ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ ပြီးဆုံးခြင်း
Vol. 10 Ch. 127
“ဒေါင်ဒေါင်ဒေါင်….” နောက်ထပ် နာရီဝက်အကြာတွင် မောင်းသံ သုံးကြိမ် ဆက်တိုက် ထွက်ပေါ်လာပြီး ဆေးလုံးဖော်စပ်ဖို့ အချိန်ပြည့်သွားလေ၏။
ဆေးလုံးဖော်စပ်ခါနီး ဖြစ်နေသည့် ဆေးလုံးဆရာအချို့သည် မောင်းသံကြောင့် အာရုံထွေပြားသွားကာ မီးဖိုထဲမှ ဆေးလုံးများက ပေါက်ကွဲသွားတော့သည်။ ဆေးလုံးများက အစိတ်စိတ် အမွာမွာ ဖြစ်သွားတော့သည်။
အစေခံ ဆယ်ယောက်က ကျောက်စိမ်းပုလင်းများကို လိုက်သိမ်းဆည်းလိုက်ကြသည်။ သူတို့ သိမ်းဆည်းထားသော ကျောက်စိမ်းပုလင်း တစ်ပုလင်းစီအတွက် မီးပြင်းဖိုဘေးတွင်ရှိနေသော ဆေးလုံးဆရာ ဖော်စပ်ထားသည့် ဆေးလုံးနာမည် ကပ်ပေးလိုက်သည်။
မိုဝူကျီ ကျောက်စိမ်းပုလင်းကို ယူလိုက်သောအခါ သူ့မီးပြင်းဖိုဘေးတွင် မျက်နှာမွမ်းမံဆေးလုံးဟု ညွှန်ပြချက် ပါရှိသည်။
မိုဝူကျီက လေးဖက်လေးတန် ပတ်လည်ကြည့်လိုက်ကာ လူတစ်ရာကျော် ဆေးလုံးဆရာများကြားတွင် မျက်နှာမွမ်းမံဆေးလုံးကို ရွေးတာ သူ တစ်ယောက်သာ ရှိနေ၏။
ဆေးလုံးဆရာ အများစုက အဆင့်လေး ဆေးလုံးကို ရွေးချယ်ကြပြီး အဆင့်သုံးကို ရွေးချယ်ကြသူများထဲတွင် သူတို့က သဏ္ဍာန်မဲ့ ဆေးလုံး သို့မဟုတ် အရိုးချုပ်တည်းဆေးလုံးကိုသာ ရွေးချယ်ကြသည်။
မိုဝူကျီက ထိုအဆင့်သုံး ဆေးလုံးများက ပိုအဖိုးတန်မည် ဖြစ်ကြောင်း မှန်းဆမိလေသည်။ မဟုတ်လျှင် ထိုမျှ လူအများက ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။
မိုဝူကျီ၏ ရွေးချယ်မှုကို တွေ့သော သူများက ပြောစရာမရှိ ဖြစ်သွားကြသည်။ ကျင့်ကြံခြင်းလောကတွင် မျက်နှာမွမ်းမံ ဆေးလုံးသည် အသုံးမဝင်ဆုံးထဲမှ တစ်ခု ဖြစ်၏။ အကယ်၍ မျက်နှာထိန်းသိမ်းခြင်း ဆေးလုံးဆိုလျှင် လူအများစုက ရွေးချယ်ကြဦးမည် ဖြစ်၏။ မျက်နှာမွမ်းမံဆေးလုံးကဲ့သို့ ဆေးလုံးမျိုးသည် အသုံးမဝင်ရုံသာမက ဖော်စပ်ဖို့လည်း မလွယ်ကူပေ။
ယန်ချင်ယင် တစ်ယောက်သာ မိုဝူကျီ ရွေးချယ်မှု နောက်ကွယ်က တကယ့်ရည်ရွယ်ချက်ကို သိ၏။
မကြာခင်တွင် ကျောက်စိမ်းပုလင်းများကို စုစည်းလိုက်ပြီး ဒိုင်ငါးယောက်၏ အကဲဖြတ်စားပွဲပေါ်သို့ ရောက်ရှိနေလေပြီ။ ဒိုင်ငါးယောက်က ကျောက်စိမ်းပုလင်းများကို ဖွင့်လိုက်ပြီးတော့ ဆေးလုံး၏ အရောင်အဆင်းနှင့် အရည်အသွေးတို့ကို စစ်ဆေးလိုက်သည်။
နောက်ထပ် တစ်နာရီအကြာတွင် မင်နင်က မတ်တပ်ရပ်လိုက်သောကြောင့် အားလုံးက တတိယ ပွဲစဉ် ရမှတ်တွေ ထွက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။
