← Chapters

တစ်ယောက်ယောက်ကတော့ သေချင်နေတာပဲ

Vol. 7 Ch. 104

တစ်ယောက်ယောက်ကတော့ သေချင်နေတာပဲ

Vol. 7 Ch. 104

ထိပ်ပြောင် အားဆန်!

သွေးစွန်းဓား!

မြွေပွေးအားချွမ်က မယုံနိုင်သော မျက်နှာထားဖြင့် စူးစူးဝါးဝါး အော်လိုက်သည်။

ကျန်းရှီမြူနီစီပယ် အကျဉ်းထောင်တွင် သူတို့သုံးယောက်သာ ဘော့စ်များ ဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ရန်မစဘဲ နေခဲ့ကြသည်။

*သူတို့က ဘာလို့ ငါ့ကို ဝိုင်းချတာလဲ?

မြွေပွေးအားချွမ် နားမလည်နိုင်တော့ပါ။

သူတစ်ယောက်တည်းသာ မကဘဲ သူ့နောက်လိုက်များပါ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လူသစ်တစ်ယောက်ကို သင်ခန်းစာပေးခြင်းက ဘော့စ်နှစ်ယောက်ကို ရန်စသလို ဖြစ်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါ။

ထို့ပြင် နောက်ပိုင်းဖြစ်လာသည့် အဖြစ်အပျက်ကြောင့် မြွေပွေး အားချွမ်နှင့် သူ့လူများအားလုံး သေမတတ် ထိတ်လန့်သွားကြသည်။

ထိပ်ပြောင်အားဆန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဒူးတစ်ဘက် ထောက်ကာ နှုတ်ဆက်လိုက်သည်။

"အရိုအသေ ပေးပါတယ် သခင်ကြီး … ကျွန်တော်က ထိပ်ပြောင် အားဆန်ပါ၊ သံလက် ဝံပုလွေရိုင်းရဲ့ ငယ်သားပါ"

ထိပ်ပြောင် အားဆန်၏ စကားအဆုံးတွင် အခြား အကျဉ်းသားများက ဒူးတစ်ဘက် ထောက်၍ ယဲ့ဖန်ကို နှုတ်ဆက်ကြသည်။

*ဘာ*

မြွေပွေးအားချွမ် တအံ့တဩနှင့် သူ မြင်နေ၊ ကြားနေရတာကို မယုံနိုင်သလို ဖြစ်နေသည်။

*ထိပ်ပြောင် အားဆန်က ယဲ့ဖန်ကို သခင်ကြီးကို ခေါ်လိုက်တာလား*

*ဒါ… ဒါ အံ့ဩစရာပါလား*

သို့သော် ဤသည်ကား အစပင် ရှိသေးသည်။

ထိပ်ပြောင်အားဆန် ပြောပြီးနောက်တွင် ဓားကိုင်ထားသော လူငယ်လေးကလည်း ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ နှုတ်ဆက်လာသည်။

"အရိုအသေ ပေးပါတယ်၊ မစ္စတာယဲ့ … ကျွန်တော်က သွေးစွန်းဓားပါ၊ ရိုစ့်ရဲ့ လက်အောက်ငယ်သားပါ"

*သွေးစွန်းဓား*

မြွေပွေးအားချွမ်နှင့် သူ့လူများ သေမတတ် ကြောက်လာသည်။

ဘော့စ်သုံးယောက်ထဲက နှစ်ယောက်က ယဲ့ဖန်ရှေ့ ဒူးထောက်နေသည် မဟုတ်ပါလား။

ထိပ်ပြောင်အားဆန်နှင့် သွေးစွန်းဓားတို့က သူတို့၏ စံပြပုဂ္ဂိုလ်ကို ကြည့်နေသကဲ့သို့ ယဲ့ဖန်အား အလွန်လေးစားကြည်ညိုသော အမူအရာဖြင့် ကြည့်နေကြသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

မြွေပွေးအားချွမ်နှင့် သူ့လူများ ကိုယ့်မျက်လုံးနှင့် မြင်နေရသည်များကို မယုံနိုင်သေးပေ။

