၆၃၂
Vol. 9 Ch. 125
ဆေးလုံးသခင်မင်နင် အပါအဝင် ဒိုင်ငါးယောက်က ဆေးကြမ်းခင်း ၃၀၀ ဆီ ဖြန့်ကြက် သွားလိုက်ကြပြီး စစ်မှန်ခြင်း နတ်ဘုရား ပန်းတစ်ခုစီတွင် သူတို့၏ အကဲဖြတ်မှုကို စတင် လိုက်တော့သည်။
ဤပြိုင်ပွဲတွင် ပါဝင်နိုင်ပြီး ထိပ်ဆုံး ၃၀၀ ထဲတွင် ပါနေသည့် အတွက် ထိုဆေးလုံး ဆရာများက အားမနည်းလှချေ။ အယောက် ၃၀၀လုံး အပင် မပေါက်သည့်သူ ဟူ၍ မရှိပေ။ ထို့အပြင် မိုဝူကျီလိုမျိုး ၁၀ စင်တီမီတာလောက် ကြီးထွားလာသည့် ဖြစ်ရပ်ကား နည်းပါးလွန်း၏။
ခန့်မှန်းခြေ တစ်နာရီလောက် အကြာတွင် ဒိုင်ငါးယောက်က စင်မြင့်ပေါ် ပြန်သွားလိုက်ပြီး ဆေးလုံး သခင်မင်နင်က စင်အလယ်တွင် မတ်တတ်လျက် ရှိနေသည်။
အားလုံးက ရလဒ် ထွက်လာပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ ဆေးလုံးဆရာများက အသက်ပင် ရဲရဲမရှရဲဘဲ ဆေးလုံး သခင်မင်နင်၏ ကြေညာ ချက်ကို စောင့်ဆိုင်းနေကြသည်။
ဆေးလုံး သခင်မင်နင်က မကြေညာ ခင် လူထုကြီးကို ခေါင်းညိတ် ပြလိုက်သည်။ “ဒုတိယ အဆင့်ပွဲစဉ်ရဲ့ ရလဒ်တွေကို ဆုံးဖြတ်ပြီးသွားပါပြီ အဆင့်နှစ်ခုလုံး ပေါင်းထားတဲ့ ရလဒ် ထိပ်ဆုံး အယောက် ၁၅၀ က ၈၁၊ ၇၁၁၊ ၁၀၂၁၊ ၉၈၊ ၃၄....”
သူ ပြုတ်မယ်မှန်း အသေအချာ သိနေသောလည်း မိုဝူကျီက မျှော်လင့်ချက်လေး ဆုပ်ကိုင် ထားရင်း ဆေးလုံးသခင်မင်နင်၏ ကြေညာ ချက်ကို နားထောင်နေသည်။
မိုဝူကျီပင် မဟုတ်ပေ ကျန်သော ဆေးလုံးဆရာများမှာလည်း အတူတူ ဖြစ်သည်။ သူတို့သည် သူတို့၏ နံပါတ်ကို ကြားချင်နေကြ၏။
“၁၁၃၊ ၆၃၂၊ ၂ ...”
ဆေးလုံးသခင်က အယောက် ၁၅၀ လုံး ကြေညာ ပြီးသွားခဲ့လေပြီ။ မိုဝူကျီက ဝမ်းနည်းပက်လက် ဖြစ်နေလေ၏။ အယောက် ၁၅၀ ကြေညာ ဖို့ရာ အချိန်များစွာ ကြာသင့်သော်လည်း အဘယ်ကြောင့် မြန်လွန်း နေသည်ဟု ခံစားနေရသနည်း....