ဆေးလုံးသခင်မင်နင်က လန်းလန်းဆန်းဆန်း ပြောလိုက်သည် “စိတ်လှုပ်ရှားစရာ ကောင်းပြီး ပြင်းထန်တဲ့ ပြိုင်ပွဲအပြီးမှာ ဆေးလုံးပြိုင်ပွဲက လုံးဝပြီးစီးသွားခဲ့ပြီ ထိပ်ဆုံး အယောက် ၁၀၀ ရဲ့ နာမည်စာရင်းက ထွက်လာပါပြီ နာမည်အခေါ်ခံရတဲ့သူက စင်မြင့်ပေါ်တက်လာပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ခွင့် လက်ပတ်တွေ လာယူပါ…”
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲရှိ ထိပ်ဆုံး ဆယ်ယောက်ကို ဆုလာဘ်တစ်ခု လက်ခံရရှိလိမ့်မည်။ သို့သော် မည်သူကမှ ဆုအကြောင်း ဂရုမစိုက်ကြချေ။ အားလုံးက နာမည်စာရင်းကိုသာ အာရုံရှိနေကြသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ရမည့် အခွင့်အရေးနှင့် ယှဉ်လျှင် ထိုဆုလာဘ်များက ဘာမှ မဟုတ်ပေ။
“ပထမနံပါတ်က ဆေးလုံးဆရာ ၃၇ အမှတ် ၂၆၁ မှတ်၊ ဒုတိယက ဆေးလုံးဆရာ ၉ အမှတ် ၂၅၇ မှတ် တတိယက ဆေးလုံးဆရာ ၂ အမှတ် ၂၅၆ မှတ်၊ စတုတ္ထက ဆေးလုံးဆရာ ၁၁၃ …..” ဆေးလုံးသခင်မင်နင်က ထိပ်ဆုံးဆယ်ယောက်ကို တစ်ဆက်တည်း ခေါ်သွားလိုက်သည်။
နံပါတ် ၆၃၂ ကို မခေါ်သော်လည်း မိုဝူကျီက စိတ်ထဲ မထားပေ။ ထိုသည်က သူ့ခန်းမှန်းခြေအတွင်း ရှိနေသေး၏။ သူက အဆင့်သုံး ဆေးလုံးကို ဖော်စပ်ခဲ့သော်လည်း အဆင့်သုံးနှင့် အဆင့်လေး ကွာခြားချက် တန်ဖိုးကို ရှင်းရှင်းသိသည်။ တတိယအကြိမ် ပွဲစဉ်တွင် သူ့အမှတ်များ လျော့နည်းသွားမှန်း သေချာသိသည်။
ကျောင်တင်းက ဆေးလုံးသခင်မင်နင်ဆီမှ ဆုလက်ခံရသည့် ပထမဆုံး လူဖြစ်သောကြောင့် သူသည် ဆေးလုံးဆရာ ၃၇ ဖြစ်မှန်း သိလိုက်သည်။
“ဒီနှစ် ဆေးလုံးပြိုင်ပွဲမှာ ပထမရလို့ ဂုဏ်ယူပါတယ် ပြီးတော့ ငါတို့ရဲ့ ကောင်းကင်ဖွေရှာနန်းတော် ဆေးဘုံစေတီကနေ ကြိုဆိုပါတယ်….” ဆေးလုံးသခင်မင်နင်က ဖော်ရွေစွာ ပြောလိုက်သည်။
ထိုမြင်ကွင်းကား စင်အောက်ရှိ လူများစွာကို မနာလို အားကျစေသည်။ အများစုက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ချင်ကြသည်မှာ သူတို့သည် ထိပ်တန်းအရည်အသွေးမြင့် ဆေးပင်များကို ရှာပြီး ကောင်းကင်ဖွေရှာနန်းတော်သို့ ဝင်ရောက်ခွင့် ရရန် ဖြစ်သည်။
သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ မဝင်ခင် သူက အဆင့်ခြောက် ဆေးလုံးဆရာမှ မျက်နှာသာပေးပြီး ကိုယ်တိုင်ပင် ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီဆီသို့ ဖိတ်ကြားခြင်း ခံလိုက်ရသေး၏။ ထိုသို့သော ဂုဏ်ကျက်သရေကို မည်သူက မလိုချင်ဘဲ နေမည်နည်း….
