← Chapters

ကျောက်မျက်နတ်ဘုရားပိုးကောင်

Vol. 66 Ch. 908

ကျောက်မျက်နတ်ဘုရားပိုးကောင်

Vol. 66 Ch. 908

ကျန်းရီတို့ရှိနေသောနေရာနှင့် အကြွင်းမဲ့လေ‌တောင်ကြားက မိုင်(၈၀၀)ဝေးသေးသည်။ အစ်မရှင်းက အစွမ်းကုန်ထုတ်သုံး၍ ဝိညာဉ်လေများကို ဖယ်ရှားကာ အသည်းအသန် သွားနေ၏။ သူတို့ အသည်းအသန် သွားခဲ့သည်ပင် တစ်ရက်နှင့်တစ်ပိုင်း ကြာခဲ့ပေသည်။

“သခင်လေးပိုင်ရီ...အရင်ဆုံး ‌တောင်ကြားထဲကို ထောက်လှမ်းကြည့်လိုက်ပါ။ ကျွန်မတို့ အကြွင်းမဲ့လေတောင်ကြားထဲကို မဝင်ခင် နှစ်နာရီ နားမယ်”

အကြွင်းမဲ့လေတောင်ကြားနှင့် ဆယ်မိုင်အကွာရှိ တောင်ကြားလေးတစ်ခုထဲတွင် ယဉ်ရို့ပင်းက အနားယူရန် အမိန့်ပေးလိုက်သည်။ ကျန်းရီ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်၏။ ဆယ်မိနစ်ကြာပြီးနောက် သူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး အရှေ့ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

“အဲ့ဘက်ကနေပြီး လူတစ်ယောက်လာနေတယ်။ သူက သခင်မလေးရီချန်ပါ... သူ တောင်ကြားဝကို‌ရောက်ဖို့ မိုင်(၃၀)‌လောက်ပဲ လိုပါတော့တယ်”

“အစ်မချန်လည်း ဒီကိုရောက်လာတာလား”

ယဉ်ရို့ပင်း၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူမတို့သည် တောင်ကြားသို့ အရင်ဆုံးရောက်ရန် အမြန်ဆုံးအရှိန်ဖြင့် သွားရမည်ဖြစ်သည်။ သူမသည် ရင်းနှီးသူတစ်ယောက်နှင့် တွေ့ရရန် မမျှော်လင့်ထားပေ။ သို့သော် သူမနှင့် ရီချန်၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်သဖြင့် တော်ပေသေးသည်။ ရီချန်မဟုတ်ဘဲ ရှီးဖေးနှင့် အခြားသူများသာ ဖြစ်ပါက အခြေအနေက များစွာပိုဆိုးသွားပေလိမ့်မည်။

ယဉ်ရို့ပင်းက ခေတ္တမျှ တွေးကာ ပြောလိုက်သည်။

“သခင်လေးပိုင်ရီ... သခင်လေးက ဆက်ထောက်လှမ်းနေလိုက်ပါ။ အစ်မရှင်းက အစ်မချန်ကို ဒီကိုလာခဲ့ဖို့ သွားဖိတ်ခေါ်‌ပေးပါ”

“နားလည်ပါပြီ...”

ကျန်းရီသည် ဤသို့ဖြစ်လာမည်ကို သိထားပြီးဖြစ်၏။ ဤရလဒ်က သူ့ကို ပို၍ခေါင်းကိုက်စေပေသည်။ ရီချန်တွင် ထူးခြားသောခန္ဓာကိုယ် သို့မဟုတ် ဆန်းကြယ်သောစွမ်းရည်တစ်ခု ရှိ၊ မရှိကို သူ မသိပေ။ သို့သော်  အပြစ်ဆေးကြောဒေသအပြင်ဘက်တွင် သူမ သူ့ကို သံသယဝင်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သူမက သံသယဝင်ရုံသာ ဖြစ်၍သာ တော်ပေသေးသည်။ မဟုတ်လျှင် ပြဿနာကြီးသွားပေလိမ့်မည်။

