ကျင်းကတော့ အဆင်သင့်ပဲ၊ သူ့ကို မြေမြှပ်ဖို့ အချိန်တန်ပြီ
Vol. 7 Ch. 102
"ချမ်း မင်း သူ့ကို လက်စားမချေတော့ဘူးလား၊ ငါတို့ ဒီလောက် တစ်ခါမှ အရှုံးကြီး မရှုံးဖူးသေးဘူး"
"ဟုတ်တယ်၊ ချမ်း မင်းလက်မောင်းက ပြန်ဆက်လို့ မရနိုင်တော့ဘူး။ ငါ စိုးရိမ်တာက…"
လက်ပါးစေနှစ်ယောက်က ကားပေါ်ရောက်မှ မေးလိုက်သည်။
ကျုံးချမ်း၏ လက်မောင်းက သွေးထွက်နေဆဲဖြစ်ပြီး သူ့မျက်နှာ ကတော့ ဖြူဖတ်ဖြူရော် ဖြစ်နေကာ ချွေးများကလည်း တဒီးဒီး ကျနေသည်။
ကျုံးချမ်းက သွေးရူးသွေးတမ်းနှင့် မလျှော့တမ်း ပြောလိုက်သည်။
"လက်စားချေဖို့လား၊ ငါ သေချာပေါက် သူ့ကို လက်စားချေမှာပေါ့ဟ"
ကျုံးချမ်း ယဲ့ဖန်ကို အလွန် မုန်းတီးကာ သူ့မျက်နှာထားကလည်း ဆိုးဆိုးရွားရွား ဖြစ်လာကာ
"အဲ့ခွေးမသားက ငါ့ကို ကျိုးကန်းအောင် လုပ်မှတော့ ငါ သူ သေတာကိုပဲ လိုချင်တယ်"
ကျုံးချမ်းက ပို၍ ဆိုးဝါးသော မျက်နှာထားဖြင့် "ပြီးတော့ သခင်လေးစစ်ကို ငြင်းရဲမှတော့ အန်းရှီလည်း သေသင့်တယ်"
ထိုသို့ပြောပြီး ကျုံးချမ်းက သူ့လက်ပါးစေနှစ်ယောက်ထဲက တစ်ယောက်ကို ပြောလိုက်သည်။
"ငါ့ဦးလေးကို ဖုန်းခေါ်ပြီးတော့ သခင်လေးစစ်ရဲ့ အစီအစဉ် B ကို စတော့လို့ ပြောလိုက်"
*အစီအစဉ် b*
လက်ပါးစေနှစ်ယောက်လုံး ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။
"အေးအေး ချမ်း"
လက်ပါးစေတစ်ယောက်က ဝမ်းသာအားရနှင့် နံပါတ်တစ်ခုကို ဖုန်းဆက်လိုက်သည်။
ကားပြတင်းမှန်မှတစ်ဆင့် ဆင်းရဲသားရပ်ကွက်ကို ကြည့်ကာ ကျုံးချမ်းက လှောင်ပြုံးပြုံးလိုက်သည်။
"ယဲ့ဖန် … ဒီနေ့ ငါ့ကို ရန်စခဲ့တဲ့ အကျိုးဆက်ကို မင်း ခံစားစေရမယ်။ မကျေပွဲတွေ အားလုံးကို စာရင်းရှင်းကြတာပေါ့"
ယဲ့ဖန်၏ ရလဒ်ကို တွေးပြီး ကျုံးချမ်း လှောင်ပြုံးပြုံးလိုက်သည်။
သို့သော် အနက်ရောင် နက်ဆိုးချီက သူ့ကားထဲ ဝင်ရောက် လာသည်ကို သတိမပြုမိပါ။ ထို့နောက် ထိုနတ်ဆိုးချီက သူ့အရေပြားထဲ ဝင်သွားသည်။
ကျုံးချမ်းက ရုတ်တရက် သူ့ကိုယ်ထဲ တစ်ခုခု ဝင်လာသမျိုး ခံစားလိုက်ရပြီး အေးစက်စက် ဖြစ်သွားသည်။ ဘယ်နေရာမှာ ဘာဖြစ်သလဲဆိုတာကို ကြိုးစား၍ အာရုံခံကြည့်သော်လည်း ရှာလို့မတွေ့ပေ။
ကျုံးချမ်းက ဆက်၍ တွေးမနေတော့ဘဲ ခေါင်းခါလိုက်ပြီး "ကားစက်နှိုးလိုက်တော့၊ စစ်အိမ်တော်ကို သွားမယ်"
…
ထိုအချိန်တွင်…
အန်းရှီက ယဲ့ဖန်ကို သူမ အိမ်သို့ ခေါ်သွားသည်။
