← Chapters

ကြားဖြတ်ခိုးယူခြင်း

Vol. 66 Ch. 912

ကြားဖြတ်ခိုးယူခြင်း

Vol. 66 Ch. 912

ထပ်မံပေါ်လာသော ဝိညာဉ်ဆေးပင်အားလုံးကို ရှီးဖေးပဲ ယူသွားနိုင်လောက်သည်။

ရှီးဖေးသည် လူများစွာ ခေါ်လာခဲ့၏။ ထို့ပြင် သူသည် အပူကာဆေးလုံးများစွာကိုလည်း ပြင်ဆင်လာခဲ့ပုံပင်။ နောက်ပိုင်း ထွက်ပေါ်လာမည့် ဝိညာဉ်ဆေးပင်များအတွက် သူသည် လူနှစ်ဆယ်ကို ဦးဆောင်၍ ရီချန်၊ ယဉ်ရို့ပင်းနှင့် သူမတို့အုပ်စုကို ဝန်းရံလိုက်ခဲ့၏။ သူသည် မည်သူ့ကိုမှ သတ်ရန်ဆန္ဒမရှိဘဲ သူမတို့ ဝိညာဉ်ဆေးပင်များအနားသို့ မကပ်နိုင်အောင်သာ လုပ်ခဲ့သည်။ ယခုတွင် သူသည် ဝိညာဉ်ဆေးပင် လေးပင်ကို အလွယ်တကူ  ရယူပြီးပေပြီ။

“ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး”

ကျန်းရီ စိတ်လောလာ၏။ ထိုဆေးပင်လေးပင်ထဲတွင် မီးမြွေသစ်ခွ မပါသော်လည်း အခြေအနေအရ ယဉ်ရို့ပင်းနှင့် အခြားသူများအတွက် ဝိညာဉ်ဆေးပင်များ ထပ်ရရန် ခက်ခဲပေလိမ့်မည်။ သူမတို့ သတ်ဖြတ်မှုများ လုပ်ရန် ပြင်ဆင်ထားမှသာ ထပ်ရနိုင်ပေလိမ့်မည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်များက တစ်ဘက်တည်းဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်များသည် မလိုအပ်လျှင် အချင်းချင်း သတ်ဖြတ်ခွင့် မရှိပေ။ မဟုတ်လျှင် သူတို့သည် မျိုးနွယ်စည်းမျဉ်းများအရ အပြစ်ပေးခံရမည်ဖြစ်သည်။

အကယ်၍ ရီချန်နှင့် ယဉ်ရို့ပင်းတို့သာ အမှန်တကယ် သတ်ဖြတ်လိုလျှင် ရီချန်က ရှီးဖေး၏လူ အများစုကို ‌သေချာပေါက် သတ်ဖြတ်နိုင်ပေသည်။ ယဉ်ရို့ပင်းသည်လည်း နတ်ဘုရားပစ်လေး၏ အစွမ်းကို အကုန်မထုတ်သုံးသေးချေ။ ရှီးဖေးက သူမတို့၏ တိုက်ခိုက်မှုများကို ခံနိုင်လောက်သော်လည်း သူ့လူများကတော့ ခံနိုင်မည် မဟုတ်ပေ။

အကယ်၍ ရှီးဖေးက သတ်ဖြတ်လိုက်လျှင်လည်း ထိုမိန်းမပျိုနှစ်ယောက် ဒုက္ခများသွားပေလိမ့်မည်။ သူသည် သူနှင့်အတူ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ခုနစ်ပါးနှင့် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များစွာကို ခေါ်လာခဲ့သည် မဟုတ်ပါလား။ အကယ်၍ သူတို့သာ အစွမ်းကုန်သုံး၍ တိုက်ခိုက်လျှင် တစ်ချီတိုက်ခိုက်ရုံဖြင့် ရီချန်နှင့် ယဉ်ရို့ပင်းတို့ အမေကိုတသွားရမည်ဖြစ်သည်။

“ခိုးယူရမလား”