“ပထမနှစ်ဆင့် အောင်မြင်သွားတဲ့ ဆေးလုံး ဆရာတွေကို ဂုဏ်ပြုပါတယ်။ ပြီးတော့ နံပါတ် ကြေညာခြင်း မခံရတဲ့ ဆေးလုံး ဆရာများက ပြန်လို့ ရပါပြီ။ ကျွန်မတို့က တတိယ ပွဲစဉ်ကို ချက်ချင်း စတင်မှာ ဖြစ်ပါတယ် .....” ဆေးလုံး သခင်မင်နင်၏ အသံက ရှင်းလင်းစွာဖြင့် ဆေးလုံး ဆရာတိုင်း၏ နားထဲသို့ ရောက်သွားလေသည်။
“ဒါက မတရားဘူး စီနီယာ ဆေးလုံးဆရာ ကျွန်တော့် စကားတွေက ရိုင်းစိုင်းနေမှန်း သိပေမဲ့ ကျွန်တော်က အဖြုတ်ခံရလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယပွဲစဉ်က မမျှတဘူး....” တိတ်ဆိတ်မှု ကြားမှ အသံက ရုတ်ခြည်း ထွက်ပေါ်လာသည်။
စကားပြောသည့် သူကို ကြည့်လိုက်သော အခါ လူငယ် ဆေးလုံးဆရာ တစ်ယောက် ဖြစ်နေ၏။ သူ့မျက်နှာတွင် စိတ်အလို မကျမှု ၊ မမျှတမှု အရိပ်အယောင်များ ထင်းနေသည်။
တစ်ယောက်ကမှ အဆင့်ခြောက် ဆေးလုံး ဆရာများ၏ ဆုံးဖြတ်ချက်ကို မေးခွန်း မထုတ်ရဲပေ။ ထို့အပြင် သူတို့၏ ချင့်ချိန် တွေးတော နိုင်စွမ်းသည် အပြစ်အနာဆာ ကင်းလှသည်။ သူတို့က အကဲဖြတ်ရာတွင် ထိုသို့သော အမှားမျိုး ကျူးလွန်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဒုတိယပွဲစဉ် ပြီးသည်နှင့် တစ်ယောက်ယောက်က ထကာ အကဲဖြတ်မှု မမျှတဲ့အကြောင်း မေးခွန်း ထုတ်နေလေသည်။ အကယ်၍ ထိုသို့ဆိုလျှင် ကောင်းကင်ဖွေရှာ နန်းတော်မှ အချိန်များစွာ တည်ဆောက် ခဲ့ရသော ဂုဏ်သိက္ခာအားလုံးက မြောင်းထဲ ရောက်သွား ပေလိမ့်မည်။ အင်အားစု အမျိုးမျိုးက ဆေးလုံးပြိုင်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်သည် အထိ ဖြစ်နိုင်သည်။
မိုဝူကျီက ဂျူဖေးယန်ကို တအံ့တဩ ကြည့်လိုက်သည်။ ဂျူဖေးယန်ကို ထိုမျှ ပြောရဲ ဆိုရဲ ရှိလိမ့်မည်ဟု ထင်မထားပေ။ သူက မျှတမှုကို တောင်းခံရဲတယ်လား... သူ့ကိုယ်သူ ဒုတိယပွဲကို အောင်နိုင်လိမ့်မည်ဟု တွေးထားတာများလား... သူက စစ်ဆေးရေး နေရာက ထွက်သွားတော့မည့် ဆဲဆဲတွင် ဂျူဖေးယန်၏ မျှတမှု တောင်းခံသံကြောင့် မိုဝူကျီက ရပ်တန့်လိုက်ခြင်း ဖြစ်သည်။
သူက လမ်းလျှောက် နေတာကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး တစ်ခုခု လွဲမှားနေကြောင်း သတိထားမိ လိုက်သည်။
မိုဝူကျီက သူလျစ်လျူရှုမိသည့် အကြောင်းကို ပြန်လည် အမှတ်မရခင် ဆေးလုံး သခင်မင်နင်က အေးစက်စက် ပြောလိုက်သည်။
“အဆင့်ခြောက် ဆေးလုံးဆရာ ဒိုင်ငါးယောက်နဲ့ ကောင်းကင် ဖွေရှာ နန်းတော်ရဲ့ မျှတမှုကို သံသယ ဝင်ရဲတယ်လား....”
