← Chapters

ကျင့်ကြံခြင်းတွင်လည်း အသက်ရှိ၏

Vol. 9 Ch. 124

ကျင့်ကြံခြင်းတွင်လည်း အသက်ရှိ၏

Vol. 9 Ch. 124

မိုဝူကျီက မည်မျှပင် ရူးမိုက်စေကာမူ ဤနေရာတွင် ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူက ထိုအရာကို ပြီးစီးသည်နှင့် လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံးကို စတင်အသုံးပြုကာ မျိုးစေ့ ဘေးပတ်လည်မှ မြေကြီးများကို အထက်အောက် လှန်ပေးလိုက်သည်။ အမှန်က မိုဝူကျီသည် လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံးကို နှိုးဆော်ရန် သူ့သဘာဝ စွမ်းအားကို လှည့်ပတ်နေခြင်း ဖြစ်သည်။

မိုဝူကျီ ကိုယ်တိုင်ပင် ထိုသို့ လုပ်ရသည့် ရည်ရွယ်ချက်ကို မသိသော်လည်း သူ့တွင် ဝိညာဉ်ဆေးပင်ကို စိုက်ပျိုးရမည့် တခြားနည်းလမ်း မရှိပေ။

နှစ်နာရီ အကြာတွင် မိုဝူကျီက ရပ်တန့်လိုက်ပြီး သူ့လက်ထဲမှ လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံးကို ကြည့်လိုက်သည်။ စိတ်စွမ်းအင် ကျောက်တုံးက မူလ အရွယ်အစားထက် ထက်ဝက်လောက် သေးလာသည်နှင့် ဝိညာဉ် စွမ်းအားအများစု ပျောက်သွားသည်ကို သတိပြုမိပြီးတော့ မိုဝူကျီက ဆေးကြမ်းခင်းပေါ်က မြေကြီးကို သံသယနှင့် ကြည့်လိုက် တော့သည်။ ဆေးကြမ်းခင်း ပေါ်ရှိ  မြေကြီးမှ ဝိညာဉ် စွမ်အားများက များစွာ တိုးမလာပေ။ ထိုဝိညာဉ် စွမ်းအားများက ဘယ်နေရာသို့ ရောက်သွားသနည်း....

မကြာခင်တွင် မိုဝူကျီက အခြေအနေ အရပ်ရပ်ကို ဖမ်းဆုပ် မိလိုက်၏။ စိတ်စွမ်းအင် ကျောက်တုံးမှ စွမ်းအားများကို မျိုးစေ့မှ စူပ်ယူ ပစ်လိုက်သည် များလား....

ထိုအတွေးဖြင့် မိုဝူကျီက သာမာန် စိတ်စွမ်းအင် ကျောက်တုံးကို လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံးနှင့် အတူတူ သုံးကာ မြေကြီးထဲ ထားလိုက်သည်။ ထို့နောက်တွင် သူက သဘာဝ စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ထိုကျောက်တုံးများကို နောက်တစ်ကြိမ် နှိုးဆွလိုက်သည်။

နောက်ထပ် လေးနာရီ ကုန်ဆုံးသွားပြီး သူ့လက်ထဲမှ လျှပ်စီး စိတ်စွမ်းအင် ကျောက်တုံးကား လုံးဝ ပျောက်ကွယ် သွားလေပြီ။ သာမာန် စိတ်စွမ်းအင် ကျောက်တုံး အရွယ်အစားက တစ်ဝက်ကျော်‌ လျော့ကျသွား၏။ တူညီစွာ မိုဝူကျီက မြေကြီးထဲမှ ဝိညာဉ် စွမ်းအားက သိသိသာသာ တိုးလာခြင်း မခံစားမပေ။ ထိုသည်က မိုဝူကျီကို ယုံကြည်ချက်ကို တစ်ဟုန်ထိုး မြင့်တက်စေသည်။

