← Chapters

မိစ္ဆာအရှင်အတု

Vol. 66 Ch. 913

မိစ္ဆာအရှင်အတု

Vol. 66 Ch. 913

“ငါ ဝိညာဉ်ဆေးပင် လေးပင် ရလိုက်ပြီဆိုပေမယ့် မီးမြွေသစ်ခွကိုတော့ မရသေးဘူး”

ကျန်းရီသည် ချော်ရည်ထဲတွင် တိတ်တဆိတ်ရပ်ကာ နောက်ထပ် ပေါက်ကွဲမှုကို စောင့်နေလေသည်။ ခေတ္တကြာပြီးနောက် သူ၏စိတ်ဝိညာဉ်က အတန်ငယ် တုန်ယင်သွားပြီး စွမ်းအားကြီးသိုင်းသမားများ၏ အရှိန်အဝါကို ခပ်ရေးရေး ခံစားလိုက်ရသည်။ သူ နားမလည်ဟန်ဖြင့် ရေရွတ်လိုက်၏။

“ဒီတစ်ခေါက် ဘာလို့ ရှီးဖေးတို့က ထွက်မသွားသေးတာလဲ။ ချော်ရည်က ပေါက်ကွဲတော့မှာ။ ဘာလို့ သူတို့က အခုမှလာပြီး ချော်ရည်ကို မကြောက်တော့တာလဲ...”

“သူတို့က သံသယဖြစ်သွားလို့လား”

ကျန်းရီသည် ချော်ရည်အနက် မီတာ(၃၀၀)တွင် ရှိနေပြီး ကောင်းကင်းနားလည်သိမြင်ခြင်းကို မထုတ်လွှတ်နိုင်ပေ။ သူသည် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် သိုင်းသမားများ၏ စွမ်းအားကြီး အရှိန်အဝါကိုသာ ခပ်ရေးရေး အာရုံခံမိနေခြင်းပင်။ ထို့ကြောင့် အထက်တွင် ရှိနေသူများက မည်သူများဖြစ်ကြောင်း သူ အတိအကျ မသိနိုင်ပေ။

“ငါ ဘာလုပ်သင့်လဲ”

အကယ်၍ ကျန်းရီသာ ဝိညာဉ်ဆေးပင်ကို ထပ်ယူလိုက်လျှင် ချော်ရည်စီးကြောင်းနှင့် ပါသွားမည်ဖြစ်၍ အထက်မှလူများက သူ့ကို တွေ့သွားနိုင်ခြေရှိပေသည်။ သို့ဆိုလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ အခြားသူများက မသိလျှင်ပင် ရီချန်နှင့် ယဉ်ရို့ပင်းတို့က သိနိုင်ပေသည်။

ဗွက်...ဗွက်...

ချော်ရည်များ ထပ်မံ ထိုးတက်သွား၏။ ကျန်းရီ၏မျက်ဝန်းများ အရောင်လက်သွားသည်။ သူ အကြံတစ်ခု ရလိုက်ပေပြီ။ သူသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို လျင်မြန်စွာ ထုတ်သုံး၍ သူ၏ပုံစံကို ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အကြေးခွံများ ထွက်ပေါ်လာပြီး သူ့ခေါင်းပေါ်တွင် ဦးချိုများ ထွက်လာသည်။ သူ၏မျက်လုံးများက တြိဂံပုံ‌ပြောင်းသွား၏။ သူက မိစ္ဆာသားရဲတစ်ကောင် ဖြစ်သွားပေပြီ။ သူ၏အရှိန်အဝါကလည်း မိစ္ဆာအရှိန်အဝါအဖြစ် ပြောင်းလဲသွားသည်။ သူ၏မိစ္ဆာအရှိန်အဝါက သာမန်မိစ္ဆာအရှင်တစ်ပါး၏ အရှိန်အဝါနှင့် ယှဉ်နိုင်ပေသည်။

“နောက်ထပ် ဝိညာဉ်ဆေးပင်...”

