စိတ်လှုပ်ရှားဖွယ် လက်ပတ်
Vol. 10 Ch. 128
မိုဝူကျီက စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက် သူလက်ထဲမှ ရွှေပိုးအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် စုစုပေါင်း လက်ပတ် ၅၁ ခုကို တွေ့လိုက်ရ၏။ သူတို့သည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ရန် သော့များ ဖြစ်ရမည်။ ကျောက်စိမ်း လက်ပတ်တစ်ခုချင်းစိက ကင်းမဲ့နယ် အတွက် နေရာ တစ်ခုစီကို ကိုယ်စားပြုလိမ့်မည်။
စင်ပေါ်တွင် ဆေးလုံးသခင်မင်နင်က နာမည်များကို ကြေငြာနေဆဲ ဖြစ်သောကြောင့် မိုဝူကျီနှင့် မသက်ဆိုင်တော့ပေ။
ဆေးလုံးဆရာ အယောက် ၁၀၀ လုံးကို သူတို့၏ လက်ပတ်များ ဆုချီးမြင့်ရန် ဆေးလုံးသခင်မင်နင်အတွက် တစ်နာရီ အချိန်ယူရလေ၏။
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကျင်းပရာ နေရာတွင် ဆူညံသံများ လှုပ်ရှားမှုများဖြင့် ပြည့်လျက် ရှိသည်။ လူအုပ်ကြီး စတင်ဖြစ်လာပြီး နေရာ ရလာသော ဂိုဏ်းများနှင့် အင်အားကြီးများက လူအုပ်ကြားတွင် အဆူညံဆုံး ဖြစ်သည်။
ဆေးလုံးသခင်မင်နင်က အသံကို မြင့်ကာ “အားလုံး တိတ်တိတ်နေပေးကြပါ...”
အားလုံးက လဲလှယ်၍ ဖြစ်စေ သို့မဟုတ် ရောင်းဝယ်၍ ဖြစ်စေ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ခွင့်ရရန် စိတ်အားထက်သန်နေကြသည်။ ဆေးလုံးသခင်မင်နင်၏ စကားလုံးများကြောင့် ရပ်တန့်သွားလေ၏။ အချိန်တိုအတွင်း ဆူညံနေသော လူအုပ်ကြီးမှာ ငြိမ်ကျသွားပြီး တချို့က စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ကာ ဆေးလုံးသခင်မင်နင်၏ နောက်ဆုံးစကားများကို သေချာနားထောင်နေကြသည်။
“ဆေးလုံးပြိုင်ပွဲက တရားဝင် ပြီးဆုံးသွားပါပြီ နေရာရတဲ့ ဆေးလုံးဆရာတွေရော သူတို့ရဲ့ ဂိုဏ်းတွေရောကို ဂုဏ်ပြုပါတယ် သုံးရက်အကြာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ရွေ့ပြောင်းအစီအရင် စတင်ပါ့မယ် ဝင်ဖို့အတွက် လက်ပတ်တွေကို ဝတ်ဆင်ခဲ့ရမယ် အသက်က ၅၀ ထက် ကျော်လို့ မရပါဘူး....
ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ် အချိန်က သုံးလကြာပါ့မယ် ကိုယ်တွေ့တဲ့ပစ္စည်း ကိုယ့်အပိုင်ပါ သုံးလအကြာကျ မင်းတို့ကိုယ်တိုင် ထွက်ရမဲ့ လမ်းကို ရှာရမယ် ကောင်းကင်ဖွေရှာနန်းတော်က ထွက်မလာတဲ့သူတွေအတွက် တာဝန်ယူပေးမှာ မဟုတ်ဘူး ...” ဆေးလုံးသခင်မင်နင် စကားအဆုံးတွင် လူအုပ်ကြီးက ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။
လူအုပ်ကြီးက ပို၍ပင် ဆူညံလာကာ အစီအစဉ်မရှိ ရှုပ်ယှက်ခတ်နေကြသည်။
တစ်ဖက်တွင် မိုဝူကျီက နားမလည်စွာ တွေးတောနေဆဲ ဖြစ်သည်။ တကယ်လို့ သုံးလအကြာမှာ ပြန်ထွက်မလာရင် စိတ်ဝိညာဉ်ဆေးပင်တွေ ပိုရမှာ မဟုတ်ဘူးလား...