စိတ်စွမ်းအင် ကျောက်တုံး နှစ်တုံး ပြောင်းပြီးသည့် နောက်တွင် မိုဝူကျီက ဝိညာဉ် စွမ်းအားများကို လှုံ့ဆော်ဖို့ သူ့နည်းလမ်းကို ဆက်သုံးလိုက်သည်။

နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံး နှစ်တုံး၏ စွမ်းအားများလည်း အကုန် စုပ်ယူခံလိုက်ရပြီး နောက်တွင် မိုဝူကျီက တစ်ခုခု ကွဲပြားနေကြောင်း ခံစားမိလိုက်သည်။ သူ့လှုံ့ဆော်ပေးနေသည့် သဘာဝ စွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများက ကွယ်ပျောက် မသွားခင် မြေကြီးမှ ထွက်လာသော အားတစ်ခု၏ စုပ်ယူမှုကို ခံလိုက်ရဟန် ရှိသည်။ ထိုအားတွင် အဆုံးမဲ့ အသက်ဓာတ်များ ပါဝင် နေလိမ့်မည်ဟု  မိုဝူကျီက မျှော်လင့် မထားခဲ့ပေ။

မိုဝူကျီက စိတ်လှုပ်ရှား လွန်း၍ လက်များပင် တုန်ယင် နေသည်။ ထိုအသက် ဓာတ်လေးသည် စစ်မှန်ခြင်း နတ်ဘုရား ပန်းဆီမှ ဖြစ်မှန်း သေချာသည်။ အကယ်၍ သူသာ စစ်မှန်ခြင်း နတ်ဘုရားပန်း စွမ်းအားကို ခံစားမိပါက ထိုပန်းက မကြာခင် အပင် ပေါက်လာတော့မည် ဖြစ်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

ထိုစဉ် မိုဝူကျီ၏ အာရုံစိုက်မှုက ထိုပန်းအပေါ်တွင် အလုံးစုံ နစ်ထားလိုက်ကာ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို မျက်လုံမှိတ် အဆက်သွယ် ဖြတ်လိုက်တော့သည်။

နောက်ထပ် စိတ်စွမ်းအင် ကျောက်တုံး ၆ တုံး သုံးစွဲပြီး နောက်တွင် မိုဝူကျီက ကမ္ဘာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသံ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အစိမ်းရောင် အတက်လေးက မြေကြီးမှ ထွက်ပေါ်လာပြီး အသက်တစ်ခု မွေးဖွားလာလေပြီ။

အသံလေးက ပျော့ပျောင်း လွန်းသောကြောင့် တခြားသူများက ကြားရုံမျှသာ ဖြစ်လိမ့်မည်။ မိုဝူကျီက သေချာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ထိုစဉ် မိုဝူကျီ ခန္ဓာတစ်ခုလုံးသို့ ထိုးဖောက် ဝင်ရောက်မတတ် ခံစားချက် အသစ်တစ်ခု ဖြစ်ပေါ်လာကာ သူ့ခန္ဓာရှိ အတားအဆီးကို ဖြတ်၍ စမ်းချောင်းတစ်ခု စီးဆင်းသွားဟန် ခံစားလိုက်ရသည်။

သူ့ဒန်တျန်းထဲတွင် ခမ်းနား ကြီးကြယ်သော သဘာဝ စွမ်းအားများက စီးဆင်းလာသောကြောင့် မိုဝူကျီက အလျင်အမြန် မျက်လုံးကို ဖွင့်ကြည့် လိုက်ရသည်။

ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ရှစ်

သူ့၏ မပြီးဆုံးသေးသော တံခါးပိတ် ကျင့်ကြံမှုကြောင့် နောက်အဆင့် တစ်ခုကို မတက်လှမ်း နိုင်သော်လည်း ထိုပန်းအတက်လေး ပေါ်လာသည်နှင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ရှစ်သို့ တက်လှမ်း သွားလေပြီ။

