အမှောင်ကလေးငယ်!
Vol. 7 Ch. 100
*ဘာ*
ယဲ့ဖန်၏ ခက်ထန်သော လေသံကို ကြားပြီး ယဲ့လုံ တုန်ယင်လာသည်။
*ငါ့ကို အရေခွံခွာမယ်*
*အရွတ်တွေကို ဆွဲထုတ်မယ်*
*အရိုးတွေကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မယ်*
*ငါ့နှလုံးသားကို ဆွဲထုတ်မယ်*
*ဒီကောင်… ငါ့ကို တကယ်ကြီး နှိပ်စက်ချင်နေတာပဲ*
ယဲ့လုံ ကြက်သီး တဖြန်းဖြန်းထလာကာ ယဲ့ဖန်အား မကောင်းဆိုးဝါးတစ်ကောင်ဟု မြင်လာမိသည်။
"မဟုတ်ဘူး… မဖြစ်ရဘူး ... ငါ အဲ့လိုနည်းနဲ့တော့ မသေချင်ဘူး"
ယဲ့လုံ တအားကြောက်ကာ ကိုယ့်လျှာကိုယ် ကိုက်၍ သတ်သေရန် ကြံစည်လိုက်သည်။ ထိုစဉ် ရုတ်တရက် ယဲ့ဖန်က ယဲ့လုံ၏ ပါးစပ်ကို သူ့လက်ဖြင့် ဖိညှစ်ကာ ယဲ့လုံအား မေးရိုးလွဲသွားအောင် ပြုလုပ်လိုက်သည်။ ထို့ကြောင့် ယဲ့လုံ ကိုယ့်လျှာကိုယ်ပြန်ကိုက်လို့ မရတော့ပေ။
"အား"
ယဲ့လုံ ရူးချင်လာသည်။ သူ့ကိုယ်သူ သတ်မသေနိုင်မှတော့ သူ့အဖြစ်က စဉ်းတီတုံးပေါ် ရောက်နေသည့် ငါးတစ်ကောင်နှင့် ဆင်တူနေတော့သည်။ ထိုစဉ် ယဲ့ဖန်၏ မာဆတ်ဆတ်လေသံ ထပ်မံ၍ ထွက်ပေါ်လာသည်။
"မင်းက အပြင်လူတွေနဲ့ ပူးပေါင်းပြီး ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်နိုင်အောင် လိမ်လည် ကြံစည်ခဲ့တဲ့အတွက် မင်း သေသင့်တယ်"
"ဂျူနီယာတစ်ယောက်အနေနဲ့ မင်းအဖိုးကို ပြန်သတ်ဖို့ လုပ်ခဲ့တဲ့အတွက် မင်း သေသင့်တယ်"
"မင်းကလန်သားတွေကို မြတ်ဖြတ်သလို ခေါင်းဖြတ် သတ်ခဲ့တဲ့အတွက်လည်း မင်း သေသင့်တယ်"
ယဲ့ဖန်က ယဲ့လုံကို ကြည့်ပြီး တစ်ခွန်းချင်းပြောနေသည့်အတွက် သူ ကြောက်ရွံ့လာသည်။
"အဲ့တော့… သွားသေလိုက်တော့"
ထိုသို့ ပြောပြီး ယဲ့ဖန်က ယဲ့လုံ၏ အရေပြားကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက်…
ရွှစ်!
ထိတ်လန့်ဖွယ် ကောင်းသော အသံနှင့်တူ ယဲ့ဖန်က ယဲ့လုံထံမှ သွေးသံရဲရဲနှင့် အသားစ တစ်စကို လှီးဖြတ်လိုက်သည်။
စူးရှသော အော်ဟစ် ငိုကြွေးသံက သားသတ်သမားထံ ရောက်လာသည့် ဝက်တစ်ကောင်၏ ငိုကြွေးသံနှင့် ဆင်တူလှကာ ထိတ်လန့် ကြောက်ရွံ့နေမှုများကို ဖော်ပြနေလေသည်။
ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ပြီး စစ်ခုန်ကလန်မှ လူများအားလုံး ချွေးဒီးဒီးကျနေကြသည်။
သို့သော် ယဲ့ယွင်ရှန် အပါအဝင် ယဲ့ကလန်သားများအားလုံး ကျေနပ်နေကြသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် ယဲ့လုံသည် သူ့အဖိုးနှင့် သူ့အဖေ အပါအဝင် ယဲ့ကလန်သားများ အားလုံးကို သတ်ပြီးလောက်ပြီ ဖြစ်သည်။
ဤကဲ့သို့ အမှိုက်မျိုးကို သူတို့ သနားနေမည်မဟုတ်ပါ။ သွေးပျက်ဖွယ်မြင်ကွင်းကို ကြည့်ပြီး ခါးကုန်းတစ္ဆေခေါင်းဆောင် မျက်ခုံးပင့်လိုက်မိသည်။
သူ၏ သခင်အသစ်က အရမ်း ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မထင်ထားမိပါ။ ယဲ့ဖန်၏ နတ်ဆိုးဆန်ဆန် အပြုအမူများက သူမြင်ဖူးသမျှထဲမှာ အရက်စက်ဆုံး ဖြစ်သည်။
နာရီဝက်ခန့်ကြာသော်...