ကျန်းရီက မိစ္ဆာအရှင်အဖြစ် ပုံစံပြောင်းပြီးနောက် ချော်ရည်များကလည်း စတင်ပန်းထွက်လာသည်။ သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ချော်ရည်စီးကြောင်းဆီသို့ ကူးခတ်သွားလိုက်ပြီး ဝိညာဉ်ဆေးပင်ကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် စီးကြောင်းနှင့်အတူ အထက်သို့ ပါသွားလေသည်။

မှန်၏။

ကျန်းရီသည် ကန်အထက်သို့ ရောက်သည်နှင့် လှည့်ပတ်ကြည့်လိုက်ရာ ရှီးဖေးတို့အုပ်စုကို တွေ့လိုက်ရလေသည်။ သို့သော် ရှီးဖေးသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ခုနစ်ပါးနှင့်သာ ကျန်ခဲ့ခြင်းပင်။ သူတို့အားလုံးသည် ဧရာမဦးခေါင်းခွံကြီးများကို ဝတ်ဆင်ထားကြပေသည်။ အခြားသာမန်ကောင်းကင်ဧကရာဇ်များက သူတို့အနားသို့ မကပ်ဝံ့ကြပေ။

အခြားတစ်ဘက်တွင်မူ ယဉ်ရို့ပင်း၊ ရီချန်နှင့် အစ်မရှင်းတို့ ရှိနေသည်။ ရီချန်၏ ဘုံပြာသာဒ်နီမှာလည်း ထိုနေရာတွင် ရှိနေပေသည်။ ရီချန်တို့သည် ချော်ရည်အပူကို တောင့်ခံနိုင်ရန် ထိုဘုံပြာသာဒ်ထဲတွင် ပုန်းအောင်းကြခြင်းဖြစ်ကြောင်း ထင်ရှား၏။

“ဒါက...”

အားလုံးသည် လူသားပုံစံ မိစ္ဆာသားရဲကြောင့် တုန်လှုပ်သွားကြ၏။ ထိုမိစ္ဆာသားရဲ၏ အရှိန်အဝါက အလွန်အားကောင်းပေသည်။ အနည်းဆုံး မိစ္ဆာအရှင်အဆင့်တွင် ရှိပေလိမ့်မည်။ အောင်းလု၏ ပြောပြချက်အရ အားအနည်းဆုံး မိစ္ဆာအရှင်သည်ပင် ကြယ်ငါးပွင့် လူသားသိုင်းပညာရှင်နှင့် ယှဉ်နိုင်ကြောင်း သိရသည်။ ပိုသန်မာသော မိစ္ဆာအရှင်များဆိုလျှင် နတ်ဘုရားတစ်ပိုင်းများနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူတို့အုပ်စုသည် မိစ္ဆာအရှင်တစ်ပါးနှင့် မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။

“သခင်လေးဖေး... ပြေးတော့...”

“သခင်မလေးတို့ ပြန်ဆုတ်ကြပါ”

“သခင်မလေးရီ ပြန်ဆုတ်ပါ”

ရှီးဖေး၏လူများ၊ အစ်မရှင်းနှင့် အခြားသူများက ကြောက်ရွံ့တကြီး အော်လိုက်ကြပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချော်ရည်ကန်ဆီသို့ ပျံသန်းသွားကြလေသည်။ သူတို့သည် ရှီးဖေး၊ ယဉ်ရို့ပင်းနှင့် ရီချန်တို့ ထွက်ပြေးနိုင်ရန်အတွက် သူတို့၏ အသက်ကိုရင်းကာ မိစ္ဆာအရှင်ကိုတားရန် အသင့်ဖြစ်နေပေပြီ။

ရှီးဖေးသည် အမှန်ပင် ကြောက်ရွံ့သွား၏။ ယင်းက မိစ္ဆာအရှင် မဟုတ်ပါလား။ သူ့ခေါင်းအထက်ရှိ ဧရာမအရိုးခေါင်းကြီးက လှုပ်ရှားသွားပြီး သူ့အရှေ့တွင် မိစ္ဆာအရှင်ကို ကာလိုက်လေသည်။ ထို့နောက် သူသည် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားလိုက်၏။ အခြားသူများလည်း ထို့အတူပင် ပြုလုပ်လိုက်ကြသည်။

“ထွက်သွားကြ...”

ချော်ရည်ကန်ထဲရှိ မိစ္ဆာအရှင်က သူတို့ကို အေးစက်စက်ကြည့်၍ အော်ပြောလိုက်ပြီး ချော်ရည်အတွင်းသို့ ပြန်ဝင်သွားလေသည်။

မိစ္ဆာများနှင့် လူသားများမှာ ကမ္ဘာ့ရန်ဘက်များ ဖြစ်ကြသည်။ အထူးသဖြင့် ဧကရာဇ်ကိုးပါးမျိုးနွယ်မှ မျိုးဆက်များနှင့် မိစ္ဆာများကြားတွင် ရန်ငြိုးများ ရှိပေသည်။ သို့သော် မိစ္ဆာအရှင်တစ်ပါးက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များကို မည်သို့မှ မလုပ်ခဲ့သည်လော။ သူတို့သည် ယင်းကို မျှော်လင့်မထားသဖြင့် ခေတ္တမျှ မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။

“ထွက်ပြေးကြ...”