ကျန်းရီ ဆက်၍ ထောက်လှမ်းလိုက်၏။ ပတ်ဝန်းကျင်တွင် လူများစွာ မရှိပေ။ အခြားတစ်ဘက်သို့ သွားနေသည့် အဖွဲ့လေးတစ်ဖွဲ့သာ ရှိသည်။ ထို့နောက် သူသည် အကြွင်းမဲ့လေတောင်ကြားကို ထောက်လှမ်းလိုက်၏။ တောင်ကြားက အလွန်ကြီးကြောင်းမှလွဲ၍ အခြားအရာများကို သူ ရှာမတွေ့ချေ။

ကျန်းရီသည် ယဉ်ရို့ပင်း ပြောခဲ့သော ကျောက်မျက်နတ်ဘုရားပိုးကောင်ကိုလည်း မတွေ့ပေ။ သို့သော် သူမတွေ့ခြင်းမှာ ကောင်းကင်နှင့် လူသား ‌ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထား၍ ဖြစ်သည်။ သူသည် ယဉ်ရို့ပင်း၏ရှေ့တွင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ မဝင်ဝံ့ချေ။ လောကထဲတွင် ထိုအခြေအနေသို့ ဝင်နိုင်သည့်သူအရေအတွက်မှာ သူ့အသက်ဂဏန်းလောက်ပင် မရှိပေ။ သူ ထိုအခြေအနေသို့ ဝင်လိုက်သည်နှင့် သေချာပေါက် သံသယဝင်ခံရမည်ဖြစ်သည်။

ရီချန်သည် ဓားတစ်ချောင်ကိုင်၍ လျင်မြန်စွာ ရောက်ရှိလာ၏။ သူမက တစ်ယောက်တည်းဖြစ်သည်။ ယခင်ကလိုပင် သူမသည် ခရမ်းရောင်ဝတ်စုံနှင့် ညှို့အားကောင်းသော တစ္ဆေဘုရင်မျက်နှာဖုံးကို ဝတ်ဆင်ထားပေသည်။ သူမ မည်သည့်ကိုယ်ရံတော်မှ မခေါ်ခဲ့ခြင်းမှာ သူမ၏ အင်အားအပေါ် အလွန်ယုံကြည်မှုရှိ၍လော သို့မဟုတ် မည်သူမှ သူမကို သတ်ဝံ့မည်မဟုတ်ဟု တွေး၍လော။

“အစ်မချန်...”

ယဉ်ရို့ပင်းက ရီချန်ကို ကြိုဆိုလိုက်သည်။ ရီချန်၏ မျက်လုံးများထဲတွင် ပြုံးရိပ်ပြုံးယောင်များ ထွက်ပေါ်လာ၏။ သို့သော် သူမသည် တင်ပျဉ်ခွေထိုင်နေသော ကျန်းရီကို တွေ့လိုက်သောအခါ အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်လေသည်။

“ရို့ပင်း... ဘာလို့ မင်းက သူနဲ့အတူတူ ရှိနေရတာလဲ”

ယဉ်ရို့ပင်းက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ကျန်းရီကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“အစ်မချန်... အစ်မက သခင်လေးပိုင်ရီကို သိလို့လား”

“သခင်လေးပိုင်ရီတဲ့လား...”

ရီချန်သည် မနှစ်မြို့သော မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်သည်။

“မသိပါဘူး...”

“အာ...”

ယဉ်ရို့ပင်းသည် ရီချန်ကို သံသယဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်၏။ သူမတို့သည် နှုတ်ဆက်စကားဆိုပြီးနောက် အသံပို့လွှတ်၍သာ ပြောကြတော့၏။ ရီချန်က ကျန်းရီကို မသင်္ကာဟန်ဖြင့် အကြိမ်အနည်းငယ် ကြည့်ပေသည်။

ကျန်းရီသည် ကြက်သီးများ ထနေပြီး အခြေအနေဆိုးပြီဟု တွေးနေလေသည်။ သို့သော် သူသည် အရေးမစိုက်ဟန် ဆောင်လိုက်ပြီး ရီချန်ကို အေးစက်စက်ကြည့်၍ ပြောလိုက်၏။

“သခင်မလေးရီ... ကြည့်မနေပါနဲ့တော့။ ကျွန်တော်က မိန်းမတွေကို မကြိုက်ဘူးလို့ ပြောပြီးပြီမလား”

“...”