ထိုစဉ် ကျန်းရှောက်ခယ်နှင့် ကျန်းရှောက်ရုတို့က မိုဝူကျီဘေးသို့ ရောက်လာကြသည် “ဝူကျီ ဂုဏ်ယူပါတယ်ကွာ ဟားဟား မင်းက ငါ့ကိုစိတ်မပျက်စေဘူးဆိုတာ သိတယ် လာ အရင်ပြန်ပြီး စကားပြောကြစို့...”
မိုဝူကျီက ယန်ချင်ယင်ကို အလျှင်အမြန် ပြောလိုက်ရသည် “စီနီယာအစ်မယန် ကျွန်တော် လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှာ စောင့်နေမယ်နော်...”
လူတွေက အရမ်းများလွန်းသောကြောင့် ဤနေရာတွင် ယန်ချင်ယင်ကို လက်ပတ်ပေးဖို့ရာ သူ့အတွက် အဆင်မပြေပေ။
မိုဝူကျီ စကားဆုံးသည်နှင့် ကျပ်သိပ်နေသည့် လူအုပ်ကြီးက သူ့အား ဘေးသို့ တွန်းလွတ်လိုက်ကြသည်။ သူက ထိုလူအုပ်ကြားမှ ထွက်သွားဖို့ရန် ကျန်းရှောက်ခယ်နောက် မြန်မြန် လိုက်လိုက်ရသည်။
“ကျန်းသခင်လေး အခုတော့ တကယ့်ကို အကြီးကြီး ရခဲ့တာပဲဗျ ကျုပ်အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်တွေ အဲလောက်အများကြီး မလိုဘူး အဲဒါကြောင့် လိုချင်သလောက် ပေးနိုင်တယ်...” လမင်းကိုးစင်း ဆေးလုံးအိမ်တော်သို့ ပြန်ရောက်သည်နှင့် မိုဝူကျီက ရွှေပိုးအိတ်ကို စားပွဲပေါ် တင်လိုက်သည်။ သူပင် နေရာအများကြီး ရလာလိမ့်မည်ဟု တွေးမထားဖူးပေ။
ကျန်းရှောက်ခယ်က မတ်တပ်ရပ်ရင်း မိုဝူကျီကို ဦးညွှတ်လိုက်ကာ “ဝူကျီ ငါ အကြမ်းဖျင်း ၂၀ လောက် လိုလောက်တယ် ဒီတစ်ခါ မင်း ငါ့ကို အများကြီး ကူညီခဲ့တာပဲ အခု အားနာမနေတော့ဘူးနော် ပြီးတော့ ဒီဟာတွေက မင်းရဲ့ နေရာတွေအတွက် လဲလှယ်ဖို့ ပြင်ဆင်ထားတာ နည်းနည်းတော့ လိုအပ်နေပေမဲ့ ငါတို့က မိတ်ဆွေတွေပဲ မလား.....”
ကျန်းရှောက်ခယ်က သေးငယ်သည့် အဝတ်အိတ်လေးကို မိုဝူကျီရှေ့တွန်းပို့လိုက်သည်။ သူက မိုဝူကျီကို အမှန်ပင် ကျေးဇူးတင်နေ၏။ မိုဝူကျီ၏ လက်ပတ် ၂၀ နှင့်သာဆိုရင် ဒုတိယအိမ်တော်သခင်၏ လွမ်းမိုးမှုကို ပြိုလဲနိုင်အောင် လုပ်နိုင်လိမ့်မည်။ ဆေးလုံးအိမ်တော်တွင် အကြီးအကဲများနှင့် ဆေးလုံးဆရာများတွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို လွတ်ချင်သည့် သူတို့၏ မျိုးဆက်များ၊ တပည့်များ မရှိဘဲ နေပါ့မလား...