ဂျူဖေးယန်က သူ့အတွက် ပြန်လမ်း မရှိသည်ကို သိပြီး လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးရင်း ဆက်ပြော လိုက်သည် “ကျွန်တော် မလုပ်ရဲပါဘူး။ ဒါပေမဲ့ ကျွန်တော်က ပြိုင်ပွဲဝင် ၆၃၂ နဲ့ ရင်းနှီးတယ် ပထမအဆင့် သန့်စင်ခြင်းမှာလည်း သူက နောက်ဆုံးမှ ပြီးတယ် ဒါပေမဲ့ ထိပ်ဆုံး ၃၀၀ ထဲဝင်တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့သန့်စင်နိုင်စွမ်းကို မသိလို့ တိတ်တိတ်နေခဲ့တယ်။ ဒါပေမဲ့လည်း ဒုတိယအကြိမ်မှာလည်း နောက်ဆုံးပဲ ဖြစ်ပြန်တယ်။ သူ့စစ်မှန်ခြင်း နတ်ဘုရားပန်းက လက်ဖဝါးစာတောင် မရှိဘူး။ အဲလို ဆေးလုံး ဆရာမျိုးက အယောက် ၁၅၀ ထဲ ဝင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်က မျှတမှု ရှိရဲ့လားလို့ မေးတာပါ....”
ဂျူဖေးယန် ပါးစပ်မှ ထိူစကားများ ထွက်လာပြီး နောက်တွင် လူအုပ်ကြီးက ဂနာမငြိမ် ဖြစ်လာကြသည်။ ဂျူဖေးယန်၏ စကားများက ယုတ္တိမရှိဘဲ မဟုတ်ချေ သူ့တွင် သက်သေပါ ရှိနေသေး၏။ အကယ်၍ ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုသာ ရှိတော့သည်။ အကဲဖြတ်မှုက မတရားပေ။ လူအုပ်ကြီးက အုံကြွလာပြီး အဓိကရုဏ်း တစ်ခုလို့ပင် ခေါ်လို့ ရလေ၏။
“အားလုံး စိတ်အေးအေး ထားကြပါ။ အကဲဖြတ်မှု မျှတတယ်။ မမျှတဘူးက ဆေးလုံး သခင်မင်နင် ဆုံးဖြတ်ရမဲ့ အရာပါ...” အသံတစ်ခုက ကောင်းကင်မှ ပျံ့လွင့်လာပြီး အားလုံး၏ နှလုံးသားထိ ရိုက်ခတ် သွားစေသည်။ အုံကြွမှုကား ငြိမ်ကျသွားလေ၏။
မိုဝူကျီက ထိုအသံကို ကြားသောအခါ အံ့ဩမိသွားကာ သူ့စိတ်ထဲလည်း ရှင်းလင်းသွား၏။ အခြေအနေများကို သဘောပေါက် လာခဲ့သည်။ အရင်က သူက ဆေးလုံးသခင်မင်နင် ပြောမည့် အယောက် ၁၅၀ ပြီးစီးဖို့သာ စောင့်နေခဲ့ပြီး သူ့နံပါတ်က ၆၃၂ ဆိုတာ မေ့သွားခဲ့၏။ လက်တွေ့တွင် ၆၃၂ကို ခေါ်လိုက်သောအခါ သူ့ကိုယ်သူ သူ့နံပါတ် ဖြစ်နေကြောင်း သတိမပြုမိပေ။
မိုဝူကျီ တစ်ကိုယ်လုံးတွင် စိတ်လှုပ်ရှားမှုများ နိုးထလာပြီး ဂျူဖေးယန် စကားများကို လုံးဝ လျစ်လျူရှု ပစ်လိုက်သည်။ ဂျူဖေးယန်က မျှတမှု တောင်းခံနေသည်က အံ့ဩစရာတော့ မဟုတ်ပေ။ သူက မိုဝူကျီကို မုန်းတီးနေပြီးတော့ သတ်ရန်ပင် မစောင့်နိုင်တော့ပေ။ ယခု မိုဝူကျီက အောင်မြင်ပြီး သူက ကျရှုံး သွားသောကြောင့် တုန်လှုပ်သွားကာ မနာလို ဖြစ်လာတာ ဖြစ်လိမ့်မည်။