ကျန်းရီသည် ဤဒေသထဲတွင် ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးနိုင်၍ ချီတုံချတုံဖြစ်နေ၏။ အကယ်၍ သူမည်သူဖြစ်ကြောင်းသာ ပေါ်သွားလျှင် ရှီးဖေးက သေချာပေါက် သူ့ကို လိုက်သတ်မည်ဖြစ်သည်။ ရှီးဖေးတွင် အနည်းဆုံး ဝိညာဉ်ချိတ်ဆက် မူလရတနာ နှစ်ခု ရှိ၏။ ထို့ပြင် ကျန်းရီသည် သေချာပေါက် ရှီးဖေးကို မသတ်နိုင်။

“ဟားဟားဟား... ရီချန် မင်းက အဲ့ဒါက ရတော့မလိုပဲ။ မင်းက ဒီကောင်းကင်မီးကြာမြစ်ကို သဘောကျတာလား။ ငါ့ကို ကိုကိုရှီးဖေးလို့ ခေါ်ရင် ဒါကို မင်းကို ပေးမယ်။ ဘယ်လိုလဲ...”

“အို့... ဒေါသထွက်သွားတာလား။ ညီမလေးရီချန် ‌ဒေါသမထွက်ပါနဲ့။ ငါ ဒီဝိညာဉ်ဆေးပင်တွေ အကုန်လုံးကို ယူရတာ သုံးစရာရှိလို့ပါ။ မင်းရဲ့ အဘိုး ဗုဒ္ဓဧကရာဇ်က အသက်တစ်ရာပြည့်တော့မှာ မလား။ ငါက ဒီဝိညာဉ်ဆေးပင်တွေ အကုန်လုံးကို မင်းအဘိုးကို မွေးနေ့လက်ဆောင် ပေးမလို့ပါ... ပြီးတော့ သူ့ရဲ့ အချစ်ဆုံးမြေးမလေးကို ငါနဲ့ လက်ထပ်ပေးဖို့ ပြောမလို့ပေါ့...”

“အလို... ရီချန်လေး ဒေါသဖြစ်နေပြီဟေ့... မြန်မြန်ပြန်ဆုတ်ကြ၊ မြန်မြန်ပြန်ဆုတ်ကြ။ ဟားဟားဟား...”

ရှီးဖေး၏ ဟက်ဟက်ပက်ပက် ရယ်လိုက်သံက ထပ်မံ ပဲ့တင်ထပ်သွားသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ထောက်လှမ်းကြည့်လိုက်ရာ ရှီးဖေးက နောက်ထပ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ယူသွားကြောင်း သိလိုက်ရ၏။ ရီချန်၏ ခန္ဓာကိုယ်တွင် မိုးကြိုးတန်းများ တောက်ပလာ၏။ သူမသည် ရှီးဖေး၏ လူများကို သည်းကြီးမည်းကြီး လိုက်လံတိုက်ခိုက်နေလေသည်။ ယဉ်ရို့ပင်းကမူ ခါးသက်သက်ပြုံးကာ ဘေးမှ ကြည့်နေသည်။

“စွန့်စားလိုက်စမ်း...”

ကျန်းရီသည် အခြေအနေကို ဤသို့ဆက်ဖြစ်နေခွင့် မပြုနိုင်တော့ပေ။ သူ အံကြိတ်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ဝေးနိုင်သမျှဝေးဝေး ထောက်လှမ်းလိုက်သည်။ ထို့နောက် သူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ရေကန်ဘေးသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဖြည်းဖြည်းချင်း ကပ်သွားလိုက်လေသည်။