မိုဝူကျီက သူ့အား အလျှင်အမြန် ငြင်းဆန်လိုက်သည် “ရှောက်ခယ် မင်းက ငါ့ကို အန္တရာယ်ရင်ဆိုင်ရတုန်းက ကူညီပေးဖူးတယ် ပြီးတော့ ဒီဆေးလုံးပြိုင်ပွဲကို ဝင်ပြိုင်နိုင်တာလဲ မင်းကြောင့်ပဲ ဘယ်လိုလုပ် မင်းပစ္စည်းတွေ လက်ခံရမှာလဲ...”
ကျန်းရှောက်ခယ်က သူ့အရည်အချင်းများ ဌားယူသည် ဖြစ်သော်လည်း သူက အကျိုးယုတ်စေသည့် အရာများ မလုပ်ဘဲ မိုဝူကျီနှင့် ရင်းနှီးမှုကို ပွင့်ပွင့်လင်းလင်း တောင်းခံခဲ့သည်။ မိုဝူကျီက ကျန်းရှောက်ခယ်ကို ‘ရှောက်ခယ်’ ဟုသုံးပြီး သူငယ်ချင်း အဖြစ် အမှန်တကယ် အသိမှတ်ပြုလိုက်သည်။
မိုဝူကျီက အခေါ်အဝေါ် ပြောင်းလဲသွားသည်ကို ကြားကာ ကျန်းရှောက်ခယ်က စိတ်ပျော်သွားလေ၏။ သူက ပြုံးရင်း မိုဝူကျီဆီ ပြန်တွန်းပို့လိုက်ကာ “ဝူကျီ ဒါတွေက မင်းလိုနေတဲ့ ပစ္စည်းတွေ တချက်လောက် ကြည့်ကြည့်ဦး...”
မိုဝူကျီက ရုတ်တရက် တစ်ခုခုကို တွေးမိကာ အဝတ်အိတ်ကို ဆွဲကောက်ယူလိုက်သည်။ အိတ်ကို ဖွင့်လိုက်သည်နှင့် ရှုပ်ထွေးလှသည့် အကြောင်းများနှင့် ကာထားသည်ကို တွေ့လိုက်ရသည်။
ဘယ်လိုတောင် ရင်းနှီးနေတာလဲ....
ချက်ချင်းပင် မိုဝူကျီက နားလည်သွားကာ စိတ်လှုပ်ရှားစွာ မေးလိုက်တော့သည် “ရှောက်ခယ် ဒါက....”
ကျန်းရှောက်ခယ်က ခေါင်းညိတ်ပြလိုက်ပြီးတော့ “ဒါက သိုလှောင်အိတ်လေ... ငါ ရှာနိင်သမျှထဲ အကြီးဆုံးအိတ်ပဲ မင်းအတွက် ကျင့်ကြံခြင်းမှာ သုံးဖို့ စိတ်စွမ်းအင် ကျောက်တုံးအချို့ ထည့်ပေးထားတယ်...”
“ငါ ဘယ်လို သုံးရမှာလဲ....” မိုဝူကျီက မြန်မြန်ဆန်ဆန် မေးလိုက်သည်။ သူက တခြားသောအရာများကို ငြင်းပယ်နိုင်သော်လည်း သိုလှောင်အိတ်ကိုတော့ မငြင်းနိုင်ချေ။ သူ့တွင် သယ်စရာပစ္စည်း အများအပြားရှိသည်။ ဆေးဖော်စပ်ရေး ကိရိယာကပင် သူ့အတွက် သယ်ယူရန် အဆင်မပြေလှချေ။
“မင်းရဲ့ စိတ်စွမ်းအားနဲ့ ထိန်းချုပ်ပြီး သုံးနိုင်တယ် မင်းစိတ်စွမ်းအားနဲ့ မင်းက အထဲမှာ ပစ္စည်းထည့်ထည့် ထုတ်ထုတ် မင်းစိတ်ကြိုက် လုပ်နိုင်တယ် တကယ်လို့ မင်းစိတ်စွမ်းအားက အားမကောင်းသေးရင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ထိ စောင့်ရမယ် အဲဒါအပြင် ဒီအိတ်ကို မင်းစိတ်စွမ်းအားတစ်ခုတည်းကပဲ ဖွင့်လို့ရအောင် လုပ်နိုင်သေးတယ်...”