မိုဝူကျီက ကိုယ့်ဘာသာ တွေးလိုက်သည်။ ထိုလူက ကျော်ကြားမှုနှင့် အကျိုးမြတ်နှစ်မျိုးလုံးကို အမှန်တကယ် လက်ခံရရှိခဲ့သည်။ ပထမ ရရှိခဲ့ရုံသာမက ထိုသို့ ရက်ရောလှသော ဆုချီးမြင့်မှုနှင့် ဒြပ်ငါးမျို ကင်းမဲ့နယ် ဝင်ခွင့်ပါ လက်ခံရရှိခဲ့သည်။ သူက ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီမှ ဖိတ်ကြားမှုပင် ရလိုက်သေးသည်။
“ကျေးဇူးများကြီးတင်ပါတယ် စီနီယာ မင်နင် ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီက ကျွန်တော်တို့လို ဂျူနီယာလေးတွေ အရမ်းကို လေးစားရတဲ့ နေရာတစ်ခုပါ အဲလိုနေရာမျိုးကို ကျွန်တော် ဝင်ခွင့်ရတာကိုက ကျွန်တော့်အတွက် ဂုဏ်ယူမှုပါပဲ…..” ကျောင်တင်းက ဆုကို စနစ်ကျကျ လက်ခံယူလိုက်ပြီး ထို့နောက်တွင် စင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။
မိုဝူကျီက ပထမဆုရမည့်သူကို ကျောင်တင်း မဟုတ်ဘဲ မုယင်ဟု ထင်မှတ်ထားတာ ဖြစ်သည်။ မိုဝူကျီကို ပို၍ စိတ်ပျက်စေသည်က မုယင်က ဒုတိယနေရာပင် မရချေ။
ဒုတိယရသော ဆေးလုံးဆရာ ၉ ကား အဝါရောင်ဆံပင်နှင့် အမျိုးသား ဖြစ်၏။ သူက စကား သိပ်မပြောပေ။ ဆုကိုလက်ခံပြီးနောက် ကျေးဇူတင်စကား ရိုးရိုးတမ်းတမ်းဆိုကာ ထွက်လာလေ၏။
တတိယနေရာကို ရသွားသော ဆေးလုံးဆရာ ၂ က မုယင် ဖြစ်သည်။ မိုဝူကျီက သူမမျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင် နည်းနည်းမျှ မတွေ့ရသော်လည်း မုယင်ကား ထိုကိစ္စကို ကျေနပ်လိမ့်မည် မဟုတ်ကြောင်း သိထား၏။
နတ်ဘုရား၏ မျက်နှာသာ ပေးခံရသော၊ အကြီးအကဲများမှ များစွာ မျှော်လင့်ထားသော လူတစ်ယောက်အတွက် မုယင် ပြိုင်ပွဲကို မနိုင်သည်က လုံးဝကို ရှက်စဖွယ်ကောင်းပေသည်။ ထို့အပြင် သူမက ဒုတိယနေရာပင် မရခဲ့ပေ။ ထိုသည်က သူမအတွက် ဂုဏ်သရေပျက်စေတာ မဟုတ်ဘဲ ကောင်းကင်ဖွေရှာနန်းတော် အတွက် ဖြစ်၏။
နံပါတ်တွေ ပိုပိုပြီးတော့ ခေါ်လိုက်ကာ လူငယ် ဆေးလုံးဆရာလေးတွေက သူတို့ဆုယူရန် စင်မြင့်ပေါ်သို့ တက်သွားကြသည်။
နံပါတ် ၅၀ ကို ခေါ်ခါနီးတွင် မိုဝူကျီက သူ့နံပါတ်ရောက်တော့မည် ဖြစ်ကြောင်း မျှော်လင့်ထားမိ၍ စိုးရိမ်လာသည်။ ဆေးလုံးသခင်မင်နင်က အရင်ပြိုင်ပွဲများတွင် သူ့အဆင့်က ထိပ်ဆုံး ၁၀ ယောက်ထဲ ပါသည်ဟု ဆိုသော စကားက အလိမ်အညာ မဖြစ်သရွေ့ သူ့အလှည့်ရောက်လာလိမ့်မည်။
မိုဝူကျီ စိုးရိမ်မှုကို ကြားသည့်အလား ဆေးလုံးသခင်မင်နင်၏ စိတ်လှုပ်ရှားသော အသံကို ကြားလိုက်ရသည် “အဆင့် ၅၀ က ဆေးလုံးဆရာ ၆၃၂ အမှတ် ၂၀၁မှတ်….”
