည့် ဆေးလုံးဆရာကို ပထမဆုံး မြင်ဖူးတာ ဖြစ်ကြသည်။
မိုဝူကျီက ထိုအကြည့်များကို မသိဟန်ဆောင်ကာ သူ့ကျောက်စိမ်း ပုလင်းကိုသာ ဆက်ကြည့်နေသည်။ သူ့ကျောက်စိမ်းပုလင်းတွင် ၆၃၂ ဟု အညွှန်းပါရှိလေ၏။
နှစ်မိနစ် အကြာတွင် မိုဝူကျီက ညင်သာသည့် လေပြည်လေးကို ခံစားမိလိုက်ပြီး သူ့မီးဖိုမှ ကျောက်စိမ်း ပုလင်းကား ပျောက်သွား လေသည်။
ထို့နောက်တွင် ကျောက်စိမ်း ပုလင်း အတန်းလိုက်က အကဲဖြတ် စားပွဲပေါ်တွင် ပြန်ပေါ်လာ၏။ အကဲဖြတ် စားပွဲနောက်တွင် လူလေးယောက် ရှိနေသည်။ ဆေးလုံး သခင်မင်နင် အပါအဝင်ဆိုလျှင် အတိအကျအားဖြင့် လူငါးယောက် ရှိနေသည်။
နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။ သူတို့က ငါ ဆေးလုံး သောက်တာကို တားလို့ မရတော့ဘူး မလား...
ထိုအရာကို တွေးမိလိုက်ပြီး မိုဝူကျီက ကုသဆေးလုံး ထုတ်ယူပြီး သောက်သုံး လိုက်တော့သည်။ သူ့လက်က အပူကြောင့် လောင်ကျွမ်းထားလေ၏။ သူသောက်သုံးလိုက်သော အဆင့်သုံး ဆေးလုံးသည် ဒဏ်ရာကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ မိနစ် အနည်းငယ်အတွင်း သူ့ဒဏ်ရာများက အမြန်နှုန်းဖြင့် ပြန်သက်သာ လာလေ၏။
ကျောက်စိမ်း ပုလင်းများကို သိမ်းယူပြီးနောက်တွင် ဆေးလုံး သခင်မင်နင်က အကဲဖြတ် စားပွဲသို့ ပြန်လျှောက်လှမ်းကာ ထိုင်လိုက်သည်။ အကဲဖြတ်ဒိုင် ငါးဦးတို့က ကျောက်စိမ်း ပုလင်းများကို တစ်ပုလင်းချင်းစီ ဖွင့်ပြီးတော့ စတင် အကဲဖြတ်ကြတော့သည်။
တစ်နာရီလောက် အကြာတွင် ဒိုင်ငါးယောက်က ပုလင်းပေါင်း တစ်ထောင်ကျော် စစ်ဆေးပြီး သွားလေပြီ။ ထိုအထဲမှ ၃၀၀ ကို ရွေးချယ်ထားကာ ဘေးတွင် ချထား၏။ ထို့နောက်တွင် ဆေးလုံးမင်နင်က မတ်တတ် ရပ်လိုက်ပြီးတော့ စင်မြင့်အလယ်သို့ လျှောက်လာသည်။ ထိုစဉ် အကြည့်အားလုံးက သူမအပေါ် ကျရောက်နေလေ၏။ သူမ ပြောမည့် စကားလုံးများက သူတို့အား ဒုတိယအဆင့် တက်ရောက်နိုင်၊ မရောက်နိုင် ဆုံးဖြတ်ပေးမှာ ဖြစ်သည်။
ဆေးလုံး သခင်မင်နင် မျက်လုံးက လူအုပ်ကြီးကို ကြည့်လိုက်ပြီးတော့ ကျယ်လောင်စွာ ကြေညာ လိုက်သည် “ပထမ အဆင့်အပြီးမှာ လူ ၃၀၀ ကို ရွေးချယ်ထားတယ် အခုကြေညာ မဲ့ နံပါတ်တွေနဲ့ ဆိုင်တဲ့ ဆေးလုံး ဆရာတွေက နေခဲ့ပြီးတော့ ကျန်သူများက ဒီနေရာက ထွက်သွားလို့ ရပါပြီ...”