ကျန်းရှောက်ခယ် စကားမဆုံးခင်တွင် မိုဝူကျီက သူ့စိတ်စွမ်းအားကို အသုံးပြု၍ အထဲမှာ ဘာရှိလဲ ကြည့်လိုက်သည်။ ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံးများ တောင်ပုံရာပုံ ရှိနေသည်။ တစ်ချိန်တည်းတွင် လိမ္မော်ရောင်မီးကျောက်များစွာကိုလည်း တွေ့လိုက်ရသည်။ မိုဝူကျီက လိမ္မော်ရောင် မီးကျောက် သုံးဖူးသည့်အတွက် အနီရောင်မီးကျောက်ထက် အဆင့်ပိုမြင့်ကြောင်း သိ၏။ မိုဝူကျီကို အံ့ဩစေဆုံးက သိုလှောင်အိတ် ထောင့်တွင် ထားထားသော အနုစိတ် ပြုလုပ်ထားသည့် မီးပြင်းဖို ဖြစ်သည်။ ထိုအရာများနှင့် သိုလှောင်အိတ်ရှိ နေရာနှစ်နေရာစာလောက်သာ ယူထား၏။
“ရှောက်ခယ်က ဒါက အရမ်းကို များလွန်းတယ်...” မိုဝူကျီက အထဲရှိ ပစ္စည်းများသည် သူ့အတွက် လိုအပ်နေသည်ကို သိသော်လည်း အရမ်းများလွန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ ထို့အပြင် သူ့၏ ဆေးလုံးပြိုင်ပွဲ ဝင်ခွင့်ကား ကျန်းရှောက်ခယ်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ဝူကျီ အထဲက ပစ္စည်းတွေကို မြင်နိုင်တာလား...” ကျန်းရှောက်ခယ်က တအံ့တဩ ပြောလိုက်သည်။ မကြာခင်တွင် နားလည်သွားကာ “ဟုတ်သားပဲ မင်းက ဆေးလုံးဆရာဆိုတော့ မင်းရဲ့စိတ်စွမ်းအားက အားကောင်းတာ ပုံမှန်ပါပဲ မဟုတ်ရင် မင်း အဆင့်သုံးဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ ဝူကျီ ဒီပစ္စည်းတွေက အဖိုးတန်ပေမဲ့ ဒြပ်ငါးမျိုးကင်းမဲ့နယ်ထဲက ရတနာတွေနဲ့ ယှဉ်ရင်တော့ အဖိုးမတန်ဘူးကွ မင်းရဲ့ လက်ပတ် ၂၀ က အဲဒီရတနာတွေအတွက် သော့ချက်ပဲ ငါအပိုတွေ ပြောနေတာ မဟုတ်ဘူး....”
ထိုသို့ ပြောလိုက်ပြီးနောက် ကျန်းရှောက်ခယ်က စတင်တီးတိုးပြောလိုက်သည် “ဝူကျီ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ စစ်မှန်ခြင်း နတ်ဘုရားပန်းပဲ ရှိတယ်လို့ မထင်နဲ့ တကယ်တမ်းကျ အဖိုးတန်ပြီး တန်ဖိုးရှိတဲ့ ရတနာတွေ အများကြီး ရှိသေးတယ် ကံကောင်းရင် ကျဆုံးသွားတဲ့ ပါရမီရှင်ရဲ့ အင်မော်တယ် ဂူကိုတောင် တွေ့နိုင်တယ် တစ်ခုလောက် တွေ့တာနဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ အမွေအနှစ်ကို ရှာတွေ့တာနဲ့ အတူတူပဲ....”
ကျန်းရှောက်ခယ်က သူ့ကို များစွာ ဆွဲဆောင်နေသောကြောင့် မိုဝူကျီက သူ့ကို မငြင်းတော့ပေ။ သူက လက်ပတ် ၂၅ ခု ထုတ်ပေးလိုက်ပြီး ကျန်းရှောက်ခယ်ကို ပေးလိုက်သည် “ရှောက်ခယ် ဒါတွေက မင်းအတွက် ... ပြီးတော့ မင်း ငါ့ကို တစ်ခုလောက် ကူညီစေချင်တယ် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက် ဘယ်သူရှာတွေ့သွားလဲဆိုတာ ရှာပေးစေချင်တယ်... ”
“စိတ်မပူနဲ့ မင်းမပြောရင်တောင် ငါအဲလိုလုပ်ပေးမှာ မင်း ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်သွားတဲ့အခါ ရှောက်ရုနဲ့တွေ့ခဲ့ရင် သူ့ကို ကူပြီး စောင့်ရှောက်ပေးပါ မင်းသိတဲ့အတိုင်း ရှောက်ရုက တဇွထိုးသမား စဉ်းစဉ်းစားစား လုပ်တာမဟုတ်ဘူး သူ့ကို အခွင့်ကောင်းယူသွားမှာ စိုးရိမ်နေရတာ… ဒီလက်ပတ်တွေအတွက်တော့ ငါ အားမနာတော့ဘူးနော်....” ကျန်းရှောက်ခယ်က လက်ပတ် ၂၅ ခုကို သိမ်းထားလိုက်သည်။ မိုဝူကျီက သူ့အား မိတ်ဆွေသူငယ်ချင်း တစ်ယောက်လို ဆက်ဆံသည့်အတွက် ယဉ်ယဉ်ကျေးကျေး ပြုမူနေလျှင် သူတော်ကောင်းဆောင်ဟန် ဖြစ်သွားလိမ့်မည်။
မိုဝူကျီက သူ့အား နားမလည်စွာ မေးလိုက်သည် “ရှောက်ခယ် မင်းက လိုက်မဝင်ဘူးလား...”
ကျန်းရှောက်ခယ်က ခေါင်းကို ခါလိုက်ပြီးတော့ “ငါက ဆေးလုံးအိမ်တော်ရဲ့ အတွင်းပိုင်း အကြီးအကဲတွေကို ငါ့ဘက်ပါအောင် လုပ်ဖို့ လိုသေးတယ် ဒါက ငါ့အတွက် အဓိက အိမ်တော် သခင်အဖြစ် နေရာရလာစေဖို့ အခွင့်အရေးကြီး တစ်ခုပဲ ပြီးတော့ ဒီမှာ ယန်အာနဲ့ မင်းမိတ်ဆွေတွေ ရှိနေတာပဲလေ ငါနဲဆိုရင် သူတို့ကို စိတ်ပူဖို့ မလိုတော့ဘူး...”