မိုဝူကျီက နေရာမှ အပြေးအလွှားထကာ သွားလိုက်တော့သည်။ သူ့နာမည်ကား အဆင့်ငါးဆယ်တွင် အခေါ်ခံလိုက်ရ၏။ ထိုသို့ဆိုလျှင် သူ့တွင် နေရာ ၅၁ ခု ရပြီမလား…. သူက ထိုမျှ နေရာများစွာကို မလိုအပ်ပေ။
“ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေးမို စင်ပေါ်မှာ အရမ်းကြီး စိတ်လှုပ်ရှားမနေနဲ့ဦး…” ယန်ချင်ယင်က မိုဝူကျီကို ဂုဏ်ပြုပေးလိုက်သည်။
မိုဝူကျီက စိတ်ကို ငြိမ်ငြိမ်ထားကာ ပြန်၍ ဖြေလိုက်သည် “စီနီယာ အစ်မယန်ကို ကျေးဇူးတင်ပါတယ် အစ်မလည်း စိတ်မပူနဲ့တော့ အစ်မ နေရာ ဘယ်လောက်ပဲလိုလို ကျွန်တော့မှာ ရှိနေပြီ….”
ထိုအပိုနေရာများက မိုဝူကျီအတွက် အသုံးမဝင်ပေ။ ထို့ကြောင့် ယန်ချင်ယင်ကို ကူညီဖို့ရာ ကိစ္စမရှိပေ။
“ဟားဟား…” အဝေးမှ ကျန်းရှောက်ခယ်က လေထဲ လက်သီးလက်မောင်းဆန့်တန်းကာ အောင်ပွဲခံနေလေ၏။ သူက မိုဝူကျီအပေါ် လွဲမှားပြီးတော့ ကောက်ချက်မချမိပေ။ ထိုမျှတင် မကပေ သူ့အတွက် အကျိုးမြတ် အသီးအပွင့်များစွာ စံစားလိုက်ရသည်။ မိုဝူကျီသည် မည်သည့် လူစားမျိုးလည်းဆိုတာ သေချာသိနေကာ မိုဝူကျီက ကြင်နာတရား မရှိသော သူ မဟုတ်ပေ။ မိုဝူကျီက သူ့ကို နေရာအချို့ ပေးလိမ့်မည်ဟု ယုံကြည်သည်။ ထိုနေရာများနှင့် သူက လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှ အကြီးအကဲများကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်လိမ့်မည်။
“အစ်ကိုကြီး ဒါက အဲလောက် အံ့ဩစရာကောင်းလို့လား… ဝူကျီရဲ့ ဆေးဖော်စပ်နိုင်တဲ့ အရည်အသွေးနဲ့ဆိုရင် သူ နေရာ ဘာမှ မရမှ အံ့ဩစရာ ကောင်းမှာ မဟုတ်ဘူးလား အစ်ကိုကြီးက အပိုတွေ လုပ်နေတယ်…..” စိတ်မပျော်သည့် ကျန်းရှောက်ရုက ဘေးနားမှ ရေရွတ်လိုက်သည်။
ပုံမှန်ဆို ယဉ်ကျေးသိမ်မွေ့လာသည့် ကျန်းရှောက်ခယ်က အော်မပြောဘဲ မနေနိုင်တော့ချေ “မင်း ဘာသိလို့လဲ...”
ကျန်းရှောက်ရုက ပြန်ပြောတော့မည့်ဆဲဆဲတွင် ပြုံးဖြီးနေသည့် ဒုတိယ အိမ်တော်သခင် ရောက်လာလေ၏ “ရှောက်ခယ် ရှောက်ရု မင်းတို့ နှစ်ယောက်လုံး ဒီမှာကိုး ဒီတစ်ကြိမ် ရှောက်ခယ်က လမင်းကိုးစင်း အိမ်တော်အတွက် အများကြီး အကျိုးပြုနိုင်ခဲ့တာပဲ မင်းရဲ့ ဆေးလုံး ဆရာ ၆၃၂ က တကယ် မဆိုးဘူးပဲ... ဒါနဲ့ ဟုတ်သား ဆုပေးပွဲ ပြီးတာနဲ့ သူ့အတွက် အောင်ပွဲလေး ကျင်းပပေးရအောင်လေ....”
