ဒီတစ်ခါတော့ မင်း သေကို သေရမယ်
Vol. 8 Ch. 106
ယဲ့ဖန်နှင့် သူ့လူများ ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်မှ ထွက်သွားပြီးနောက် ကျန်းထောင် တစ်ယောက် အားအင် ကုန်ခမ်းကာ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
ကြမ်းပြင်ပေါ်က ပြာပုံကို မယုံသင်္ကာဟန်ဖြင့် ကြည့်နေရင်း သူ မျက်ခုံးလှုပ်လာသလို ခံစားမိသည်။
"မကောင်းဆိုးဝါးပါလား"
ကျုံးဝေ့ သူ့မျက်ရှိရှေ့တွင် သေဆုံးသွားပြီး ပြာဖြစ်သွားသည်ကို ကျန်းထောင် အခုထိ မယုံနိုင်သေးပါ။ ယဲ့ဖန် ဒီလိုဖြစ်အောင် မည်သို့ လုပ်လိုက်သည်မှန်းလည်း သူ စဉ်းစား၍ မရ။
သူသည် မကောင်းဆိုးဝါးသာ ဖြစ်ပေမည်။
"ငါ ဒီလူကို အနာဂတ်မှာ ဘယ်လိုနည်းနဲ့မှ ရန်မစ သင့်ဘူးပဲ"
ကျန်းထောင်က ချက်ချင်းပင် ယဲ့ဖန်၏ နာမည်ကို သူ ရန်စရန် မသင့်သည့်သူများ စာရင်းထဲသို့ ထည့်ထားလိုက်သည်။
….
ထိုအချိန်အတွင်းမှာပင်…
ကျယ်လောင်သော ကားစက်သံများနှင့်အတူ ကားဆယ်စီးကျော်တို့သည် ကျန်းရှီမြို့ ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်၏ လမ်းပေါ်တွင် ရပ်လိုက်သည်။ ထိုကားများသည် Rolls- Royces နှင့် တိုးချဲ့ထားသော Bentleys တံဆိပ် ကားများ ဖြစ်ကြသည်။
ဤကားများအား ဖြတ်သွားသည့်သူတိုင်းက စိတ်ဝင်တစား ကြည့်မိကြသည်။ မြင်သည့်သူတိုင်းက အလွန် မက်မော၊ အားကျသည့် အကြည့်ဖြင့် ကြည့်သွားကြသည်။
ထိုအချန်တွင် ကားတံခါးများ ပွင့်လာပြီး ယဲ့ဖန်နှင့် အခြား အထင်ကရ ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ကားတစ်စီးချင်းစီးမှ ဆင်းလာကြသည်။
ယဲ့ဖန်သည် ချက်ချင်းပင် ပုံမှန် မဟုတ်သော အနေအထားကို သတိထားမိပြီး သုံးလွှာမြောက်မှ ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။
"ဒါ အန်းရှီအမေရဲ့ အသံပဲ"
ယဲ့ဖန် မျက်မှောင်ကြုတ်၍ သုံးလွှာသို့ သုတ်သုတ်ပျာပျာဖြင့် ပြေးတက်သွားသည်။ သူ့နောက်မှ အထင်ကရ ပုဂ္ဂိုလ်များ လိုက်လာကြသည်။
သုံးလွှာသို့ ရောက်သည့်နှင့် အန်းရှီတို့ တိုက်ခန်းတံခါးက တစ်စစီ ပျက်ဆီးနေသည်ကို တွေ့လိုက်ရသည်။
အန်းရှီ၏ မိခင်နှင့်ဖခင်တို့က တစ်ယောက်ကိုတစ်ယောက် ဖက်၍ ငိုနေကြသည်။
ယဲ့ဖန် ရင်ထဲ လေးလံသွားရသည်။
သူ ချက်ချင်း အခန်းထဲ ဝင်သွားကာ စိုးရိမ်တကြီးနှင့် အန်းရှီ၏ အမေကို မေးလိုက်သည်။
"ဘာဖြစ်တာလဲ အန်တီ? အန်းရှီကော ဘယ်မှာလဲ?"