ရီချန်က မည်သူ့ကိုမှ မသတ်ဝံ့ပေ။ ထို့ကြောင့် နောက်ထွက်ပေါ်လာသည့် ဝိညာဉ်ဆေးပင်အားလုံးက ရှီးဖေး၏ လက်ထဲသာ ရောက်သွားမည်ဟူသော အဓိပ္ပာယ်ပင်။ အကယ်၍ ကျန်းရီသာ မလှုပ်ရှားလျှင် ချမ်ချမ် သေရပေလိမ့်မည်။ ပုံမှန်ဆိုလျှင် အပြစ်ဆေးကြောဒေသက ပိတ်ထားတတ်၏။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်၏ အသက်တစ်ရာပြည့်မွေးနေ့နှင့် ကြုံရခြင်းက သူ၏ကံကောင်းမှုဟု ဆိုနိုင်ပေသည်။ မဟုတ်လျှင် သူသည် အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်နိုင်ရန် အခွင့်အရေးရမည် မဟုတ်ပေ။ သူသည် ဆန်းကြယ်နတ်ဘုရားတောင်သို့ မသွားရသေးပေ။ ထို့ကြောင့် သူ အချိန်ဆက်ဖြုန်းနေ၍ မရချေ။

အရေးအကြီးဆုံးအရာမှာ ကျန်းရီသည် ယခုအထိ ဝူနီနှင့် ကျီထင်ယွီတို့နှင့် မဆုံရသေးခြင်းပင်။ ဤတစ်ခေါက်တွင် သူ ဝူနီတို့နှင့် မဆုံနိုင်တော့သည်လည်း ဖြစ်နိုင်၏။ အပြစ်ဆေးကြောဒေသအပြင်သို့ ရောက်လျှင်လည်း သူ ဝူနီတို့ကို လိုက်ဖမ်းနိုင်ပေသေးသည်။ သို့သော် မီးမြွေသစ်ခွကိုတော့ အပြစ်ဆေးကြောဒေသအတွင်း၌သာ ရရှိနိုင်ပေသည်။

ကျန်းရီသည် ကန်ဘေးရှိ ကမူလေးတစ်ခုဘေးတွင် ဝပ်နေ၏။ ရီချန်က ဒေါသတကြီးဖြင် ပြန်ဆုတ်သွားပြီဖြစ်သည်။ ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံနှင့် ချီကို ထုတ်လွှတ်မထားဝံ့တော့ပေ။ သူသည် သားကောင်ချောင်းနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ မြေပြင်တွင် မလှုပ်မယှက် ဝပ်နေလေ၏။

ဗွက်...ဗွက်...

(၁၅)မိနစ်ကြာပြီးနောက် တည်ငြိမ်နေသော ကန်ရေပြင်က ထပ်မံ ပွက်လာ၏။ မျှော်လင့်ထားသကဲ့သို့ပင် ရီချန်နှင့် အခြားသူများ နောက်ဆုတ်သွားကြသည်။ ထိုအခိုက်တွင် ကျန်းရီက မျက်လုံးများ ဖွင့်လိုက်ပြီး ချော်ရည်ကန်အတွင်းသို့ လှစ်ခနဲ လျှောဆင်းသွားလိုက်လေသည်။

“ဝိုး...”

ကျန်းရီသည် ချော်ရည်အတွင်းသို့ ချက်ချင်း နစ်ဝင်သွား၏။ သူ အလွန်စိတ်လှုပ်ရှားနေသည်။ မီးဝိညာဉ်ပုလဲက အမှန်ပင် မီးကိုကာပေးနိုင်သော ရတနာဖြစ်၍ ဤကြောက်မက်ဖွယ် ချော်ရည်များပင် သူ၏ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ချေ။ ထိုအစား သူ၏ မီးဝိညာဉ်ပုလဲက ချော်ရည်အတွင်းရှိ မီးတောက်များကို အဆက်မပြတ် စုပ်ယူနေပေသည်။

“ဆက်ငုပ်...”

