← Chapters

မှင်တက်မိသော ဒုတိယအဆင့် ပြိုင်ပွဲ

Vol. 9 Ch. 123

မှင်တက်မိသော ဒုတိယအဆင့် ပြိုင်ပွဲ

Vol. 9 Ch. 123

မိုဝူကျီလက်က လုံးဝ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ ထိုစဉ် သူက နောက်ထပ် ခက်ခဲသော ဆေးပင်ကို သန့်စင်ရမည့် အရေးကို တွေးကာ အလွန်အမင်း စိုးရိမ်နေမိသည်။ ထိုသို့ ဖြစ်နိုင်ချေက အလွန် နည်းပါးသော်လည်း အကယ်၍ ထိုသို့ ဖြစ်လာပါက သူကား ချက်ချင်းပင် ပြုတ်သွားလိမ့်မည်။

ပတ်ဝန်းကျင်ကား လုံးဝ တိတ်ဆိတ်နေကာ ဆေးလုံး သခင်မင်နင် အသံသာ ကြားနေရသည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ချင်ကြတဲ့ လူတွေကြားမှာ ၉၀ ရာခိုင်နှုန်းလောက်က စစ်မှန်ခြင်း နတ်ဘုရား ပန်းကို ရှာချင်ကြလို့ဆိုတာ ယုံကြည်တယ်။ အဲဒီပန်းက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မြေကမ္ဘာနယ်ပယ် အဆင့်ရှိ ကျင့်ကြံသူတွေ အတွက် ကောင်းကင် နယ်ပယ်ရဲ့ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်တယ်။ အဲဒါကြောင့် တကယ့်ကို ပြိုင်ဖက်ကင်း ရတနာ တစ်မျိုးပဲ  ”

ဆေးလုံးသခင်မင်နင်က စစ်မှန်ခြင်း နတ်ဘုရားပန်း အကြောင်း ပြောသည်ကို ကြား၍ မိုဝူကျီက ချက်ချင်းပင် အသက် ရှူနှုန်းထိန်းကာ ဂရုစိုက်၍ နားထောင် လိုက်သည်။ ထိုပန်းအကြောင်းကို သူသိပ်မသိသေးပေ။ သူက ဘွားဘွား လင်းလောင်ကို ပေးရန် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို မရှာနိုင်လျှင်ပင် စစ်မှန်ခြင်း နတ်ဘုရားပန်းကို ရှာနိုင်သေး၏။ သူမက သူ့ကို ကူညီဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါရဲ့...

“စစ်မှန်ခြင်း နတ်ဘုရားပန်း အရွယ်ရောက်လာဖို့ နှစ်တစ်သိန်း လိုအပ်တယ်။  အရွယ်ရောက်ဖို့ အကြာဆုံး ဝိညာဉ်ဆေးပင်လို့ ပြောလို့ရတယ်  တချို့လူတွေက မေးချင် နေလိမ့်မယ်။  နှစ်တစ်သိန်း ကျော်နေတဲ့ ဝိညာဉ်ဆေးပင်တွေ အမြောက်အမြား ရှိတယ်။ ပြီးတော့ အဲထဲက ဆေးပင် အချို့ဆို အဆင့်လေး ဒါမှမဟုတ် အဆင့်ငါးတွေ ဖြစ်တာတောင် စစ်မှန်ခြင်း နတ်ဘုရားပန်းက အရွယ်ရောက်ဖို့ သက်တမ်း အကြာဆုံး ဘာလို့ ဖြစ်နေရတာလဲ...”

ဆေးလုံး သခင်မင်နင်၏ စကားများက မိုဝူကျီကို အမှန်ပင် ဘဝင်ခိုက်စေသည်။ သူက သူမ မေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း အမှန်ပင် မသိပေ။ ထို့အပြင် နှစ်တစ်သိန်း ထင်းရှူးသားသည် အဆင့်လေး ဆေးပင် ဖြစ်နေကြောင်း တွေးမိလိုက်သော အခါ စစ်မှန်ခြင်း နတ်ဘုရားပန်းကို မည်သည်က ထိုမျှ အံ့ဩဖို့ ကောင်းအောင် ပြုလုပ်ထားသနည်း...