ယဲ့ဖန်၏ နီမြန်းနေသော မျက်လုံးများကို မြင်ပြီး အန်းရှီ၏မိခင်က ကယ်တင်ရှင်ကို မြင်လိုက်ရသည့်ဟန်ဖြင့် ဝမ်းနည်းစွာ ငိုချလိုက်သည်။
"ယဲ့ဖန် အန်းရှီ ပြန်ပေးဆွဲ ခံလိုက်ရပြီ"
*ဘာ*
သူမ စကားကြောင့် ယဲ့ဖန် ချက်ချင်း မျက်နှာပျက်သွားသည်။
"မင်းကို ရဲကို ခေါ်သွားပြီးနောက် အန်းရှီက မင်းကို ကယ်ချင်လို့ အကူအညီရဖို့ ဖုန်းဆက်ခေါ်နေတာ။ အဲ့အချိန်မှာ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ လူမိုက်တွေက တိုက်ခန်းထဲ အတင်းဝင်လာတယ်၊ သူတို့က အန်းရှီကို သတိလစ်အောင် လုပ်ပြီး ခေါ်သွားကြတာ"
အန်းရှီမိခင်က ငိုနေဆဲပင်၊ ဖခင်သည်လည်း မျက်ရည်များ ကျနေဆဲပင် ဖြစ်သည်။
လူအိုကြီးနှစ်ယောက်တွင် သည်လို လိမ္မာရေးခြား ရှိသော သမီးလေးတစ်ယောက်သာ ရှိသည်။ အန်းရှီသာ သေသွားလျင် သူတို့ တစ်သက်လုံး နောင်တတရားနှင့် နေသွားရပေတော့မည်။
ဤသည်ကို ကြည့်ပြီး အန်းရှီနှင့် သူ့လူများလည်း ဝမ်းနည်းလာကြသည်။
သံလက် ဝံပုလွေရိုင်းက ယဲ့ဖန်ကို အလျင်အမြန် ပြောလိုက်သည်။
"သခင်ကြီး ကျွန်တော် ကျွန်တော့်ညီအစ်ကိုတွေ အားလုံးဆီ သတင်းပို့ပြီး မမလေး အန်းရှီကို ချက်ချင်း လိုက်ရှာခိုင်းလိုက်မယ်"
ယဲ့ဖန်က လက်ကာပြကာ "မလိုဘူး၊ အန်းရှီကို ခေါ်သွားတာ တစ်နာရီလောက်တောင် မရှိသေးဘူး၊ ငါ့မှာ သူမကို အမြန်ဆုံး ရှာတွေ့နိုင်မယ့် နည်းလမ်းရှိတယ်"
ထိုသို့ပြောပြီး ယဲ့ဖန်က အန်းရှီအမေကို ပြောလိုက်သည်။
"အန်တီ ကျွန်တော့်ကို အန်းရှီရဲ့ အခန်းထဲ ခေါ်သွားပေးပါလား"
အန်းရှီ အမေ၏ မျက်နှာပေါ်တွင် မျက်ရည်များ ရှိနေသေးသော်လည်း မျှော်လင့်ချက် ကောက်ရိုးမျှင်လေး တစ်မျှင်လောက် ရသွားသည့်ဟန်ဖြင့် ဝမ်းသာသွားသည်။ သူမက ယဲ့ဖန်ကို အခန်းထောင့်ရှိ အိပ်ခန်းလေးသို့ အလျင်အမြန် ခေါ်သွားသည်။
အခန်းလေးသည် အလွန်ရိုးစင်းလှပြီး ပန်းရောင် အစက်အပြောက် များပါသော နံရံကပ်စက္ကူများဖြင့် အလှဆင်ထားသည်။
စားပွဲပေါ်တွင် စာအုပ်များကို စီစီရီရီ ထားထားသည်။ အခန်းတွင်း လေထုထဲတွင် သူမ၏ ကိုယ်သင်းရနံ့လေးဖြင့် ပြည့်နှက်နေသည်။
အန်းရှီအမေကို အခန်းပြင် ထွက်ပေးရန် ပြောပြီးနောက် ယဲ့ဖန်က ဘီရိုကို ဖွင့်ကာ အန်းရှီ ဝတ်လေ့ရှိသည့် အပြင်ဝတ် အင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။
"အန်းရှီရဲ့ ကိုယ်သင်းနံ့က ဒီအဝတ်မှာ အများဆုံး ကျန်နေတာပဲ"
ယဲ့ဖန်၏ မျက်လုံးက တောက်ပလာကာ လက်ဖျားထိပ်ကို ဖောက်၍ အဝတ်ပေါ်ကို သွေးတစ်စက် ချလိုက်သည်။