ကျန်းရှောက်ရုက ဒေါသပုန် ထခါနီးတွင် ကျန်းရှောက်ခယ်က တားကာ ပြောလိုက်သည် “ဒုတိယ အိမ်တော်သခင်နဲ့ ကျွန်တော်တော့ သဘောမတူဘူး ဝူကျီ ရတဲ့ နေရာတွေက ကျွန်တော့် လမင်းကိုးစင်း ဆေးလုံးအိမ်တော်နဲ့ ဘာမှ မဆိုင်ဘူး သူ အနိုင်ရရင် အကုန် သူ့ဆုံးဖြတ်ချက်အတိုင်းလို့ ပြောထားပြီးသား အဲဒါကြောင့် သူက နေရာတွေကို ပေးစရာ မလိုဘူး....”
ဒုတိယ အိမ်တော်သခင် မျက်နှာက လေးနက်သည့် ဟန် ပြောင်းလဲလာပြီး “မင်း ဘယ်လိုများ လုပ်နိုင်တာလဲ တကယ်တမ်းကျ ဒါက ဆေးလုံးပြိုင်ပွဲမှာ ဝင်ပြိုင်လို့ ရတဲ့ ငါ့ရဲ့ဆုလာဘ်ပဲ...”
ကျန်းရှောက်ရုက ဒေါသထွက်လာပြီး ဒုတိယအိမ်တော်သခင်ကို အော်ပြောလိုက်တော့သည် “မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ အဖွားကြီး ဒီနေရာတွေက ကျွန်တော်အကိုကြီး ပိုင်တာ သိသာနေတာကို ပြီးတော့ အစ်ကိုကြီးက နေရာတချို့ ရရင် ဆေးလုံးအိမ်တော်နဲ့ ဘာမှမဆိုင်ဘူးလို ခင်ဗျားပြောတာကို ကျုပ်နားနဲ့ ဆတ်ဆတ် ကြားခဲ့တာ စကားကို ဘယ်လိုတောင် ဗလောင်းဗလဲ ပြောနေရတာလဲ ”
ဒုတိယအိမ်တော်သခင် မျက်နှာက တည်သွားပြီးတော့ အသံကလည်း အေးစက်သွားလေ၏ “ရှောက်ခယ် ရှောက်ရုက ငယ်စဉ်ကတည်းက ကောင်းကောင်း သင်ပြမခံရတာကို ငါသိတယ် ဒါပေမဲ့ စည်းကျော်ပြီးတော့ စီနီယာ တစ်ယောက်ကို ရိုင်းပျတာကျ မင်းဘယ်လိုထင်လဲ...”
ကျန်းရှောက်ခယ်က လက်နှစ်ဖက် ယှက်လျက် “ဒုတိယအိမ်တော်သခင် ကျွန်တော့်ညီလေးက အမြဲတမ်း တည့်တိုး ပြောတတ်တာကို ခွင့်လွတ်ပေးပါ...”
ဒုတိယအိမ်တော်သခင်က လက်ကိုခါလိုက်ပြီး ပြောလိုက်သည် “ထားလိုက်ပါ ငါတို့က ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် နေရာအကြောင်း ဆွေးနွေးသင့်တယ်...”
ကျန်းရှောက်ခယ်က မထူးမခြားနားစွာ ပြောလိုက်သည် “အိမ်တော်သခင်ချောင် စောစောကလည်းပြောပြီးပြီ ဘယ်သူ့ကို နေရာ ပေးဖို့ ကျွန်တော့်မှာ ပြောခွင့် မရှိဘူးလို့...”
ထိုစကားအဆုံးတွင် ကျန်းရှောက်ခယ်က လက်ကို မြောက်လိုက်ပြီး ဒုတိယအိမ်တော်သခင်ကို ဘာမှ မပြောရန် အချက်ပြပြီး ဆက်ပြောလိုက်သည် “ကျွန်တော် ပြောရင်တောင် ကျွန်တော်က ဒီလမင်းကိုးစင်း ဆေးလုံးအိမ်တော်ရဲ့ သခင်လေး ဖြစ်နေဆဲပဲ ကျွန်တော် လုပ်မဲ့အရာတွေကို တခြားသူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ မလိုဘူး...”
