မင်း သေသင့်တယ်
Vol. 7 Ch. 94
*ယဲ့ဖန်*
*သူပြန်လာတယ်*
ယဲ့ဖန်ကို မြင်လိုက်သည်နှင့် ယဲ့ကလန်သားများ အားလုံး အံ့ဩတကြီးနှင့် ခေါင်းမော့ ကြည့်လိုက်ကြသည်။
"မဟုတ်ဘူး… ယဲ့ဖန်… မြန်မြန် ...ပြေးတော့"
"ဖန်… မင်း ဘာလို့ ပြန်လာတာလဲ? ဘာလို့လဲ?"
"မဟုတ်ဘူး… ဖန်… မင်းက ယဲ့ကလန်ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ ဒီက မြန်မြန် ထွက်သွားတော့ ... ကျေးဇူးပြုပြီး… သွားပါတော့"
ယဲ့ကလန်သားများအားလုံး ယဲ့ဖန်ကို အော်ဟစ်ပြောဆိုနေကြသည်။ ယဲ့ဖန်သာ အသက်ရှင်မယ်ဆိုလျင် သူတို့ သေရမည်ကိုလည်း မကြောက်တော့ပါ။
သို့သော် သူတို့နှင့်အတူ ယဲ့ဖန်ပါ သေသွားမှာကိုတော့ သူတို့ စိုးထိတ်မိသည်။ ယဲ့ကလန်တစ်ခုလုံး ပျက်သုဉ်းရတော့မည်ကို သတိပြုမိပြီး ယဲ့ကလန်သားများ အားလုံး စိတ်ပျက်သွားကြသည်။
ယဲ့ကလန်သားများနှင့် သေဆုံးသွားကြသော သူများ၏ အလောင်းများကို ကြည့်ပြီး ယဲ့ဖန် စိတ်ထိခိုက်ကာ "ငါ့ကလန်ဝင်တွေ!" တွေဟု အော်ဟစ်လိုက်မိသည်။
ယဲ့ဖန် စကားကြောင့် ကလန်သားများအားလုံး ချက်ချင်း တိတ်ကျသွားသည်။
….
သူတို့အားလုံး ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။
သူတို့၏ စိတ်အား တက်ကြွသွားသည့် အကြည့်များကို ကြည့်ရင်း ယဲ့ဖန်က တည်ငြိမ် အေးစက်စွာ ပြောလိုက်သည်။
"အရင်တုန်းက မင်းတို့ ငါ့ကို လှောင်ပြောင်ခဲ့တဲ့ အတွက် ငါ မင်းတို့ကို အထင်သေးခဲ့မိတယ်။ ဒါပေမယ့် မင်းတို့က ယောကျ်ား တစ်ယောက်လို သေရဲမှတော့ မင်းတို့က ငါ့ကလန်သားတွေ ဖြစ်ဖို့ အရည်အချင်း ပြည့်မှီတယ်"
"အသက်ရှင်ဖို့ အတွက် အရှက်မရှိ တောင်းဆိုနေမယ့် အစား သေတဲ့အထိ တိုက်ပွဲဝင် တာကမှ ယဲ့ကလန်သား အစစ်တွေပဲ"
ထိုသို့ ပြောပြီး ယဲ့ဖန်က ယဲ့လုံနှင့် အခြားစစ်ခုန်ကလန်၏ အကြီးအကဲများကို တင်းမာစွာ စိုက်ကြည့်ကာ "ကျုပ်ကလန်သားတွေကို သွေးမြေကျအောင် လုပ်မှတော့ ခင်ဗျားတို့ သေကို သေရမယ်။ ကျုပ်ကလန်သားတွေကို သတ်ခဲ့သလို ခင်ဗျားတို့ အသတ်ခံရမယ်"
"ခင်ဗျားတို့ သေသင့်တယ်"
…
ယဲ့ဖန်၏ စကားများက ယဲ့ကလန်သားများ၏ ရင်ထဲတွင် ချိန်ကိုက်ဗုံးအလား ပေါက်ကွဲလာကာ ယဲ့ကလန်သားများ စိတ်အားတက်ကြွလာသည်။
ယဲ့ကလန်သားတိုင်း သွေးပွက်ပွက်ဆူလာသည်။
"ယဲ့ဖန်!"