ထို့နောက် ထူးဆန်းသော မန္တာန်တစ်ခုကို သူ ရေးဆွဲလိုက်သည်။
သွေးစက်ခြေရာခံခြင်း အတတ်ပညာသည် စကြဝဠာထဲရှိ ထိပ်တန်း ခြေရာခံခြင်းပညာ ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။
ဤပညာကို နားလည်သဘောပေါက်သည့် ကျင့်ကြံသူသည် သူ လိုက်ရှာချင်သည့် သူ၊သူမ၏ ပုံကို ရေးဆွဲလိုက်ပါက ခြေရာခံချင်သည့်သူသာ အသက်ရှင်လျက် ရှိသေးပါက နှစ် တစ်ထောင် ကြာသည့်တိုင်အောင် ဘယ်ဆီဘယ်ဝယ် ရောက်ရောက် လိုက်ရှာနိုင်သည်။
သူ လိုက်ရှာချင်သည့်သူ၏ ကိုယ်သင်းနံ့၊ အဝတ်အထည်၊ ဆံပင်တို့ကို မလိုသော်ငြားလည်း ယဲ့ဖန်၏ နတ်ဆိုးခွန်အားက အလွန် အားနည်း နေသေးသည့် အတွက် သွေးစက် ခြေရာခံခြင်း ပညာကို အလုံအလောက် အသုံးမချနိုင်သေးပါ၊ ထို့ကြောင့် သူမအဝတ်က တစ်ဆင့် အန်းရှီ၏ ကိုယ်သင်းရနံ့ကို ခြေရာခံရခြင်း ဖြစ်သည်။
မန္တာန်ကို ဆွဲပြီးနောက် အနီရောင် အလင်းတစ်ချက် ထွက်လာကာ သွေးတစ်စက်အဖြစ် အသွင်ပြောင်း၍ ယဲ့ဖန်၏ နဖူးတည့်တည့်သို့ ဝင်ရောက်သွားသည်။
ထိုသွေးစက်က သူ့နဖူးတည့်တည့်သို့ ဝင်ရောက်သွားသည်နှင့် ယဲ့ဖန်၏ ပုံစံက နတ်ဆိုးတစ်ကောင်နှင့် ဆင်တူလာသည်။
*ဟမ်*
သူ ပြန်ထွက်လာရန် ပြင်လိုက်စဉ်တွင် စားပွဲပေါ်မှ မှတ်စုစာအုပ် တစ်ပုံတစ်ခေါင်းကို သတိပြုလိုက်မိသည်။
ထို့နောက် အန်းရှီ၏ ဒိုင်ယာရီဟု ရေးထားသော မှတ်စုစာအုပ်ကို ကောက်ယူလိုက်သည်။
သာမန်ကာလျှံကာ ဖတ်ကြည့်လိုက်ပြီးနောက် ယဲ့ဖန်၏ အသည်းညှာက ပြင်းထန်စွာ တုန်လှုပ်လာသည်။
"ဩဂုတ်လ ၂ရက်နေ့၊ ကျွန်မ အသက် ဆယ်နှစ်တုန်းကပေါ့၊ ကျွန်မ မတော်တဆမှု တစ်ခုကြောင့် အကြီးအကျယ် ထိတ်လန့်ခဲ့ရတယ်။ ကျွန်မကို လူဆိုးတွေက ဝိုင်းထားလို့ ကြောက်လန့်ပြီး ပျာယာခတ်နေတုန်း သူ ပေါ်လာခဲ့တယ်၊ ဖန်လေးပေါ့"
"သူက ကျွန်မကို သူ့ရဲ့ သန်မာတဲ့ လက်မောင်းတွေနဲ့ ဖက်ထားပြီးတော့ လူဆိုးတွေ သူ့ကို စိတ်ကြိုက် ကန်ကြောက်ခွင့် ပေးခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မ ဘာထိခိုက် ဒဏ်ရာမှ မရဘဲ လုံခြုံခဲ့တယ်"
"ဒါပေမယ့် ဖန်ရဲ့ ခေါင်းကတော့ ပေါက်သွားခဲ့တယ်။ သူ့ခေါင်းကနေ သွေးတွေ စီးကျနေတာတောင် သူက ကျွန်ကို ပြုံးပြီး ပြောလာတယ်၊ 'အန်းရှီ မကြောက်နဲ့နော်' တဲ့, အဲ့ကိစ္စပြီးကတည်းက ကျွန်မကိုယ်ကနေ တစ်ပတ်လုံးလုံး နွေးထွေးမှုကို ခံစားခဲ့ရတယ်"