ရွှစ်!
နောက်ဆုံးအကြိမ် အသား လှီးလိုက်သည့်အသံကို ကြားလိုက်ရပြီးနောက် ယဲ့လုံ လဲကျသွားသည်ကို သူတို့ မြင်လိုက်ကြရသည်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပုံက ရထားတတ်ကြိတ်တာ ခံထားရသည့်အတိုင်းပင်။
ယဲ့ဖန်က သူ့နှလုံးကို ဖောက်ထုတ်နေသည်ကို ကြည့်နေရင်း "နတ်ဆိုး… မင်းက နတ်ဆိုးပဲ" ဟု ပြောလိုက်သည်။
ယဲ့လုံ၏ မျက်လုံးများက အကြီးအကျယ် ထိတ်လန့် တုန်လှုပ်နေသည်။ ယဲ့ဖန်ကို ရန်စမိခြင်းက သူ့ဘဝတွင် ကြောက်စရာ အကောင်းဆုံး လုပ်ရပ်မှန်း သူ နားလည်သွားခဲ့သည်။
*သူ သေသွားပြီ*
ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ယဲ့ကလန်၏ ပိုင်ဆိုင်မှုအားလုံးကို ပထမဆုံး ဆက်ခံခွင့် ရခဲ့သည့် သခင်လေး အသေဆိုးဖြင့် သေသွားချေပြီ။
ယဲ့ကလန်သားများ အားလုံးက သူတို့ ဆွေမျိုးများ၏ ဈာပနပွဲတိုင်းတွင် ပြုလုပ်လေ့ရှိသည့် အမူအရာအတိုင်း ရင်ဘတ်ပေါ် လက်တင်၍ ငြိမ်သက်စွာ မတ်တပ်ရပ်နေလိုက်ကြသည်။
သူတို့၏ သွေးချင်းများအတွက် ယဲ့ဖန်က လက်စားချေပြီးပြီ ဖြစ်သဖြင့် သူတို့၏ ဝိညာဉ်များ ငြိမ်းချမ်းစွာ အနားယူနိုင်ပေတော့မည်။
ထိုစဉ် ယဲ့ဖန်က စစ်ခုန်ကလန်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ အဘိုးကူးကို စိုက်ကြည့်လာသည်။
အဘိုးကူး ဖင်ထိုင်ရက်လဲကျကာ တုန်တုန်ယင်ယင်ဖြင့် မချိတင်ကဲ ပြုံးပြီး "မစ္စတာ… မစ္စတာယဲ့.. ကျုပ် ဘယ်ယဲ့ကလန်သားကိုမှ မသတ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ"
အဘိုးကူး ယဲ့ဖန်ကို အရမ်းကြောက်နေသည်။ ယဲ့ဖန်က လူမဟုတ်မှန်း သူ သေချာပေါက် သိနေသလိုပင်။ ယဲ့ဖန့်ချန်ကလည်း အသည်းအသန် ဝင်ပြောလာသည်။
"ယဲ့ဖန်… အဲ့အဘိုးကြီး လိမ်ပြောနေတာ မဟုတ်ဘူး။ သူ တကယ်ပဲ ယဲ့ကလန်သားတွေကို မသတ်ခဲ့ဘူး၊ ပြီးတော့ သူက စစ်ခုန်ထို့ကို ဘယ်သူ့ကိုမှ မတိုက်ခိုက်ဖို့ ဖျောင်းဖျနေခဲ့တာ။ သူက ယဲ့ကလန်ကို ကူညီချင်နေခဲ့တာပါ။ သူ့ကို လွှတ်ပေးလိုက်ပါ"
ယဲ့ဖန့်ချန်စကားကြောင့် ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
တကယ်ကြီးလား..