ဆေးလုံး သခင်မင်နင်က ဂျူဖေးယန်ကို အေးစက်စွာ ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် “ပြိုင်ပွဲဝင် ဆေးလုံးဆရာ အပေါင်းတို့ ပြိုင်ပွဲဝင် ၆၃၂ နဲ့ ပတ်သက်ပြီးတော့ တစ်ယောက်မှ သူ့ကို ထောက်မပြရင်တောင် ကျွန်မကတော့ သူ့အကြောင်း ပြောပြရဦးမှာပဲ တကယ်တမ်း ဆေးလုံးဆရာ ၆၃၂ကို အာရုံစိုက်နေတာ တော်တော်ကြာပြီ။ ပထမပွဲစဉ်တုန်း သံမဏိအမြုတေ ဗောဓိအသီးကို သန့်စင်ရတုန်းက သူ့အမြန်နှုန်းက အနှေးဆုံးထဲမှာ ပါတယ်။ ဒါပေမဲ့လည်း အချိန်မီ သန့်စင်ပေးနိုင်ခဲ့တယ်။ ပြီးတော့ သူ့သန့်စင်မှု အရည်အသွေးအရ ၁၀၀ မှာ ၇၁ ရတယ်။ အဲဒါကြောင့် ထိပ်ဆုံး ဆယ်ယောက်ထဲမှာ ရှိတယ်....
အဲဒီ ရလဒ်က အဆင့်လေး မြေကမ္ဘာအဆင့် ဆေးလုံးဆရာအတွက်ဆိုရင်ကို ထူးချွန်လွန်းနေပြီ။ သူ့ဆို အဲထက် ပိုတယ်။ အားလုံးက ကျွန်မဘာလို့ ပြောတယ်ဆိုတာ သိချင် နေကြတယ်မလား အကြောင်းက သူက အခုမှ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ အဲဒီအဆင့်နဲ့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတာကိုက တော်တော် အံ့ဩဖို့ ကောင်းနေပြီ။ ပြီးတော့ သူက အဲဒါတင် မကသေးဘူး။ အနီရောင် မီးကျောက်နဲ့ သံမဏိ အမြုတေ ဗောဓိ အသီးကို သန့်စင်နိုင်ခဲ့သေးတယ်....”
ဆေးလုံး သခင်မင်နင်၏ စကားလုံးများက လူထုကြားက ဆွေးနွေးမှု အမျိုးမျိုးကို ဖြစ်စေခဲ့သည်။ သိသာလှစွာ လူအများက သူမ စကားများသည် မဖြစ်နိုင်ဘူးဟု ခံစားမိကြသည်။
“ဖြစ်နိုင်တာက ကျွန်မ စကားတွေက ကြီးကျယ် လွန်းနေတယ်လို့ ထင်ကောင်းထင်ကြမယ် ဒါပေမဲ့ သူ အဲလို ရလဒ်တွေရဖို့ ဘယ်လို ကြိုးစားခဲ့တယ် ဆိုတာ သိရရင် အဲလို ဆက်ထင်နေတော့မှာ မဟုတ်ဘူး ပြောပြပါရစေဦး။ သူက သူ့လက်နဲ့ မွှေပြီးတော့ အဲဒီ ရလဒ် ရလာခဲ့တာ ဆေးလုံးဆရာ တစ်ယောက် အတွက် အမြဲတမ်းစွဲနေမဲ့ ဒဏ်ရာ မဟုတ်ဘူး ဆိုရင်တောင် ဆေးပင်ကို သန့်စင်ဖို့ မင်းလက်ကို စတေးပြီးတော့ ရလဒ်ကို ပြောင်းပြန် လှန်ပစ်နိုင်တယ်။ ဒါပေမဲ့ အားလုံးက မီးထဲကို လက်ထည့်ထားတဲ့ နာကျင်မှုကို စိတ်ကူးကြည့်လို့ ရမယ်လို့ ထင်တယ် အဲနာကျင်မှုကို တောင့်ခံနိုင်ဖို့ ဆုံးဖြတ်ချက် ပြတ်သားမှု ဘယ်လောက်လိုမလဲ....
