← Chapters

ရုတ်ခြည်းသတ်ဖြတ်ခြင်း

Vol. 66 Ch. 914

ရုတ်ခြည်းသတ်ဖြတ်ခြင်း

Vol. 66 Ch. 914

ရှီးဖေး၊ ရီချန်နှင့် အခြားသူများသည် ချော်ရည်ကန်နှင့် (၁၅)ကီလိုမီတာသို့ ရောက်လာပေပြီ။ သူတို့ ချော်ရည်ကန်သို့ ပြန်ရောက်ရန် တစ်နာရီလောက် လိုပေသေးသည်။ ကျန်းရီသည် ချော်ရည်ကန်ထဲတွင် အလွန်သက်‌တောင့်သက်သာ ရှိနေ၏။ သူသည် ဝိညာဉ်ဆေးပင်တစ်ဒါဇင်ကို ရထားပြီးဖြစ်သည်။ သို့သော် ထိုဆေးပင်များထဲတွင် မီးမြွေသစ်ခွ မပါသေးသဖြင့် သူ စိတ်ပျက်နေပေသည်။

နောက်ဆုံးတွင် ပေါက်ကွဲနှုန်းက နှေးလာ၏။ အပြစ်ဆေးကြောဒေသ တစ်ခါဖွင့်တိုင်း ချော်ရည်ကန် ဝိညာဉ်ဆေးပင်နှစ်ဆယ်ကျော် ထုတ်ပေးသည်ဟု ယဉ်ရို့ပင်းက သူ့ကို ပြောခဲ့သည်။ ယခု သူ့တွင် ရှိနေသော ဝိညာဉ်ဆေးပင်များနှင့် ရှီးဖေးရရှိသွားသော ဝိညာဉ်ဆေးပင်များကို ပေါင်းလိုက်လျှင် ဆေးပင်နှစ်ဆယ်ကျော်နေပေပြီ။ ဆေးပင်များ ထပ်မံ ထွက်လာဦးမည်လောကို သူ မသိပေ။ ထို့ကြောင့် သူ စိတ်လှုပ်ရှားစွာဖြင့် စောင့်နေရလေသည်။

ရီချန်တို့အုပ်စုက ချော်ရည်ကန်သို့ အရင်ဆုံး ရောက်ရှိလာ၏။ သို့သော် သူမတို့သည် ကန်အနားသို့ ကပ်မသွားဝံ့ကြပေ။ သူမတို့သည် သေရမည်ကို မကြောက်သော်လည်း အသက်ကို တန်ဖိုးထားပေသည်။ သူရဲကောင်းတစ်ယောက်က သေတွင်းထဲကို မဆင်မခြင် မဝင်ပေ။ အရူးတစ်ယောက်ကသာ ဝင်ပေလိမ့်မည်။

“သွားကြစို့...”

ရီချန်က နှစ်ကီလိုမီတာအကွာမှနေ၍ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ သူမသည် ရေကန်တွင် မည်သည့်လှုပ်ရှားမှုမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါမှ လက်ဝှေ့ယမ်းကာ သူမ၏အုပ်စုကို ဦးဆောင်၍ တစ်ကီလိုမီတာ ဆက်သွားလိုက်ပြီး ဧရာမကျောက်တုံးကြီးတစ်တုံး၏ အနောက်တွင် ပုန်းအောင်းလိုက်လေသည်။ သူမတို့သည် စွန့်စားကာ အရှေ့သို့ ဆက်မတိုးတော့ဘဲ ချော်ရည် ထပ်မံပေါက်ကွဲလာမည်ကို တိတ်တဆိတ် စောင့်နေကြ၏။ ထိုမိစ္ဆာအရှင် ထပ်မံ ထွက်ပေါ်လာမည်၊ မလာမည်ကို သူမတို့ ကြည့်လိုနေပေသည်။

“အရှိန်အဝါကိုတွေကို သိမ်းထားကြ”

ရှီးဖေးသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ခုနစ်ပါးကို ခေါ်၍ အစောက သူတို့ ပုန်းအောင်းနေခဲ့သော တောင်ကြားလေးသို့ ပြန်ရောက်လာ၏။ သူတို့သည်လည်း ချော်ရည်များ ထပ်မံ ပေါက်ကွဲမည့်အချိန်ကို စောင့်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက် ထောက်လှမ်းနေကြပေသည်။