သူတို့ တံခါးဝသို့ ရောက်သည်နှင့် အန်းရှီ၏ မိဘများက ထွက်လာကာ ယဲ့ဖန်ကို နှုတ်ဆက်ကြသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူတို့ ဆေးရုံမှာတင် သေသွားလောက်ပြီ ဖြစ်သည်ကို သိထားပြီးသား ဖြစ်သည်။
ထို့ကြောင့် သူတို့က ယဲ့ဖန်ကို ပျော်ရွှင်စွာ နှုတ်ဆက်ကြသည်။ အထူးသဖြင့် ယဲ့ဖန်ကို သူမသားမက်အဖြစ် မြင်နေသည့် အန်းရှီ၏ မိခင်ပင် ဖြစ်သည်။ သူမအမေ၏ အပြုအမူကြောင့် အန်းရှီ မျက်နှာလေးရဲနေသည်။
ထိုစဉ် သူတို့ ကြိမ်ဖန်များစွာ တံခါးခေါက်သံကို ကြားလိုက်ရသည်။
အန်းရှီအမေက တံခါးကို ချက်ချင်းသွားဖွင့်လိုက်သည်။
ချက်ချင်းပင် ရဲဝတ်စုံနှင့်လူများက အခန်းထဲ ချက်ချင်း ဝင်လာကြသည်။
"ယဲ့ဖန်က ဘယ်သူလဲ"
ထိုလူစု၏ ရှေ့ဆုံးမှ လူက အခန်းတွင်း ဝေ့ကြည့်လိုက်ပြီးမှ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးသည်လည်း မီးဝင်းဝင်း တောက်နေသည်။
"ကျုပ်ပဲ" ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ မတ်တပ်ထရပ်လိုက်သည်။
ယဲ့ဖန်ကို မြင်လိုက်သည်နှင့် ထိုမကောင်းသည့်ရဲ၏ မျက်နှာက တည်ကြည်လာကာ ချက်ချင်း ပြောလာသည်။
"ယဲ့ဖန် ... မင်းကို ရာဇဝတ်မှုရဲ့ အဓိက သံသယရှိသူအဖြစ် သတ်မှတ်ထားလို့ မင်းကို ဖမ်းလိုက်ပြီ"
*ဘာ*
သူ့စကားကြောင့် အန်းရှီနှင့် သူမမိဘနှစ်ပါးတို့ ထိတ်လန့် သွားကြသည်။
ရဲများက ယဲ့ဖန်နားကပ်လာသောအခါ အန်းရှီက ရှေ့သို့ မြန်မြန် ပြေးကာ ထိတ်လန့်နေသော အမူအရာနှင့် သူတို့ကို တားဆီး လိုက်သည်။
ထိုစဉ် ယဲ့ဖန်က သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။
"ဖန်"
အန်းရှီ၏ လှပသောပါးစပ်လေးမှ အလွန် စိုးရိမ်ကြောင့်ကြနေသော အသံဖြင့် ခေါ်လိုက်သည်။
ရဲများက တာဝန်မဲ့စွာ လုပ်ဆောင်နေမှန်း သူမ သတိပြုမိသည်။ သူတို့က ကျုံးချမ်းဘက်က လူများ ဖြစ်နိုင်သည်။
ယဲ့ဖန်က အသာအယာ ပြုံးပြလိုက်သည်၊ ထိုရဲများကိုလည်း သူ အရေးမလုပ်ပါ။ ထို့ပြင် အခုက အန်းရှီ၏ အိမ်မှာမို့ သူမ မိဘတွေကို ထိတ်လန့်တကြား ဖြစ်သွားအောင်လည်း သူ မလုပ်ချင်ပါ။
"အန်းရှီ စိတ်မပူပါနဲ့။ အဆင်ပြေသွားမှာ၊ ငါ သူတို့နဲ့ လိုက်သွားလိုက်မယ်"
အန်းရှီ၏ ခေါင်းလေးကို အသာပုတ်၍ ယဲ့ဖန် ထပ်ပြောလိုက်သည်။
"မင်းမိဘတွေကို စောင့်ရှောက်လိုက်ဦး။ ငါ မကြာခင် ပြန်လာခဲ့မယ်"