ကျန်းရီသည် ကန်‌အောက်ခြေတွင် မည်သည့်အရာရှိကြောင်း မသိပေ။ အန္တရာယ်များသော အရာတစ်ခု ရှိနေနိုင်ပေသည်။ ကျန်းရီသည် ကန်မျက်နှာပြင်အနီးတွင် ဆက်မနေဝံ့ပေ။ ချော်ရည်များအတွင်းရှိ မီးတောက်များက စုပ်ယူခံနေရသဖြင့် ချော်ရည်များ မာခဲသွားနိုင်ပေသည်။ သို့ဆိုလျှင် အခြားသူများက သူ့ကို တွေ့သွားပေလိမ့်မည်။

ထို့ပြင် ကျန်းရီသည် ဝိညာဉ်ဆေးပင်များကို ခိုးယူရန် ပြင်ဆင်ထားသဖြင့် ကန်အောက်ခြေအထိ ငုပ်သွားရမည်ဖြစ်သည်။ သူသည် ထွက်ပေါ်လာသည့် ဝိညာဉ်ဆေးပင်ကို ကန်မျက်နှာပြင်အထက်ထိ အရောက်မခံတော့ဘဲ ကြားမှဖြတ်၍ ခိုးယူထားလိုက်မည်ဖြစ်သည်။ သို့ဆိုလျှင် ရှီးဖေးတို့အတွက် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

ဝှစ်...

ကျန်းရီသည် ငမန်းတစ်ကောင်ကဲ့သို့ ကန်အောက်ခြေဆီ ကူးသွားနေ၏။ သူသည် မျက်လုံးများပိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် အန္တရာယ်ထွက်ပေါ်လာသည်နှင့် ချက်ချင်း သိနိုင်မည်ဖြစ်သည်။

ဗွက်...ဗွက်...

ကန်အလယ်တွင် ချော်ရည်များ ပွက်နေဆဲပင်။ ကျန်းရီသည် ချော်ရည်များထဲမှနေ၍ ဝိညာဉ်ဆေးပင်တစ်ပင် ထွက်ပေါ်လာသည်ကို တွေ့လိုက်၏။ သို့သော် ထိုဆေးပင်က မီးမြွေသစ်ခွ မဟုတ်ကြောင်း အတည်ပြုပြီးသောအခါ သူ အရေးမစိုက်တော့ဘဲ ကန်အလယ်သို့ ဆက်ကူးသွားလိုက်လေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကန်အထက်မှနေ၍ တိုက်ပွဲအသံများ လျင်မြန်စွာ ပဲ့တင်ထပ်လာ၏။ ရှီးဖေးတို့သည် ရီချန်တို့နှင့် ထပ်မံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။ ကျန်းရီ ကန်အလယ်သို့ ရောက်သောအခါ အထက်ရှိ တိုက်ပွဲကလည်း ပြီးဆုံးသွား၏။ ရှီးဖေး၏ ဟက်ဟက်ပက်ပက် ရယ်လိုက်သံကို ခပ်ရေးရေး ကြားလိုက်ရ၏။ သူ ဝိညာဉ်ဆေးပင်ကို ထပ်ရသွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် ကန်အလယ်နှင့် မီတာသုံးရာအကွာတွင် ရပ်လိုက်ပြီး ရှေ့သို့ ဆက်မသွားဝံ့တော့ချေ။ သူသည် ကန်အောက်ခြေထိရောက်အောင်လည်း မသွားဝံ့ပေ။ ကန်အောက်ခြေက မှောင်မည်းနေသဖြင့် အလွန်ကြောက်မက်ဖွယ် ကောင်းနေပေသည်။ သူ ဆက်ငုပ်သွားလိုက်၍ မီးမိစ္ဆာတစ်ကောင် ထွက်လာလျှင် မည်သို့လုပ်မည်နည်း။

ချော်ရည်ကန်၏ အနက်မီတာသုံးရာတွင် လူတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေ၏။ ပတ်ဝန်းကျင်မှ ချော်ရည်များက ခဲနေပေပြီ။ အကယ်၍ ရီချန်၊ ရှီးဖေးနှင့် အခြားသူများသာ ထိုမြင်ကွင်းကို မြင်လိုက်ပါက သူတို့၏မျက်လုံးများ မျက်လုံးအိမ်အတွင်းမှ ထွက်ကျသွားကြပေလိမ့်မည်။

အချိန်တစ်ခုကြာပြီးနောက် ကန်အောက်ခြေရှိ ချော်ရည်များက ထပ်မံ ထိုးတက်လာ၏။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ဂရုတစိုက် အာရုံခံလိုက်၏။ အထက်မှ လူများကို သူ လျစ်လျူရှုထားပေသည်။ ကန်အောက်ခြေရှိ ချော်ရည်များက အထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွား၏။ ကျန်းရီ၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ အဖြူရောင်ဝိညာဉ်‌ဆေးပင် တစ်ပင် တက်လာသည်ကို သူ မြင်လိုက်၏။

ဝှစ်...