ကျန်းရှောက်ခယ်က နောက်ဆုံးစကားတစ်ခွန်းကို လေးလေးနက်နက် ပြောလိုက်ကာ ဒုတိယအိမ်တော်သခင်က ကျန်းရှောက်ခယ်က ထိုသို့ ပို၍ တင်းမာလာမယ်မှန်း ထင်မထားသောကြောင့် ကြောင်သွားလေ၏။
သူမ မတုံ့ပြန်နိုင်ခင် ကျန်းရှောက်ခယ်က ကျန်းရှောက်ရုကို ခေါ်ပြီး ထွက်သွားလေပြီ။ ထိုမှ သူမက သူမဘာသာ ဒုတိယအိမ်တော်သခင် ဖြစ်နေကြောင်း ပြန်အမှတ်ရလိုက်သည်။ လမင်းကိုးစင်း ဆေးလုံးအိမ်တော်၏ အိမ်တော်သခင် အစစ်ကား အိမ်တေ်ာသခင်ကြီး ဖြစ်ကာ သူမက ဒုတိယ အိမ်တော်သခင် ဖြစ်မလာခင်အထိ ကျန်းရှောက်ခယ်က လမင်းကိုးစင်း ဆေးလုံးအိမ်တော်၏ စစ်မှန်သော ဆက်ဆံသူ ဖြစ်သည်။ ကျန်းရှောက်ခယ် ယခုကဲ့သို့ အလျော့မပေးဘဲ တင်းမာနေခြင်းမှာ သူ့တွင် နေရာများ ရှိနေသောကြောင့် အိမ်တော်အတွင်းမှ အကြီးအကဲများက သူ့အတွက် ပိုမို ထောက်ပံ့ပေးလိမ့်မည်။
လတ်တလော ချူဝမ်အာဘေးမှ မုတ်ဆိတ်နက် အကြီးအကဲက သက်ပြင်းချကာ ပြောလိုက်သည် “မိုဝူကျီလို့ ခေါ်တဲ့ လူငယ်လေးမှာ စိတ်စွမ်းအား တော်တော်လေး ရှိတာပဲ အဆင့်သုံးဆေးလုံးဆရာက အမှန်တကယ် ထိပ်တန်း ၅၀ ထဲ ဝင်သွားပြီ.... သူ့ဝိညာဉ်ကြောတွေသာ အဆင့်နိမ့်နေတာ မဟုတ်ရင် သူ့အနာဂတ်က တောက်ပနေမှာပဲ....”
ချူဝမ်အာက ပြန်မဖြေဘဲ သူမက သူမဆရာ ပြောချင်သည့် စကားကို သိနေပြီးသား ဖြစ်သည်။
အမှန်ပင် မုတ်ဆိတ်နက် အကြီးအကဲက ဆက်မပြောခင် သက်ပြင်းချလိုက်ကာ “ဝမ်အာ ဘယ်လိုဖြစ်ဖြစ် သူနဲ့တွေ့ဖို့ စီစဉ်ပေးထား ပြီးတော့ တတ်နိုင်သမျှ မြန်မြန် လုပ် တကယ်လို့ သူက နေရာတွေကို ပေးဖို့ လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင် လူအများက လုဝင်ကြလိမ့်မယ် မင်းနောက်ကျသွားရင် သူက ပေးချင်ရင်တောင် ကျန်တော့မှာ မဟုတ်ဘူး သူက ဆေးလုံးအိမ်တော်ကို ကိုယ်စားပြုတယ်ဆိုပေမဲ့ နေရာတွေကို ခွဲဝေပေးဖို့အတွက် သူ့မှာ လုပ်ပိုင်ခွင့် နည်းနည်းတော့ ရှိမှာပါ....”