ဆယ်မိနစ်ကြာပြီးနောက် ချော်ရည်ကန်က ထပ်မံ ပေါက်ကွဲလာ၏။ မျှော်လင့်ထားသကဲ့သို့ပင် ကျန်းရီ ထပ်မံ ထွက်ပေါ်လာလေသည်။ သူ၏ပုံစံက မိစ္ဆာအရှင်ပုံစံပင် ဖြစ်နေ‌သေးသည်။ သူ၏ခန္ဓာကိုယ်ကလည်း မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေဆဲဖြစ်သည်။ သို့သော် သူသည် ကန်အထက် သုံးမီတာအကွာသို့ ရောက်လာပြီးနောက် ကန်ခြေသို့ ပြန်ဝင်သွားလေသည်။

“အဲ့ဒါ မိစ္ဆာအရှင်ပဲ... သူ့ရဲ့ အရှိန်အဝါက တကယ့်ကို မိစ္ဆာအရှင်တစ်ပါးရဲ့ အရှိန်အဝါပဲ”

ရှီးဖေး၏ဘေးရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါး၏ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ ထိုမိစ္ဆာအရှင်၏ အရှိန်အဝါက အလွန်အားကောင်းသဖြင့် အခြားတစ်ဘက်ရှိ သူတို့ပင် ရှင်းရှင်းလင်းလင်း ခံစားရပေသည်။ သူတို့၏ ခြေထောက်များ အားနည်းသွား၏။ အကယ်၍ ရှီးဖေးသာ မလှုပ်မယှက် ရှိမနေလျှင် သူတို့ ထွက်ပြေးပြီးလောက်ပေပြီ။

“ပြန်ဆုတ်ကြရအောင်ပါ သခင်လေးဖေး...”

အခြားလူများက ရှီးဖေးကို တီးတိုးပြောကာ အကြံပေးလိုက်ကြသည်။ ရှီးဖေးကမူ နှာမှုတ်၍ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့က အရူးတွေပဲ။ မိစ္ဆာအရှင်တစ်ပါးက ဘယ်လိုလုပ် ဒီလောက်နှေးမှာလဲ။ မိစ္ဆာအရှင်တစ်ပါးက ဘယ်လိုလုပ် ချော်ရည်စီးကြောင်းနဲ့အတူ ပျံတက်လာမှာလဲ။ မင်းတို့က ဦးနှောက်မသုံးကြဘူးလား”

“အာ...”

ရှီးမျိုးနွယ်မှလူများသည် သေချာတွေးတောကြည့်ပြီးနောက် အမှန်ပင် ထူးဆန်းနေကြောင်း နားလည်သွားကြလေသည်။ ကျန်းရီ၏ အမြန်နှုန်းက အမှန်ပင် နှေးပေသည်။ ထို့ပြင် သူက ချော်ရည်စီးကြောင်းနှင့်လည်းအတူ ပါလာသည်။ သို့သော် သူ၏ မိစ္ဆာအရှင်အရှိန်အဝါကတော့ အလွန်ထင်ရှား၏။ ထို့ကြောင့် သူတို့ တုံ့ဆိုင်းနေခြင်းဖြစ်သည်။

ရှီးဖေးက ခေတ္တမျှ တွေးတောပြီး ပြောလိုက်သည်။

“နောက်တစ်ခါ ချော်ရည်ပေါက်ကွဲလာရင် သူက တကယ်ပဲ မိစ္ဆာအရှင်အစစ်လားဆိုတာကို မင်းတို့နှစ်ယောက် သွားစစ်ဆေးလိုက်”

“ကျွန်တော်တို့လား...”

အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါး၏ မျက်နှာများသည် အကြောက်တရားကြောင့် ဖြူဖျော့သွား၏။ သူတို့ထံမှ တစ်ယောက်က ချက်ချင်း ခေါင်းခါကာ ပြောလိုက်လေသည်။

“သခင်လေးဖေး... ကျွန်တော် မသွားနိုင်ဘူး။ သခင်လေးလည်း ကျွန်တော့်ရဲ့ စွမ်းအားကို သိပါတယ်။ ကျွန်တော်က အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုတောင် မတတ်သေးပါဘူး။ ကျွန်တော်ရဲ့ တိုက်ခိုက်စွမ်းအားက ကြယ်တစ်ပွင့်အဆင့်မှာပဲ ရှိပါသေးတယ်...”