ဆေးလုံးသခင်မင်နင်က ဆက်ပြောလိုက်သည် “အဲဒါက စစ်မှန်ခြင်း နတ်ဘုရားပန်းက သက်တမ်း နှစ်တစ်သိန်း ရှိမှ အသုံးဝင်လို့ပဲ ၉၉၉၉၉နှစ် ပန်းက လုံးဝကို အသုံးမဝင်ဘူး။ မြက်ရိုင်း သာသာပဲ ရှိတယ်....”

မိုဝူကျီက နောက်ဆုံးတွင် နားလည် သွားလေသည်။ သူ ထိတွေ့ဖူးသော ဝိညာဉ် ဆေးပင်များ အားလုံးကား သက်တမ်းကား များစွာ အကျိုးသက်ရောက်မှု မရှိပေ။ ဆေးဂုဏ်သတ္တိ များကို အကျိုး သက်ရောက် စေနိုင်သည်က ဆေးပင်များ၏ အဆင့်နှင့် အရည်အသွေးသာ ဖြစ်သည်။ သို့သော်လည်း ဤစစ်မှန်ခြင်း နတ်ဘုရားပန်းကား အမှန်ပင် သူမတူ ထူးခြားသော်လည်း သက်တမ်း နှစ်တစ်သိန်းအောက် ဖြစ်နေလျှင် သာမန်ပန်းကဲ့သို့သာ အကျိုးရှိလိမ့်မည်။ ဆေးလုံး သခင်မင်နင်က ထိုပန်းကား အရွယ်ရောက်ရန် သက်တမ်း အကြာဆုံး ဖြစ်သည်ဟု ပြောခြင်းကား အံ့ဩစရာ မဟုတ်တော့ပေ။ ထိုပန်းက အလွန် အဖိုးတန် လွန်းသည်လည်း အံ့ဩစရာ မရှိတော့ပေ။ ထို့အပြင် မည်သူက သက်တမ်း နှစ်တစ်သိန်း နေနိုင်မည်နည်း  အကယ်၍ ဝက်တစ်ကောင်က ထိုမျှ သက်တမ်းကြာကြာ နေနိုင်လျှင် သူ့ကို စစ်မှန်ခြင်း နတ်ဘုရားဟု ခေါ်ဆိုသင့်သည်။

“ပြီးတော့ လူအများ မသိသေးတဲ့ စစ်မှန်ခြင်း နတ်ဘုရားပန်း သဘော သဘာဝတွေ ရှိတယ်။ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကြောလိုမျိုး ပန်းတိုင်းမှာလဲ သူတို့ရဲ့ ကိုယ်ပိုင် သဘာဝဓာတ် ရှိကြတယ်။  သဘာဝဓာတ် ငါးမျိုးအပြင် လေ၊ ရေခဲနဲ့ လျှပ်စီးလိုမျိုး တမူထူးခြားတဲ့ သဘာဝ ဓာတ်လည်း  ရှိကြတယ်။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကနေ ကောင်းကင်အဆင့် တက်လှမ်းချင်တဲ့ ကျင့်ကြံသူ အတွက် သူက ပန်းကို ဖြစ်တတ်ဆန်း ရွေးလို့ မရဘူး။ သူ့ဝိညာဉ် ကြောနဲကိုက်တဲ့ ပန်းကို ရှာပြီး အသုံးပြုမှ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိမှာ...”

ဆေးလုံး သခင်မင်နင်၏ စကားများက ဆေးလုံးပြိုင်ပွဲနှင့် မဆိုင်တော့ပေ။ သူမက ထိုကျင့်ကြံခြင်း ဗဟုသုတများ ဝေမျှနေခြင်းသာ ဖြစ်သည်။

သူမ စကားက အားလုံး၏ အာရုံကို ဖမ်းစား ထားသောကြောင့် ဆေးလုံး သခင်မင်နင်က လေသံ ရုတ်တရက် ပြောင်းကာ ဆက်ပြော လိုက်သည် “ဒီနေ့ ကျွန်မတို့ရဲ့ ဒုတိယ ပြိုင်ပွဲက စစ်မှန်ခြင်း နတ်ဘုရားပန်းကို စိုက်ပျိုးဖို့ပဲ...”