အားလုံးသည် ခေတ္တမျှ မှင်တက်သွားသော်လည်း အသိပြန်ကပ်လာသောအခါ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးကြလေသည်။ သူတို့သည် ချော်ရည်ကန်အနားတွင် ဆက်မနေဝံ့တော့ချေ။ ရီချန်သည်ပင် သူမ၏ ဘုံပြာသာဒ်နီကို ပြန်သိမ်း၍ အဝေးသို့ ထွက်ပြေးလိုက်၏။ ထိုမိစ္ဆာအရှင်၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်း၏။ ထို့ကြောင့် ချော်ရည်ကန်အနီးတွင် ဆက်နေလျှင် ရှင်သန်နိုင်မည် မဟုတ်ကြောင်း ရီချန် ကောင်းစွာသိပေသည်။

“သူတို့ ထွက်သွားပြီလား”

ခေတ္တကြာပြီးနောက် ကျန်းရီသည် ချော်ရည်အတွင်းမှ ခေါင်းပြူ၍ ချောင်းကြည့်လိုက်၏။ ထို့နောက် သူ‌ ကောင်းကင်စိတ်အာရုံကို ထုတ်၍ အာရုံခံကြည့်လိုက်ပြီး ကျေကျေနပ်နပ် ပြုံးလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ထပ်မံ စစ်ဆေးပြီးနောက် ချော်ရည်ကန်ထဲသို့ ပြန်ငုပ်သွားလိုက်ကာ ပေါက်ကွဲမှု ထပ်မံဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။

***

“တစ်ခုခုတော့ မှားနေပြီ...”

ရီချန်သည် ကီလိုမီတာဒါဇင်ကျော် ပြေးပြီးနောက် ရုတ်တရက် အော်ပြောလိုက်၏။ ယဉ်ရို့ပင်းနှင့် အခြားသူများက နားမလည်နိုင်ဟန်ဖြင့် ရပ်တန့်လိုက်ကြသည်။ အစ်မရှင်းက ရီချန်ကိုကြည့်ကာ မေးလိုက်သည်။

“သခင်မလေးရီ.. ဘာဖြစ်လို့လဲ။ ပိုဝေးဝေး ပြေးကြရအောင်ပါ... အဲ့မိစ္ဆာအရှင်က အရမ်းကြောက်စရာကောင်းတယ်”

ယဉ်ရို့ပင်းသည် ရီချန်၏ တောက်ပနေသော မျက်လုံးများကိုကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူမ ခေတ္တမျှ တွေးတောကာ ပြောလိုက်သည်။

“တကယ်ကို တစ်ခုခု မှားနေပြီ။ ဘာလို့ အပြစ်ဆေးကြောဒေသထဲမှာ မိစ္ဆာသားရဲတစ်ကောင် ရှိနေရတာလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းကျော်အတွင်း ဒီဒေသထဲမှာ မိစ္ဆာအရှင်မပြောနဲ့ မိစ္ဆာသားရဲတစ်ကောင်တောင် မရှိခဲ့ဘူး။ တကယ်လို့ ရှိနေတယ်ဆိုရင်တောင် ဒီအပြစ်ဆေးကြောဒေသကို အချိန်ပြည့် ပိတ်ထားခဲ့တာပဲ။ အဲ့မိစ္ဆာအရှင်က နှစ်ခုနစ်သိန်းလောက် အသက်ရှင်နိုင်ပါ့မလား”

“လုံးဝမဖြစ်နိုင်ဘူး...”

ရီချန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ဒီဒေသကို လုံးဝချိပ်ပိတ်ထားတာပဲ။ သမိုင်းမှတ်တမ်းတွေမှာ မိစ္ဆာသားရဲတွေရဲ့ အရှည်ဆုံးသက်တမ်းက နှစ်တစ်သောင်းလောက်ပဲရှိတယ်လို့ မှတ်တမ်းတင်ထားတယ်။ အသက်တစ်သောင်းထက် ပိုနေနိုင်တဲ့ မိစ္ဆာသားရဲက ဆန်းကြယ်လိပ်ပဲရှိတယ်။ အစောက မိစ္ဆာသားရဲက ဆန်းကြယ်လိပ် မဟုတ်တာတော့ သေချာတယ်။ ပြီးတော့ သူက မိစ္ဆာအရှင်တစ်ပါးလည်း မဖြစ်နိုင်ဘူး။ မဟုတ်ရင် ငါတို့ သေနေလောက်ပြီ”