“ပါးစပ်ပိတ်စမ်း...”

ရှီးဖေးက ထိုလူကို အေးစက်စက်ကြည့်၍ ပြောလိုက်သည်။

“မင်းတို့ ငါ့အမိန့်ကို ငြင်းမယ်ဆိုရင် အခုထွက်သွားလိုက်တော့။ ဒါပေမဲ့ မင်းတို့ ငါပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် ငါ မင်းတို့နှစ်ယောက်စလုံးကို အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုစီ ပေးမယ်။ ကဲ ရွေးကြပေါ့”

ထိုနှစ်ယောက် တိတ်ဆိတ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့ အံကြိတ်ကာ ပြောလိုက်ကြလေတော့သည်။

“ကောင်းပါပြီ... ကျွန်တော်တို့ သွားပါမယ်”

“အင်း...”

ရှီးဖေးက ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ခဏနေရင် မင်းတို့ ချော်ရည်ကန်အလယ်ကို ပျံသွားလိုက်။ မတိုက်ခိုက်နဲ့... မင်းတို့ရဲ့ အစွမ်းကို ခုခံဖို့ပဲ စုစည်းထား။ ငါတို့က မင်းတို့ကို အချိန်မီ ကာကွယ်ပေးမှာပါ။ သူက မိစ္ဆာအရှင်အစစ် ဟုတ်မဟုတ်ဆိုတာ ငါတို့ ကြည့်ကြသေးတာပေါ့။ တကယ်လို့ သူက အတုသာဆိုရင် သေတာထက် ပိုဆိုးအောင် လုပ်ပစ်မယ်။ သူက ကျားနဲ့ ပြိုင်ရဲတယ်ပေါ့လေ... ဟွန်း...”

***

“သခင်မလေး ကျွန်မ စမ်းသပ်ကြည့်ပါမယ်”

အခြားတစ်ဘက်တွင် အစ်မရှင်းက အံကြိတ်ကာ ပြောလိုက်သည်။ ရှီးဖေးတွေးမိသည်ကို ထိုဉာဏ်ကောင်းသော သခင်မလေးနှစ်ယောက်ကလည်း သေချာပေါက် တွေးနိုင်ပေသည်။ သူမတို့ထဲတွင် အစ်မရှင်းက ခုခံစွမ်းအားအကောင်းဆုံးဖြစ်သည်။ ထို့ပြင် သူမသည် သခင်မလေးနှစ်ယောက်ကို မစွန့်စားစေဝံ့သဖြင့် သူမကိုယ်တိုင်သွားရန် ရွေးချယ်လိုက်သည်။

ယဉ်ရို့ပင်းက အစ်မရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူမ ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“အွန်း... အစ်မရှင်း အဲ့ကိုသွားရင် မတိုက်ခိုက်ပါနဲ့။ အစ်မက အဲ့ကို ပျံသွားလိုက်ဖို့ပဲ လိုတာပါ.. သူ့ကို ရန်စမပါနဲ့။ တကယ်လို့ သူက မိစ္ဆာအရှင်အစစ်ဆိုရင် ကျွန်မတို့ အစ်မကို သေချာပေါက် ရအောင်ကာကွယ်ပေးမှာပါ”

“သူသွားဖို့မလိုပါဘူး”

ရီချန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တကယ်လို့ ငါမှန်းတာ မမှားဘူးဆိုရင် ရှီး‌‌ဖေးလည်း ပြန်ရောက်နေလောက်ပြီ။ သူကလည်း မိစ္ဆာအရှင်ကို စမ်းသပ်ဖို့ လူတွေ စေလွှတ်လိမ့်မယ်။ ငါတို့က စောင့်ကြည့်နေရုံပဲ။ ရှီးဖေးဘက်က မလှုပ်ရှားဘူးဆိုမှာ မင်း သွားပေါ့”

“ကောင်းပါပြီ”

အစ်မရှင်းက စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုမိစ္ဆာအရှင်၏ အရှိန်အဝါက အလွန်အားကောင်းပေသည်။ ထို့ကြောင့် သူမ မသွားရလေလေ၊ ကောင်းလေလေပင်။

“အရှေ့ကို ဆက်တိုးမယ်”