တအံ့တဩ အသံများပင် ကြားလိုက်ရ၏။ မိုဝူကျီပင် အေးတိအေးစက် ဖြစ်သွားတော့သည်။

စစ်မှန်ခြင်း နတ်ဘုရားပန်းကို စိုက်ပျိုးရမှာလား.... နှစ်တစ်သိန်းလား... ဆေးလုံးသခင်မင်နင်က ရူးနေတာများလား.... သူမက အရွယ်ရောက်ပြီးသား ပန်း မရှာနိုင်ရင်တောင် ပန်းကို စိုက်ဖို့က တစ်ရက်၊ နှစ်ရက်နဲ့ ဖြစ်လာတာမှ မဟုတ်။

ဆေးလုံး သခင်မင်နင်က လက်ပြကာ လူအုပ်ကြီးကို ငြိမ်ဖို့ အချက် ပြလိုက်သည် “အားလုံး စိတ်အေးအေးထားပါ။ စစ်မှန်ခြင်း နတ်ဘုရားပန်းက အရွယ်ရောက်ဖို့ နှစ်တစ်သိန်း လိုပေမဲ့ အချိန်တိုအတွင်း အပင်ပေါက်နိုင်ပါတယ် ။ သင့်တော်တဲ့ အခြေအနေ အောက်မှာ တစ်ရက်အတွင်း စစ်မှန်ခြင်း နတ်ဘုရားပန်းက အပင်ပေါက်ပြီး ပန်းပွင့်နိုင်တယ်  သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအား တွေရယ် လူတွေရဲ့ အကူအညီနဲ ပေါင်းစပ်လိုက်ရင် ပိုမြန်သွားနိုင်တယ်...”

ထိုအရာကို ကြားပြီး လူအုပ်ကြီးက အခြေအနေကို သဘောပေါက် သွားလေသည်။ ထိုသို့ဆိုလျှင် တစ်ရက်၊ နှစ်ရက်သာ လိုအပ်လိမ့်မည်။ လက်ခံနိုင်သော အရာ ဖြစ်နေသေးသည်။ ထို့အပြင် ကျင့်ကြံသူများက ရက်အနည်းငယ် အခန်းပိတ် ကျင့်ကြံကြလေ့ ရှိသည်။

“ဒြပ်ငါးမျိုးကင်းမဲ့နယ်ကို ပထမဆုံးအကြိမ် သွားတုန်းက တစ်ယောက်က စစ်မှန်ခြင်း နတ်ဘုရားပန်း မျိုးစေ့တွေ ရာဂဏန်းလောက် တွေ့လာခဲ့တယ်  ဒီမှာ သဘာဝဓာတ် အမျိုးမျိုးနဲ့ မျိုးစေ့တွေ ရှိတယ်။ ဆေးလုံးဆရာ တစ်ယောက်ချင်းစီက ပန်းမျိုးစေ့ ကို ယူပြီးတော့ သင့်တော်တဲ့ စိတ်စွမ်းအင် ကျောက်တုံးနဲ့ ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ဆယ်တုံး ရရှိမယ်။ ဆေးလုံး ဆရာတွေက မိမိတို့ လိုတဲ့ သဘာဝ စိတ်စွမ်းအင်ကျောက်တုံးနဲ့ မျိုးစေ့ကို ကိုယ်တိုင် ရွေးချယ်ကြပါ ပြီးရင် ပြိုင်ပွဲ စဖို့ စောင့်နေပေးပါ... ”