ထိုကဲ့သို့ ပစ္စည်းကောင်းတစ်ခုကို မယူလျှင် ကျန်းရီ အရူးဖြစ်သွားပေလိမ့်မည်။ သူသည် အရှေ့သို့ ထက်ရှသောဓားတစ်ချောင်ကဲ့သို့ ကူးခတ်သွားလိုက်ပြီး ပြင်းထန်သော ချော်ရည်စီးကြောင်းထံသို့ ဦးတည်သွားလိုက်လေသည်။ သူသည် ရေတံခွန်တစ်ခုအတွင်း ရောက်သွားသကဲ့သို့ သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်သွားပြီး အပေါ်သို့ ပါသွားသည်။

ကျန်းရီသည် စိတ်လှုပ်ရှားမသွားဘဲ အဖြူရောင်ဝိညာဉ်ဆေးပင်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်၏။ သူ့ခန္ဓာကိုယ်ကမူ ချော်ရည်ကန်မျက်နှာပြင်အထက်သို့ သွားနေပေသည်။ ထို့ကြောင့် သူ အတွင်းအား အနည်းငယ် ထုတ်၍ စီးကြောင်းအပြင်သို့ ထွက်ကာ ကန်အတွင်းသို့ လျင်မြန်စွာ ပြန်ကူးသွားလိုက်လေသည်။

ဝုန်း...

ချော်ရည်များ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ချော်ရည်မိုး ပြန်ရွာကျလာ၏။ ရှီးဖေးနှင့် အခြားသူများသည် ချော်ရည်မိုး ပြီးဆုံးသွားသည်အထိ စောင့်ပြီးနောက် သူတို့၏ အမြန်ဆုံးအရှိန်များဖြင့် ပျံသန်းသွားကြသည်။

သို့သော်...

ချော်ရည်များနှင့်အတူ မည်သည့် ဝိညာဉ်ဆေးပင်မှ ပါမလာသဖြင့် ရှီးဖေးတို့ အံ့အားသင့်သွားကြ၏။ ရီချန်တို့သည်လည်း အမြန်ဆုံးအရှိန်ဖြင့် ရောက်လာကြသည်။ သို့သော် သူမတို့သည် ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံပြီးနောက် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်ဖြင့် ကြည့်လိုက်ကြ၏။ မျိုးနွယ်အသီးသီး၏ မှတ်တမ်းများထဲတွင် အပြစ်ဆေးကြောဒေသဖွင့်တိုင်း ချော်ရည်ကန်က ဝိညာဉ်ဆေးပင် နှစ်ဆယ် ထုတ်ပေးသည်ဟု မှတ်တမ်းတင်ထားပေသည်။ ရီမျိုးနွယ်ကလည်း ထိုသို့ပင် မှတ်တမ်းတင်ထားပြီး သမိုင်းတစ်လျှောက်တွင် ဝိညာဉ်ဆေးပင်များစွာ ရရှိခဲ့သည်။ အဘယ်ကြောင့် ဤတစ်ခေါက် ချော်ရည်များထဲတွင် ဝိညာဉ်ဆေးပင် ပါမလာသနည်း။

