ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို မရောင်းနိုင်ဘူး
Vol. 66 Ch. 909
နတ်ဘုရားပိုးကောင်နှစ်ကောင်သည် လေထဲတွင် ဝဲပျံနေ၏။ ပြင်းထန်သော လေလှိုင်းက ၎င်းတို့အပေါ် မသက်ရောက်နိုင်သလို၊ ၎င်းတို့ကို ထိခိုက်အောင်လည်း မလုပ်နိုင်ပေ။ ထို့ပြင် လေများက ပိုအားကောင်းလာလေလေ၊ ပိုးကောင်နှစ်ကောင်က ပိုပျော်လာလေလေပင်။ အကယ်၍ ကျန်းရီသာ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်လိုက်ပါက အလွန်အံ့အားသင့်သွားပေလိမ့်မည်။ ထိုနတ်ဘုရားပိုးကောင်နှစ်ကောင်သည် ဝိညာဉ်လေများကို မကြောက်ရုံသာမက ထိုလေများကို စုပ်ပင် စုပ်ယူနေပေသည်။ သို့မဟုတ် ၎င်းတို့က ဝိညာဉ်လေများအတွင်းရှိ စွမ်းအင်ကို စုပ်ယူနေခြင်း ဖြစ်နိုင်သည်။
ရီချန်၊ ယဉ်ရို့ပင်းနှင့် အခြားသူများအားလုံး၏ မျက်လုံးများက တလက်လက်တောက်ပနေကြ၏။ သူမတို့၏ ကောင်းကင်စိတ်အာရုံများက ပိုးကောင်နှစ်ကောင်ပေါ်သို့ ကျရောက်နေပေသည်။ သူမတို့သည် ဝိညာဉ်လေလှိုင်း ငြိမ်သွားမည့်အချိန်ကို စောင့်နေကြ၏။ သူမတို့၏ မျိုးနွယ်နှစ်ခုစလုံးက အကြွင်းမဲ့လေတောင်ကြားထဲတွင် ဝိညာဉ်လေလှိုင်းများ မကြာမကြာ ထွက်ပေါ်လာတတ်ကြောင်း မှတ်တမ်းတင်ထားသည်။ ထိုဝိညာဉ်လေလှိုင်းများ ထွက်ပေါ်လာသည်နှင့် ကျောက်မျက်နတ်ဘုရားပိုးကောင်များက ကျောက်ကမ်းပါးစွန်းများမှနေ၍ ထွက်ပေါ်လာကြောင်းကိုလည်း မှတ်တမ်းတင်ထားသည်။ နတ်ဘုရားပိုးကောင်များကို ဖမ်းနိုင်မည့် အကောင်းဆုံးအချိန်မှာ ဝိညာဉ်လေလှိုင်းများ ပျောက်ကွယ်သွားသည့်အချိန်ဖြစ်သည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေသည်။ ကျန်းရီသည် နတ်ဘုရားပိုးကောင်နှစ်ကောင်ကို ကောင်းကင်စိတ်အာရုံဖြင့်သာ အာရုံခံနေရ၍ များစွာအံ့ဩမှင်တက်မှု မဖြစ်ပေ။ သို့သော် သူ၏မျက်ဝန်းများထဲမှ သံသယများနှင့် ပြည့်နှက်နေပေသည်။ သူ နားမလည်သောအရာများ များစွာ ရှိနေလေသည်။
‘ဝိညာဉ်လေတွေက အရမ်းလည်းမြန်သလို အရမ်းလည်းစွမ်းအားကြီးတယ်။ အဲ့လိုလေမျိုးကို ဖယ်လိုလုပ် တွန်းဖယ်နိုင်မှာလဲ။ ပြီးတော့ ဝိညာဉ်လေတွေက သာမန်မျက်လုံးနဲ့ မမြင်နိုင်ဘူး... အဲ့နတ်ဘုရားပိုးကောင်တွေက ဘယ်လေလှိုင်းထဲမှာ ဝိညာဉ်လေတွေပါတယ်ဆိုတာကို သိနိုင်ရတာလဲ။ ဝိညာဉ်လေတွေကို တွန်းဖယ်နိုင်ဖို့ ဘာလုပ်ရမှာလဲ’
မရှင်းလင်းသော အရာများ များစွာ ရှိနေသဖြင့် လေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုလေဓာတ်တာအိုပုံသဏ္ဌာန်က အဆင့်နိမ့်လော၊ အလယ်အလတ်အဆင့်လော သို့မဟုတ် အဆင့်မြင့်လောကိုပင် ကျန်းရီ မသိချေ။ ယင်းက မည်သို့ထူးခြားကြောင်းကိုလည်း မသိချေ။
အချိန်ကုန်လာသည်နှင့်အမျှ ဝိညာဉ်လေများကလည်း တဖြည်းဖြည်း အားနည်းလာပေသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့၏ မျက်လုံးများကတော့ ပို၍တောက်ပလာသည်။ ဝိညာဉ်လေလှိုင်း ငြိမ်သွားခါနီးတွင် ရီချန်၏ခန္ဓာကိုယ်က မူလဘုံပြာသာဒ်ထဲမှ ပျောက်ကွယ်သွားသည်။ ထို့နောက် သူမသည် အပြင်သို့ ရုတ်ခြည်းရောက်သွားကာ နတ်ဘုရားပိုးကောင်နှစ်ကောင်ကို လှမ်းဖမ်းလိုက်လေသည်။
ရွှစ်...