မိုဝူကျီက သဘာဝ စိတ်စွမ်းအင် ကျောက်တုံးများ၊ ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ပတ်သက်လာလျှင် အစိမ်းသပ်သပ် မဟုတ်တော့ပေ။ စိတ်စွမ်းအင် ကျောက်တုံးများကို သဘာဝ စိတ်စွမ်းအင် ကျောက်တုံးနှင့် ရိုးရိုး စိတ်စွမ်းအင် ကျောက်တုံး ဟူ၍ ခွဲခြားနိုင်သည်။ လူအများစုက ရိုးရိုး စိတ်စွမ်းအင် ကျောက်တုံးများကို ကျင့်ကြံခြင်းနှင့် ဝယ်ယူခြင်းတို့တွင် သုံးလေ့ရှိကြပြီး သဘာဝ စိတ်စွမ်းအင် ကျောက်တုံးများကို သဘာဝ ဓာတ်ငါးမျိုးဖြင့် ပြန်ခွဲခြားထားသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့ ဖြစ်၏။ နောက်တစ်မျိုးက တစ်မူထူးသော သီးသန့် သဘောဝ ဓာတ်များဖြစ်သည့် - လေ၊ ရေခဲနှင့် လျှပ်စီးတို့ ဖြစ်ကြသည်။ သူတို့၏ တန်ဖိုးက ရိုးရိုးထက် အဆများစွာ တန်လေ၏။

မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများ အဆင့် သတ်မှတ်ထားမှုကို ကြားဖူးသည်။ အဆင့်များက - ဟွမ်၊ ရွမ်၊ မြေ နှင့် ကောင်းကင်တို့ ဖြစ်ကြသည်။ တချို့လူများက ဟွမ်အဆင့် ကျောက်တုံးများကို အဆင့်နိမ့် စိတ်စွမ်းအင်နှင့် ရွမ်အဆင့်ကို အလယ်အလတ် အဆင့် ကျောက်တုံးလို့လည်း ခေါ်ကြသည်။

ပုံမှန်အားဖြင့် အရောင်းအဝယ် ကိစ္စများတွင် အသုံးပြုသော  စိတ်စွမ်းအင် ကျောက်တုံးများက ရိုးရိုး ကျောက်တုံးများ ဖြစ်သည်။

ဆေးလုံး သခင်မင်နင် စကားဆုံးသည်နှင့် အစေခံ တပည့် ဆယ်ယောက်က သစ်သားဗန်းများ ကိုင်ဆောင်လာပြီး စင်မြင့်ထက်မှ ဆင်းလာကြသည်။

အစေခံ တပည့် တစ်ယောက်က မိုဝူကျီရှေ့သို့ သစ်သားဗန်း ယူလာလေသည်။ မိုဝူကျီက ကြည်လင်နေသည့် မျိုးစေ့ အမျိုးမျိုးကို မြင်လိုက်ရသည်။ မျိုးစေ့တစ်ခုချင်းစီက ပဲလက်မ လောက်ရှိ၏။  တစ်ချိန်တည်းတွင် စွမ်းအားများ ကြွယ်ဝသော စိတ်စွမ်းအင် ကျောက်တုံးများလည်း တွေ့လိုက်ရသည်။

စစ်မှန်ခြင်း နတ်ဘုရားပန်း မျိုးစေ့ကို ရွေးချယ်သောအခါ ပုံမှန်အားဖြင့် ကြီးထွားနှုန်း မြန်ဆန်စေရန် ကိုယ့်ဝိညာဉ်ကြောနှင့် ကိုက်ညီသော သဘာဝရှိသ့ည့် မျိုးစေကို ရွေးချယ်ရမည်။ သို့သော်လည်း မိုဝူကျီက သူ့တွင် ဝိညာဉ်ကြော မရှိကြောင်းတော့ ရှင်းရှင်းလင်းလင်း သိနေသည်။

အကယ်၍ သူ့တွင် ဝိညာဉ်ကြော မရှိပါက မျိုးစေ့ကို မည်သို့ ရွေးချယ် ရမည်နည်း....

“ဆေးလုံးဆရာ ကျေးဇူးပြုပြီးတော့ မျိုးစေ့ ရွေးပေးပါ...” မိုဝူကျီက မလှုပ်မယှက် ရပ်နေသည်ကို မြင်၍ အစေခံ တပည့်လေးက စိုးရိမ်လာကာ မိုဝူကျီ အတွေးများကို နှောင့်ယှက် လိုက်သည်။

“အင်း... ကောင်းပါပြီ...”