ရီချန်နှင့် ယဉ်ရို့ပင်းတို့ မျက်လုံးပင့်လိုက်ကြသည်။ ကျန်းရီက သူမတို့ကို ကြည်လင်သောမျက်ဝန်းများဖြင့် အရေးမစိုက်ဟန် ကြည့်နေ၏။ ယဉ်ရို့ပင်းသည်လည်း ကျန်းရီက သူမကို ကြည့်ခဲကြောင်း အမှတ်ရသွားသည်။ အစ်မရှင်းနှင့် အခြားသူများပင် ကျန်းရီက အမှန်ပင် ခြောက်နေခြင်းလောဟု စတင်သံသယဖြစ်လာ၏။ မဟုတ်လျှင် အဘယ်ကြောင့် သူသည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ ထိပ်တန်းအလှပ‌ဂေးနှစ်ယောက်၏ အရှေ့၌ အရေးမစိုက်ဟန်ဖြင့် နေနိုင်မည်နည်း။

ရီချန်သည် ကျန်းရီကို ဆက်မကြည့်တော့ပေ။ သူမသည် ကျန်းရီအပေါ်တွင် ရှိနေသော သံသယများကို ဖယ်ရှားလိုက်ပုံပင်။ သို့မဟုတ် သူမက မူမမှန်သော လိင်စိတ်ရှိသူများကို မုန်းခြင်းလော။ သူမတို့နှစ်ယောက်သည် ရွက်ဖျင်တဲတစ်လုံး ထုတ်လိုက်ပြီး အထဲသို့ဝင်ကာ အနားယူရင်း စကားပြောလိုက်ကြသည်။ အစ်မရှင်းနှင့် အခြားသူများသည်လည်း လူနှစ်ယောက်ကို ကင်းစောင့်ခိုင်းလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်ကြသည်။ ကျန်းရီကလည်း ကျောက်တုံးတစ်တုံးကိုမှီ၍ ခေတ္တမျှ အနားယူလိုက်၏။ အစ်မရှင်းက သူ့ကို နှိုးသောအခါမှသာ သူ ပြန်ထလာလေသည်။ အားလုံးသည် အကြွင်းမဲ့လေတောင်ကြားသို့ သွားရန် ပြင်ဆင်ထားပြီးပေပြီ။

“အာ... အဲ့နေရာက ဖြတ်သွားလို့ရပါ့မလား”

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထားသဖြင့် အကြွင်းမဲ့လေတောင်ကြားထဲတွင် ဖြစ်ပျက်နေသော အခြေအနေများကို အာရုံမခံနိုင်ပေ။ သူတို့ တောင်ကြားဝသို့ ရောက်သွားသောအခါ အတွင်းရှိ ဝိညာဉ်လေများကြောင့် သူ အတော်လေးလန့်သွားခြင်းပင်။ ပတ်ဝန်းကျင်မှ ဝိညာဉ်လေများသည် အစ်မရှင်း၏ အဝါဖျော့ရောင် နတ်ဘုရားဒိုင်းကို အဆက်မပြတ် တောက်ပနေစေလေသည်။

ဝှစ်...

ရီချန်က မြေပြင်ကို ခြေဖျားဖြင့် ကန်အားပြု၍ အစ်မရှင်းအနားသို့ ပျံသွားလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှနေ၍ လျှပ်စစ်တန်းလေးများ ထွက်ပေါ်လာ၏။ ထိုလျှပ်စစ်တန်းလေးများက မီတာများစွာ ပြန့်ကားသွားပြီး သူမတို့ကို ဝန်းရံလိုက်၏။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထားသော်လည်း ရီချန်၏ လျှပ်စီးတန်းများက ထိုဝိညာဉ်လေတော်တော်များများကို ရှင်းပစ်နိုင်ကြောင်း အာရုံခံနိုင်ပေသည်။

“သွားကြစို့...”

ယဉ်ရို့ပင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ အားလုံးသည် ရီချန်နှင့် အစ်မရှင်းတို့နောက်မှလိုက်ကာ အရှေ့သို့ သွားလိုက်၏။ မကြာခင်မှာပင် သူတို့ တောင်ကြားထဲသို့ ရောက်လာလေသည်။ တောင်ကြားထဲမှ ဝိညာဉ်လေများက အတော်လေး အားကောင်း၏။ သို့သော် ရီချန်နှင့် အစ်မရှင်းတို့က အရှေ့မှနေ၍ ကာပေးထားသဖြင့် ကျန်းရီတို့အတွက် ပြဿနာမရှိပေ။