သို့သော် ပွဲက မပြီးသေး။

ထိုစဉ် နောက်ထပ် ညင်သာသော အသံကို သူတို့ ထပ်ကြားလိုက်ရသည်။

"အရိုအသေပေးပါတယ်၊ သခင်လေး… ကျွန်တော်က ရှုကျုံးပါ၊ ယဲ့ကလန်ရဲ့ သက်တော်စောင့်တစ်ယောက်ပါ"

…

"အရိုအသေ ပေးပါတယ်၊ ဆရာကြီး … ကျွန်တော်က လင်ယွင်ပါ၊ လင်ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်က သူပါ"

"အရိုအသေ ပေးပါတယ်၊ မစ္စတာယဲ့ … ကျွန်တော်က ဝေ့ရှန့်ပါ၊ ပိုင်ကလန်ရဲ့ သက်တော်စောင့်ပါ"

ရုတ်တရက်ကြီး ထောင်သားများထဲမှ အင်အားကြီးသော သူများအားလုံး နီးပါး ဒူးထောက် နေကြသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ဤအဖြစ်အပျက်ကြောင့် သူတို့ သွေးပျက်လာကြသည်။

ဘယ်သူကမှ လူသစ်လေးတစ်ယောက်က ထောင်သားတွေထဲကမှ အင်အားကြီးသည့် ထောင်သားများကို ဒူးထောက်လာအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

အိပ်မက်မက်နေသလား မှတ်ရသည်။

ချက်ချင်းပင် မြွေပွေးအားချွမ်နှင့် သူ့လူများ ကတုန်ကယင် ဖြစ်လာကြသည်။

ဂလု!

သူတို့ ယဲ့ဖန်အား မကောင်းဆိုးဝါးတစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်ရင်း မနည်းကို တံတွေးမြိုချလိုက်ရသည်။

ထိပ်ပြောင်အားဆန်နှင့် အခြားသူများ ယဲ့ဖန်ကို ဦးညွှတ်တာကို ပြန်သတိထားမိရင်း…

*သခင်ကြီး*

*မစ္စတာယဲ့*

*ဆရာကြီး*

*သခင်လေး*

*စောက်…စောက်ကျိုးနည်း*

*ငါတော့ မကောင်းဆိုးဝါးကို ရန်စမိတာပါလား*

မြွေပွေးအားချွမ်သာမက ယဲ့ဖန်နောက်၌ ရပ်နေသော ထောင်လေ့ပါ အူကြောင်ကြောင်ဖြစ်နေသည်။

အစတုန်းက ယဲ့ဖန်တစ်ယောက် မြွေပွေးအားချွမ် သတ်တာကို ခံရလိမ့်မည်ဟု ထင်ထားခဲ့မိပင်မယ့် အခြေအနေက ရုတ်တရက်ကြီး ပြောင်းပြန်ဖြစ်သွားသည်။

*ရူး…ရူးချင်လာပြီနော်*

ထောင်လေ့ တစ်ယောက် ယဲ့ဖန်အား သိချင်စိတ်များ၊ လေးစားစိတ် များဖြင့် ကြည့်နေမိသည်။

ဒီလောက် အင်အားကြီးသည့်သူမျိုး ထောင်လေ့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

သည်လို အခြေအနေမျိုးမှာ တည်တည်ငြိမ်ငြိမ်နေနိုင်တာဆိုလို့ ယဲ့ဖန် တစ်ယောက်တည်းသာ ရှိသည်။

ကျန်းရှီမြို့တစ်ခုလုံး၏ အင်အားကြီးသော အဖွဲ့အစည်းများ၏ လူများ ထောင်ထဲတွင် ရှိနေမှန်း သူ သိထားပြီးသားပင်။

ထို့နောက် သူက မြွေပွေးအားချွမ်ကို စိုက်ကြည့်ကာ

"ကဲ… ငါ့ကို အခု ရှင်းပြလို့ ရမလား?"