ယခင်တုန်းက နတ်ဆိုးအိုကြီးနှင့် အခြားသူ သုံးယောက်တို့ ယဲ့ဖန်ကို မည်မျှ သတ်ရန် ကြိုးစားကြိုးစား၊ စစ်ခုန်ထို့က သူ့ကို သတ်ရန် မည်မျှပင် ပြောနေပါစေ၊ အဘိုးကူးက မကောင်းသည့် ရည်ရွယ်ချက်မျိုး တစ်ခါမှ မထားခဲ့ပါ။
ယဲ့ဖန်သည် နတ်ဆိုးဖြစ်သော်ငြားလည်း သေသင့်သည့်သူများကိုသာ သတ်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီလေ ... ခင်ဗျား သွားလို့ရပြီ"
ယဲ့ဖန်၏ တည်ငြိမ်သော လေသံကြောင့် အဘိုးကူး ဝန်ထုပ်ဝန်ပိုးကြီး လွတ်ကျသွားသလို ခံစားလိုက်ရသည်။
သူ့နဖူးမှ ချွေးများကို သုတ်လိုက်ရင်း သူ့ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်ကို သတိထားလိုက်မိပြီး ငရဲခန်းမှ လွတ်လာသလို ခံစားလိုက်ရသည်။
ထို့နောက် အဘိုးကူးသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ တစ်စုံတစ်ခုကို သတိရကာ ခြံဝန်းအရှေ့နား၌ လဲကျနေသော စစ်ခုန်ထို့၏ အလောင်းဆီသို့ သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်ကဒ်တစ်ခုကို ထုတ်ယူလိုက်၏။
ထိုကဒ်သည် ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ဘေးတွင် စိန်များကို မြှပ်ထား၍ စီချယ်ထားသည်။ ထိုကဒ်ပေါ်တွင် စစ်ခုန် ဟူသော မျိုးရိုးနာမည်ကို ထွင်းထုထားသည်။
အဘိုးကူးက ထိုကဒ်ကို ယဲ့ဖန်အား ပေးကာ လေးစားစွာ ပြောလိုက်သည်။
"မစ္စတာယဲ့ ... ဒါ စစ်ခုန်ကလန်ခေါင်းဆောင်ရဲ့ အမှတ်အသားပါ။ ကျေးဇူးပြုပြီး ယူထားပေးပါ"
*အမ်*
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ အဘိုးကူးအား ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
"မစ္စတာယဲ့ ... စစ်ခုန်ကလန်ရဲ့ အင်အားကြီးအားလုံး သေသွားပါပြီ။ ကျွန်တော်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျွန်တော် တရုတ်ပြည် မြောက်ပိုင်းကို ပြန်ရောက်ရင် ခေါင်းဆောင်အသစ် ပြန်ရွေးပြီးတော့ စစ်ခုန်ကလန်ကို အင်အား ပြန်ကြီးလာအောင် လုပ်ရဦးမှာပါ"
ထို့နောက် အဘိုးကူးက မအီမသာပြုံး၍ ဆက်ပြောလာသည်။
"ဒီကိစ္စက စစ်ခုန်ကလန်ရဲ့ အမှားကြောင့် ဖြစ်လာတာပါ။ ဒါကြောင့် တောင်းပန်တဲ့အနေနဲ့ အခုချိန်ကစပြီး စစ်ခုန်ကလန်တစ်ခုလုံးက ယဲ့ကလန်ရဲ့ လက်အောက်ခံ ကလန်တစ်ခုအနေနဲ့ နေသွားပါ့မယ်။ ယဲ့ကလန်က အမိန့်ပေးလိုက်တာနဲ့ စစ်ခုန်ကလန်တစ်ခုလုံး အဲ့အမိန့်ကို နာခံပါ့မယ်"
*ယဲ့ကလန်ရဲ့ လက်အောက်မှာနေမယ်*