“၁၈ ၃၉ ၁၇၆ ၉၈ ၂၄၄ ....” ဆေးလုံး သခင်မင်နင်မှ နံပါတ်တစ်ခု ကြေညာတိုင်း ပါဝင် ယှဉ်ပြိုင်သူများကား နှလုံးခုန် မြန်မြန်လာကြသည်။ သူတို့က နောက်နံပါတ် တစ်ခုသည် သူတို့ နံပါတ်ဖြစ်ရန် အလိုရှိကြသည်။
မိုဝူကျီလည်း အတူတူပင် ဖြစ်သည်။ သူ့နံပါတ်ကို အခေါ်ခံရမလားဟု စောင့်မျှော်နေမိသည်။ ဆေးလုံး ဆရာများစွာကို ခေါ်ပြီးသည့် နောက်တွင် မိုဝူကျီ စိတ်က လေးလံလာတော့သည်။
သူ့ကျင့်ကြံဆင့်က နိမ့်သေးသည့် အတွက် သံမဏိ အမြုတေ ဗောဓိအသီးကို သန့်စင်ရန် သူ့၏ “မွှေခြင်း” နည်းလမ်းကို အသုံးပြုခဲ့ ရသည်။ တချိန်တည်းတွင် သူက သန့်စင်ခြင်းတွင် သူ့စွမ်းအားများစွာ အလွန်အကျွံ အသုံးပြုခဲ့ရာ သန့်စင်မှု အရည်အသွေးတွင် ယုံကြည်ချက် အပြည့် မရှိပေ။
“၃၄ ၇၁၁ ...” ဆေးလုံးသခင်မင်နင်က ဆက်ကြေညာ နေဆဲ ဖြစ်ကာ မိုဝူကျီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ နေရာ ဆယ်နေရာမျှသာ ကျန်ရှိ တော့သည်။
“၄၉၁ ၅၆ ....” ဆေးလုံး သခင်မင်နင်က ကြေညာ ခြင်းကို ရပ်တန့် လိုက်တော့သည်။
မိုဝူကျီ အသားများ ကွဲလုမတတ် လက်သီးကို အတင်း ဆုပ်ထားလေ၏။ သူ့ ညာဘက်လက်က အခုမှ ပြန်ကောင်းမွန်လာစ ဖြစ်ကာ သွေးများ ထွက်လာတော့သည်။ သူ့နံပါတ် ၆၃၂ ကို မကြားမိသေးပေ။
မိုဝူကျီက စိတ်ဓာတ် ကျတော့မည့် ဆဲဆဲတွင် ဆေးလုံး သခင်မင်နင် အကြည့်က သူ့ဆီ ရောက်လာသည်ကို သတိထားမိသည်။ သူပြန်၍ မတုံ့ပြန်ခင် ဆေးလုံး သခင်မင်နင်က ထပ်ပြော လိုက်သည်။
“၆၃၂ ၂၁ ၂ ၈၀ ....”
မိုဝူကျီက နောက်က နံပါတ်များကို မကြားတော့ချေ။ ၆၃၂ ကိုသာ ကြားမိလိုက်သည်။
သူ အောင်မြင်သွားပြီ....
ထိပ်တန်း ၃၀၀ ထဲ ပါသွားပြီး ပထမအဆင့်ကို အောင်မြင် သွားလေပြီ....
သူက စိတ်လှုပ်ရှား နေသောကြောင့် ဆေးလုံး သခင်မင်နင်က သူ့နံပါတ် မကြေညာခင် ခေတ္တ ရပ်တန့်လိုက်သည့် အကြောင်းကို လျှစ်လျူရှု လိုက်တော့သည်။
မိုဝူကျီက ပြန်တည်ငြိမ် လာသောအခါ ဆေးလုံးသခင်မင်နင် ပြောတာကို ကြားလိုက်ရ၏။
“နံပါတ် အခေါ်ခံရတဲ့ ဆေးလုံး ဆရာတွေက နေခဲ့ပါ။ ကျန်သူများက ထွက်သွားလို့ ရပါပြီ....”