"ယဲ့ဖန်!"
"ယဲ့ဖန်!"
ယဲ့ကလန်သားတိုင်းက ယဲ့ဖန်၏ အမည်အား စိတ်အား တက်ကြွစွာဖြင့် ရူးမတတ် အော်ဟစ် နေကြသောကြောင့် မျက်နှာများ နီရဲလာသည်။ တစ်ချိန်တည်းမှာပဲ ယဲ့ဖန်သည် သူတို့၏ စံပြပုဂ္ဂိုလ်နှင့် မျှော်လင့်ချက် ဖြစ်လာသည်။
သူတို့ သေလုဆဲဆဲပင် ဖြစ်နေသော်လည်း သူတို့၏ မျှော်လင့်ချက်ကိုတော့ လုံးဝ မစွန့်လွှတ်နိုင်ပါ။
ယဲ့ကလန်သားများ သာမက ယဲ့ကလန်၏ အကြီးအကဲများ ဖြစ်သော ယဲ့ဖန့်ချန်၊ ယဲ့ယွင်ရှန်နှင့် ယဲ့ယွင်ဟိုင်တို့ပါ တိုက်ပွဲဝင်စိတ်ဓာတ်များ တိုးပွားလာသည်။
ဒါမှ ယဲ့ကလန် ဖြစ်သည်။ အသက်ရှင်ဖို့ အတွက် အရှက်မရှိ တောင်းဆိုနေမယ့် အစား သေတဲ့အထိ တိုက်ပွဲဝင်တာကမှ ယဲ့ကလန်သား အစစ်တွေပဲ!
"သူတို့ကို သတ်ပစ်!"
"သူတို့ကို သတ်ပစ်!"
"သူတို့ကို သတ်ပစ်!"
ယဲ့ကလန်သားတိုင်းက အရူးအမူး အော်ဟစ်နေကြသည်။ သူတို့က သေသည်အထိ တိုက်ပွဲဝင်ရဲသည်ပဲ သည်တော့ ဘာကို ဂရုစိုက်ရမည်နည်း။
သူတို့ကလန်တစ်ခုလုံး ပျက်သုန်းသွားလျင်လည်း ဘာအရေးလဲ။ သူတို့ ယုံကြည်မှုက ရှင်သန်နေသရွေ့ သူတို့ကလန်က ထာဝရ တည်ရှိနေမည်ဖြစ်သည်။
ယဲ့လုံ၊ စစ်ခုန့်ထို့နှင့် အခြား စစ်ခုန်ကလန်ဝင်များ ဒေါပွလာသည်။ ယဲ့ဖန်၏ စကားလုံးလေး အနည်းအငယ်လောက်နှင့် ယဲ့ကလန်၏ တိုက်ပွဲဝင်စိတ်များ တက်ကြွလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။
"သေစမ်း…သေစမ်းကွာ"
ယဲ့ကလန်မှ မည်သူမျှ ယခု ယဲ့ဖန် ဆက်ဆံခံရသလို တစ်ခါမှ မခံရဖူးသဖြင့် ယဲ့လုံ သူ့ကို အားကျမိသည်။ ထို့ပြင် သူတို့ကလန်သားများ၏ အကြည့်များအရ ယဲ့ဖန်ကို သူတို့၏ နတ်ဘုရားအဖြစ် မှတ်ယူထားသည့်ပုံပင်။ ထို့ကြောင့် ယဲ့လုံက စစ်ခုန်ထို့ကို ပြောလိုက်သည်။
"ယောက္ခမကြီး … အဲ့ကောင်က ယဲ့ဖန်ပဲ။ သူ့ကို ဖမ်းပြီး သတ်လိုက်ပါ။ ကျွန်တော် သူ့အရွတ်တွေကို ဆွဲထုတ်ပြီး သူ့အရိုးတွေကို တစစီဖြစ်အောင် ခုတ်ပစ်ချင်တယ်"
ယဲ့လုံ၏ လေသံက အလွန်ကို ရက်စက်လှသည်။
စစ်ခုန်ကျင့်ကလည်း အလွန် မုန်းတီးဟန်ဖြင့် ထပ်ပြောလိုက်သည်။