ပြီးတော့ အားလုံးလဲ အဲလိုလက်နဲ့ မွေတဲ့ နည်းလမ်းက အသုံးပြုသူကို ကြီးကြီးမားမား ထိခိုက်စေတာ သိကြမှာပါ။ ပြန်ကုမရတဲ့ အခြေအနေ ရောက်သွားတာနဲ့ သူ့ဆေးလုံး ဖော်စပ်ခြင်း အခြေခံက လုံးဝ ပျက်စီး သွားလိမ့်မယ်။ အဆင့်သုံး ဆေးလုံး ဆရာတစ်ယောက်မှာ အဲလိုမျိုး ပြန်လည် ကုသနိုင်တဲ့ ဆေးလုံးမျိုး ရှိမှာ မဟုတ်တာ သေချာတယ်”
ဆေးလုံး သခင်မင်နင်က ပြောလိုက်သော အခါ လူအုပ်ကြီးက ငြိမ်ကျသွားလေ၏။ လူအုပ်ကြားတွင်လည်း ဆေးလုံး ဆရာများစွာ ရှိနေသည်။ လက်မွေခြင်း နည်းလမ်းဖြင့် အောင်မြင်အောင် လုပ်နိုင် လိမ့်မည်ဟု အတည်မပြုရဲပေ။ ထို့အပြင် သူတို့က အရွေးခံ ရလျှင်ပင် ထိုသို့ လုပ်ရန် ဆန္ဒ မရှိကြပေ။
ဆေးလုံးသခင်မင်နင် ပြောလိုက်သည့် အတိုင်း အောင်မြင်မှုက စွန့်စားမှုထက် ကျော်လွန်နေမည် မဟုတ်ပေ။ အကယ်၍ လက်သာ အမြဲတမ်းအနေနှင့် ပျက်စီး သွားခဲ့ရင် ဘယ်လို လုပ်မလဲ.... သူတို့၏ ဆေးလုံး ဖော်စပ်ခြင်း အနာဂတ် ပြီးစီး သွားရုံသာမက ကျင့်ကြံခြင်းတွင်လည်း အလားအလာများစွာ လွတ်သွားလိမ့်မည်။ ထို့အပြင် ထိုသည်က ပထမဆုံးပွဲစဉ် ဖြစ်ကာ အန္တရာယ်ရှိသော နည်းလမ်းကား နောင်ပွဲစဉ်များ၏ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သည်။
ဆေးလုံး သခင်မင်နင်က ဆက်ပြော လိုက်သည် “ဒါက အဲဒီဆေးလုံးဆရာကို အသိမှတ် အပြုဆုံး အရာ မဟုတ်သေးဘူး။ ကျွန်မ အသိမှတ် အပြုဆုံးက သူ့သန့်စင်ခြင်း ပြီးသွားတဲ့ အချိန်မှာ လောင်ကျွမ်းထားတဲ့ နာကျင်မှုကို ကျိတ်မှိတ် ခံစားပြီးတော့ ဆေးတစ်လုံးမှ မသောက်ခဲ့ဘူး။ အစပိုင်းတုန်းက ကျွန်မလည်း သူ့အပြုအမူကို နားမလည်ခဲ့ဘူး။ နောက်ပိုင်း ကျောက်စိမ်း ပုလင်းကို သိမ်းဆည်း လိုက်တောမှ သဘောပေါက် သွားခဲ့တာ သူက စည်းမျည်းတွေနဲ့ မရင်းနှီးတဲ့ သူ ဖြစ်လောက်မယ်။ အဲဒါကြောင့် ပြိုင်ပွဲအတွင်း ဆေးလုံး သုံးစွဲတာကို စည်းကမ်းနဲ့ ဆန့်ကျင်နေတယ်လို့ တွေးထားတာ ဖြစ်လောက်မယ်။ အဲဒါကြောင့် သူက ဒဏ်ရာကို ကျိတ်မှိတ် ခံစားနေခဲ့တာပဲ....