ထိုသို့ ညင်သာစွာ ပြောပြီး ယဲ့ဖန်က ထိုရဲများနှင့်အတူ အခန်းထဲမှ ထွက်သွားသည်။
တံခါးပိတ်သွားသည်နှင့် ထို မကောင်းသော ရဲက လှောင်ရယ်၍ တိုးတိုးလေး ပြောလိုက်သည်။
"မကြာခင် ပြန်လာမယ် ဟုတ်လား၊ အဟက် မင်း ဘယ်တော့မှ ပြန်မလာနိုင်ဘူးလို့ ငါ ထင်တာပဲ"
သူ့အသံက တိုးလွန်းလှသဖြင့် သူ့ဘေးက လူတွေတောင် သူပြောတာကို မကြားလိုက်ပါ။
သို့သော် ယဲ့ဖန်က ရုတ်တရက် နောက်လှည့်လာကာ သူ့ကို စိုက်ကြည့်၍ ပြုံးစိစိဖြင့် မေးလိုက်သည်။
"မင်းက ငါ့ကို သတ်ချင်နေတာလား"
*ဘာလားဟ*
ထိုရဲ ရင်တုန်လာကာ နားဝေတိမ်တောင် ဖြစ်သွားသည်။
*သူ ကြားသွားတာလား*
*မ… မဖြစ်နိုင်ပါဘူး*
ထိုရဲက ယဲ့ဖန် သူ့စကားကို ကြားသွားလိမ့်မည်ဟု မထင်ခဲ့ပါ၊ သူ့အသံကလည်း တအားတိုးနေသည်ကိုး။
ထို့ပြင် ယဲ့ဖန်က ထိုရဲအား ပို၍ လှောင်ပြောင်ဟန်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။
"မင်း မျက်လုံးက တလက်လက်တောက်နေတယ်၊ ဆိုလိုတာက မင်းမှာ မကောင်းတဲ့ အကြံအစည် ရှိနေတာပဲ။ မင်းမှာ ကြမ်းတမ်းတဲ့ ချီဓာတ်တွေ ပြည့်နေတယ် အဲ့ဒါက မင်း တစ်ခုခုကို ရက်ရက်စက်စက် လုပ်တော့မယ်လို့ ပြနေတာပဲ။ မင်းက ငါ့ကို မင်းစိတ်ထဲမှာ သေလူလို့ သတ်မှတ်ပြီး ဘာမှမဟုတ်သလို ဆက်ဆံနေတယ်"
ယဲ့ဖန်က ပို၍ လှောင်ပြောင်လိုက်ပြီး "အဲ့တော့ မင်းက ငါ့ကို သတ်ချင်နေတာပဲ"
…
ယဲ့ဖန် စကားကြောင့် ထိုရဲ ကြောင်အသွားသည်။
သူက ယဲ့ဖန်အား မကောင်းဆိုးဝါးဟု ထင်နေမိသည်။
*သူ… သူ အကုန်သိနေတာပါလား*
*မ… မယုံနိုင်စရာပဲ*
ထိုရဲက ယဲ့ဖန်ကို ကြောင်ပြီး ကြည့်နေသည်။
သို့သော် သူ ချက်ချင်း ပြန်တည်ငြိမ်လာကာ ပြန်အော်လိုက်သည်။
"ဟေ့ကောင် မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ ကျုံးဝေ့က ရဲကွ။ ငါ့အလုပ်က မသမာတဲ့သူတွေကို အပြတ်ရှင်းဖို့ပဲ"
*ကျုံးဝေ့*
*သူ ဘာပြောလိုက်တာလဲ*
ယဲ့ဖန်က နှုတ်ခမ်း အသာတွန့်၍ ရိသဲ့သဲ့ဖြင့် ပြောလိုက်သည်။ "ငါ ခုနလေးတင် ကျုံးမျိုးရိုးနဲ့ ကောင်နဲ့ တွေ့လာတာ၊ မင်းက ဒုတိယမြောက်ပဲ။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"
သူ့စကားကြောင့် ကျုံးဝေ့၏ မျက်နှာက မည်းမှောင်လာကာ ယဲ့ဖန်က သည်လောက် မောက်မာ လိမ့်မည်ဟု ထင်မထားမိပါ။ သူ့ကို ဖမ်းထား တာတောင် သူက ဂရုမစိုက်သည့်ပုံပင်။
"ဟ ... ဟေ့ကောင် မင်းက အလာကြီးပါလား၊ မင်း ဘယ်အချိန်ထိ ဒီလိုနေနိုင်မလဲ ကြည့်ကြသေးတာပေါ့"