ထိုသည်က အဆုံးသတ် မဟုတ်သေးပေ။ မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ရှစ်သို့ ရောက်သွားသည့် အခိုက်အတန့်တွင် သူစိတ်ထဲရှိ အကာအရံတစ်ခု ကျိုးပျက် သွားသလို ခံစားလိုက်ရသေး၏။

ထိုခံစားချက် နောက်တွင် မိုဝူကျီ ဘေးနားမှ အရာအားလုံးက သူ့အတွက် ကြည်လင် ရှင်းလင်းလာလေသည်။ သူကိုယ်တိုင် စိုက်ပျိုးထားသော အပင်တွင် အရွက်လေး နှစ်ခု တွေ့လိုက်ရသည့် အခါ မယုံကြည်နိုင်ဖွယ် ဖြစ်လာပြီး လက်များပင် တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။

သူကျင့်ကြံဆင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ရှစ်သို့ ရောက်သွားသည်နှင့် သူ့စိတ်ဝိညာဉ် ဆန္ဒလည်း နောက်အဆင့် တစ်ခုသို့ ရောက်ရှိသွား၏။ အရင်တုန်းက သူ့စိတ်ဝိညာဉ် ဆန္ဓကို ဆက်တိုက် မြင့်တင်နေစဉ် သူ့တွင် ယခုကဲ့သို့ အတားအဆီးကို ကျော်ဖြတ်လိုက်ရသည့် ခံစားချက်မျိုး မရဖူးပေ။ မိုဝူကျီတွင် စိတ်ဝိညာဉ် ဆန္ဒ ကျင့်စဉ် သို့မဟုတ် လက်စွဲစာအုပ်တို့ မရှိသဖြင့် မည်သည့် အဆင့်သို့ ရောက်ရှိနေမှန်း မသိပေ။ သို့သော်လည်း အရင်က သူသည် အဆင့်တစ် ထဲတွင် ရှိနေခဲ့ကာ ယခုတွင် အဆင့်နှစ်ထဲတွင် ဖြစ်လိမ့်မည်။ ထိုအဆင့်နှစ်ခု၏ ခြားနားချက်ကား မိုဝူကျီကို ကတုန်ကယင် ဖြစ်လာသည့်အထိ  စိတ်လှုပ်ရှား စေသည်။

အကယ်၍ သူက သံမဏိ အမြုတေ ဗောဓိအသီးကို ထပ်သန့်စင်ရလျှင် သူ့လက်ဖြင့် မွှေပေးနေရန် မလိုတော့ပေ။ တကယ်လို့ ထိုစဉ်က စိတ်ဝိညာဉ် ဆန္ဓ မလုံမလောက် ဖြစ်နေပေမဲ့ ယခုတွင် ထိုသို့ မဟုတ်တော့ပေ။

“ကျေးဇူးပါ...” မိုဝူကျီက မျိုးစေ့မှ အရွက်နှစ်ရွက်ဖြင့် ဝေဆာနေသည်ကို မြင်၍ တီးတိုး ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ကျေးဇူတရားနှင့်သာ ပြည့်နေ၏။

ကျင့်ကြံခြင်းတွင်လည်း အသက်ရှိသည်ကို နားလည်သည်။ အကယ်၍ ကျင့်ကြံခြင်းကို ရေသေလိုမျိုး ဆက်ဆံနေမည်ဆိုလျှင် ရေဘယ်လောက်ပဲ ထပ်ထည့်ပါစေ ကန့်သတ်ချက်‌တော့ ရှိနေမှာ ဖြစ်သည်။

အကြောင်းမှာ သူ့တွင် လမ်းညွှန် ပေးမည့် ဆရာသမားလည်း မရှိသောကြောင့် ထိုသဘော တရားသည် သူ့ထံ များစွာ အကျိုး သက်ရောက်ကြောင်း နားလည်၏။

အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး မိုဝူကျီက သူလက်ထဲတွင် စိတ်စွမ်းအင် ကျောက်တုံးကို ကိုင်ထားရင်း အကောင်းဆုံး ကြိုးစားလိုက်သည်။

ထိုအရွက်နှစ်ခုသည် ဝိညာဉ် စွမ်းအားများကို အသည်းအသန် စုပ်ယူနေသည်။ နူးညံ့ လှသည့်  မိန်းမငယ်လေး တစ်ယောက် အရွယ် ရောက်လာသည့် အလား တဖြည်းဖြည်းချင်း သူမ၏ လှပ‌သော ကောက်ကြောင်းတို့ ပေါ်လာလေသည်။

ထိုစဉ် မိုဝူကျီက သူ့တိုးတက်မှုကို အမှန်ပင် ခံစားမိသည်။ အရင် ကျင့်ကြံဆင့်နှင့် စိတ်ဝိညာဉ် ဆန္ဒတို့ဖြင့် ပန်းကြီးထွားမှုနှုန်းမှာ ထိုမျှ မြန်ဆန်မည် မဟုတ်ပေ။ ယခုအခါ သူ့နှုန်းကား ဆယ်ဆမက တိုးပွား သွားလေပြီ။

မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားပန်းပေါ်တွင် အပြည့်အဝ အာရုံစိူက်ထားလေသည်။ နာရီဝက်အတွင် ပန်း၏ ကြီးထွားမှုက အဆများစွာ မြင့်တက်သွားပြီး တကယ့်ပန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။

“ဒေါင်....” ကျယ်လောင်ပြီး ရှင်းလင်းသည့် မောင်းသံကား မိုဝူကျီ၏ စိတ်ဓာတ် တစ်ခုလုံးကို နှောင့်ယှက် လိုက်သကဲ့သို့  ပြန်၍ အသိ ဝင်လာလေသည်။

အချိန်စေ့သွားလေပြီ။ မိုဝူကျီက ကတုန်ကယင် ဖြစ်သွားမိ၏။ သူက ချက်ချင်း ဘေးပတ်လည်မှ ပန်းများကို ကြည့်လိုက်တော့သည်။

သူ့ခန္ဓာ တစ်ကိုယ်လုံး ရေအေးများ လောင်းချလိုက်သည့် အလား ဖော်မပြနိုင်သည့် ဆုံးရှံးမှုနှင့်အတူ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။

သူ့ရှေ့တွင် ရှိနေသော စစ်မှန်ခြင်း နတ်ဘုရားပန်း၏ အပင်လေးကား အရွက်လေးနှစ်ရွက်ဖြင့် အများဆုံး ၁၀ စင်တီမျှသာ ရှိသေး၏။

သူ မြင်လိုက်ရသော တခြား ဆေးကြမ်းခင်းတွင် အမြင့်ဆုံး အပင်မှာ မီတာ တစ်ဝက်လောက် အထိ မြင့်မားနေသည်။ အပင်ထိပ်တွင်  အစိမ်းရောင် အရွက်များဖြင့် ဝေဝေဆာဆာ ရှိနေသည်။ ပန်းကို အစိမ်းရောင် အရွက်များက ဝန်းရံ ပေးထားသောကြောင့် အလွန်အမင်း လှပနေသည်။

ပန်းပွင့် မလာသေးသော အပင်များကြားတွင် အဆိုးဆုံးက မီတာ ၂၀ အထက်နှင့် အရွက်လေးရွက်တော့ ရှိနေသည်။

မိုဝူကျီက သက်ပြင်းချကာ ကံကြမ္မာ အပေါ်သာ ပုံအပ် ထားလိုက်တော့သည်။ သူ့ကျင့်ကြံဆင့်နှင့် ဝိညာဉ် ဆန္ဒ တိုးတက် လာပြီးနောက်တွင် ထိုပန်းအကြောင်းများစွာ သိလိုက်ရ၏။