သူက ဒီနေရာမှာ အရိုးသားဆုံး ဆေးလုံးဆရာ တစ်ယောက်ပဲ ဒီပြိုင်ပွဲအတွင်းမှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ချင်တဲ့ သူ့ဆန္ဒက ဒီနေရာမှာ ရှိနေတဲ့ အားလုံးထက်ကို ကျော်လွန် နေလိမ့်မယ်။ နေရာ တစ်နေရာစာ ရရှိဖို့ သူ့အနာဂတ် ပျက်စီး သွားရင်တောင် ဂရုမစိုက်ဘူး.... ”
ဘေးနားမှ ချူဝမ်အာက မိုဝူကျီကို ကြည့်ပြီး သက်ပြင်း ချလိုက်တော့သည်။ ထိုကောင်လေး၏ ဆုံးဖြတ်ချက် ပြတ်သားမှုက အရင်အတိုင်း ကျန်ရှိနေသေး၏။ တခြားသူများက ဆေးလုံးသခင်မင်နင် ပြောသည့် စကားများကို သံသယ ရှိလျှင်ပင် သူမကတော့ လုံးဝ ယုံကြည်သည်။ အရင်တုန်းက မိုဝူကျီ၏ ဆုံးဖြတ်ချက်ကို မြင်တွေ့ဖူး၏။ လျှပ်စီးအားနှင့် ထိတွေ့ ခံရပြီးနောက်တွင် သူက အသက်ကိုပင် စွန့်စားကာ လျှပ်စီး မိကျောင်းများကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
ထိုစဉ် ဆေးလုံး သခင်မင်နင်က ခဏ ရပ်လိုက်ပြီးတော့ ဆေးလုံးသခင်ဂျူကို မထီမဲ့မြင် ကြည့်လိုက်သည်။ ထို့နောက်တွင် ဆက်ပြော လိုက်သည် “အဲအချက်တွေက သူ့ကို အသိမှတ် ပြုစေတာပါ ဒါပေမဲ့ ဒိုင်တစ်ယောက် အနေနဲ့ အဲဒီအတွက် အမှတ်ပိုပေးမှာ မဟုတ်ဘူး....
တကယ်လို့ ကျွန်မက အဲလိုမျိုး လေးလေးနက်နက်နဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့သူက ကျင့်ကြံဆင့် နိမ့်နေမှန်း သိခဲ့ရင် ကျင့်ကြံဆင့် သိပ်မလိုတဲ့ ပွဲမျိုး အကြံ ပေးမိလိမ့်မယ်။ ဒါပေမဲ့ အဲလိုတော့ မရှိတော့ ဒုတိယ ပွဲစဉ်ကျ စစ်မှန်ခြင်း နတ်ဘုရားပန်းကို စိုက်ရတယ်။ ဝိညာဉ် ဆေးပင်တွေ အပေါ် ဆေးလုံး ဆရာတွေရဲ့ နားလည်နိုင်စွမ်းအပြင် ကျင့်ကြံဆင့်ကလည်း အရေးကြီးတဲ့ နေရာက ပါနေသေးတယ်...
ပြိုင်ပွဲဝင် အယောက် ၃၀၀ မှာ ၁၆၃ ယောက်က သစ်သား သဘာဝ ပန်းမျိုးစေ့ကို ရွေးချယ် ကြပြီးတော့ အယောက် ၉၀ က မီးသဘာဝ မျိုးစေ့ နဲ့ ၄၆ ယောက်က မြေကြီး၊ ရေနဲ့ သတ္တု သဘာဝ မျိုးစေ့ကို ရွေးချယ် ကြတယ်”
ဆေးလုံး သခင်မင်နင်က လူအုပ်ကြီးကို ကြည့်လိုက်ပြီးတော့ “အယောက် ၃၀၀ ထဲမှာ တစ်ယောက်တည်းကပဲ သီးခြား သဘာဝမျိုးစေ့ကို ရွေးချယ်ခဲ့တယ် အဲဒါက နားလည်လို့ ရတယ်။ သီးခြား ဝိညာဉ်ကြောနဲ့ ဆေးလုံးဆရာတွေက ဇာမဏီလိုမျိုး ချီလင်လိုမျိုး ရှားပါးကြတယ်။ ဒါပေမဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက သီးခြား သဘာဝမျိုးစေ့က ရိုးရိုး ဒြပ်ငါးမျိုး သဘာဝထက် အဆများစွာ ပိုခက်တယ် ဆိုတာပဲ...”