မိုဝူကျီက သူသာ ဒြပ်ငါးမျိုးကင်းမဲ့နယ်ထဲ ဝင်သွားသည့်အခါ ယန်အာနှင့် အခြေအနေကို တွေးနေတာ ဖြစ်သည်။ သို့သော် ကျန်းရှောက်ခယ် စကားများ ကြားပြီးနောက်တွင် သူက ချက်ချင်း စိတ်အေးသွားတော့သည်။
“မင်း ပစ္စည်းတွေ သိမ်းထားတော့ မင်း မကြာခင် အရမ်းအလုပ်ရှုပ်တော့မယ်ဆိုတာ ငါသိနေတယ်…. ပြီးတော့ အဲဒီလက်ပတ်တွေကို ဒီအတိုင်းရောင်းမပစ်နဲ့ဦး တစ်ခုချင်းစီကိုက တော်တော် အဖိုးတန်တယ် ဒါနဲ့ ဒုတိယအိမ်တော်သခင်ဆီလည်း ရောင်းမပစ်နဲ့ဦး…..” ကျန်းရှောက်ခယ်က မိုဝူကျီသည် ထိုလက်ပတ်များ၏ တန်ဖိုးကို နားမလည်ဘဲ ဈေးပေါပေါရောင်းပစ်မှာကို စိတ်ပူနေသည်။ ထို့ကြောင့် မိုဝူကျီကို သတိပေးခဲ့ခြင်း ဖြစ်သည်။
“အင်း သိပါပြီ…” မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရှောက်ခယ်က သူ့အား သတိမပေးလျှင်ပင် ထိုလက်ပတ်များကို ဆေးလုံးအိမ်တော်က ခြယ်လှယ်လွန်းသည့် အမျိုးသမီးဆီ ရောင်းမှာ မဟုတ်ပေ။ “ဒါနဲ့ ရှောက်ခယ် ဆေးလုံးသခင်မင်နင်ဆီက ငါတို့က သုံးလကြာပြီးရင် ကိုယ့်ဘာသာ ထွက်လာရမယ်ဆိုတာ ကြားလိုက်တယ် ဒါပေမဲ့ ငါတို့ ဆက်နေ နေရင် ပိုပြီး အကျိုးများမှာ မဟုတ်ဘူးလား….”
ကျန်းရှောက်ခယ်က အသာပြုံးလိုက်ရင်း “မင်းက အတွေးလွန်နေပြီ ဆေးလုံးပြိုင်ပွဲ သုံးနှစ်တခါ ကျင်းပရတဲ့ အကြောင်းအရင်းနဲ့ သူတို့က ဒီသုံးလကိုပဲ အချိန်ပေးရတဲ့ အကြောင်းအရင်းက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ အဲဒီအချိန်အတွင်းပဲ ဘေးကင်းတာမလို့ပဲ နယ်ပယ်ရဲ့ ဟိုးအတွင်းဘက်မှာ ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ဧရာမ နတ်ဆိုးသားရဲတွေရှိတယ် ပြီးတော့ အဆိပ်မြူတွေကလည်း ပြန့်နှံ့နေတာ တကယ်လို့ မင်းက သုံးလအကြာမှာ ထွက်မလာနိုင်ရင် သေမှာ ကျိန်းသေပေါက်ပဲ….”
“ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ အဆိပ်မြူတွေ ရှိသေးတာလား..”မိုဝူကျီက မျက်လုံးပြုး မျက်ဆံပြုး မေးလိုက်သည်။
ကျန်းရှောက်ခယ်က ဆက်ပြောတော့မည့်ဆဲဆဲတွင် တံခါးအပြင်ဘက်မှ နောက်လိုက်တစ်ဦး၏ အသံကို ကြားလိုက်ရသည် “အိမ်တော်သခင်လေး အိမ်တော်ရဲ့ အကြီးအကဲတွေနဲ့ ဆေးလုံးဆရာတွေက တွေ့ချင်နေပါတယ်…..”
ကျန်းရှောက်ခယ်က အဆောတလို ထရပ်လိုက်ပြီး “ဝူကျီ မင်းကို အန္တရာယ်တွေအကြောင်း အသေးစိတ်ပါတဲ့ စာအုပ်ကို အချိန်မှီ ပေးမယ်… အခုတော့ သွားလိုက်ဦးမယ်…”
ထိုသို့ ပြောပြီး ကျန်းရှောက်ခယ်က အလျှင်အမြန် ထွက်သွားလေ၏။ ထိုသည်က သူ့အတွက် အသက်တမျှ အရေးကြီးဆုံး အခိုက်အတန့် ဖြစ်နေသည်။
ကျန်းရှောက်ခယ် ထွက်သွားသည့်အခါ မိုဝူကျီက သိုလှောင်အိတ်ထဲကို နှိုက်နှိုက်ချွတ်ချွတ် ကြည့်လိုက်သည်။ ထို့နောက် ဖေးပင်းကျူက ဝင်လာပြီး “စီနီယာ အစ်ကိုမို ဆေးလုံးသခင်ယန် ရောက်နေပြီ…”
မိုဝူကျီက စိတ်အားထက်သန်စွာ ထရပ်လိုက်ပြီး “ငါ သွားခေါ်လိုက်မယ်….”