မိုဝူကျီက ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံးဆယ်တုံး ယူပြီးသည့် နောက်တွင်  သူ့ကိုယ်သူ အလှည့်ကျ မျိုးစေ့ ကောက်ယူရန် တိုက်တွန်း လိုက်သည်။

ထိုသည်က ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ အရင်တုန်းက သူ့တွင် ဟွမ် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံးများသာ ရှိဖူးခဲ့သည်။ သူလက်ထဲတွင် ရွမ် စိတ်စွမ်းအင် ကျောက်တုံးကို ကိုင်ထားလိုက်ပြီး စွမ်းအား သိပ်သည်းမှုနှင့် သန့်စင်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။ အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး တစ်တုံးက ထိုအရာနှင့် လုံးဝမယှဉ်နိုင်ပေ။

“ဆေးလုံးဆရာ ကျေးဇူးပြုပြီးတော့ သဘာဝ စိတ်စွမ်းအင် ကျောက်တုံးကိုလည်း ရွေးပေးပါ....” အစေခံ တပည့်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

မိုဝူကျီ အကြည့်က ဘေးတွင် ရှိနေသော သဘာဝ စိတ်စွမ်းအင် ကျောက်တုံးများ အပေါ်တွင် ရောက်သွားပြီး သူတို့၏ အရောင်က ရိုးရိုး စိတ်စွမ်းအင် အဖြူရောင် ကျောက်တုံး များဖြင့် ကွာခြားလှသည်။ သူတို့တွင် အရောင် အမျိုးမျိုး ရှိသည် - မီးသဘာဝက အနီရောင် ဖြစ်ပြီးတော့ သစ်သား သဘာဝကား အစိမ်းရောင် ...

မိုဝူကျီက သူရွေးချယ်ရမည့် သဘာဝကို စဉ်းစားနေစဉ် သူ့အကြည့်ကား အပြာရောင် စိတ်စွမ်းအင် ကျောက်တုံးပေါ်သို့ ကျရောက် သွားတော့သည်။ စိတ်စွမ်းအင် ကျောက်တုံးထဲတွင် လျှပ်စီးများ လင်းလက် နေလေသည်။

ထိုအရာက လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံး များလား.... မိုဝူကျီ နှလုံးသားက ရုတ်တရက် တုန်ခါလာလေသည်။ သူက သစ်သားဗန်းထဲက မျိုးစေ့ကို ချက်ချင်း ပြန်ထားလိုက်ပြီးတော့ ပြောလိုက်သည် “ကျွန်တော် မှားရွေးမိသွားတယ်....”

အစေခံ တပည့်၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ သူက လျှပ်စီး အရိပ်အယောင် ပါသည့် မျိုးစေ့ကို ချက်ချင်း ကောက်ယူ လိုက်သည်။ စစ်မှန်ခြင်း နတ်ဘုရားပန်း မျိုးစေ့က အမှန်ပင် ခွဲခြားရ လွယ်ကူပေသည်။ လျှပ်စီး သဘာဝ မျိုးစေ့သည် သီးသန့် ကွဲထွက်နေယောင် ရှိသည်။

မျိုးစေ့ကို ကောက်ယူပြီးသည်နှင့် မိုဝူကျီက လျှပ်စီးမျိုးစေ့ကို ကောက်ယူပြီးနောက် ပြောလိုက်သည် “ကျေးဇူး အများကြီး တင်ပါတယ် ကျွန်တော် သေချာ ရွေးပြီးသွားပါပြီ...”