နံပါတ် အခေါ်မခံရသည့် ဆေးလုံး ဆရာများက စစ်ဆေးမှု နေရာမှ ခေါင်းငိုက်စိုက်ဖြင့် ထွက်သွား ကြသည်။
ဘေးတွင် ကျန်းရှောက်ခယ်က လက်သီးလက်မောင်း တန်းလျက် ရှိနေသည်။ မိုဝူကျီက အမှန်ပင် အောင်မြင် သွားခဲ့သည်။ တကယ်တမ်းတွင် မိုဝူကျီက ထိပ်ဆုံး အယောက် ၁၀၀ထဲ ဝင်နိုင်ခဲ့သည်။ မိုဝူကျီအတွက် မည်မျှ ခက်ခဲကြောင်း သူနားလည်သည်။ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်သာ ရှိနေသော အဆင့်သုံး ဆေးလုံးဆရာက သံမဏိ အမြုတေ ဗောဓိအသီးကို သန့်စင်နိုင်ခဲ့တာက အမှန်ပင် အံ့ဖွယ် ဖြစ်သည်။
“ဒီလူက...” ပရိသတ်ကြားမှ အမျိုးသမီးတစ်ဦးက မိုဝူကျီကို မျက်မှန်းတန်းမိသွားကာ ချက်ချင်းပင် တအံ့တဩ ဖြစ်သွားလေသည်။ အရင်တုန်းက လူထောင်ချီ ရှိနေစဉ်က မိုဝူကျီက မသိသာ မထင်ရှားပေ။ သို့သော် လူ ၈၀၀ ၉၀၀ လောက် ဖယ်ရှားပြီး နောက်တွင် ကျန်ရှိနေသော အယောက် ၃၀၀ ထဲတွင် သူမက မိုဝူကျီကို ချက်ချင်း သတိပြုမိ လိုက်သည်။
“ဝမ်အာ ဆေးလုံး ဆရာတွေထဲ သိတဲ့သူ ပါလို့လား...” ချူဝမ်အာဘေးတွင် မုတ်ဆိတ်နက်နှင့် လူကြီး တစ်ယောက် ရှိနေသည်။ ချူဝမ်အာ အံ့ဩသွားသည့် အသံကို ကြားသောအခါ သူက ချက်ချင်း မေးလိုက်သည်။
ပထမအဆင့် အောင်မြင်သည့် ဆေးလုံးဆရာကား သာမန်ရိုးရှင်းသော သူ မဟုတ်ကြောင်း သိနိုင်သည်။ ဝမ်အာက သူတို့ထဲမှ တစ်ယောက်နှင့် သိကျွမ်းနေလျှင် သူတိူ့အတွက် မဆိုးလှချေ။
ကောင်းကင် ဘုရားကျောင်းသည် ရှင်းဟန်အင်ပါယာတွင် နံပါတ်တစ် ဂိုဏ်းဖြစ်နေ၍ သို့မဟုတ် အင်ပါယာ၏ ကာကွယ်သူ ဂိုဏ်းဖြစ်နေ၍ အထင်မကြီးသင့်ပေ။ ပျောက်ဆုံး နယ်မြေ တစ်ခုလုံးတွင် ကောင်းကင် ဘုရားကျောင်းက အမှန်တကယ် ထူးချွန်လှသည်တော့ မဟုတ်ပေ။ ထို့အပြင် ဆေးလုံး ဖော်စပ်ခြင်းကား ကောင်းကင် ဘုရားကျောင်း ဂိုဏ်းအတွက် အခွင့်အရေးကောင်း မဟုတ်ခဲ့ပေ။ သူတို့တွင် မြေကမ္ဘာအဆင့် ဆေးလုံး ဆရာများစွာ ရှိသော်လည်း သူတို့အများစုက သက်တမ်း ၁၀၀ နှင့် အထက်ရှိနေသော လူအိုကြီးတွေ ဖြစ်ကြသည်။ လူငယ် ဆေးလုံး ဆရာများအနေနှင့် ကောင်းကင် ဘုရားကျောင်းက တချို့သော မြေကမ္ဘာအဆင့် ဂိုဏ်းများနှင့်ပင် မယှဉ်နိုင်ချေ။
ချူဝမ်အာက ခေါင်းညိတ် ပြလိုက်သည် “တပည့် သိတဲ့ လူ တစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲအချိန်တုန်းက သူက သေမျိုး တစ်ယောက် သူ့ရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ အကျင့်စရိုက်ကြောင့် သူ့ကို နှစ်ခါ ကူညီဖူးတယ်။ ဒါပေမဲ့လည်း အဲဒါက လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဖြစ်ခဲ့တာပါ...”