ရီချန်က ခေတ္တမျှ စောင့်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူမတို့သည် အရှေ့သို့ ဆက်တိုးလိုက်ပြီး ကန်နှင့် မီတာသုံးရာအကွာရှိ ဧရာမကျောက်တုံးကြီးတစ်တုံးနောက်တွင် ပုန်း‌အောင်းလိုက်ကြသည်။ သူမတို့သည် သူမတို့၏ အရှိန်အဝါများကို သိမ်း၍ အသက်အောင့်ကာ တိတ်တဆိတ်စောင့်နေလိုက်ကြ၏။

အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။ ချော်ရည်ပေါက်ကွဲမှု တစ်ခုနှင့်တစ်ခုအကြားမှ ကြာချိန်ကလည်း ပိုတိုးလာသည်။ ယခုတွင် ပေါက်ကွဲမှုအနည်းငယ်သာ ကျန်တော့ပေမည်။ သူမတို့၏မျိုးနွယ်များမှ မှတ်တမ်းများအရ တန်ဖိုးအရှိဆုံး ဆေးပင်များက နောက်ဆုံးပေါက်ကွဲမှုအနည်းငယ်တွင် ပါလာတတ်ကြောင်း သိရပေသည်။ ဤချော်ရည်ကန်က ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်အချို့ကို မွေးထုတ်ပေးနိုင်ပေသည်။ ထိုဆေးပင်များကို ဤနေရာမှလွဲ၍ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခွင်လုံးရှိ  အခြားမည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်ပေ။

ဗွက်...

ချော်ရည်ကန်အလယ်တွင် ချော်ရည်များ စတင်ပွက်လာပေပြီ။ ရီချန်က ချော်ရည်ကန်အလယ်ကို အာရုံစိုက်ထားလိုက်၏။ ထို့နောက် သူမ၏လက်ထဲတွင် ဘုံပြာသာဒ်နီလေး ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးလာလေသည်။ သူမတို့အုပ်စုသည် ဘုံပြာသာဒ်အတွင်းသို့ ဝင်လိုက်ကြ၏။

မူလဘုံပြာသာဒ်သည် ဧကရာဇ်နန်း‌တော်ကဲ့သို့ပင် မိုးမြေအတွင်းအားကို အလိုအလျှောက်စုပ်ယူ၍ အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။ စွမ်းအင်ပိုကုန်လာလေလေ၊ ခုခံစွမ်းအားက ကျဆင်းလာလေလေပင်။ ထို့ကြောင့် ရီချန်သည် ရှောင်လွှဲ၍မရတော့သောအခါမှသာ ဘုံပြာသာဒ်နီကို ထုတ်ခြင်းဖြစ်၏။ ထိုဘုံပြာသာဒ်နီက အရေးပါသော အခိုက်တွင် သူမတို့၏အသက်ကို ကယ်တင်မည့် အရာဖြစ်သည်။ ချော်ရည်များက ပူလွန်းလှသဖြင့် သူမတို့၏ နတ်ဘုရားဒိုင်းများက မကာပေးနိုင်ကြပေ။ အကယ်၍ သူမတို့ နောက်မဆုတ်လိုလျှင် ဘုံပြာသာဒ်ကိုသာ မှီခိုရတော့မည်ဖြစ်သည်။

“ချော်ရည်ပေါက်ကွဲလာပြီ။ ရှီးဖေးရဲ့လူတွေလည်း ဒီမှာ ရှိနေတယ်”

ရီချန်တို့သည် ဘုံပြာသာဒ်အတွင်းသို့ ဝင်ပြီးနောက် အပြင်သို့ ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်လိုက်ကြ၏။ ချော်ရည်များ ပန်းထွက်လာသည့် အခိုက်တွင် အနီရောင်အလင်းတန်းနှစ်ခုက ကန်အလယ်သို့ ပျံသန်းသွားလေသည်။ ထိုလူနှစ်ယောက်၏ ခေါင်းအထက်ရှိ ဧရာမဦးခေါင်းခွံကြီးများက ပန်းထွက်လာသော ချော်ရည်များကို ကာပေးထားသည်။ သို့သော် ဦးခေါင်းခွံကြီးနှစ်ခုပေါ်မှ အလင်းကတော့ လျင်မြန်စွာ မှိန်လာသည်။ သူတို့သည် မကြာခင်မှာပင် ချော်ရည်များကြောင့် လောင်ကျွမ်းသွားနိုင်ပေသည်။