အစ်မရှင်းနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက်က ကြည့်လိုက်ကြပြီး အမှန်ပင် တစ်စုံတစ်ခု မှားနေပြီဟု ခံစားလိုက်ကြရလေသည်။ သူစိမ်းများကို မသတ်သော မိစ္ဆာအရှင်က အသားမစားသော ဝံပုလွေထက်ပင် ပိုထူးဆန်းပေသည်။ အကယ်၍ ဤဒေသထဲတွင် မိစ္ဆာအရှင်တစ်ပါး ရှိနေပါက သူတို့သည် ထိုအကြောင်းကို ယခင်ကတည်းက ကြားပြီးလောက်ပေပြီ။ ရီမျိုးနွယ်မှ လူများက အပြစ်ဆေးကြောဒေသအတွင်းသို့ မကြာခဏဝင်ကြသည် မဟုတ်ပါလား။

ထို့ကြောင့် ထိုမိစ္ဆာအရှင်က အတုဖြစ်ဖို့ များပေသည်။

ရီချန်တို့သည် အထက်ပါအတိုင်း ကောက်ချက်ချလိုက်သော်လည်း ပြန်မသွားဝံ့သေးဘဲ တစ်ယောက်ကိုတစ်ယောက်က ကြည့်နေကြလေသည်။ အကယ်၍ ထိုမိစ္ဆာသားရဲက မိစ္ဆာအရှင်အစစ်တစ်ပါး ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။ သို့ဆိုလျှင် သူမတို့သည် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ်မည်။

ခေတ္တမျှကြာပြီးနောက် ရီချန်၏ မျက်လုံးများထဲတွင် ပြတ်သားသောအကြည့်တစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် သူမ ပြတ်သားစွာ ပြောလိုက်သည်။

“ညီမရို့ပင်း... မင်းတို့ တခြားနေရာတွေမှာ ရတနာသွားရှာလိုက်ပါ။ ငါ ချော်ရည်ကန်ကို ပြန်သွားမယ်”

“သခင်မလေးရီ...”

အစ်မရှင်းက စိတ်လှုပ်ရှားသွားပြီး ရီချန်ကို လေးစားဟန်ဖြင့် ကြည့်လိုက်လေသည်။ သူတို့သည် ရီချန်၏ ပြတ်သားမှုနှင့် သတ္တိတို့ကို အထင်ကြီးသွားပေသည်။ လူတိုင်း ထိုကဲ့သို့ သတ္တိကောင်းသည် မဟုတ်ပေ။ ရီချန်သည် ဝိညာဉ်ဆေးပင် ရှားပါးနေသူတစ်ယောက်လည်း မဟုတ်ချေ။ ဤအပြစ်ဆေးကြောဒေသတစ်ခုလုံးကို ရီမျိုးနွယ်က ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် သူမသည် စွန့်စားရန် မလိုပေ။

“ညီမလည်း အစ်မနဲ့အတူ သွားမယ်”

ယဉ်ရို့ပင်းက အံကြိတ်ကာ ပြောလိုက်သည်။ အစ်မရှင်းတို့လူစုသည် ကြောက်ရွံ့တုန်လှုပ်သွား၏။ ယဉ်ရို့ပင်းက သူမတို့ကို ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ တိုက်ပွဲမှာ သေပွဲဝင်တဲ့ သူရဲကောင်းတွေပဲရှိတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်လို့ဆိုပြီး ထွက်ပြေးတဲ့သူတွေ မရှိဘူး”

“သွားကြစို့...”

ရီချန်က ယဉ်ရို့ပင်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်ပြန်လှည့်၍ ချော်ရည်ကန်ဆီသို့ ပြန်သွားလိုက်လေသည်။ ယဉ်ရို့ပင်းကလည်း သူမနောက်သို့ လျင်မြန်စွာ လိုက်သွားလိုက်သည်။ အစ်မရှင်းနှင့် ကျန်သူများသည်လည်း ‌ရွေးချယ်စရာ မရှိတော့သဖြင့် ယဉ်ရို့ပင်းအနောက်သို့ လိုက်သွားရလေတော့သည်။ သူမတို့သည် ယဉ်ရို့ပင်း၏အကြောင်းကို ကောင်းစွာသိ၏။ သူမသည် အပေါ်ယံတွင် အားလုံးအပေါ် ကြင်နာတတ်သော သူတစ်ယောက်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင်မူ အလွန်အေးစက်ကာ ခေါင်းမာသူတစ်ယောက် ဖြစ်ပေသည်။ သူမ၏အမြင်ကို ပြောင်းနိုင်သူ မည်သူမှ မရှိပေ။

ထုံးစံအတိုင်း ရီချန်နှင့် အစ်မရှင်းတို့က အရှေ့မှ ဦးဆောင်၏။ ကျန်သူများက ‌နောက်မှလိုက်ကာ ချော်ရည်ကန်သို့ ထပ်မံသွားလိုက်ကြလေသည်။

***

“မဟုတ်‌သေးပါဘူး...”