ချူဝမ်အာက မိုဝူကျီကို ဤပြိုင်ပွဲတွင် မြင်ရလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့အပြင် သူက ပထမအဆင့်ကိုပင် အောင်မြင် သွားသေး၏။ သူမက မိုဝူကျီကို နှစ်ခါ ကူညီဖူးသည်ဟု ပြောခဲ့သည်။ ပထမအကြိမ်က ရှေုာက်ဖန်က မိုဝူကျီကို သတ်ချင်နေသော အချိန်က ဖြစ်ကာ ချင်ကျန်းချောင်နှင့် သူမက ကြားဖြတ် ကူညီပေးခဲ့သည်။ ဒုတိယ အကြိမ်မှာ ချန်လောင်မှာ ရှိနေစဉ် မိုဝူကျီကို သူ့ဆေးဖော်စပ်ရေး ကိရိယာကို ဝယ်ယူဖို့ရာ အကြောင်းတစ်ခု ပြပြီး ကူညီပေးခဲ့သည်။
“မင်း သူ့ကို သေမျိုး လို့ ပြောလိုက်တာလား..” မုတ်ဆိတ်နက်နှင့် အကြီးအကဲက အံ့ဩတကြီး မေးလိုက်သည်။
ချူဝမ်အာက တွန့်ဆုတ်စွာ ပြန်ဖြေ လိုက်သည် “သူ့ကို သေမျိုးလို့တော့ ယူဆလို့ မရဘူး သူ့မှာ ဝိညာဉ်ကြောပါပေမဲ့ အဆင့်နိမ့် အရည်အသွေး ဖြစ်နေတယ် အစပိုင်းမှာ သူ ခြေခြောက်ချောင်း လျှပ်စီးမိကျောင်း နှစ်ကောင် သတ်တာကို တွေ့လိုက်တယ် သူက အသက်ကိုတောင် စတေးပြီးတော့ စွန့်စွန့်စားစား လုပ်ခဲ့တာ အဲတုန်းက သူ မကျင့်ကြံရသေးဘူး....”
သူမက မိုဝူကျီကို မေးဖူးသော်လည်း မိုဝူကျီက သူ့ သေမျိုး ဝိညာဉ်ကြော အကြောင်း အမှန်တိုင်း ပြောမပြခဲ့ဘဲ အဆင့်နိမ့် ဝိညာဉ်ကြော ရှိသည်ဟုသာ ပြောခဲ့သည်။ ထို့ကြောင့် ချူဝမ်အာသည် မိုဝူကျီက သေမျိုး ဝိညာဉ်ကြောနှင့် သေမျိုး တစ်ယောက် အမှန်တကယ် ဖြစ်ကြောင်း မသိပေ။
မုတ်ဆိတ်နက်နှင့် အကြီးအကဲက ခေါင်းညိတ် ပြလိုက်ပြီးတော့ “ဝမ်အာ မင်းက အရမ်းကို ရိုးသားလွန်းတယ်။ မကျင့်ကြံဖူးတဲ့ လူတစ်ယောက်က သူ့အသက် မမှုတာနဲ့ပဲ လျှပ်စီးမိကျောင်းကို သတ်နိုင်မယ်လို့ ထင်လား လွန်ခဲ့တဲ့ နှစ်ဝက်ကတောင် မကျင့်ကြံဖူးတဲ့ လူတစ်ယောက်က အခု ဒီစင်မြင့်ပေါ်ထိ ရောက်နေပြီးတော့ ပထမအဆင့်ကို အောင်မြင် သွားတာရော ဖြစ်နိုင်ရဲ့လား....”