“မိစ္ဆာအရှင် ထွက်လာပြီ”

ယဉ်ရို့ပင်းက အော်ပြောလိုက်၏။ အားလုံး၏ ကောင်းကင်စိတ်အာရုံများက ကန်အလယ်သို့ ရောက်သွားကြသည်။ လူသားပုံစံ မိစ္ဆာအရှင်တစ်ပါးက ချော်ရည်များနှင့်အတူ ပါလာလေသည်။ သူ၏မျက်လုံးများထဲတွင် တက်ကြွမှုများနှင့် ပြည့်နှက်နေ၏။ သူ့လက်ထဲတွင် သေးငယ်သော မြွေပုံစံ မြက်ပင်အမြစ်တစ်ခု ရှိနေသည်။ ရီချန်က ထိုဆေးပင်ကို တစ်ချက်ကြည့်ကာ ရေရွတ်လိုက်သည်။

“မီးမြွေသစ်ခွ... အဲ့ဒါက ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်ပဲ”

“အန်...”

ကျန်းရီသည် မီးမြွေသစ်ခွကို ရလိုက်သဖြင့် အလွန်ဝမ်းမြောက်‌နေ၏။ သို့သော် မကြာခင်မှာပင် ထိုခံစားချက်က အဝေးမှ ပျံသန်းလာသော အလင်းတန်းနှစ်တန်း၏ နှောင့်ယှက်မှုကို ခံလိုက်ရလေသည်။ သူ့မျက်လုံးများထဲတွင် ခက်ထန်သော အရိပ်အယောင်များ လက်သွား၏။ ရှီးဖေး၏လူများက ထပ်ရောက်လာဝံ့သေးသည်လော။

“ငါ ဘာလုပ်သင့်လဲ”

အရေးကြုံသောအခိုက်တွင် ကျန်းရီ၏ ခေါင်းက ချာလပတ်ယမ်းသွား၏။ ရှီးဖေး၏လူများ ပြန်ရောက်လာပေပြီ။ ယင်းက သူတို့သည် သူ့ကို သံသယဝင်နေသည်ဆိုသော အဓိပ္ပာယ်ပင်။ ဤတစ်ကြိမ်တွင် သူသာ သူတို့ကို ထပ်မံခြောက်မလွှတ်နိုင်လျှင် ထိုသူတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

“ဝိညာဉ်ဓားတွေ...”

ကျန်းရီ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။ သူ လှည့်ပတ်ပျံသန်းလိုက်၏။ သူ၏မိစ္ဆာအရှိန်အဝါက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထို့နောက် သူသည် ဒေါသထွက်နေသော မိစ္ဆာအရှင်တစ်ပါးကဲ့သို့ ရှီးဖေး၏ လူနှစ်ယောက်ထံ ပျံသန်းသွားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရွှေအိုရောင် ဝိညာဉ်ဓားနှစ်ချောင်းက စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ လျင်မြန်စွာ ထွက်လာလေသည်။ သို့သော် ၎င်းတို့သည် သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်မလာပေ။ သူသည် ၎င်းတို့ကို ထိန်းချုပ်ကာ သူ၏မျက်လုံးများအတွင်းမှာ ထွက်သွားစေလိုက်၏။ ထိုမှ သူက မိစ္ဆာအတတ်တစ်ခုကို ထုတ်လွှတ်နေခြင်းဟု အခြားသူများ ခံစားသွားရမည်ဖြစ်သည်။

“သေပေတော့...”

ကျန်းရီ အော်ပြောလိုက်သည်။ ဝိညာဉ်ဓားနှစ်ချောင်းက လျှပ်စီးတန်းများကဲ့သို့ ပျံထွက်သွား၏။ ၎င်းတို့၏ အရှိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ပေသည်။ ထိုအထွတ်အထိပ် ကောင်းကင်ဧကရာဇ်နှစ်ပါးက မည်သို့မှ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် ဝိညာဉ်ဓားများသည် သူတို့၏ ခေါင်းများထဲသို့ ဖောက်ဝင်သွားပေပြီ။ သူတို့မြင်လိုက်ရသည်မှာ ရွှေအိုရောင်အလင်းတန်းနှစ်တန်းသာ။

ဝိညာဉ်ဓားများသည် မူလကပင် အလွန်မြန်နေပြီဖြစ်၏။ သို့သော် ၎င်းတို့သည် လိပ်ပြာရေစင်၏ စွမ်းအင်ကြောင့် မူလအမြန်နှုန်းထက် နှစ်ဆပိုမြန်သွားပေသည်။ ထို့ကြောင့် ကြယ်တစ်ပွင့်အဆင့်သာ ရှိသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးက အဘယ်သို့ ထိုဝိညာဉ်ဓားများကို ခုခံနိုင်ပါမည်နည်း။

“မိစ္ဆာအတတ်တွေ...”