နတ်ဘုရားပိုးကောင်နှစ်ကောင်က ရီချန်ကို တွေ့လိုက်သောအခါ ကြောက်ရွံ့တကြီးဖြင့် ကမ်းပါးစွန်းသို့ ပြန်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် ရီချန်၏လက်ထဲတွင် အနက်ရောင် လက်အိပ်ထွက်ပေါ်လာ၏။ သူမက နတ်ဘုရားပိုးကောင်နှစ်ကောင်ကို သိမ်မွေ့စွာ ဆုပ်ကိုင်၍ ဖမ်းလိုက်သည်။
‘မြန်လိုက်တဲ့ အရှိန်... ရီချန်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်တော့ မလုပ်လောက်တော့ဘူး။ သူက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ။ သူက သူ့ရဲ့အင်အားကို ဖုံးကွယ်ထားတာပဲ’
ကျန်းရီသည် ရီချန်၏ အမြန်နှုန်းကို တွေ့လိုက်သောအခါ စိတ်ထဲမှ တိတ်တဆိတ် ကောက်ချောက်ချလိုက်လေသည်။ ထိုအမျိုးသမီးက အမှန်ပင် ပါရမီထူးသူတစ်ယောက်ပင်။ သူမ၏ အသက်က သူနှင့်အတူတူလောက်သာ။ ဆန်းကြယ်နတ်ဘုရားနန်းတော်တွင် တွေ့ခဲ့စဉ်က သူမ၏ အင်အားသည် ကောင်းကင်ဧကရာဇ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်လောက်တွင်သာ ရှိလောက်ပေသေးသည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူမက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားပေပြီ။
‘ရီချန်ရဲ့ သက်ရောက်မှုကို အာရုံခံနိုင်မယ့် အခွင့်အရေးသာရရင် ငါ သူရဲ့ ကြယ်အဆင့်ကို သိနိုင်လောက်တယ်။ သူက ကြယ်သုံးပွင့်ထက်တော့ ကျော်နေလောက်ပြီမလား။ သူက မူလရတနာတွေကိုလည်း ပိုင်ဆိုင်ထားတော့ ကြယ်လေးပွင့်အဆင့်လောက်တော့ ရှိလောက်ပြီ...’
ကျန်းရီသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ပါရမီရှင်များကို လျှော့မတွက်ရန် သူ့ကိုယ်သူ ပြောခဲ့၏။ သို့သော် သူသည် ရီချန်ကို လျှော့တွက်ခဲ့မိပေသည်။ သူ တွေးတောနေစဉ်မှာပင် ရီချန်က မူလဘုံပြာသာဒ်အတွင်းသို့ ပြန်ဝင်လာ၏။ သူမက ယဉ်ရို့ပင်းကို ကြည့်ကာ ပြောလိုက်သည်။
“ရို့ပင်း... ငါ မင်းကို တစ်ကောင်ပေးမယ်”
“ကျေးဇူးတင်ပါတယ် အစ်မချန်...”
ယဉ်ရို့ပင်းက ဟန်ဆောင်၍ပင် ငြင်းမနေတော့ပေ။ ရီချန်သည် လက်ထဲသို့ အတွင်းအားထည့်၍ နတ်ဘုရားပိုးကောင်နှစ်ကောင်ကို သတိလစ်သွားအောင် လုပ်လိုက်၏။ ယဉ်ရို့ပင်းက ပိုးကောင်တစ်ကောင်ကို ယူလိုက်ပြီး သူမ၏အတွင်းအားဖြင့် ၎င်းကို ချက်ချင်း သန့်စင်လိုက်သည်။ ရီချန်ကလည်း သူမ၏ပိုးကောင်ကို စတင် သန့်စင်လိုက်သည်။ တဖြည်းဖြည်းဖြင့် ပိုးကောင်နှစ်ကောင်သည် သူမတို့၏ လက်ထဲမှ ပျောက်ကွယ်သွားကြ၏။ ကျန်းရီ၊ အစ်မရှင်းနှင့် အခြားသူများသည် အားကျစွာ ကြည့်နေကြလေ၏။
“သွားကြစို့...”