“ဆရာ ပြောချင်တာက...” ချူဝမ်အာက မုတ်ဆိတ်နက် အကြီးအကဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်တော့သည်။
မုတ်ဆိတ်နက် အကြီးအကဲက ပြတ်ပြတ်သားသား ပြောလိုက်သည် “အရင်တုန်းက သူ ကျင့်ကြံဖူးရုံတင် မကဘူး။ သူ့မှာ လျှို့ဝှက်ချက် ရှိရမယ်။ အဲဒီလျှို့ဝှက်ချက်ကြောင့် သူ့ကို သေမျိုးလို့ ထင်နေရတာပဲ။ ဒါပေမဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက် မရှိတဲ့ ပါရမီရှင်ရယ်လို့ ရှိပါ့မလား...”
ချူဝမ်အာက သူမဆရာကို မဖြစ်နိုင်သည့် ဟန်ဖြင့် ကြည့်လိုက်သည်။ သူမ မိုဝူကျီကို ပထမဆုံး တွေ့စဉ်က သူ ဟန်ဆောင်နေသည်နှင့် မတူပေ။ သို့သော်လည်း မိုဝူကျီတွင် အပြောင်းအလဲများ မြင်ပြီး သူမ ဆရာ စကားများက သဘာဝ ကျလာလေ၏။
“ဝမ်အာ တကယ်လို့ သူက ထိပ်ဆုံး အယောက် ၁၀၀ ထဲ ဝင်နိုင်ခဲ့ရင် သူနဲ့တွေ့ဖို့ စီစဉ်ပေးနိုင်မလား...” မုတ်ဆိတ်နက် အကြီးအကဲက ပြောလိုက်သည်။
“ဆရာက တပည့်ကို သူ့ဆီက နေရာ တစ်နေရာစာ တောင်းစေချင်တာလား....” ချူဝမ်အာက သူမ ဆရာ စကားနောက်မှ အဓိပ္ပာယ်ကို နားလည်လေ၏။
ကောင်းကင် ဘုရားကျောင်း၏ ဆေးလုံး လမ်းစဉ်ကား ဘယ်သောအခါမှ အထင်မြင် ကြီးစရာ မကောင်းပေ။ သူတို့၏ လူငယ်ဆေးလုံးဆရာ တစ်ယောက်ယောက်က ထိပ်ဆုံး အယောက် ၁၀၀ သို့ ဝင်လျှင်ပင် သူတို့ လိုအပ်နေသော နေရာများနှင့် မကိုက်ညီသေးပေ။ ကောင်းကင် ဘုရားကျောင်းက ဂိုဏ်းကြီးဖြစ်သည့် အတွက် အဖွဲ့အစည်းများစွာနှင့် ပြိုင်ဘက်ကင်း တပည့်ရင်းများလည်း ရှိသေး၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ချင်သည့် အရေအတွက်က သူတို့ ရနိုင်မည့် အရေအတွက်နှင့် များစွာ ကွာဟနေလေသည်။ ချူဝမ်အာအတွက်ပင် တစ်နေရာစာ ရဖို့ မလွယ်ကူပေ။
မုတ်ဆိတ်နက် အကြီးအကဲက ခေါင်းညိတ် ပြလိုက်ပြီးတော့ “တကယ်လို့ သူက ထိပ်ဆုံး ၁၀၀ ထဲ ဝင်ရင် ငါတို့အတွက် နေရာ မရရင်တောင် သူနဲ့ ဆက်ဆံရေး တစ်ခုရှိထားလို့ ဆိုးကျိုး မရှိဘူး။ ပြီးတော့ ဒီလို ငယ်ရွယ်တဲ့ ဆေးလုံးသခင် တစ်ယောက်ရဲ့ အနာဂတ်က တောက်ပနေမှာ အသေအချာပဲ....”