အဘိုးကူး၏ စကားကြောင့် ယဲ့ကလန်သားများအားလုံး တုန်လှုပ်သွားသည်။ သူ့စကားအရ ယဲ့ကလန်က စစ်ခုန်ကလန်၏ ပိုင်ဆိုင်မှု အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ပေသည်။
ထို့အပြင် စစ်ခုန်ကလန်သည် ယဲ့ကလန်၏ ကလန်ငယ်တစ်ခု ဖြစ်လာပေတော့မည်။ စစ်ခုန်ကလန်ကို သိမ်းပိုက်ပြီးနောက် ပိုင်ကလန်နှင့် ကုန်းကလန်ကို ကျော်ကာ ကျန်းရှီမြို့တွင် နံပါတ်တစ် ကလန် ဖြစ်လာတော့မည်ကို သတိပြုမိပြီး ယဲ့ကလန်သားတိုင်း ပျော်လာကြသည်။
အခြားယဲ့ကလန်များနှင့် မတူစွာပင် ယဲ့ဖန့်ချန်၊ ယဲ့ယွင်ရှန်နှင့် အခြားယဲ့ကလန်မှ အင်အားကြီးသူများက ယဲ့ဖန်ကို တွေဝေစွာ ကြည့်နေကြသည်။ ယဲ့ဖန်ကြောင့်သာ အဘိုးကူးက ဤသို့ လုပ်ခြင်းဖြစ်ကြောင်း သူတို့ သိနေကြသည်။
အဘိုးကူးက စစ်ခုန်ကလန်ကို ယဲ့ဖန်ရဲ့ အကာအကွယ်အောက်မှာ ထားချင်နေတာပဲ။
"မစ္စတာယဲ့… အခုကစပြီး ခင်ဗျားက စစ်ခုန်ကလန်ရဲ့ သခင်ကြီး ဖြစ်သွားပါပြီ။ ခင်ဗျား အမိန့်ပေးလိုက်တာနဲ့ စစ်ခုန်ကလန်သားတွေ ချက်ချင်း အပြေးရောက်လာပါစေရမယ်"
ထိုသို့ပြောပြီး အဘိုးကူးက ယဲ့ဖန်အား အရိုအသေပေးကာ နောက်လှည့်၍ ထွက်ခွာသွားတော့သည်။ ထို့နောက် ယဲ့ဖန်က ထိုသင်္ကေတ အမှတ်အသားဖြစ်သော ရွှေရောင်ကဒ်ကို သာမန်ကာလျှံကာလိုမျိုး အိတ်ထဲ ကောက်ထည့်လိုက်သည်။
စစ်ခုန်ကလန်၏ သခင်ကြီးဟူသော ဂုဏ်ပုဒ်ကိုလည်း သူ အရေးလုပ်ချင်စိတ် မရှိပါ။ သူ ဂရုစိုက်တာဟူ၍ ခါးကုန်းတစ္ဆေခေါင်းဆောင်၏ အဖွဲ့ပင် ဖြစ်သည်။
ခါးကုန်းတစ္ဆေခေါင်းဆောင်သည်လည်း ယဲ့ဖန်၏ အတွေးကို နားလည်နေသည့်ပုံပင်။ ထို့ကြောင့် သူက ယဲ့ဖန်ကို အလျင်အမြန် ရှင်းပြလိုက်သည်။
"သခင် … ကျွန်တော်တို့ရဲ့ သခင်ငယ်လေးက သူ့နာမည်ကို အမှောင်ကနေ ယဲ့ဆိုပြီး ပြောင်းလိုက်ပါပြီ။ သူမနာမည်ကို ယဲ့ရွှင်းအာလို့ ပြောင်းလိုက်တာပါ။ ဘုရင်သုံးယောက်၊ တစ္ဆေလေးကောင်နဲ့ ကလန် ၁၂ခုကိုတော့ သခင် နောက်ပိုင်း သူတို့နဲ့ ဆုံလာမှာပါ"
*ယဲ့ရွှင်းအာ*
ထိုနာမည်လေးကို ကြားပြီး ယဲ့ဖန် နွေးထွေးသွားရသည်။
ထိုကလေးမလေးနှင့် သူ တစ်ကြိမ်သာ ဆုံခဲ့သော်လည်း သူမက ယဲ့ဖန်ကို သူမ အချစ်ခင်ရဆုံးသူအဖြစ် သတ်မှတ်လိုက်ချေပြီ။
"ရွှင်းအာရဲ့ အရင်နာမည်က ဘာလဲ?"
ယဲ့ဖန်က သိချင်စိတ်ဖြင့် ခါးကုန်းတစ္ဆေ ခေါင်းဆောင်ကို မေးလိုက်သည်။
သူ့အမေးကြောင့် ခါးကုန်းတစ္ဆေက နာမည်လေး ပြောရမှာကိုတောင် ကြောက်နေသည့်ပုံဖြင့် တုန်တုန်ယင်ယင်နှင့်
"သခင်ငယ်လေးကို အရင်က အမှောင်ကလေးငယ် လို့ခေါ်ခဲ့ကြတာပါ"