ကောင်းကင်ဧကရာဇ်နှစ်ပါး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သူတို့၏ စိတ်များအတွင်းသို့ စီးဆင်းလာသော ထူးဆန်းသည့် စွမ်းအင်တစ်ခုကို သူတို့ ခံစားလိုက်ကြရ၏။ ထို့ကြောင့် သူတို့သည် ရုတ်ခြည်းပင် သူတို့၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ကျောက်တုံးနှစ်တုံးကို ထိန်းချုပ်ကာ လှည့်ပတ်စေ၍ သူတို့၏ စိတ်ဝိညာဉ်ကို ကာကွယ်လိုက်ကြလေသည်။

ထိုကျောက်တုံးများကို ရွှေဝိညာဉ်ကျောက်တုံးဟု ခေါ်၏။ ယင်းက ရှီးမျိုးနွယ်တွင်သာရှိသော ရတနာတစ်ခုပင်။ ရှီးမျိုးနွယ်ရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များသာ ထိုရတနာကို ပိုင်ဆိုင်ခွင့်ရပေသည်။ ထိုကျောက်တုံးများအား စိတ်ဝိညာဉ်များကို ကာကွယ်ရန် အသုံးပြုကြ၏။ ယင်းက အတော်လေးအသုံးဝင်သော ရတနာတစ်ခုပင်။

ဝုန်း...

သို့သော်...

နှစ်ကြိမ် ဆင့်ကဲပြောင်းလဲထားသော ဝိညာဉ်ဓားများနှင့် ယှဉ်လျှင် ရွှေဝိညာဉ်ကျောက်တုံးများက အတော်လေး အားနည်းနေပေသေးသည်။ ထို့ကြောင့် ၎င်းတို့ အလွယ်တကူ ပျက်စီးသွား၏။ ထို့နောက်တွင် ဝိညာဉ်ဓားများက သူတို့၏ စိတ်ဝိညာဉ်များအတွင်းသို့ စိုက်ဝင်သွားကြသည်။ သူတို့၏ စိတ်ဝိညာဉ်များ ရုတ်ခြည်း ဖျက်ဆီးခံလိုက်ရလေသည်။ သူတို့၏ခန္ဓာကိုယ်များကလည်း တုန်ယင်သွားကာ ချက်ချင်း အောက်ဘက်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားကြသည်။ သူတို့ ရုတ်ခြည်း သေဆုံးသွားပေပြီ။

“ချက်ချင်းသေသွားတာလား”

ရှီးဖေးတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကို ကာကွယ်ရန် တိုက်ခိုက်မှုများ ထုတ်လွှတ်ရန် ဟန်ပြင်နေကြ၏။ သို့သော် သူတို့ ပျံထွက်လာသည့်အချိန်တွင် ထိုကောင်းကင်ဧကရာဇ်နှစ်ပါးက သေနေပေပြီ။ ဤတစ်ကြိမ်တွင် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထိုမိစ္ဆာအရှင်သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကို ရုတ်ခြည်း သတ်ပစ်နိုင်ပေသည်။ ထို့ကြောင့် သူက မိစ္ဆာအရှင်အစစ်ဖြစ်ဖို့ များပေသည်။

“ထွက်ပြေးကြ...”

ရှီးဖေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လူစုကို ဦးဆောင်ကာ အဝေးသို့ ထွက်ပြေးလေတော့သည်။ အခြားတစ်ဘက်ရှိ ရီချန်ကလည်း ဘုံပြာသာဒ်နီကို ချက်ချင်း ပြန်သိမ်း၍ ယဉ်ရို့ပင်းတို့အုပ်စုနှင့်အတူ ထွက်ပြေးလေသည်။ သူမတို့သည် ရေကန်အနားသို့ ထပ်မကပ်ဝံ့ကြတော့ပေ။

***

All Chapters