ချူဝမ်အာက နှုတ်ခမ်း စူလိုက်ကာ ဘာမှတော့ ပြန်မပြောပေ။ သူမက မိုဝူကျီဆီမှ ရွှေပြား တစ်သိန်းဖြင့် ရိုးရိုးဆေးပင်ကို ဝယ်ယူခဲ့သည်က သူ့၏ အနိုင်မခံ အရှုံး မပေးစိတ်ဓာတ်ကို လေးစား၍ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူမက သနား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ သူမ အသိမှတ်ပြုသော လူတစ်ယောက်က ရွှေပြား တစ်သိန်းကြောင့် ကျရှုံးသွားမည်ကို မမြင်ချင်ပေ။
သူမက ထိုအဖြစ်အပျက် နောက်တွင် မိုဝူကျီအကြောင်း ထပ်မတွေးမိတော့ပေ။
သို့သော်လည်း အခြေအနေများက ပြောင်းလဲသွားဟန် ရသည်။ သူမ နှလုံးသားတွင် ပြောမပြတတ်သော ခံစားချက် တစ်ခု ရလိုက်သည်။ သူမက မိုဝူကျီကို ထိပ်ဆုံး ၁၀၀ ထဲ မပါနိုင်ဖို့ ဆုတောင်းမိသည်။ ထို့မှသာ သူမက အောက်ကျခံကာ မိုဝူကျီထံမှ တောင်းဆိုစရာ လိုမည် မဟုတ်တော့ပေ။ သူမက မိုဝူကျီနှင့် တွေ့လျှင်ပင် သူမက အရင်အကြောင်းများသာ ပြန်ပြောချင်ကာ နေရာအတွက် မမေးမြန်းလိုပေ။
ထိုသည်က သူမ မာနကြောင့်တော့ မဟုတ်ပေ။ ပို၍ အရေးကြီးသည်က မိုဝူကျီက အနိုင်ရ၍ နေရာရလျှင်ပင် သူမကို တစ်နေရာစာ ပေးရန် ခက်ခဲလိမ့်မည်မှန်း သိ၏။ ထို့အပြင် မိုဝူကျီက ဤပြိုင်ပွဲတွင် ဂိုဏ်းတစ်ခုကို ကိုယ်စားပြု ယှဉ်ပြိုင်ခြင်း ဖြစ်ကာ နေရာများကို ခွဲဝေပေးရမည့် ကိစ္စက သူ့အပေါ်တွင် မူတည် မနေလောက်ပေ။
ထိုစဉ် အဖြုတ်ခံလိုက်ရသည့် ဆေးလုံးဆရာများက စစ်ဆေးပွဲနေရာမှ ထွက်သွားကြသည်။ တစ်ချိန်တည်းတွင် မိုဝူကျီနှင့် ကျန်သူများကို အနားယူရန် တခြားနေရာသို့ ခေါ်ဆောင်သွား၏။ ဆေးမီးဖိုများကား မြေကြီးပေါ်မှ သယ်ဆောင် သွားကြပြီး အချိန်တိုအတွင်း လူအယောက် ၃၀၀ စာ ပန်းကြမ်းခင်းများဖြင့် ပြည့်သွားလေ၏။
ဆေးလုံး သခင်မင်နင်က မတ်တတ်ရပ်ကာ ပြောလိုက်သည် “ပါဝင်သူ အားလုံးက မိမိရဲ့ ဆေးကြမ်းခင်းရှေ့မှာ နေရာယူပေးကြပါ....”
ထိုအရာကို ဆေးကြမ်းခင်းလို့ ခေါ်မှန်း သိလိုက်ရ၏။ မိုဝူကျီက ၆၃၂ နံပါတ် ပါရှိသော ခုတင်သို့ လျှောက်လှမ်း သွားလိုက်သည်။
မင်နင်က ဆေးလုံးဆရာများ နေရာယူပြီးသည်ကို မြင်သောအခါ သူမက ကြေညာ လိုက်တော့သည်။
“ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ ဒုတိယအဆင့် စတင်ပါပြီ....”
***