တကယ်လို့  သူ့မှာ တစ်နာရီလောက်သာ ပိုရခဲ့ရင် မဟုတ်ဘူး နာရီဝက်လောက်သာ ပိုရခဲ့ရင် အနည်းဆုံး မီတာဝက်အထိ ရှည်လာလိမ့်မယ်လို့ သေချာသည်။ အကယ်၍ နောက် တစ်နာရီသာ ထပ်ရခဲ့လျှင် တခြားသော ပန်းပင်များကို ကျော်လွန်းပြီး ပထမနေရာကိုပင် ဆွတ်ခူးယူနိုင်လိမ့်မည်။

သူက အဆင့်တက်ခါစ ဖြစ်သောကြောင့် ပန်းအကြောင်းကို နားလည်ခါစ ဖြစ်ကာ သူ့အချိန်က မလုံလောက်ခဲ့ပေ။ နှမြောစရာ ကောင်းလှပေသည်။

ဆေးလုံးပြိုင်ပွဲတွင် မည်သူကမှ သူ့ ကြေကွဲ ဝမ်းနည်းခြင်းကို နားထောင်ပေးလိမ့်မည် မဟုတ်ပေ။ အဝေးမှ ရပ်နေသော ကျန်းရှောက်ခယ်က မိုဝူကျီ အကောင်းဆုံး ကြိုးစားခဲ့သည်ကို မြင်သောအခါ လက်သီးဆုပ်ကို ဖြေလျော့ လိုက်တော့သည်။ မိုဝူကျီ၏ ကျင့်ကြံဆင့်ဖြင့် သူက စစ်မှန်ခြင်း နတ်ဘုရား ပန်းကို စိုက်ပျိုး နိုင်သည်ကပင် အောင်မြင်မှု တစ်ခု ဖြစ်နေလေပြီ။ သို့သော်လည်း ထိုအရာက ပြိုင်ပွဲ ဖြစ်နေသေး၏။

“အမ်း....” ချူဝမ်အာဘေးမှ မုတ်ဆိတ်နက် အကြီးအကဲက သက်ပြင်း ချလိုက်တော့သည်။ သူသည် မိုဝူကျီက အခြားသော ဆေးလုံး ဆရာများထက် အားနည်းကြောင်း ပြောနိုင်၏။

“သူ အကောင်းဆုံ ကြိုးစားခဲ့တာပဲ...” ချူဝမ်အာ အကြည့်က မိုဝူကျီ၏ ဆေးကြမ်းပြင်မှ သနားစရာ ကောင်းသော အတက်လေးမှ မိုဝူကျီ၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာကို ရောက်သွား တော့သည်။

မုတ်ဆိတ်နက် အကြီးအကဲက ခေါင်းကို ခါရင်း တိတ်တဆိတ် နေလိုက်သည်။ ဤနေရာတွင်  သူ အကောင်းဆုံး ကြိုးစားသည် ဖြစ်စေ၊ မကြိုးစားသည် ဖြစ်စေက အရေးမပါပေ။ အရေးကြီးသည်က တခြားလူများကို အနိုင်ရဖို့ရာ ဖြစ်သည်။

ဆေးလုံးသခင် မင်နင်က စင်မြင့်ပေါ်တွင် လျှောက်လှမ်း လာရင်း ရယ်ရယ်မောမော ပြောလိုက်သည် “အလွန်ခက်ခဲတဲ့ နာရီ ၂၀ ဖြတ်သန်းပြီးပြီ ဆို‌တော့ ဒုတိယအဆင့် ပြီးဆုံးသွားပါပြီ ဆေးလုံးဆရာ အားလုံးက ဘေးမှာ ရပ်နေပြီးတော့ ရလဒ်ကို စောင့်နေပေးပါ...”