"ကျွန်မ အသက် ဆယ့်သုံးနှစ် ပြည့်ခါနီးလောက်က လူတိုင်းက ဖန့်ကို ငကြောက်လို့ ပြောကြတယ်။ သူက ရဲရင့်ပြီး စိတ်ဓာတ်ပြင်းပြတာကို ကျွန်မပဲ သိတာပေါ့။ သူ ချစ်ရတဲ့သူအတွက်ဆို သူ့အသက်ကို စွန့်ပြီး ရင်ဆိုင်ရဲတယ်၊ ဒါပေမယ့်…. သူ့မှာ ကျွန်မ အပြင် ဘယ်သူရှိလို့လဲ? ကျွန်မ သူ့ကို အရမ်း တန်ဖိုးထားတာ။ ကျွန်မ သူ့ကို တစ်သက်လုံး ကာကွယ်မယ်လို့ သန္နိဋ္ဌာန်ချခဲ့တယ်"
"ဧပြီလ ၃ရက်နေ့၊ ကျွန်မ အသက် ဆယ့်သုံးနှစ်က၊ ကျွန်မ မိဘတွေနဲ့ ရန်ဖြစ်ပြီး ဖန့်ကို သူ့အိမ်မှာ သွားရှာခဲ့တယ်။ ကျွန်မ ဗိုက်ဆာနေခဲ့တယ်။ ဖန်က ကျွန်မအတွက် မုန့်ထွက်ဝယ်ပေးမယ်လို့ ပြောခဲ့တယ်။ နေ့ခင်းပိုင်းလောက်မှာ သူက သနားစရာ မျက်နှာလေးနဲ့ အသားကြီးတစ်ခုကို ယူပြီး ပြန်လာခဲ့တယ်။ ကျွန်မနဲ့အတူ စားဖို့ ပြောတော့ သူက သူ ဗိုက်ပြည့်နေပြီတဲ့၊ ကျွန်မ သူ့စကားကို ယုံခဲ့မိတယ်"
"ကျွန်မ စားလို့လဲပြီးရော တံခါးအပြင်ဘက်မှာ ဖန်က ကန်စွန်းဥလေး တစ်ခုအတွက် လမ်းဘေးခွေးနဲ့ ရန်ဖြစ်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ သူ့နောက်ကျောက ပြာနှမ်းပြီး ယောင်ကိုင်းနေသလို သွေးတွေလည်း ထွက်နေတာပဲ။ အဲ့အခါကျမှ သူ့မှာ ခြူးတစ်ပြားမှ မရှိတာကို ကျွန်မ သိခဲ့ရတယ်။ သူ ကျွန်မကို ပေးတဲ့ အသားတုံးကြီးက သူ ခိုးလာခဲ့တာပေါ့။ အဲ့ဒါကြောင့် သူ အရိုက်ခံလာရတာ နေမှာ။ အဲ့လောက် ဖြစ်ခဲ့တာတောင် သူက ကျွန်မအတွက် အဲ့အသားတုံးကို ယူပြီး အိမ်ပြန်လာခဲ့တယ်"
"အဲ့အချိန်တုန်းက ကျွန်မ အရမ်း ငိုခဲ့ရတယ်။ ယောကျ်ားလေးတစ်ယောက်အတွက် တစ်ခါမှ စိတ်မထိခိုက်ဖူးဘူး။ သူ ဘာလို့ သည်လောက် ရူးမိုက်ပြီး ထိခိုက် နစ်နာခံရတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ဘူး"
"စက်တင်ဘာလ ၁ရက်နေ့၊ ကျွန်မ အသက် ဆယ့်ငါးနှစ်မှာ ဖန်နဲ့ ကျွန်မတို့ အလယ်တန်းကျောင်းကို အတူတူတက်ခဲ့ကြတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိ သူ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်။ သူက သိမ်ငယ်တတ်လာပြီး တစ်ကိုယ်တည်း နေလာသလို စကားနည်းလာပြီး ကျွန်မနဲ့လည်း ခပ်ခွာခွာနေလာတယ်။ အရမ်း ဝမ်းနည်းရတာပဲ"
"အောက်တိုဘာ ၃ရက်၊ ကျွန်မ အသက် ဆယ့်ခြောက်နှစ်၊ ကျွန်မ ဖန့်ရဲ့ အိမ်အလုပ်တွေကို နှစ်ရက်တစ်ခါ သွားကူလုပ်ပေးတယ်။ ဒါကသာ ကျွန်မ သူနဲ့ နီးနီးကပ်ကပ်နေလို့ ရတဲ့ နည်းလမ်းလို့ ထင်ခဲ့လို့ပေါ့၊ ကျွန်မ သူ့အိပ်ရာကို ခေါက်သိမ်းပေးတယ်၊ သူ့အဝတ်တွေကို လျှော်ပေးတယ်၊ သူ လိုချင်တဲ့ ဘယ်အရာကို မဆို ကျွန်မ တစ်သက်တာလုံး လုပ်ပေးချင်ခဲ့တယ်"