…

မြွေပွေးအားချွမ် ကြက်သီးတဖြန်းဖြန်း ထလာကာ ခေါင်းမွှေးပါ ထောင်လာသလို ခံစားရသည်။ သူ ယဲ့ဖန်ကို စေ့စေ့မကြည့်ရဲပါ။

"ကျုပ် … ကျုပ်ကို ကျုံးဝေ့က တိုက်တွန်းလို့ လုပ်ရတာပါ။ ကျုပ်က ဒီထောင်မှာ ကြိုးမိန့်ပေးခံထားရတဲ့ အကျဉ်းသားမှန်း သူ သိပါတယ်။ ကျုပ်သာ ခင်ဗျားကို ဒီထောင်ထဲမှာ သတ်နိုင်ရင် ကျုပ်မိသားစုကို ယွမ် ၃၀၀,၀၀၀ ပေးမယ်လို့ ကတိပေးထားလို့ပါ"

မြွေပွေးအားချွမ်က သူ့ကိုယ်၏ နာကျင်မှုကို ဥပေက္ခာ ပြုကာ  ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးထောက်ချကာ တောင်းပန်တော့သည်။

"မစ္စတာ… ကျုပ်… ကျုပ် မှားသွားပါတယ်။ ကျုပ် သေသင့်ပါတယ်…"

သူ ယဲ့ဖန်ကို ရန်စလို့ မဖြစ်မှန်း သူ နားလည်သွားပြီမို့ သူ့မိသားစုကို ယဲ့ဖန် ထိခိုက်အောင် မလုပ်ဖို့သာ မျှော်လင့်မိသည်။ ထိုသို့ မဟုတ်ပါကာ သူ အသေဖြောင့်နိုင်မည် မဟုတ်ပါ။

သူ့စကားကို ကြားပြီး ယဲ့ဖန်က အသာပြုံး၍ ပြောလာသည်။

"ကြည့်ရတာ တစ်ယောက်ယောက်က သေချင်နေပြီထင်တယ်"

…

ထိုစည် ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်၏ ထောင်ပိုင်ကြီး ရူးမတတ် ဖြစ်နေသည်။

အလုပ်ပြီးတာနှင့် အိမ်ပြန်လို့ ရပြီဟု ထင်ထားခဲ့သော်လည်း ဖုန်းတွေ တစ်ခုပြီးတစ်ခု ဝင်လာလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

"ဖန်း … ဒါ နားလည်မှုလွဲတာပါ။ ဘယ်လိုလုပ် ငါတို့က သရဖူ ဟိုတယ်ရဲ့ ဥက္ကဋ္ဌကို အကြောင်းပြချက် မရှိဘဲ ဖမ်းရဲရမှာလဲ။ ငါ သေချာပေါက် စစ်ဆေးလိုက်ပါ့မယ်"

"ဟဲလို? အိုး… အန်ကယ်လင်ပါလား"

"အန်ကယ်လင်… ဘာ … ဘာလို့ ကျွန်တော့်ကို ကျိန်ဆဲနေရတာလဲဗျ? ကျွန်တော် ဘယ်တုန်းက ခင်ဗျားဆရာကို ဖမ်းမိလို့လဲ? နေပါဦးဗျာ.. ခင်ဗျားဆရာက ဘယ်သူလဲဗျ"

"သခင်ကြီးပိုင်… ခင်ဗျား ဖုန်းခေါ်တာကို ခံရလို့ ဝမ်းသာမိပါတယ်ဗျာ"

"ဘာ? ခင်ဗျားရဲ့ အသက်သခင် ကျေးဇူးရှင်ကို ဖမ်းထားတယ်? နားလည်မှုလွဲတာပါဗျာ၊ လုံးဝကို နားလည်မှုလွဲနေတာပါ"

"ဒေါက်တာရှု? ခင်ဗျား ဖုန်းခေါ်တာကို ခံရလို့ ဝမ်းသာမိပါတယ်ဗျာ… ဘာ…ဘာလို့ ကျွန်တော့်အမေကို ကျိန်ဆဲနေရတာလဲဗျ? ကျွန်တော့် အမေက ခင်ဗျားကို ဘာလုပ်မိလို့လဲ"

"ဘာ? ခင်ဗျားဆရာ? ဘယ်လိုမျိုး လေးစားရတဲ့ ဆရာကြီးက ခင်ဗျားရဲ့ ဆရာလဲဗျ? ကျွန်တော်က ခင်ဗျားဆရာကို ဖမ်းရဲပါ့မလားဗျာ?"