"ပါးပါး ... ကော်စန်းကို သတ်လိုက်တာ အဲ့ကောင်ပဲ။ သမီးကို အတင်း ကိုယ့်ပါးကိုယ် ရိုက်ခိုင်းတာလဲ သူပဲ။ သူ့ကို သတ်လိုက်ပါ။ သူ့ကို မြန်မြန် သတ်ပစ်လိုက်ပါ"
စစ်ခုန်ကျင့် ယဲ့ဖန်ကို အလွန် မုန်းတီးသည်။ သူမစကားကြောင့် စစ်ခုန်ထို့၏ မျက်နှာက အလွန်မည်းမှောင်လာသည်။
ယဲ့ဖန်ကို စိုက်ကြည့်ကာ ခက်ထန်စွာ ကြည့်၍ "ယဲ့ဖန်… ဟုတ်လား…ဒီအတိုင်း ပုရွတ်ဆိတ်လေးပါပဲကွာ"
စစ်ခုန်ထို့က လက်တစ်ချက်လှုပ်ကာ "သူ့ကို သွားသတ်လိုက်၊ သူ့ကို တစစီဖြစ်အောင် လုပ်လိုက်ကြ"
….
စစ်ခုန်ထို့၏ စကားအဆုံးတွင် စစ်ခုန်ကလန်၏ အကြီးအကဲများစွာက ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
သံမဏိဓားများကို လက်ကဆွဲ၍ ပြေးဝင်လာသော သူတို့ပုံက အလွန် ရက်စက်ပုံရသည်။
ထိုသူတို့က ရက်စက်သော ဝံပုလွေအုပ်စုကဲ့သို့ ယဲ့ဖန်ထံ ပြေးလာကြသည်။
"သွားသေလိုက်တော့"
အကြီးအကဲများက ယဲ့ဖန်ကို အလွန်မုန်းတီးသည့်ဟန်ဖြင့် အားဖြင့်လက်ကို လွှဲကာ ဓားကို ခုတ်ချလိုက်သည်။
ဤတိုက်ပွဲကို ကြည့်နေကြသော ယဲ့ကလန်သားများ ချွေးဒီးဒီးကျနေကြသည်။ သူတို့ ယဲ့ဖန်အတွက် စိုးရိမ်နေကြသည်။
သို့သော် ယဲ့ဖန်က နေရာတွင် ရပ်မြဲတိုင်း ရပ်နေကာ သွေးဆာနေသည့် အပြုံးဖြင့် ပြုံးနေသည်။
"မင်းတို့က ငါ့ကလန်သားတွေကို သတ်ခဲ့မှတော့ မင်းတို့ကို တစစီ ဖြစ်အောင် ချိုးဖဲ့ ပစ်ရမှာပေါ့"
ယဲ့ဖန်က ကြမ်းပြင်ပေါ်ရှိ ဓားကို တစ်ချက် ဆောင့်နင်းလိုက်သောအခါ ဓားက လေပေါ် မြောက်တက်လာသည်။
ထိုဓားကို ယဲ့ဖန်က ဖမ်းကိုင်ပြီးနောက် လှစ်ခနဲ ပျောက်သွားသည်။
အားလုံး၏ အကြည့်အောက်မှာပင် ယဲ့ဖန် ပျောက်ကွယ်သွားသည်။
*ဟာ*
သူ ပျောက်သွားတာကို ကြည့်ပြီး စစ်ခုန်ကလန်၏ အကြီးအကဲများ ဇဝေဇဝါဖြစ်ကာ မျက်နှာများ ရှုံ့တွလာသည်။
ဘာရယ်ကြောင့်မှန်း မသိဘဲ ထိုအချိန်တည်းမှာပင် အလွန် ရက်စက်သည့် ချီဓာတ်က သူတို့ကို ဖုံးလွှမ်းလာသလို ခံစားလာရသည်။
ငရဲဝကို ခြေချလိုက်မိသလို ခံစားလိုက်မိပြီး ကြက်သီး တဖြန်းဖြန်းထကာ ခေါင်းမွှေးတွေပါ ထောင်လာသည်။
"မဖြစ်ဘူး…ပြန်ဆုတ် ... မြန်မြန်လုပ်"
ထိုစဉ်မှာပဲ ယဲ့ဖန်က သူတို့ကျောဘက်၌ တစ္ဆေတစ်ကောင်လို ပြန်ပေါ်လာသည်။
….
ဥက္ကာပျံ ပြုတ်ကျလာသလို အလင်းတန်း တစ်ချက်ပေါ်လာကာ စစ်ခုန်ကလန်၏ အကြီးအကဲများ အားလုံး တုပ်တုပ်တောင် မလှုပ်တော့ပေ။
*ဟမ်*
အားလုံး မှင်တက်သွားသည်။
ယဲ့ကလန်သားများ အားလုံးနှင့် စစ်ခုန်ကလန်က သူများ ဇဝေဇဝါဖြင့် ပြူးကြည့် နေကြသည်။
စစ်ခုန်ကလန်၏ အကြီးအကဲများ ဘာကြောင့် ငြိမ်နေကြသလဲ ဆိုတာကို သူတို့ စဉ်းစားလို့ မရကြပေ။
ထိုစဉ် စစ်ခုန်ကလန်မှ အကြီးအကဲများ၏ အသားစများ လျှောကျလာသည်။
ထို့နောက်မှာတော့ သူတို့ တစ်သက်လုံး မမေ့နိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက် ကြရသည်။
ဖုတ်!
ဖုတ်!
ဖုတ်!
ဖုတ်!
တစ်ယောက်ချင်းစီ၏ ကိုယ်မှ အသားစများက တဖြုတ်ဖြုတ်နှင့် ပြုတ်ကျလာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် စစ်ခုန်ကလန်၏ အလွန် ရက်စက်သော အကြီးအကဲ ဆယ်ယောက်လုံး ကိုယ်လက်အင်္ဂါ မစုံတော့သော အလောင်းများ အဖြစ်သို့ ကူးပြောင်း သွားကြသည်။
ခြံဝန်းတစ်ခုလုံး တိတ်ကျသွားသည်။
ကြောက်မက်ဖွယ် ကောင်းသော သွေးပျက်ဖွယ် မြင်ကွင်းကြောင့် လူတိုင်း သေမတတ် ကြောက်လာကြသည်။
*သေကုန်ပြီ*
*သူတို့အားလုံး သေကုန်ပြီ*
*မ… မဖြစ်နိုင်လိုက်တာ*
ယဲ့ကလန်သားများ သာမက စစ်ခုန်ကလန်မှ လူများပါ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် စစ်ခုန်ကလန်၏ အကြီးအကဲ ဆယ်ယောက်လုံး အပြတ် ရှင်းခံလိုက်ရသည်။
နတ်ဆိုးတစ်ကောင်ကသာ ဤသို့ ရက်ရက်စက်စက် ပြုမူနိုင်ပေမည်။
….
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်ကာ ထိတ်လန့်နေကြသည်။
ယဲ့ကလန်သားများ စိတ်လှုပ်ရှားလွန်းနေ သောကြောင့် အသိစိတ် လွတ်မတတ် ဖြစ်နေသည်။
*လူဆယ်ယောက်ကျော်လောက်ကို စက္ကန့်ပိုင်းလောက်နဲ့ သူ သတ်ပစ်လိုက်တယ်*
"ယဲ့ဖန်!"
"ယဲ့ဖန်!"
"ယဲ့ဖန်!"
ယဲ့ကလန်သားများက ယဲ့ဖန်အား အလွန်လေးစားလာကာ သူ့နာမည်ကို ကျယ်လောင်စွာ ဟစ်အော်နေကြသည်။
"ယဲ့ဖန်" ဟူသည့် စကားလုံးနှစ်လုံးက သူတို့ အရိုးထဲတွင် စွဲထင်နေကာ ဘယ်သောအခါမှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။
စစ်ခုန်ထို့နှင့် စစ်ခုန်ကလန်၏ အကြီးအမှူးများပါ မှင်တက်အံ့ဩနေကြသည်။
အလောင်းများကို ကြည့်ပြီး သူတို့ မျက်ခုံးလှုပ်လာကြသည်။