တစ်ချိန်တည်းလိုလိုမှာပင် ရှီးဖေးကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားလေသည်။ ထို့ကြောင့် သူ လက်ဝှေ့ယမ်းလိုက်ပြီး သူ့လူများကို ရပ်တန့်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ အော်ပြောလိုက်သည်။

“နောက်ပြန်လှည့်ကြ... ချော်ရည်ကန်ကို ပြန်သွားမယ်။ ငါတို့ အရူးလုပ်ခံလိုက်ရပြီ။ အဲ့ဒါက မိစ္ဆာအရှင်အတုပဲ”

“ဒါက...”

ရှီးမျိုးနွယ်မှလူများ တုန်လှုပ်သွား၏။ လူတစ်ယောက်က ရှီးဖေးကို တားရန် ကြိုးစားလိုက်သည်။

“သခင်လေးဖေး... မဆင်မခြင် မလုပ်ပါနဲ့။ အဲ့မိစ္ဆာအရှင်က အစစ်ဖြစ်ဖြစ်၊ အတုဖြစ်ဖြစ် ကျွန်‌တော်တို့ စွန့်စားလို့မရပါဘူး။ တကယ်လို့ သခင်လေးတစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့လည်း သခင်လေးနဲ့အတူ လိုက်သေရမှာပါ”

“အရူးတွေ...”

ရှီးဖေးက ထိုလူကို အေးစက်စက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ဒီအပြစ်ဆေးကြောဒေသကို အလုံချိပ်ပိတ်ထားတာပဲ။ ပြီးတော့ အပြင်ဘက်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် သိုင်းပညာရှင်တွေလည်း စောင့်ကြပ်နေတယ်။ မိစ္ဆာသားရဲတွေက ဒီထဲကို ခိုးဝင်လာနိုင်ပါ့မလား။ ပြီးတော့ မင်းတို့ လူတွေကို မသတ်ဘဲ လွှတ်ပေးတဲ့ မိစ္ဆာသားရဲတွေကို မြင်ဖူးလား”

“ဒါပေမဲ့ ပြန်သွားဖို့က အရမ်းအန္တရာယ်များနေပါသေးတယ်”

အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက ပြောလိုက်သည်။

“သခင်လေးဖေး... အဲ့ဒါက မတန်ပါဘူး။ ဝိညာဉ်ဆေးပင်နည်းနည်းလောက်အတွက်နဲ့ စွန့်စားရတာ မတန်ပါဘူး”

“ငါက ဝိညာဉ်ဆေးပင်တွေကို လိုချင်လို့ ပြောနေတာမဟုတ်ဘူး”

ရှီးဖေးက ဟိတ်ဟန်အပြည့်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အပြစ်ဆေးကြောဒေသထဲကို ဝင်တယ်ဆိုတာ စွန့်စားဖို့ ဝင်တာပဲ။ ငါ့မှာ စွန့်စားဖို့ သတ္တိတောင်မရှိဘူးဆိုရင်  ဘာလို့ ဒီထဲကို ဝင်လာနေရဦးမှာလဲ။ ငါတို့ မိစ္ဆာဧကရာဇ်ရဲတိုက်ထဲမှာပဲ ကောင်မလေးတွေနဲ့ အိပ်နေတော့မှာပေါ့။ ကဲပါ... အပိုတွေ ပြောမနေတော့ဘူး။ မင်းတို့ မသွားရင်လည်း ငါ့ဘာသာ သွားမှာပဲ”

ဝှစ်...

ရှီးဖေးက နောက်ပြန်လှည့်၍ ချော်ရည်ကန်ဆီသို့ ပျံသန်းသွားလိုက်လေသည်။ လမ်းတစ်လျှောက်ရှိ ဝိညာဉ်လေများကို ဧရာမဦးခေါင်းခွံကြီးက ရှင်းပေးသည်။ ထို့ကြောင့် ရှီးဖေးက လုံးဝလုံခြုံနေပေသည်။

“သွားကြစို့...”

ရှီးမျိုးနွယ်မှလူများ သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ရှီးဖေးသေသွားလျှင် သူတို့အားလုံးလည်း သေရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ‌ရွေးချယ်စရာ မရှိတော့ဘဲ ရှီးဖေးအနောက်သို့လိုက်ကာ ချော်ရည်ကန်သို့ ပြန်သွားလိုက်ရလေတော့သည်။

***

All Chapters