ကောင်းကင်စိတ်အာရုံ ဒါဇင်ကျော်က (၁၅)မိနစ်မျှ ထပ်မံ အာရုံခံလိုက်၏။ ထို့နောက်တွင် ချော်ရည်များ ထပ်မံ ပန်းထွက်လာသည်။ ထို့ကြောင့် အားလုံးသည် ရွေးချယ်စရာမရှိတော့ဘဲ မိုင်အနည်းငယ် ပြန်ဆုတ်လိုက်ရ၏။ သို့သော် ချော်ရည်မိုး ပြီးဆုံးသွား၍ သူတို့ ပြန်ရောက်လာသောအခါ မည်သည့် ဝိညာဉ်ဆေးပင်ကိုမှ မတွေ့ရပေ။

“ဒါက အဓိပ္ပာယ်မရှိဘူး”

ရီချန်တစ်ယောက် နားမလည်နိုင်ဖြစ်နေ၏။ အကယ်၍ ချော်ရည်များလည်း ပန်းမထွက်လာလျှင် သာမန်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ချော်ရည်များ ပန်းထွက်လာသော်လည်း မည်သည့်ဝိညာဉ်ဆေးပင်မှ ပါမလာခြင်းက ထူးဆန်းနေပေသည်။

သုံးကြိမ်၊ ငါးကြိမ်... ရှစ်ကြိမ်...

ချော်ရည်များ ရှစ်ကြိမ် ပန်းထွက်ပြီးနောက်တွင်ပင် ဝိညာဉ်ဆေးပင် တစ်ပင်မှ ထပ်ပါမလာသေး၍ ရှီးဖေးတစ်ယောက် အတော်လေး မချင့်မရဲ ဖြစ်လာလေသည်။ သူတို့ ဤနေရာတွင် ကြာကြာနေလေလေ၊ အပူကာဆေးလုံးများ ပိုကုန်လာလေလေဖြစ်သည်။ ထိုဆေးလုံးများက ထိပ်တန်းအပူကာဆေးလုံးများဖြစ်ပြီး တစ်လုံးလျှင် ကောင်းကင်ကျောက်တုံး သန်းထောင်ချီ တန်ပေသည်။ သို့သော် ဆေးအာနိသင်က (၄၅)မိနစ်သာ ခံမည်ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်ဝိညာည်ဆေးပင်မှ မရဘဲဖြင့် ဆေးလုံးများကို အလကားသက်သက် ဖြုန်းမပစ်နိုင်ပေ။

“သွားကြစို့... ဘာဆေးပင်မှ မကျန်တော့ဘူး”

ရှီးဖေးသည် ဝိညာဉ်ဆေးပင် အနည်းငယ် ရထားပြီးဖြစ်၍ ဆက်စောင့်နေရန် စိတ်မပါတော့ဘဲ လက်ဝှေ့ယမ်း၍ အမိန့်ပေးကာ ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။ သို့သော် သူ့ဘေးရှိ လူငယ်တစ်ယောက်က ခေါင်းခါ၍ ပြောလိုက်သည်။

“သခင်လေးဖေး... နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်ရအောင်ပါ။ တစ်ခုခု မှားနေပြီလို့တော့ ကျွန်တော်ထင်တယ်။ အစောတုန်းက ချော်ရည်ထဲမှာ အသက်အရှိန်အဝါတစ်ခု ရှိနေတာကို ကျွန်တော် အာရုံခံမိလိုက်တယ်”

“အသက်အရှိန်အဝါလား”

ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ အကြားအာရုံက အတော်လေးကောင်း၏။ သူမတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ သူမတို့၏ မျက်လုံးများကလည်း အေးစက်သွားသည်။ သူမတို့သည် အပူကာဆေးလုံးများစွာကို သုံးခဲ့ရသော်လည်း မြေကြယ်ကြာပွင့်ကိုသာ ရသေးပေသည်။ သူမတို့သည် ဤကဲ့သို့ ထွက်မသွားနိုင်ပေ။

ယခုတွင် ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် သူမတို့နှင့် ရှီးဖေးတို့၏ မျက်စိရှေ့တွင်ပင် အမှန်တကယ် ခိုးယူသွားနိုင်သူမှာ မည်သူဖြစ်ကြောင်း သိလိုနေပေသည်။

***

All Chapters