မိုဝူကျီက ဖုတ်ကောင်လို လေးလံ ထိုင်းမှိုင်းစွာဖြင့် ဆေးလုံးဆရာ လူအုပ်ကြီး နောက်လိုက် သွားတော့သည်။ ငယ်ရွယ်စဉ် ကတည်းက မိုဝူကျီသည် ပြိုင်ပွဲများ စာမေးပွဲများ အကြိမ်ကြိမ် ဖြေဆိုခဲ့ဖူး၏။ သို့သော် ယနေ့ကဲ့သို့ ရလဒ် အကြောင်း စိုးရိမ်မနေဖူးချေ။ ဤရလဒ်သည် ယန်အာကို ပြန်ကောင်းနိုင်၊ မကောင်းနိုင်ကို အဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိ၏။

ရှင်သန်ခြင်းနှင့် ကျင့်ကြံခြင်း ကြားမှ ဆက်နွယ်ချက်ကို သဘောပေါက် လာသည့် မိုဝူကျီသည် ပျော်ရွင်မှုအားလုံး ပျောက်ဆုံး သွားလေသည်။ လက်ရှိတွင် သူက ဘာကိုမှ နားမလည်တော့ချေ။

“မိုဝူကျီ မင်းကို ဒုတိယ အဆင့်ထိ ရောက်လာမယ်လို့ ထင်မထားဘူး။ ဒါပေမဲ့ မင်း ဒီမှာ စောင့်နေဖို့ မလိုတော့ဘူး။  ပွဲကြည့် ပရိသတ်တွေနဲ့ မတ်တတ် ရပ်နေသင့်တာ....” ငေါ့တော့တော့ အသံက မိုဝူကျီ နားဘေးမှ ထွက်ပေါ်လာသည်။

မိုဝူကျီက ခေါင်းမော့ ကြည့်လိုက်သောအခါ လူသတ်ချင်စိတ်ဖြင့် ကြည့်နေသည့် ဂျင်ဖေးယန်ကို တွေ့လိုက်ရသည်။

ဒီလူလည်း ဒုတိယအဆင့်ထိ ရောက်ခဲ့တာကိုး.... ကြည့်ရသည်က သူက ငါ့ကို အစကတည်းက သတိပြုမိပုံပဲ မဟုတ်ရင် ဒီလို လာပြောစရာ အကြောင်းမရှိဘူး.....

“အဲလို လာမကြည့်နဲ့  မင်းစိုက်တဲ့ ပန်း တွေ့လိုက်ပြီးသား ပန်းက သတိပြုမိဖို့တောင် မဖြစ်နိုင်ဘူး...” ဂျင်ဖေးယန်က မိုဝူကျီပုံစံကို ကြည့်ပြီး အရမ်းကို ကျေနပ်နေ၏။ မိုဝူကျီကသာ လမင်းကိုးစင်း ဆေးလုံး အိမ်တော်အတွက် နေရာ ရယူ မပေးနိုင်လျှင် သူ့ကို ထပ်ခေါ်ထားမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် မိုဝူကျီကို အပြတ် ရှင်းနိုင်မည့် အခွင့်အရေး ရလာလိမ့်မည်။

“ဆေးလုံးသခင်ဂျူ ဂျုနီယာ မောင်လေးမိုက မန်ပိုယူ သေဆုံးတဲ့အကြောင်း ရှင်းပြပြီးပြီကို ဘာလို့ ဆက်တိုက် သူ့အမှားလို့မျိုး လိုက်ပြော နေတာလဲ။ ရှင်လွန်လွန်းနေပြီ မဟုတ်ဘူးလား....” ယန်ချင်ယင်က မကျေမနပ်များစွာနှင့် ပြောလိုက်သည်။

မိုဝူကျီက ထိပ်ဆုံး ၁၀၀ ထဲ ရောက်ရန် အာရုံစိုက်ထားသဖြင့် ယန်ချင်ယင် ပါလာသည်ကိုပင် သတိမပြုမိပေ။