…

ဝင်လာသမျှ ဖုန်းတိုင်းက သူ့ကို ပြစ်တင်ပြောဆိုသည့် ဖုန်းခေါ်ဆိုမှု များပင် ဖြစ်နေသည်။

ထို့ကြောင့် ကျန်းထောင်တစ်ယောက် အံ့ဩဘနန်း ဖြစ်နေသည်။

သူ့ကို ဖုန်းခေါ်သည့်သူတိုင်းက ကျန်းရှီမြို့၏ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်နေခြင်းကြောင့် သူ ပို၍ အံ့ဩမိသည်။

စီရင်စု နိုင်ငံရေး သမားများပင် သူ့ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မေးမြန်း လာကြသေးသည်။

*အံ့ဩစရာပါလား*

အဘိုးကြီး ပိုင်နှင့် ဒေါက်တာရှုတို့ကပါ သူ့ကို ဖုန်းဆက်ခဲ့သည့် အတွက် သူ ထိတ်လန့် မိသွားသည်။

ထိုအဘိုးကြီးနှစ်ယောက်တွင် တပည့်တပန်း များစွာရှိသည်။ သူတို့တည်းတွင် နိုင်ငံ့ အာဏာပိုင်တောင် ပါသေးသည်။ သူတို့ ဝင်ပါလာသည်နှင့် ကိစ္စတစ်ခုလုံး ဗြောင်းဆန်ပြီပင်။

ဖုန်းတိုင်းက ယဲ့ဖန်ဟူသောလူတစ်ယောက်အတွက် ဆက်လာခြင်း ဖြစ်သည်။

ကျန်းထောင် တစ်ယောက် မြန်မြန် အဝတ်လဲ၍ အိမ်က ထွက်လာခဲ့သည်။

သို့သော် သူ အပြင် ရောက်သည်နှင့် မြင်လိုက်ရသည့် အရာကြောင့် ကြောင်တက်သွားသည်။

သူ့အိမ်ရှေ့၌ လူများစွာ ရပ်စောင့်နေကြသည်။

လူတိုင်းက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နတ်ဆိုးများနှင့် တူလှသည်။

ရှေ့မှာ ရပ်နေသည့် လူနှစ်ယောက်ကြောင့် ကျန်းထောင် ရင်တုန်လာသည်။

ညနှင်းဆီ!

သံလက် ဝံပုလွေရိုင်း!

*သူတို့ ဘာလို့ ဒီကို ရောက်လာတာလဲ*

ကျန်းထောင် ကြက်သီးထသွားသော်လည်း အလျင်အမြန်ပင် ပြုံး၍ မေးလိုက်သည်။

"အစ်ကို ဝံပုလွေရိုင်း၊ မမလေး ရိုစ့်၊ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ?"

ဝံပုလွေရိုင်းက လှောင်ရယ်၍ "ထောင်ပိုင်ကြီးကျန်း ခင်ဗျားလူတွေက ကျုပ်သခင်ကြီးကို ဖမ်းထားမှတော့ ကျုပ် ဒီကို လာရတော့တာပေါ့"

*ဘာ*

*သခင်ကြီး*

ကျန်းထောင် ရင်တုန်ပန်းတုန်နှင့် မေးလိုက်သည်။

"အစ်ကို ဝံပုလွေရိုင်းရဲ့ သခင်ကြီးဆိုတာက…."

"ယဲ့ဖန်လေ"

…

ဝံပုလွေရိုင်း၏ စကားကြောင့် ကျန်းထောင် လဲကျမတတ် ဖြစ်သွားရသည်။

သူ လုံးဝ အံ့ဩနေပြီဖြစ်သည်။

*ယဲ့ဖန်တဲ့*

*ထပ်ပြီးတော့ ယဲ့ဖန်ပါပဲလား*

ကြမ်းတမ်းသော ဂိုဏ်းစတားကြီးက ယဲ့ဖန်ကြောင့် ရောက်လာလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပါ။

ကျန်းထောင် ဒေါသထွက်လာသည်။

ဟိုခွေးမသားက ဒီလောက် ပြဿနာထုပ်ကြီးကို သယ်လာမယ် ဆိုတာကို သိခဲ့ပါက သူ သေချာပေါက် အဲ့ကောင်ကို အရေခွံဆုတ်ပစ်မိမှာပင်။

All Chapters