ရီချန်က လက်ဝှေ့ယမ်းလိုက်ပြီး အားလုံးကို အပြင်သို့ ပြန်ပို့ပေးလိုက်သည်။ ရီချန်နှင့် အစ်မရှင်းတို့သည် ထုံးစံအတိုင်း အရှေ့ဆုံးတွင် နေရာယူလိုက်ပြီး အခြားသူများက သူမတို့နောက်မှ လိုက်သည်။ ဤတောင်ကြားက အလွန်ရှည်ပြီး လေများကလည်း အလွန်ပြင်းထန်ပေသည်။ သူတို့အားလုံးသည် နှေးနှေးသာ သွားနေသော်လည်း တစ်ကြိမ်ပင် မရပ်တန့်ခဲ့ပေ။
နှစ်နာရီကြာ သွားပြီးနောက် ကျန်းရီက ယဉ်ရို့ပင်းကို နားမလည်နိုင်သောလေသံဖြင့် မေးလိုက်သည်။
“ဘာလို့ ကျွန်တော်တို့ မူလဘုံပြာသာဒ်ထဲမှ စောင့်မနေတာလဲ။ နတ်ဘုရားပိုးကောင်တွေ ထပ်ထွက်လာရင် ဘယ်လိုလုပ်မလဲ”
“ဟင်းဟင်း...”
ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ပြုံးလိုက်ပြီး နူးညံ့သောလေသံဖြင့် ရှင်းပြလိုက်သည်။
“အကြွင်းမဲ့လေတောင်ကြားက တော်တော်လေးထူးဆန်းတဲ့ နေရာတစ်ခုပဲ။ ကျွန်မတို့ ရှေ့ဆက်မတိုးဘူးဆိုရင် ဝိညာဉ်လေလှိုင်းတွေကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။ လေလှိုင်းတွေမရှိရင် နတ်ဘုရားပိုးကောင်တွေလည်း ပေါ်လာမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ ရှေ့ဆက်သွားရတာ... တကယ်လို့ ကျွန်မတို့ တောင်ကြားအပြင် ရောက်တဲ့အထိ ဝိညာဉ်လေလှိုင်းနဲ့ ထပ်မကြုံရတော့ဘူးဆိုရင်တော့ နတ်ဘုရားပိုးကောင်တွေကို ဖမ်းနိုင်ဖို့ ဒုတိယအခွင့်အရေးရမှာ မဟုတ်တော့ဘူးပေါ့။ ပြီးတော့... အကြွင်းမဲ့လေတောင်ကြားက ဆယ်စုနှစ်တစ်ခုမှ နတ်ဘုရားပိုးကောင်နည်းနည်းပဲ မွေးထုတ်ပေးနိုင်တယ်။ ပိုးကောင်တွေကို ထပ်တွေ့ရဦးမလားဆိုတာတော့ ကျွန်မတို့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်”
ကျန်းရီ ပို၍ပင် ခေါင်းရှုပ်သွားပြီး ထပ်မေးလိုက်သည်။
“ကျွန်တော်တို့ တောင်ကြားထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး နတ်ဘုရားပိုးကောင်အကုန်လုံးကို ရှာဖမ်းလို့ မရဘူးလား”
“မရဘူး...”