"ကျွန်မ အသက် ဆယ့်ခုနစ်မှာ ဖန်က အခြားကောင်မလေးတစ်ယောက်ကို ချစ်မိနေပြီလို့ ကျွန်မ ကြားလိုက်ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းပြီး အသက်တောင် မရှူနိုင်တော့ဘူး။ ဒါပေမယ့်လည်း ကျွန်မ သူ ချစ်ရတဲ့ ကောင်မလေးကို ရှာတွေ့ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ သူ တစ်သက်လုံး ပျော်ပါစေလို့ ကျွန်မ ဆုတောင်းပေးခဲ့တယ်"
"ဖန်ကို သူ့ကောင်မလေးက လမ်းခွဲလိုက်တယ်တဲ့၊ ကျွန်မ သူ့အတွက် စိတ်မကောင်းလိုက်တာ။ သူ အသည်းကွဲရာကနေ နလန်ပြန်ထူနိုင်ပါစေလို့ ကျွန်မ ဆုတောင်းမိတယ်"
"ဒီနေ့ ကျွန်မ ဖန်နဲ့ ပြန်ဆုံခဲ့တယ်။ သူ ပြောင်းလဲသွားတဲ့ပုံပဲ။ သူက ယုံကြည်မှုရှိလာပြီး မာနကြီးလာသလို ရဲတင်းလာတဲ့ပုံပဲ။ ဒီလို ပြန်ဖြစ်လာဖို့ ကျွန်မ သုံးနှစ်တောင် စောင့်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ ပြန်ရောက်လာပြီ။ သူက ကျွန်မချစ်ရတဲ့ ဖန်လေး ဖြစ်နေတုန်းပဲ ..."
"ဖန်က အရမ်း ထူးဆန်းတာပဲ။ သူက ကျွန်မကို အံ့ဩစရာတွေ တစ်ခုပြီးတစ်ခု ပေးနေတော့တာပဲ။ သူ့ရဲ့ ယုံကြည်မှု ရှိတဲ့ အပြုံးကို ကျွန်မ သဘောကျတယ်။ သူ့ရဲ့ စိတ်ကြီးဝင်ပြီး မောက်မာတတ်တဲ့ ပုံစံ… ကျွန်မ သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို သဘောကျတယ်"
"ဒီနေ့ ဆေးရုံမှာ ဖန်က ကျွန်မနဲ့ ကျွန်မ မိဘတွေကို ကယ်ခဲ့တယ်။ သူက ဒဏ္ဍာရီလိုပဲ။ သူ့အကြောင်း ကျွန်မ တစ်နေ့လုံး စိတ်ကူးယဉ်နေခဲ့တာ။ ကျွန်မ သူ့ကို သိပ်သတိရတာပဲ။ ကျွန်မ သူ့ကို ချစ်မိနေပြီဆိုတာကို ကျွန်မ သတိထားလိုက်မိပြီ"
…
ဒိုင်ယာရီ စာအုပ် ငါးအုပ်၊ ခြောက်အုပ်ခန့် ရှိသည်။
အားလုံးက ယဲ့ဖန်နှင့် ပတ်သက်တာချည်းပင်။
သူ့အတွက်နှင့် ငိုခဲ့၊ ရယ်ခဲ့ရသည်။
ဒိုင်ယာရီစာအုပ်များကို ဖတ်ပြီး ယဲ့ဖန် ရင်ထဲ တုန်လှုပ်လာကာ သည်လောက် ဖြူစင်တဲ့ မိန်းကလေးက သူ့ကို တစ်သက်လုံး စောင့်နေခဲ့ပြီး သူ့ကို အမြဲ ကာကွယ်ချင် နေခဲ့တာပါလား… အမြဲ ထာဝရ"
"ဖြူစင်လိုက်တဲ့ ကောင်မလေး ... မင်းက အရမ်း အပြစ်ကင်းစင်တာပဲ"
ယဲ့ဖန် တီးတိုး ရေရွတ်၍ မချိတင်ကဲ ပြုံးလိုက်မိသည်။
ရုတ်တရက် ပြင်းထန်သော ချီဓာတ်များ သူ့မျက်လုံး၌ ပေါ်ပေါက်လာသည်။
"မင်း ဘယ်သူဖြစ်ဖြစ် မင်း သေကို သေရမယ်"
ထိုသို့ ကြုံးဝါး၍ ယဲ့ဖန် အန်းရှီ၏ အိပ်ခန်းထဲမှ ထွက်လာခဲ့သ်။
သူ လူသတ်ချင်သည်၊ သေသင့်သည့် သူတိုင်းကို သူ သတ်ချင်သည်။