‘ရီချန်က ဘယ်လို မိုးကြိုးတာအိုပုံသဏ္ဌာန်ကို ကျင့်ကြံတာလဲ’

ကျန်းရီသည် ရီချန်၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ လျှပ်စီးတန်းများကို ကြည့်၍ စိတ်ဝင်တစား တွေးလိုက်၏။ သူသည် ပတ်ဝန်းကျင်ကိုလည်း ကောင်းကင်စိတ်အာရုံဖြင့် ခေတ္တမျှ ထောက်လှမ်းလိုက်၏။ သို့သော် ကျောက်မျက်နတ်ဘုရားပိုးကောင်မဆိုထားနှင့် မည်သည့်သက်ရှိကိုမှ မတွေ့ပေ။

တစ်ကီလိုမီတာခွဲ၊ သုံးကီလိုမီတာ၊ ကီလိုမီတာသုံးဆယ်...

ရီချန်၏လက်ထဲတွင် လှပသော အနီရောင်ဘုံပြာသာဒ်လေးတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ပြန့်ကားသွား၏။ တစ်ခဏအတွင်းမှာပင် ၎င်းက ခြောက်မီတာ မြင့်သွားပြီး သုံးမီတာ ကျယ်သွား၏။ ဘုံပြာသာဒ်နီလေးပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ လှည့်ပတ်နေသဖြင့် ၎င်းက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့နောက် ရီချန်က အော်ပြောလိုက်၏။

“ဝိညာဉ်လေလှိုင်း ရောက်လာတော့မယ်။ အားလုံးပဲ မခုခံကြပါနဲ့။ ကျွန်မ ရှင်တို့အကုန်လုံးကို အထဲကို ထည့်လိုက်မယ်”

“ကျေးဇူးတင်ပါတယ် အစ်မချန်...”

ယဉ်ရို့ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ဘုံပြာသာဒ်နီလေးက တောက်ပလာပြီး တံခါးတစ်ချပ် ပွင့်လာလေသည်။ ထို့နောက် လေတန်းတစ်တန်း ထွက်လာပြီး အားလုံးကို ရစ်သိုင်းသွား၏။ ကျန်းရီသည် သူ့ခန္ဓာကိုယ်ပေါ်သို့ စုပ်အားတစ်ခု ကျရောက်လာကြောင်း ခံစားလိုက်ရ၏။ သူသည် မခုခံဝံ့ဘဲ ဘုံပြာသာဒ်နီထဲသို့ အသာတကြည် စုပ်ယူခံလိုက်၏။

ဘုံပြာသာဒ်နီက လေဟာနယ်အသုံးအဆောင်တစ်ခုပင်။ သို့သော် အတွင်းပိုင်းက သိပ်မကျယ်သဖြင့် ဧကရာဇ်နန်းတော်ထက် အဆင့်နိမ့်ကြောင်း ထင်ရှားပေသည်။ ဘုံပြာသာဒ်နီထဲတွင် အခန်းလေးတစ်ခုရှိပြီး အတွင်းပိုင်း အပြင်အဆင်များကလည်း အလွန်ထူးခြား၏။ ထို့ပြင် နှင်းကဲ့သို့ ဖြူဖွေးသော ကုတင်ကြီးတစ်လုံးလည်း ရှိနေရာ ထိုအခန်းက မိန်းမပျိုတစ်ယောက်၏ အိပ်ခန်းနှင့် ဆင်တူနေပေသည်။

ရီချန်သည် အားလုံးကို အထဲသို့ စုပ်ယူပြီးနောက် သူမကိုယ်တိုင်လည်း ဝင်သွားလိုက်၏။ ယဉ်ရို့ပင်းသည် ကျန်းရီ၏ နားမလည်နိုင်ဖြစ်နေသော မျက်ဝန်းများကို မြင်လိုက်သောအခါ ခပ်သဲ့သဲ့ပြုံး၍ ရှင်းပြလိုက်သည်။

“အကြွင်းမဲ့လေတောင်ကြားထဲမှာ ဝိညာဉ်လေလှိုင်းတစ်ခု ရှိတယ်။ ဝိညာဉ်လေလှိုင်းထဲက ဝိညာဉ်လေတွေက အပြင်ကထက် အဆတစ်ထောင်ပိုပြီး သိပ်သည်းတယ်။ ကျွန်မတို့သာ အစ်မချန်ရဲ့ မူလဘုံပြာသာဒ်ထဲကို ဝင်မနေရင် သေချာပေါက် သေသွားလိမ့်မယ်။ သခင်လေးပိုင်ရီက တကယ့်ကို ကံကောင်းပါတယ်။ သခင်လေးက မူလဘုံပြာသာဒ်ထဲကို ဝင်ဖူးတဲ့ ပထမဆုံးယောက်ျားပဲ”

“ဪ...ဪ...”