ယဉ်ရို့ပင်းက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“အကြွင်းမဲ့လေတောင်ကြားထဲမှာ ဒီဦးတည်ရာအတိုင်းပဲ လျှောက်လို့ရတယ်။ တကယ်လို့ ကျွန်မတို့သာ ဆန့်ကျင်ဘက်ကို လျှောက်လိုက်ရင် သေချာပေါက် သေသွားလိမ့်မယ်”
“ဪ...”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး အတန်ငယ် စိတ်ပျက်သွားသည်။ ယဉ်ရို့ပင်းသည် သွေးအေးသူတစ်ယောက် ဖြစ်နိုင်သော်လည်း အပေါ်ယံတွင်တော့ ဖော်ရွေပုံပေါ်လေသည်။ သူမက သူ့ကို နတ်ဘုရားပိုးကောင်တစ်ကောင် မျှဝေနိုင်လောက်သည်။ သို့သော် ရီချန်သည် အတွင်းရော၊ အပြင်ပါ အေးစက်သူဖြစ်သည်။ ထို့ပြင် သူက သူ့ကို ရွံရှာနေသည့်ပုံပင်။ ထို့ကြောင့် သူမသည် သူ့ကို နတ်ဘုရားပိုးကောင်တစ်ကောင်မှ ပေးမည် မဟုတ်ပေ။
(၁၂)နာရီကြာ ဆက်လျှောက်ပြီးသော်လည်း နောက်ထပ်ဝိညာဉ်လေလှိုင်းကို မတွေ့ရသေးချေ။ ကျန်းရီသည် နတ်ဘုရားပိုးကောင်ကို ရရန် လက်လျှော့လိုက်ပေပြီ။ အားလုံး အနားယူနေချိန်တွင် သူက ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ခဲ့၏။ ထို့ကြောင့် သူတို့ နောက်မိုင်အနည်းငယ် လျှောက်ပြီးလျှင် တောင်ကြားအပြင်သို့ ရောက်တော့မည် ဖြစ်ကြောင်း သူ သိထားပေသည်။
“ဝိညာဉ်လေလှိုင်း ရောက်လာပြီ”
နောက်တစ်နာရီ ထပ်လျှောက်ပြီးနောက် ရီချန်က ရုတ်တရက် ပြောလိုက်သည်။ သူမ၏လက်ထဲတွင် လှပသော ဘုံပြာသာဒ်နီ ထပ်မံ ထွက်ပေါ်လာလေသည်။ ကျန်းရီနှင့် အခြားသူများသည် တက်ကြွသွားပြီး မူလဘုံပြာသာဒ်အတွင်းသို့ ဝင်လိုက်ကြ၏။
ဟူး...ဟူး...
မျှော်လင့်ထားသလိုပင် လေက ရုတ်တရက်ထန်လာပြီး တောင်ကြားကို သဲဝါများဖြင့် ဖုံးလွှမ်းသွားလေသည်။ ကျန်းရီသည် ချက်ချင်း ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ပြီး နတ်ဘုရားပိုးကောင်များကို ရှာဖွေလိုက်သည်။
ရွှီ...ရွှီ...ရွှီ...
မကြာခင်မှာပင် ဘယ်ဘက်ရှိ ကမ်းပါးစွန်းမှနေ၍ အပေါက်ကလေးနှစ်ယောက် ထွက်ပေါ်လာပြီး နတ်ဘုရားပိုးကောင်နှစ်ကောင် ထွက်ပေါ်လာလေသည်။ ညာဘက်မှ ကမ်းပါးစွန်းတွင်လည်း အပေါက်တစ်ပေါက် ထွက်ပေါ်လာပြီး နောက်ထပ်နတ်ဘုရားပိုးကောင်တစ်ကောင် ထွက်လာသည်။ ကျန်းရီ ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ သူသည် အခြားမည်သည့်အရာကိုမှ အရေးစိုက်မနေတော့ဘဲ နတ်ဘုရားပိုးကောင်သုံးကောင်ကိုသာ ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် အာရုံခံနေလိုက်လေသည်။ သူသည် ဆန်းကြယ်သော လေဓာတ်တာအိုပုံသဏ္ဌာန်ကိုလည်း သိမြင်နားလည်အောင် ဆက်ကြိုးစားလိုက်သည်။
သို့သော်...
တစ်နာရီကြာ လေ့လာပြီးနောက်တွင်ပင် ကျန်းရီ မည်သည်ကိုမှ မသိမြင်မနားလည်သေးပေ။ သူ့တွင် ထိုသို့သော လေဓာတ်တာအို့ပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်မည့် ကံတရားမပါပုံပင်။ ရီချန်က အပြင်သို့ထွက်၍ နတ်ဘုရားပိုးကောင်များကို ဖမ်းရန် ဟန်ပြင်လိုက်သောအခါ ကျန်းရီက အံကြိတ်၍ ပြောလိုက်သည်။
“သခင်မလေးရီ... ကျွန်တော့်ကို နတ်ဘုရားပိုးကောင်တစ်ကောင် မျှပေးလို့ရမလားခင်ဗျာ”
“ရှင့်ကိုလား...”