ထို့နောက် ကျုံးချမ်းက ယဲ့ဖန်အား ရဲကားထဲ အတင်း ဝင်ခိုင်းလိုက်သည်။
ကားစက်နှိုးလိုက်သည်နှင့် ကျုံးဝေ့က ဒရိုင်ဘာကို ပြောလိုက်သည်။
"ကျန်း … ကျန်းရှီ မြူနီစီပယ် ထောင်ကို မောင်း"
*အမ်*
ရဲများက ကျုံးဝေ့အား ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဆရာ ကျွန်တော်တို့က ယာယီထိန်းသိမ်းတဲ့ စခန်းကို သွားရမှာမဟုတ်ဘူးလား? သူ့ကို သေချာမစစ်ရသေးဘူးလေ။ စည်းကမ်းအရဆို သူ အပြစ်ရှိကြောင်း မထင်ရှားဘဲနဲ့ အကျဉ်းထောင်ကို ပို့လို့မရဘူးလေဗျ"
သို့သော်လည်း ကျုံးဝေ့က ယဲ့ဖန်ကို ထောင်ထဲသို့ တိုက်ရိုက် ထည့်ချင်နေခြင်း ဖြစ်သည်။
…
တစ်ယောက်နှင့်တစ်ယောက် ပြန်ကြည့်မိရင်း ဤကိစ္စနဲ့ ကလိမ်ကျသည့် အပေးအယူတစ်ခု ရှိနေပြီမှန်း အခြားရဲများ ရိပ်မိလိုက်သည်။
ကျုံးဝေ့က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
"ဒီကောင်က လူရမ်းကားပဲ၊ ဒီကောင့်ကို ယာယီထိန်းသိမ်းစခန်းမှာပဲ ထားမယ်ဆို ငါတို့အတွက် အန္တရာယ်များတယ်"
ကျုံးဝေ့က လက်ခါပြ၍
"ငါ့အမိန့်အတိုင်း ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်ကို မောင်း"
သူ့အမိန့်ကြောင့် ဒရိုင်ဘာက အထွန့်မတက်ရဲဘဲ ပြန်ကွေ့ကာ ကျန်းရှီ မြူနီစီပယ်ထောင်သို့သာ ဦးတည်လိုက်ရသည်။
သို့သော် အခြားရဲများ သတိမပြုမိသည့်အချိန်တွင် ကျုံးဝေ့က စာတိုတစ်ခုကို ကားစက်မနှိုးခင်ကတည်းက ရိုက်၍ ပို့လိုက်ပြီးပြီ ဖြစ်သည်။
ထိုစာထဲတွင်
"ကျင်းကတော့ အဆင်သင့်ပဲ၊ သူ့ကို မြေမြှပ်ဖို့ အချိန်တန်ပြီ" ဟု ရေးသားထားသည်။
….
တစ်ချိန်တည်းမှာပင်
အန်းရှီ၏အိမ်၌
အန်းရှီ၏မိဘနှစ်ပါး အလွန်စိုးရိမ်နေကြသည်။
အန်းရှီသည်လည်း မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူမ လက်ကိုင်အိတ်ထဲ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနေပြီး လိပ်စာကဒ် တစ်ကဒ်ကို ရှာတွေ့သွားသည်။
ထိုကဒ်သည် သရဖူဟိုတယ်၏ အထွေထွေမန်နေဂျာ ဝေ့ဖန်း၏ ကဒ်ဖြစ်သည်။
ထိုလိပ်စာကဒ်ထဲမှ ဖုန်းနံပါတ်ကို အန်းရှီ ဖုန်းခေါ်လိုက်သည်။
ထိုဖုန်းခေါ်ဆိုမှုကြောင့် ကျန်းရှီမြို့တွင် ငလျင်လှုပ်သလို ဖြစ်ကာ ကျန်းရှီမြို့၏ ထိပ်သီးပုဂ္ဂိုလ်များကြား အုတ်အော်သောင်းနင်း ဖြစ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပါ။