ကျွန်တော်က နှစ်ဖက်ချွန်ပါ
Vol. 66 Ch. 910
“နတ်ဘုရားပိုးကောင်ရဲ့ အရေးအကြီးဆုံးအပိုင်းက အဆီပဲ။ နတ်ဘုရားပိုးကောင်ကို သန့်စင်ပြီးရင် အဆီက ခန္ဓာကိုယ်ထဲကို ဝင်သွားလိမ့်မယ်။ ဒီပိုးကောင်အဆီက နတ်ဆေးပဲ... သူ့မှာ အာနိသင်သုံးမျိုး ရှိတယ်။ ပထမအာနိသင်က အတွင်းအားကို တိုးမြှင့်ပေးနိုင်တာပဲ။ တိုးမြှင့်လာတဲ့ အတွင်းအားက သာမန်သိုင်းသမားတစ်ယောက် နှစ်နည်းနည်း ကျင့်ကြံမှရတဲ့ အတွင်းအားနဲ့ ညီမျှတယ်ဆိုတော့ မဆိုးပါဘူး။ ပြီးတော့ အဲ့ဒါက ကောင်းကင်ကျောက်တုံးတွေလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘူး။ ဒုတိယအာနိသင်က ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ပေးနိုင်တာ။ အဲ့အာနိသင်က တော်တော်လေး သိသာပါတယ်။ လူတွေက နတ်ဘုရားပိုးကောင်တွေကို စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲဖို့အတွက် သုံးကြတယ်။ အဲ့ဒါက တတိယအာနိသင်ပဲ။ တကယ်လို့ ရှင့်မှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုရှိရင် စိတ်ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲအောင် လုပ်တာက အကောင်းဆုံးပဲ။ အာနိသင်ကလည်း အတော်လေးကောင်းတယ်”
ရီချန်၏ အေးစက်စက် အသံပို့လွှတ်မှုက ကျန်းရီ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ ကျန်းရီသည် ခေါင်းတညိတ်ညိတ်ဖြင့် အံ့အားသင့်နေသည်။ ဤနတ်ဘုရားပိုးကောင်က အမှန်ပင် ဆန်းကြယ်ပြီး အကျိုးအာနိသင်များ များစွာ ရှိပေသည်။ အတွင်းအားကို ဖြည်းဖြည်းချင်း ကျင့်ကြံတိုးမြှင့်သွား၍ ရ၏။ ထို့ပြင် ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်လျှင်လည်း များစွာအသုံးဝင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် သူ၏စိတ်ဝိညာဉ်ကိုသာ ဆင့်ကဲပြောင်းလဲအောင်လုပ်ရန် ဆုံးဖြတ်ထားပေသည်။ မဟုတ်သေး... သူသည် သူ၏ ဝိညာဉ်ဓားများကို ပိုအစွမ်းထက်လာအောင် လုပ်ရန် ဆုံးဖြတ်ထားခြင်းပင်။
ကျန်းရီတွင် လိပ်ပြာရေစင်ကြောင့် ဆင့်ကဲပြောင်းလဲပြီးသော ဝိညာဉ်ဓား(၁၂)ချောင်းရှိ၏။ ဆင့်ကဲပြောင်းလဲပြီးနောက် ထိုဝိညာဉ်ဓား(၁၂)ချောင်း၏ အစွမ်းက ယခင်ကထက် နှစ်ဆတိုးတက်ခဲ့သည်။ အကယ်၍ သူသာ ပိုးကောင်အဆီကို သုံး၍ ၎င်းတို့ကို ထပ်၍ဆင့်ကဲပြောင်းလဲစေလိုက်လျှင် ၎င်းတို့၏စွမ်းအားက သေချာပေါက် ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းသွားပေလိမ့်မည်။ သို့ဆိုလျှင် ၎င်းက သူ၏ စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
ဤဒေသထဲတွင် မိုးကြိုးအမျက်ကို အသုံးပြု၍ မရပေ။ ထို့ပြင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း သေရေးရှင်ရေး အခြေအနေမဟုတ်လျှင် မသုံးသင့်ချေ။ ယခင်တွင် သူသည် ဝိညာဉ်ဓားများကို ထုတ်သုံးခဲ့ဖူးသော်လည်း ယခုတွင် ၎င်းတို့၏ ပုံပန်းသွင်ပြင်က လုံးဝ ပြောင်းလဲနေပြီဖြစ်သည်။ ၎င်းတို့က ရွှေရောင်ပြောင်းသွားပြီဖြစ်ပြီး များစွာပိုစွမ်းအားကြီးလာသည်။ ထို့ကြောင့် သာမန်လူများက ထိုဝိညာဉ်ဓားများကို မှတ်မိမည် မဟုတ်ချေ။
ကျန်းရီသည် အတွင်းအားကို အသုံးပြု၍ နတ်ဘုရားပိုးကောင်ကို သန့်စင်လိုက်၏။ မျှော်လင့်ထားသလိုပင် နတ်ဘုရားပိုးကောင်၏ကိုယ်မှနေ၍ အဖြူရောင်အရည်များ စီးထွက်လာသည်။ သူသည် ထိုအဖြူရောင်အရည်ကို သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားစေလိုက်၏။ ထိုအရည်သည် သူ၏ သွေးကြောများကို ဖြတ်၍ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်သွားလေသည်။
မျှော်လင့်ထားသကဲ့သို့ပင်။
ပိုးကောင်အဆီက စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်သွားပြီးနောက် တစ်ခဏအကြာတွင် ဝိညာဉ်ဓား(၇၂)ချောင်း ဗြောင်းဆန်သွား၏။ ၎င်းတို့သည် စိတ်ဝိညာဉ်ပင်လယ်အတွင်း လှည့်ပတ်ပျံသန်းကာ ပိုးကောင်အဆီအတွင်းသို့ ဝင်သွားကြ၏။ ကျန်းရီသည် ၎င်းတို့ကို မဆင်မခြင် ပြုမူခွင့် မပေးလိုက်ချေ။ သူသည် သာမန်ဝိညာဉ်ဓားများကို ရပ်တန့်လိုက်ပြီး ရွှေရောင်ဝိညာဉ်ဓားများကိုသာ ပိုးကောင်အဆီကို စုပ်ယူစေလိုက်သည်။
ရွှီး..
တစ်စုံတစ်ခု ဖြစ်ပေါ်လာပြီး ကျန်းရီ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ ရွှေရောင်ဝိညာဉ်ဓားတစ်ချောင်းက ပိုးကောင်အဆီအနည်းငယ်ကို စုပ်ယူကာ ထပ်မံ ဆင့်ကဲပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ၎င်း၏ အရောင်က ရွှေအိုရောင်ဖြစ်သွားပြီး အရွယ်အစားကလည်း ပိုသေးသွားသည်။ ဓားမျက်နှာပြင်ပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ စီးဆင်းလာပြီး ၎င်းက ဓားနှင့် မတူတော့ပေ။ ၎င်းသည် ဒြပ်ထည်ရှိသော ဝိညာဉ်ချိတ်ဆက် မူလရတနာအစစ်နှင့် ဆင်တူလာလေသည်။
‘ကောင်းတယ်...’
ကျန်းရီ စိတ်ထဲမှနေ၍ ဝမ်းသာအားရ အော်လိုက်ပြီး ဒုတိယမြောက် ရွှေရောင်ဝိညာဉ်ဓားကို ထိန်းချုပ်ကာ ပိုးကောင်အဆီကို စုပ်ယူစေလိုက်၏။ ၎င်းကလည်း လျင်မြန်စွာ ဆင့်ကဲပြောင်းလဲသွားသည်။ ၎င်းသည်လည်း ရွှေအိုရောင် ပြောင်းလဲသွားကာ ဒြပ်ထည်ရှိသောအရာတစ်ခုဟု ထင်လာရလေသည်။ ၎င်းသည် ပြိုင်ဘက်ကင်းဓားတစ်ချောင်းကဲ့သို့ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဝဲနေပေသည်။
တတိယမြောက်...
ကျန်းရီသည် မနှောင့်နှေးဝံ့ပေ။ သူ၏ခန္ဓာကိုယ်ကလည်း ပိုးကောင်အဆီကို စုပ်ယူနေသဖြင့် အချိန်ကြာသွားလျှင် ပိုးကောင်အဆီက ပြုန်းတီးသွားပေလိမ့်မည်။ သူသည် တတိယမြောက် ရွှေရောင်ဝိညာဉ်ဓားကို ထိန်းချုပ်၍ ပိုးကောင်အဆီကို စုပ်ယူစေလိုက်၏။ တတိယမြောက်ဓားက ဆင့်ကဲပြောင်းလဲပြီးသောအခါ သူ စတုတ္ထမြောက်ဓားကို ဆက်ထိန်းချုပ်လိုက်သည်။ သို့သော် ပိုးကောင်အဆီက ကုန်သွားပေပြီ။ နတ်ဘုရားပိုးကောင်က လက်မလောက်သာ ကြီးသဖြင့် ပိုးကောင်အဆီကလည်း အနည်းငယ်သာ ရရှိပေသည်။
“ဟူး... ငါသာ နတ်ဘုရားပိုးကောင်ဒါဇင်ကျော်လောက် ဖမ်းနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ”
ကျန်းရီ သက်ပြင်းချလိုက်၏။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ရီချန်နှင့် ယဉ်ရို့ပင်းတို့က ပိုးကောင်အဆီကို သန့်စင်ပြီးနေပေပြီ။ ကျန်းရီက ရီချန်ကို ကျေးဇူးတင်ဟန်ဖြင့် အလေးအနက် ဦးညွှတ်လိုက်သည်။ နတ်ဘုရားပိုးကောင်က အလွန်အဖိုးတန်သော ရတနာတစ်ခုပင်။ ရီချန်က သူ့ကို တစ်ကောင်မျှပေးခဲ့သဖြင့် အလွန်ကျေးဇူးတင်ဖို့ ကောင်းပေသည်။
အပြစ်ဆေးကြောဒေသကို ရီမျိုးနွယ်က ပိုင်ဆိုင်သဖြင့် ရီချန်သည် ဤနေရာသို့ ကြိုက်သည့်အချိန် ဝင်လာနိုင်သည်။ ထို့ကြောင့် သူမအတွက် ထိုနတ်ဘုရားပိုးကောင်များက များစွာအဖိုးတန်သည်ဟု မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် သူမကို ကျေးဇူးတင်နေဆဲပင်။ သူတို့နှစ်ယောက်သည် အနာဂတ်တွင် ရန်သူများဖြစ်လာရန် ကံပါလာသော်လည်း ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုလိုက်လေသည်။ သူသည် ရီချန်ပေါ်တွင် အမှန်ပင် အကြွေးတင်နေ၍ သူမတောင်းဆိုသည်ကို တတ်နိုင်သမျှ ပြီးမြောက်အောင် လုပ်ပေးမည်ဖြစ်သည်။
“သွားကြစို့...”
ရီချန်က ကျန်းရီကို ခံစားချက်ကင်းမဲ့သည့် တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမသည် အပြင်သို့ ထွက်သွားလိုက်ပြီး အားလုံးကို ပြန်ထုတ်ပေးလိုက်၏။ ထို့နောက် သူမသည် အစ်မရှင်းနှင့်အတူ လမ်းကြောင်းဆက်ရှင်းကာ အားလုံးကို ဦးဆောင်ခေါ်သွားလေသည်။
ဤတစ်ကြိမ်တွင် ကျန်းရီတို့အုပ်စု ထပ်ကံမကောင်းတော့ပေ။ သူတို့သည် တောင်ကြားအပြင်သို့ ရောက်သွားပေပြီ။ သူတို့သည် ဝိညာဉ်လေလှိုင်းများနှင့် ထပ်မကြုံခဲ့သဖြင့် နတ်ဘုရားပိုးကောင်များလည်း ထပ်မရခဲ့ချေ။ ရီချန်က အဝေးသို့ ကြည့်လိုက်ပြီး နောက်လှည့်ကာ ညွှန်ကြားလိုက်သည်။
“ဒီနေရာကို ထောက်လှမ်းလိုက်ပါ”
ကျန်းရီက တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကိုထုတ်၍ ထောက်လှမ်းလိုက်သည်။ တစ်နာရီကြာပြီးနောက် သူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ပြောလိုက်၏။
“အနောက်မြောက်ဘက်က မြေတွေက မည်းနေတယ်... အပူချိန်မြင့်လို့ ဖြစ်နိုင်တယ်။ ချော်ရည်ကန်က အဲ့ဘက်မှာ ဖြစ်လောက်တယ်”
“မြေနက်လား.... အဲ့လို ဖြစ်နိုင်တယ်၊ သွားကြစို့”
ရီချန်၏ မျက်လုံးများ တောက်ပသွား၏။ သူမသည် အနောက်မြောက်ဘက်သို့ ချက်ချင်းသွားလိုက်၏။ ယဉ်ရို့ပင်းနှင့် အခြားသူများကလည်း သူမနောက်သို့ စိတ်လှုပ်တရှား လိုက်သွားကြလေသည်။ ယဉ်ရို့ပင်းက ပြေးနေရင်းဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။
“သခင်လေးပိုင်ရီ... မြန်မြန်သွားပါ။ အပြစ်ဆေးကြောဒေသကိုဖွင့်တိုင်း ချော်ရည်ကန်က ဝိညာဉ်ဆေးပင် နှစ်ဆယ်ပဲ ထုတ်ပေးတယ်။ အဲ့ဆေးပင်တွေအကုန်လုံးကတော့ ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်တွေပါပဲ။ တကယ်လို့ အဲ့ဆေးပင်တွေကို သူများတွေက အရင်တွေ့သွားရင် ကျွန်မတို့ ဒီအပြစ်ဆေးကြောဒေသထဲ ဝင်လာရတာ ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး”
အကယ်၍ ကျန်းရီသာ မီးမြွေသစ်ခွကို မရနိုင်လျှင် သူ အပြစ်ဆေးကြောဒေသထဲသို့ ဝင်လာခြင်းက အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် အမြန်ဆုံးပြေးကာ အားလုံး၏နောက်မှ လိုက်သွားလိုက်သည်။ တစ်ရက်လုံး ပြေးနေပြီးနောက် သူ ထပ်မံ၍ ထောက်လှမ်းလိုက်ရာ အနောက်မြောက်ဘက် မိုင်(၆၀၀)အကွာတွင် အမှန်ပင် ကန်ကြီးတစ်ကန်ရှိနေကြောင်း သိလိုက်ရလေသည်။ ကန်ထဲတွင် ချော်ရည်များနှင့် ပြည့်နှက်နေပြီး ကန်ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေပေ။
“သွားကြစို့...”
အနောက်မြောက်ဘက်တွင် ချော်ရည်ကန်ရှိနေကြောင်း အတည်ပြုပြီးသောအခါ ရီချန်နှင့် ယဉ်ရို့ပင်းတို့က မနားဘဲ သွားလိုက်ကြသည်။ ဤအပြစ်ဆေးကြောဒေသကို ရီမျိုးနွယ်က ပိုင်ဆိုင်ခြင်းဖြစ်သဖြင့် ရီမျိုးနွယ်တွင် ဝိညာဉ်ဆေးပင်များ မရှားပေ။ သို့သော် ထူးချွန်သော သခင်လေးများ၊ သခင်မလေးများနှင့် ယှဉ်ပြိုင်ကာ ဝိညာဉ်ဆေးပင်များကို ရယူနိုင်ခြင်းက မိမိ၏စွမ်းဆောင်နိုင်စွမ်းကို ပြသခြင်းပင်။
ရီချန်၏ စိတ်ဓာတ်က ကောင်းကင်ထက်ပင် မြင့်၏။ သူမသည် ကောင်းကင်အောက်မှ လူအားလုံးကို အထင်မကြီးပေ။ ထို့ကြောင့် သူမသည် အခြားသူများထက် အားမနည်းလိုချေ။
ဤမိုင်(၆၀၀)ခရီးအတွက် ပုံမှန်အမြန်နှုန်းနှင့်ဆိုလျှင် တစ်ရက်လောက် သွားရပေလိမ့်မည်။ သို့သော် ဤတစ်ခေါက်တွင်မူ သူတို့သည် ချော်ရည်ကန်အနီးသို့ နေ့တစ်ဝက်ဖြင့်ပင် ရောက်လာခဲ့လေသည်။ အပူချိန်က စတင် မြင့်မားလာ၏။ သူတို့အားလုံးသည် နတ်ဘုရားဒိုင်းများ ထုတ်ထားကြသော်လည်း တဖြည်းဖြည်း ချွေးများရွှဲလာသည်။
ကျန်းရီသည် မည်သည့်အပူချိန်ကိုမှ မခံစားရသော်လည်း ခရီးတစ်ဝက်သို့ ရောက်သောအခါ မိန်းမပျိုများက ချွေးများရွှဲလာကြောင်း သတိပြုမိလိုက်သဖြင့် အံ့အားသင့်သွားသည်။ သူ့ကိုယ်ပေါ်တွင် မီးကာရတနာတစ်ခု ရှိနေ၏။ ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် ကျန်းရီထံတွင် ထိုကဲ့သို့ ရတနာတစ်မျိုးရှိကြောင်း သိထားကြသည်။ အကယ်၍ သူသာ အပူချိန်အပေါ် တုံ့ပြန်မှုမပြလျှင် ထိုနှစ်ယောက်၏ သံသယဝင်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီ အံကြိတ်လိုက်ပြီး မီးဝိညာဉ်ပုလဲကို ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ သိမ်းလိုက်လေသည်။ မီးဝိညာဉ်ပုလဲသည် ပိုင်ရှင်ကို ဆက်၍ ကာကွယ်ပေးတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီ အလွန်ပူလာ၏။ သူ့နောက်ကျောပြင်တွင်လည်း ချွေးများရွှဲလာလေသည်။
ယဉ်ရို့ပင်း၊ ရီချန်နှင့် အခြားသူများ၏ ကောင်းကင်စိတ်အာရုံများက အရှေ့သို့သာ အာရုံစိုက်နေကြသဖြင့် ကျန်းရီကို သတိမထားမိ၍ တော်သေးပေသည်။ သူတို့ အရှေ့သို့ ဆက်သွားလေလေ၊ ပိုပူလာလေလေပင်။ သူတို့ထဲမှ အသန်မာဆုံးဖြစ်သော ရီချန်သည်ပင် သူမ၏ကောင်းကင်စိတ်အာရုံကို ဆယ်မိုင်ပတ်လည်သာ ဆန့်တန်းနိုင်သဖြင့် ချော်ရည်ကန်ကို မမြင်နိုင်သေးချေ။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ပိုအားနည်းသဖြင့် သူသည် အရှေ့ရှိ အနက်ရောင်မြေပြင်ကိုသာ မြင်ရပေသည်။
ဟူး...ဟူး...
အပူချိန်မြင့်တက်လာသောအခါ အားလုံး၏ အသက်ရှူသံများကလည်း ပို၍ကျယ်လောင်လာသည်။ သူတို့၏တစ်ကိုယ်လုံးသည်လည်း ချွေးများရွှဲနစ်နေသည်။ ရီချန်၏ အဝတ်အစားများသည် ချွေးများရွှဲနေ၍ ခန္ဓာကိုယ်တွင် ကပ်နေသည်ဖြစ်ရာ သူမ၏လှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို မြင်နေရပေသည်။
ယဉ်ရို့ပင်းသည်လည်း မြင့်မားသော အပူချိန်ကြောင့် သူမ၏မွှေးရနံ့ကို ကောင်းစွာ မဖုံးကွယ်နိုင်ဖြစ်နေသည်။ ထို့ကြောင့် အနောက်ရှိ ကျန်းရီသည် မွှေးရနံ့များကို ရှူရှိုက်ရင်း ရှိန်တိန်းတိန်းဖိန်းတိန်းတိန်း ဖြစ်နေလေသည်။
ဂလု...ဂလု...
ကျန်းရီသည် ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ ခန္ဓာကိုယ်ကောက်ကြောင်းကို မြင်နေရပြီး မွှေးရနံ့ကိုလည်း ရရှိနေသဖြင့် တံတွေးနှစ်ချက် မျိုချလိုက်ရလေသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် တံတွေးမျိုချသံများကို ကြားလိုက်၍ နောက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်၏။ သူမတို့၏မျက်ဝန်းများထဲတွင် ရှက်ရွံ့သော အရိပ်အယောင်များ ထွက်ပေါ်လာပေသည်။ မြင့်မားသော အပူချိန်ကြောင့် နီမြန်းနေသည့် ယဉ်ရို့ပင်း၏မျက်နှာလေးက ယခုတွင် ပို၍ပင် နီမြန်းသွားလေသည်။ ထိုမျက်နှာလေးကို ကြည့်မိသည့် ယောက်ျားတိုင်း ရူးသွပ်သွားနိုင်ပေသည်။
“ရှင်က ဘာကြည့်နေတာလဲ”
အစ်မရှင်းသည် ကျန်းရီက ယဉ်ရို့ပင်း၏ လှပသောမျက်နှာလေးကို မှင်တက်စွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်သဖြင့် မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်လေသည်။
“ရှင်က မိန်းမတွေကို မကြိုက်ဘူးမလား။ ဘာလို့ ကျွန်မတို့ရဲ့ သခင်မလေးကို အဲ့လိုစိုက်ကြည့်နေရတာလဲ”
“အာ...”
ကျန်းရီပေါ်သို့ အကြည့်များစွာ ကျရောက်လာ၏။ ကျန်းရီသည် လျင်မြန်စွာ အကြည့်လွှဲလိုက်ပြီး သူ၏ဆံပင်ကို ဟိတ်ဟန်အပြည့်ဖြင့် ခါကာ ပြောလိုက်လေသည်။
“တကယ်တော့... ကျွန်တော်က နှစ်ဖက်ချွန်ပါ”
“ထွီ...”
***