ကျန်းရီသည် ဂုဏ်ရှိသည်ဟု အနည်းငယ် မခံစားရပုံဖြင့် သာမန်အတိုင်း ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် အခန်းထောင့်တစ်ထောင့်၌ သွားထိုင်နေလိုက်၏။ ရီချန်နှင့် အခြားသူများက သူ့ကို အရေးစိုက်မနေတော့ပေ။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို အပြင်သို့ ပို့လွှတ်လိုက်၏။ အမှန်ပင် အပြင်ရှိ ဝိညာဉ်လေများက ဆယ်ဆကျော် ပိုသိပ်သည်းလာသည်။ အပြင်တွင်သာဆိုလျှင် မည်သူမှ ထိုလေများကို တောင့်ခံနိုင်မည်မဟုတ်ဘဲ လွင့်ပျံထွက်သွားမည်သာ။ ဘုံပြာသာဒ်နီအထက်ရှိ အနီရောင်အလင်းပျောက်လေးကလည်း အဆက်မပြတ် လင်းလက်နေ၏။ ၎င်းနေရာတွင် ကျန်းရီ၏ ဧကရာဇ်နန်းတော်ဆိုပါက ပေါက်ကွဲသွားပြီးလောက်ပေပြီ။

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုက တကယ့်ကို အရင်းအမြစ်တွေ ပေါတာပဲ။ ဒီမူလဘုံပြာသာဒ်က ခိုင်မာလွန်းတယ်”

ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်ပင် ဤမူလဘုံပြာသာဒ်ကို မဖျက်ဆီးနိုင်လောက်ဟု သူ တွေးလိုက်သည်။ ထိုအခိုက်တွင် တောင်ကြားထဲရှိ ဝိညာဉ်လေများက အလွန်သိပ်သည်းနေသဖြင့် သာမန် ကြယ်ငါးပွင့် ပညာရှင်များပင် ထိုလေများကို တောင့်ခံနိုင်မည် မဟုတ်ချေ။

ကျန်းရီသည် ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ တီးတိုးစကားများကို ကြားနေရ၏။ မကြာမကြာဆိုသလို ယဉ်ရို့ပင်းက ချိုသာစွာ ရယ်နေလေသည်။ အရှေ့ဘက် တော်ဝင်နယ်မြေရှိ သန်းချီသော ယောက်ျားများက တောင့်တရသည့် ပါရမီရှင် နတ်မိမယ်နှစ်ပါးက သူ့ဘေးတွင် ရှိနေပေသည်။ သူသည် ထိုမိန်းမပျိုနှစ်ယောက်၏ ကိုယ်သင်းနံ့လေးများကိုလည်း ရနေ၏။ သို့သော် သူ့ရင်ထဲတွင် တဏှာစိတ် လုံးဝ ဖြစ်ပေါ်မလာချေ။

တစ်ကိုယ်ကောင်းမဆန်သူသည် မိမိစိတ်ကိုမိမိ ထိန်းချုပ်နိုင်ပေလိမ့်မည်။

ကျန်းရီနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြသည်။ ထို့ကြောင့် သူနှင့် ထိုမိန်းမလှနှစ်ဦးအကြားတွင် မည်သည့်ဇာတ်လမ်းမှ ရှိလာနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ သူသည် ထိုနှစ်ယောက်အပေါ် တဏှာစိတ်ဝင်မည် မဟုတ်ပေ။ ထို့ပြင် သူက အခြောက်တစ်ယောက်ဖြစ်ကြောင်း အစ်မရှင်းနှင့် အခြားသူများ ယုံသွားအောင်လည်း လုပ်ရန်လိုပေသေးသည်။ မဟုတ်လျှင် ယောက်ျားတစ်ယောက်၏ စိတ်ဓာတ်က မည်မျှပင် ကောင်းမွန်စေကာမူ သူမတို့သည် ယခုကဲ့သို့ တစ်ခန်းထဲအတူ အေးအေးချမ်းချမ်း ထိုင်နေနိုင်မည် မဟုတ်ပေ။