အစေခံ တပည့်က မိုဝူကျီကို မှင်တက်စွာ ကြည့်လိုက် ပြီးနောက်တွင် နောက် ဆေးလုံးဆရာဆီ လျှောက်လှမ်း သွားတော့သည်။ သူ့သစ်သားဗန်းတွင် ထိုသည်က တစ်ခုတည်းသော လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံး ဖြစ်ကာ မည်သူမျှ မရွေးလောက်မှန်း ထင်ထားခဲ့သည်။ တစ်ယောက် ယောက်က အမှန်တကယ်‌ ရွေးလိုက်သည်ကို စဉ်းစားကြည့်မိလျှင် ထိုကောင်လေးက အရှုံးပေးချင် နေတာများလား.... သူလိုမျိုး အစေခံ တပည့်ပင် ပုံမှန် သဘာဝ ဓာတ်ငါးမျိုးရှိသည့် မျိုးစေ့နှင့် ယှဉ်လျှင် သီးသန့် သဘာဝ ရှိသော မျိုးစေ့က စိုက်ပျိုးရန် အဆများစွာ ခက်ခဲကြောင်း သိ၏။

မိုဝူကျီက ဆေးလုံး သခင်မင်နင်သည် သူ့ကို ထပ်ကြည့်လိုက်မှန်း သတိပြုမိလိုက်သည်။ သို့သော် သူလှည့်ကြည့်သောအခါ  ထိုသို့ မဟုတ်တော့ပေ။ ဆေးလုံး သခင်မင်နင်က သူ့အား အာရုံစိုက်သည် ဖြစ်စေ။ မစိုက်သည် ဖြစ်စေ မိုဝူကျီက သိပ်ဂရုမစိုက်ပေ။

မိုဝူကျီတွင် ဝိညာဉ်ကြော မရှိသော်လည်း သူက အချိန်အတော်ကြာ ချီသွေးကြောများ ဖွင့်ရန် လျှပ်စီးကို အသုံးပြုခဲ့ရသည့် အတွက် သူ့ဝိညာဉ် စွမ်းအားများတွင် လျှပ်စီးအချို့ ပါဝင်နေလေ၏။ ထိုနည်းပါးလှသော ဖြစ်နိုင်ချေကြောင့်သာ မိုဝူကျီက လျှပ်စီး သဘာဝရှိသော မျိုးစေ့နှင့် စိတ်စွမ်းအင် ကျောက်တုံးကို ရွေးလိုက်တာ ဖြစ်သည်။

နောက်ထပ် နာရီဝက်အကြာတွင် ပြိုင်ပွဲဝင် အားလုံးက မျိးစေ့ကိုယ်စီ ရပြီးကျလေပြီ။ ထိုအခါမှ မင်နင်က ဆက်ပြောလိုက်သည် “ဆေးလုံးဆရာတိုင်းက မိမိရဲ့ကိုယ်ပိုင် မျိုးစေ့ကို ရွေးချယ် ပြီးသွားကြပြီ။ အချိန်က နာရီ ၂၀ ပေးထားမယ်။  ဒီတစ်ခါတော့ လူတစ်ရာပဲ ရွေးမယ် ဒီတစ်ကြိမ် ပြီးတာနဲ့ ပထမအဆင့်က အမှတ်နဲ့ ပြန်ပေါင်းပြီးတော့ ရလဒ်ကို ကြေညာပေးမှာ ဖြစ်ပြီးတော့ အနည်းဆုံး အယောက် ၁၅၀ က အဖြုတ်ခံရမယ်...”

ဆေးလုံးသခင် မင်နင်၏ ကြေညာ ချက်အပြီးတွင် ဆေးလုံး ဆရာတိုင်းက ဆေးခုတင်အထဲရှိ မြေကြီးများကို စတင် စီစဉ်ကျတော့သည်။ ထိုစဉ် မိုဝူကျီက ဆေးကြမ်းခင်း၏ အသုံးပြုမှုကို နားလည် သွားလေ၏။ ထိုသည်က မျိုးစေ့ကို စိုက်ပျိုးရန် အတွက် ဖြစ်သည်။

ဆေးကုတင်က တစ်မီတာ ဝန်းကျင်ရှိပြီးတော့ ဘေးတွင် ရေပုံးတစ်ပုံး ချပေးထား၏။

မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သော်လည်း သူက ဝိညာဉ်ဆေးပင်ကို တစ်ခါမှ မစိုက်ပျိုးဖူးပေ။ သူစိုက်ဖူးသော ဆေးပင်များမှာ ကမ္ဘာမြေမှာ ရှိနေစဉ်က ဖြစ်သည်။ သူ ပထမဆုံး စိုက်ပျိုး ကြည့်ရမည့် ဝိညာဉ် ဆေးပင်က စစ်မှန်ခြင်း နတ်ဘုရားပန်း ဖြစ်နေသေးသည်။ ထိုသည်က သူ့ကို ကြောင်အ သွားစေသည်။

မိုဝူကျီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဆေးလုံးဆရာအချို့က စိတ်ဝိညာဉ် ကျောက်တုံးများကို ချေကာ မြေကြီးနှင့် ရောနှောလိုက်သည်။ ထို့နောက်တွင် မျိုးစေ့ကို ချကာ စိုက်လိုက်ပြီး ရေလောင်း ပေးလိုက်သည်။

ရေမလောင်းခင် စိတ်ဝိညာဉ် ကျောက်တုံးများကို ရေထဲ စိမ်လိုက်သည့် ဆေးလုံးဆရာ အချို့လည်း ရှိသည်။ မျိုးစေ့နှင့် စိတ်စွမ်းအင် ကျောက်တုံးကို သူတို့ လက်ထဲတွင် ရောကိုင် ထားလိုက်ပြီး တိုက်ရိုက် စွမ်းအား ထိတွေ့စေသည့် သူများလည်း ရှိကြသည်။

ထိုဆေးလုံးဆရာများ၏ အပြုအမူကား ချောမွေ့လှသည်။ သူတို့အတွက် ပထမဆုံး အကြိမ် မျိုးစေ့ စိုက်ပျိုးခြင်း မဟုတ်နိင်ပေ။

မိုဝူကျီက ကမ္ဘာမြေမှ သူ့နည်းလမ်းကို အသုံးပြုဖို့ မဆုံးဖြတ်ခင်အထိ တွန့်ဆုတ်နေမိသည်။ သူက မြေကြီးထဲတွင် တွင်းအသေးလေး တူးကာ မျိုးစေ့ကို ထားလိုက်သည်။ ထို့နောက်တွင် ပြန်ဖုံးလိုက်ပြီးတော့ ရေလောင်း ပေးလိုက်သည်။

မိုဝူကျီအပေါ်တွင် အာရုံစိုက်နေသော ဆေးလုံး သခင်မင်နင်က သူ့အပြုအမူများကို တွေ့သောအခါ အံ့အားသင့် သွားလေ၏။ သူမက မရယ်မောဘဲ မနေနိုင်တော့ချေ။ ဒီကောင်လေးက စစ်မှန်ခြင်း နတ်ဘုရားပန်း မျိုးစေ့ကို သာမန်ပဲစေ့ပင် ကဲ့သို့ စိုက်ပျိုးနေတာလား....

“ဖူး....” မိုဝူကျီကို မည်သို့ ရင်ဆိုင်ရမလဲဟု တွေးပူနေသော ချူဝမ်အာပင် မရယ်မောဘဲ မနေနိုင်ချေ။

သူမက ဆေးလုံး လမ်းစဉ်နှင့် မရင်းနှီးကာ ဆေးပင်များ စိုက်ပျိုးသည့် အကြောင်း မသိသော်လည်း မိုဝူကျီ လုပ်နေသည့် အတိုင်း မဟုတ်မှန်းတော့ သေချာသိသည်။ သူက ပဲစေ့ပင်ကဲ့သို့ သဘောထားကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုသို့ အောင်မြင်သွားလျှင် လယ်သမားများကိုပင် ခေါ်ပြီးတော့ ပြိုင်ခိုင်းကြလိမ့်မည်။

သူမဘေးရှိ မုတ်ဆိတ်နက် အကြီးအကဲက ခေါင်းကို ခါလိုက်သည်။ မိုဝူကျီက ဟန်ဆောင် နေသည်လား သို့မဟုတ် အမှန်ပင် ဝိညာဉ်ဆေးပင်များ မည်သို့ စိုက်ပျိုးရမည်ကို မသိတာလား မပြောတတ်တော့ပေ။

***

All Chapters