“ဟုတ်ကဲ့ပါ ဆရာ...” ချူဝမ်အာ အသံနိမ့် ပြောလိုက်သည်။ သူမတွင် ရွေးချယ်စရာ အခြားမရှိသောငြား ထိုသို့ မလုပ်ချင်ပေ။ ယခုအချိန်အထိ ကောင်းကင်ဘုရားကျောင်းမှ တစ်ယောက်မှ ထိပ်ဆုံးထဲ မပါသေးပေ။ ကြည့်ရသည်မှာ သူတို့က အဆင့် ၈၀ လောက် ဖြစ်နိုင်၏။ ထို့ထက်ဆိုးတာလည်း ဖြစ်နိုင်သေးသည်။ အကယ်၍ ထိုသို့ ဖြစ်လာပါက သူမအတွက်ပင် နေရာတစ်နေရာစာ ရဖို့ ခက်ခဲလိမ့်မည်။
“ဒြပ်ငါးမျိုးကင်းမဲ့နယ်အတွက် အဆင့် ၅၀ နဲ့ အောင်မြင်တာ ဂုဏ်ယူပါတယ် နာမည်များသိလို့ ရမလား...” ဆေးလုံးသခင်မင်နင်က မိုဝူကျီကို လက်ပတ် ၅၁ ခုပါသော ရွှေပိုးအိတ်လေး ပေးရင်း မေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာမင်နင် ဂျူနီယာ နာမည်က မိုဝူကျီပါ...” မိုဝူကျီက သူ့၏ ပထမခြေလှမ်း အောင်မြင်မှုကို ဖော်ပြသည့် ရွှေပိုးအိတ်လေးကို စိတ်လှုပ်ရှားမှုများစွာနှင့် ယူလိုက်သည်။
“မိုဝူကျီ မဆိုးဘူး မင်းက အဲလောက် အရမ်းမငယ်တော့ဘဲနဲ့ ဘယ်လိုလုပ် ဝိညာဉ်လမ်းကြောင်းဖွင့်အဆင့်ပဲ ရှိနေတာလဲ.... မင်း ဝိညာဉ်ကြောတွေက မကောင်းဘူးလား...” ဆေးလုံးသခင်မင်နင်က ခေါင်းညိတ်ပြီးတော့ ထပ်မေးလိုက်သည်။
မိုဝူကျီက အခြားသော ကိုးယောက်နှင့်အတူတူ လာရခြင်းကို ကျေးဇူးတင်နေသော်ငြား ဆေးလုံးသခင်မင်နင်က သူ့အလှည့်ရောက်မှ စကားများစွာ ပြောနေလေ၏။ ဆေးလုံးသခင်မင်နင်က သူ့အား အထူးအလေးထားမှုနှင့် မှတ်ယူကြောင်း သိသာလှသည်။
“ဟုတ်ပါတယ် ကျွန်တော့မှာ အဆင့်နိမ့် ဝိညာဉ်ကြော ရှိပါတယ် ကံကောင်းစွာနဲ့ ကျွန်တော်က လျှပ်စီးခန္ဓာသန်စွမ်းရေး ပညာရပ်ကို လေ့ကျင့်ခဲ့လို့ ဒီနေရာမှာ ရပ်နေနိုင်တာပါ...” မိုဝူကျီက လေးလေးစားစား ပြန်ဖြေလိုက်သည်။
ဆေးလုံးသခင်မင်နင် မျက်နှာက စိတ်ပျက်မှု ဖြတ်ခနဲ ပြေးသွားသော်လည်း တစ်ချိန်တည်းတွင် အဖြစ်အပျက်ကို နားလည်သွားလေ၏။ ထို့ကြောင့်သာ သူလက်က မထိခိုက်ဘဲ စစ်မှန်ခြင်းနတ်ဘုရားပန်း လျှပ်စီးမျိုးစေ့ကို စိုက်ပျိုးနိုင်တာ ဖြစ်ရမည်။
“ကောင်းတယ် မင်းရဲ့ အိမ်မက်တွေကို လက်မလျော့နဲ့ အရင်ဆင်းနှင့်လိုက်ပါ....” ဆေးလုံးသခင်မင်နင်က မိုဝူကျီကို သူမ တပည့်အဖြစ် လက်ခံချင်သော်လည်း သူ့ဝိညာဉ်ကြောအကြောင်း ကြားသောအခါ စိတ်ပြောင်းသွားလေ၏။
ဆေးလုံးဖော်စပ်ခြင်းတွင် မည်မျှပင် ပါရမီပါနေပါစေ အဆင့်နိမ့် ဝိညာဉ်ကြောရှိခြင်းက ထိုပါရမီများကို အလကား ဖြစ်စေလိမ့်မည်။