ရီချန်က တစ်ချက်လှည့်ကြည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မက ဘာလို့ မျှပေးရမှာလဲ”
ကျန်းရီက ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းပွတ်လိုက်သည်။ သူ၏တောင်းဆိုချက်က အမှန်ပင် အလွန်အကျူး ဖြစ်နေပေသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့ကြောင့်သာ မဟုတ်လျှင် သူသည် အကြွင်းမဲ့လေတောင်ကြားအတွင်းသို့ မည်သည့်အခါတွင်မှ ဝင်နိုင်မည် မဟုတ်ချေ။ အကယ်၍ သူ ဝင်နိုင်ခဲ့လျှင်လည်း ဝိညာဉ်လေလှိုင်းများကို ခံနိုင်မည် မဟုတ်ပေ။ ရီချန်က သူ့ကို မူလဘုံပြာသာဒ်အတွင်း ဝင်ခွင့်ပြုထားသည်ကိုက ကျေးဇူးကြီးနေပြီဖြစ်သည်။
ကျန်းရီသည် မျက်လုံးကလည်လည်ဖြင့် ကြည့်လိုက်ပြီး ပြုံးစေ့စေ့ဖြင့် ပြောလိုက်သည်။
“တကယ်လို့ သခင်မလေးရီသာ ကျွန်တော့်ကို နတ်ဘုရားပိုးကောင်တစ်ကောင် မျှပေးမယ်ဆိုရင် ကျွန်တော် သခင်မလေးအတွက် ကိစ္စတစ်ခု လုပ်ပေးပါမယ်။ လွန်လွန်ကျူးကျူးကိစ္စ မဟုတ်သ၍ ကျွန်တော် ဘာမဆို လုပ်နိုင်ပါတယ်”
“အဟင်း...”
အစ်မရှင်းနှင့် အခြားသူများက လှောင်ရယ် ရယ်လိုက်ကြသည်။ ရီချန်၏ အဆင့်အတန်းက မည်သို့နည်း။ အကယ်၍ ရီချန်သာ သူမကို ကူညီပေးမည့် လူတစ်ယောက် အလိုရှိလျှင် တစ်ချက်တောင်းဆိုလိုက်ရုံဖြင့် လောကထဲမှ သန်းချီသော ယောက်ျားများက သူမကို ကူညီနိုင်ရန်အတွက် အချင်းချင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ရီချန်က အရေးမစိုက်ဟန်ဖြင့် ကျန်းရီကို ကြည့်လိုက်ပြီး အပြင်သို့ ထွက်သွားလေသည်။ သူမသည် စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ ထို့ကြောင့် ကျန်းရီ စိတ်ဓာတ်ကျသွားသည်။
ရီချန်သည် အပြင်သို့ လှစ်ခနဲ ထွက်သွားပြီး အနက်ရောင်လက်အိပ်ဖြင့် နတ်ဘုရားပိုးကောင်သုံးကောင်စလုံးကို ဖမ်းလိုက်လေသည်။
ရွှစ်...
ရီချန်သည် ဘုံပြာသာဒ်အတွင်းသို့ လျင်မြန်စွာ ပြန်ဝင်လာပြီး နတ်ဘုရားပိုးကောင်သုံးကောင်ကို မေ့သွားအောင် လုပ်လိုက်သည်။ သူမသည် ပိုးကောင်တစ်ကောင်ကို ယဉ်ရို့ပင်းထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် သူမက ခေတ္တတွေးတောလိုက်ပြီး ကျန်းရီထံသို့ တစ်ကောင် ပစ်ပေးလိုက်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
“ရှင် အစောက ပြောတာကို မှတ်ထားနော်”
“အာ...”
ကျန်းရီ အံ့အားသင့်သွား၏။ ရီချန်က သူ့ကို လျစ်လျူရှုလိမ့်မည်ဟု သူ ထင်ခဲ့၏။ သို့သော် သူမက အမှန်ပင် သူ့ကို ပိုးကောင်တစ်ကောင် ပေးနေခြင်းလော။ သူ ချက်ချင်းပင် ရင်ဘတ်ပုတ်လိုက်ပြီး ပြောလိုက်သည်။
“သခင်မလေးရီ မစိုးရိမ်ပါနဲ့။ ကျွန်တော် လုပ်နိုင်တဲ့အရာဆိုရင်၊ လွန်လွန်ကျူးကျူး မဟုတ်ဘူးဆိုရင် ဓားတောင်ကိုပဲ ကျော်ရကျော်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ရအောင် လုပ်ပေးမှာပါ။ အဲ... ကျွန်တော်က မိန်းမတွေကို မကြိုက်ဘူးဆိုတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကိုတော့ မရောင်းနိုင်ဘူး”
“ထွီ...”
အားလုံး၏ တံတွေးထွေးလိုက်သံက တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။ မိန်းမလှလေးတစ်စုက မျက်စောင်းခဲလိုက်သည့် လှပသောမြင်ကွင်းက ကျန်းရီကို ယစ်မူးသွားစေလေသည်။
***