“တွေ့ပြီ... နတ်ဘုရားပိုးကောင်နှစ်ကောင် ထွက်လာပြီ။ အစ်မချန်... ညီမတို့ရဲ့ကံက တကယ့်ကို ကောင်းတာပဲ”

မိန်းမပျိုနှစ်ယောက်သည် စကားပြောနေကြသော်လည်း အပြင်ဘက်သို့ ကောင်းကင်စိတ်အာရုံဖြင့် မပြတ်အာရုံခံနေကြဆဲပင်။ ရုတ်တရက် ယဉ်ရို့ပင်းက ထရပ်ကာ အော်လိုက်ပြောလိုက်သည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကလည်း နတ်ဘုရားပိုးကောင်နှစ်ကောင်းကို အာရုံခံမိသွားသည်။ သူတို့အရှေ့ဆယ်မိုင်အကွာရှိ ကမ်းပါးစွန်းတစ်ခုတွင် တွင်းလေးနှစ်တွင်း ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုတွင်းနှစ်တွင်းထဲမှနေ၍ လက်မအရွယ်အစားရှိသည့် ရွှေရောင်ပိုးကောင်နှစ်ကောင် ထွက်လာသည်။ ထို့‌နောက် ၎င်းတို့သည် နောက်ကျောရှိ အတောင်ပံနှစ်စုံကို ခတ်ကာ စတင် ပျံသန်းသွားလေသည်။

“အဲ့... အဲ့နတ်ဘုရားပိုးကောင်နှစ်ကောင်က ဝိညာဉ်လေတွေကို မကြောက်ဘူးလား”

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ဤနေရာရှိ ဝိညာဉ်လေများက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိပေသည်။ သို့သော် ထိုနတ်ဘုရားပိုးကောင်နှစ်ကောင်သည် ဝိညာဉ်လေများကို မရှောင်ပေ။ ထို့ပြင် ၎င်းတို့သည် ဝိညာဉ်လေလှိုင်းများထဲတွင် ပျံသန်းရသည်ကိုပင် အလွန်ကျေနပ်နေပုံပေါ်လေသည်။

မဟုတ်သေး။ ထိုနတ်ဘုရားပိုးကောင်များသည် လေဓာတ်အကြီးအကဲ၏ ဝိညာဉ်လေများကို ဖယ်ရှားနိုင်သော တာအိုပုံသဏ္ဌာန်နှင့် ဆင်တူသည့် လေဓာတ်တာအိုပုံသဏ္ဌာန်တစ်မျိုးကို ပိုင်ဆိုင်ထားခြင်းပင်။

ကျန်းရီသည် ခေတ္တမျှ စူးစမ်းပြီးနောက် ပြဿနာကို လျင်မြန်စွာ ရှာတွေ့လိုက်လေသည်။ နတ်ဘုရားပိုးကောင်များ၏ အတောင်ပံနှစ်စုံက ခတ်လိုက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထူးဆန်းသော လေလှိုင်းတစ်ခု စီးဆင်းသွားခြင်းပင်။ ထိုလေလှိုင်းများက ဝိညာဉ်လေများကို တွန်းထုတ်ဖယ်ရှားပစ်နေခြင်း ဖြစ်ပေမည်။ မဟုတ်လျှင် ထိုနတ်ဘုရားပိုးကောင်နှစ်ကောင် အမှုန့်ဖြစ်သွားသည်မှာ ကြာလောက်ပေပြီ။

‘ငါ ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း အခြေအနေကို မဝင်နိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါ ဒီအခွင့်အရေးကို အသုံးချပြီး လေဓာတ်တာအိုပုံသဏ္ဌာန်ကို လေ့လာလို့ရတယ်’

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ယခုတွင် သူသည် ကောင်းကင်စိတ်အာရုံဖြင့်သာ နတ်ဘုရားပိုးကောင်များကို အာရုံခံနေရလေသည်။ သူသာ ထူးခြားမှုလက္ခဏာတစ်ခုကို ခံစားနိုင်လိုက်လျှင် ထိုလေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်လောက်ပေသည်။

***

All Chapters