“ဂျူနီယာ မောင်လေးမို စိတ်မပူနဲ့ တကယ်လို့ ငါသာ ထိပ်ဆုံး ၁၀၀ထဲ ပါရင် ငါ မင်းကို နေရာ တစ်နေရာ ပေးမယ်....” ယန်ချင်ယင်က မိုဝူကျီသည် ဤအတွက် အဘယ်ကြောင့် အသက်ကို စတေးထားမှန်း သိသည်။

မိုဝူကျီက သံမဏိ အမြုတေ ဗောဓိ အသီးကို လက်ဖြင့် မွေစဉ်ကတည်းမှ ယန်ချင်ယင်က ဆုံးဖြတ်ချက် ချထားလေသည်။ ဂိုဏ်းခေါင်းဆောင်က ဆန့်ကျင်လျှင်ပင် သူမက မိုဝူကျီအတွက် တစ်နေရာစာ အတင်းကျပ် ပြုလုပ်ပေးမည်။

မိုဝူကျီက ဖျော့တော့တော့ ပြုံးလိုက်ရင်း သူ့မျက်လုံးထဲမှ စိတ်ပျက်မှုများက အပြုံးထဲတွင် လွင့်ပါ သွားလေ၏။

အကယ်၍ သူက နေရာ တစ်နေရာစာ မရဘဲ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ မဝင်နိုင်ခဲ့ရင် ဘယ်လို လုပ်မလဲ....  သူ အသက်ရှင် နေသရွေ့ ယန်အာကို ကယ်တင်နိုင်မည့် နည်းလမ်းကို ရှာဖွေမည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ခွင့်ရရန် သူ့၏ စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကိုပင် လဲလှယ်ရန် ကြံစည် ထား၏။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး၏ တန်ဖိုးကို အခြားသူများထက် ကောင်းကောင်း သိသည့် အတွက် ကင်းမဲ့နယ်သို့ ဝင်ရန် ထိုက်တန် လိမ့်မည်ဟု ယုံကြည်သည်။

အဆုံးသတ်တွင် ရွေးချယ်စရာများ မရှိတော့လျှင်ပင် ဘွားဘွားလင်းလောင်ကို သူ့၏ စကားလုံးမဲ့ ဆေးနည်းစာအုပ်ကို ပေးလိုက်မည်။ အခြေအနေက မည်သို့ပင် ဖြစ်နေပါစေ ယန်အာကို ကယ်တင်ဖို့ လက်မလျှော့နိုင်ပေ။

သူ့အဘိဓာန်တွင် ရှုံးနိမ့်ခြင်းနှင့် စိတ်ပျက်ခြင်းဟူသော စကားလုံး မပါဝင်....

“စီနီယာ အစ်မယန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မစိုးရိမ်ပါဘူး ကျွန်တော် အသက်ရှင် နေသရွေ့ နည်းလမ်း ရှာနိုင်လိမ့်မယ်လို့ ယုံတယ်။ ပြီးတော့ ခွေးတစ်ကောင် ဟောင်တိုင်း  ထကြည့်နေလို့မှ မရတာ သူတို့ကတော့ ဟောင်မြဲ ဟောင်နေမှာပဲ...” မိုဝူကျီက တည်တည် ငြိမ်ငြိမ် ပြောလိုက်သည်။ သူမျက်လုံးတွင် ဆုံးဖြတ်ချက် ပြတ်သားပြီး  အရှုံးမပေးသည့် စိတ်ဓာတ်ကို တွေ့နေရသည်။

ချူဝမ်အာက မိုဝူကျီကို အဝေးမှ ကြည့်နေရင်း သူ့စိတ်ဓာတ် ပြန်တက်ကြွ လာသည်ကို မြင်သောအခါ လက်သီး ဆုပ်ထားမိလိုက်သည်။ အကြောင်းမှာ လျှပ်စီးမိကျောင်းကိုပင် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်နှင့် သတ်ခဲ့သော  သူမ သိထားသည့် အမျိုးသား ပြန်ရောက်လာလေပြီ။

***

All Chapters