တံခါးဘေးမှ ယန်ချင်ယင် အသံက ထွက်ပေါ်လာလေ၏ “ဂျူနီယာ မောင်လေးမို ငါ ရောက်နေပါပြီ….”
မိုဝူကျီက ယန်ချင်ယင်ကို အထဲသို့ ခေါ်လိုက်ပြီး လက်ဖက်ရည်ကြမ်း လောင်းထည့်ပေးလိုက်သည် “စီနီယာအစ်မယန် ထိုင်ပါဦး…”
မိုဝူကျီက ယန်ချင်ယင်သည် ထိပ်ဆုံး အယောက် ၁၀၀ ထဲ မဝင်နိုင်ခဲ့သည်မှာ နှမြောဖို့ ကောင်းလှသည်ဟု တွေးထင်နေမိသည်။ သူမ၏ စွမ်းရည်များဖြင့် သူမသည် ထိပ်ဆုံး အယောက် ၁၀၀ ထဲ သာမက ထိပ်ဆုံး အယောက် ၂၀ တွင် ပါနိုင်သေး၏။
“ကျေးဇူးပါ …” ယန်ချင်ယင်က ထိုင်ချလိုက်ပြီး အားနာစွာ ပြောလိုက်သည် “ဂျူနီယာ မောင်လေးမို မင်းရဲ့ ကံကောင်းမှုကြောင့်သာ မဟုတ်ရင် ငါတော့ မင်းကို စိတ်ပျက်မိစေတော့မှာပဲ…”
မိုဝူကျီက လက်ကာပြလိုက်ရင်း “အတိတ်ကို မေ့ထားလိုက်ပါ…”
ယန်ချင်ယင်က သူ့အား အမှန်ပင် စိတ်မပျက်စေပေ။ အကြောင်းမှာ သူမက သူ့ကို ကူညီခဲ့ဖူးသည်။ မိုဝူကျီသည် ကျေးဇူးတရားကို အလေးထားသည့်သူ ဖြစ်သည့်အတွက် သူ့ကို အရင်က ကူညီဖူးသော လူများအပေါ်တွင် ကပ်စေးနှဲနေမည် မဟုတ်ပေ။ ယန်ချင်ယင်က သူမ ဘာသာ စိတ်ဝင်တစား ကူညီခဲ့သည် ဆိုသော်လည်း ဘယ်သူက ထိုသို့ လုပ်နိုင်မှာလဲ
ယန်ချင်ယင်နှင့် သူတို့ကြားတွင် တမူထူးသော ဆက်ဆံရေးမျိုးမရှိပေ။ သူမ ပေးအပ်ခဲ့သော အကူအညီသည် ချီးမွမ်းဖွယ် ဖြစ်သည်။
မိုဝူကျီ၏ ဘဝနိယာမကား သူများဆီမှ များစွာ မတောင်းဆိုရန် ဖြစ်သည်။ သူဘက်က တတ်နိင်သလောက်တော့ အကူအညီ ပေးသည်။ သူက ထိုသို့ လူများနှင့် ဆက်ဆံနိုင်သော်လည်း အပေါင်းအသင်းတော့ မဖွဲ့ပေ။
“စီနီယာ အစ်မယန် ကျွန်တော့်မှာ နေရာတွေ အများကြီး ကျန်သေးတယ် ကြိုက်သလောက် ယူလို့ ရပါတယ်…” မိုဝူကျီက တည့်တိုးသာ ပြောလိုက်သည်။
ယန်ချင်ယင်က ချက်ချင်း မတုံ့ပြန်ပေ။ ထို့အစား သူမက စာရွက်တစ်ရွက် ထုတ်ယူကာ မိုဝူကျီကို ပေးလိုက်သည် “ဂျူနီယာမောင်လေးမို မင်း ဒါကို လိုလိမ့်မယ်လို့ ထင်တယ်……”