ထိုစဉ် အားလုံးက စတင်ပြီးတော့ စုံစမ်း ကြတော့သည်။ မည်သူကမျှ ၆၃၂ ကို မသိကြသော်လည်း ဆေးလုံးသခင်မင်နင်က ၆၃၂ အကြောင်း ပြောမည်ကိုတော့ အားလုံးက သိကြ၏။ ထို့အပြင် ဆေးလုံးဆရာ ၆၃၂ သည် လူအုပ်ထဲတွင် သေချာပေါက် ရှိနေသည်။
လူအုပ်ကြီး၏ ဟိုငေးဒီငေး မျက်လုံးများကို ကြည့်ကာ ဆေးလုံးသခင်မင်နင်၏ လေသံက အနည်းငယ် ပျော့ပျောင်းလာလေ၏။
“ဟုတ်ပါတယ် အားလုံး ထင်နေတဲ့ အတိုင်းပဲ သီးခြား သဘာဝမျိုးစေ့ကို ရွေးခဲ့တာ ဆေးလုံးဆရာ ၆၃၂ ပါပဲ သူစိုက်ခဲ့တဲ့ လျှပ်စီး မျို့းစေ့ ပန်းပင်က လက်ဖဝါးသာသာထိ ရောက်လာပါပြီ။ ရလဒ်က အကောင်းဆုံးတော့ မဟုတ်ပေမဲ့ သေချာပေါက် ထိပ်ဆုံး ၁၀ ယောက်ထဲ ပါပါတယ်.....”
ဆေးလုံး သခင်မင်နင်က ပြန်လှည့်ကာ ဂျူဖေးယန်ကို စိုက်ကြည့် လိုက်ပြီးတော့ ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါတို့ ဒိုင်တွေကို မမျှတဘူးလို့ ထင်နေသေးလား ပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲကိုရော မတရားဘူးလို့ ထင်နေသေးလား..”
“ကျွန်... ကျွန်တော် မသိခဲ့ဘူး....”
ဂျူဖေးယန စိတ်ကား အေးစက် သွားလေပြီ။ မိုဝူကျီအပေါ်တွင် ရှိနေသော မနာလိုစိတ်များက လုံးဝ ပျောက်ကွယ် သွားတော့၏။ ယခုတွင် အကြောက်တရားသာ ခံစားမိတော့သည်။
သူက မိုဝူကျီကို မုန်းတီးသည့် အတွက် အကြောင်းပြချက် ပျောက်ကာ မတရားမှုကို ရှာပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခုလို ဖြစ်သွားမည်ဟု ဘယ်သူ တွေးထားမည်နည်း....
“တကယ်လို့ အားလုံးက မင်းလို ဖြစ်ပြီးတော့ ဆေးလုံး ပြိုင်ပွဲအကြောင်း မေးခွန်း လာထုတ်နေရင် ပြိုင်ပွဲက ဆက်ကျင်းပလို့ ရမှာတောင် မဟုတ်ဘူး....”
ဆေးလုံးသခင်မင်နင် အသံက အေးစက်လာကာ သူမအသံ အဆုံးသည်နှင့် ဧရာမ ကြီးမားလှသော လက်သီးအရိပ်က ကောင်းကင်တွင် ပေါ်လာခဲ့သည်။
“ဘုန်း....” ထိုအရိပ်က ဂျူဖေးယန် အပေါ်သို့ ဆင်းသက်လာ၏။ ဂျူဖေးယန်တွင် တောင်းပန်ရန် အခွင့်အရေးပင် မရလိုက်ချေ။ ချက်ချင်းပင် အသားစ ဖြစ်သွားလေ၏။
***