ကျီထင်ယွီကို တွေ့ပြီ
Vol. 66 Ch. 915
“ဝိုး... ဒီဝိညာဉ်ဓားတွေက တော်တော် စွမ်းအားကြီးတာပဲ”
ကျန်းရီပင် ကြောက်မိသွားသည်။ ဝိညာဉ်ဓားများ ဆင့်ကဲပြောင်းလဲပြီးနောက် ယခုမှ ပထမဆုံးအကြိမ် ၎င်းတို့၏ အစွမ်းကို ပထမဆုံးအကြိမ် အကုန်ထုတ်သုံးခြင်းဖြစ်သည်။ ၎င်းတို့က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကိုပင် ရုတ်ခြည်း သတ်ဖြတ်ပစ်နိုင်လောက်သည်အထိ အစွမ်းထက်နေလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးချေ။
ထိုကောင်းကင်ဧကရာဇ်နှစ်ပါးသည် အဆင့်နိမ့်တာအိုပုံသဏ္ဌာန်များကိုသာ သိမြင်နားလည်ထားသည့် သိပ်စွမ်းအားမကြီးသူများ ဖြစ်သော်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်နေပေသေးသည်။
“အမြန်နှုန်းက သုံးဆလောက်တိုးလာတာပဲ။ နှေးတဲ့ ကြယ်သုံးပွင့် သိုင်းပညာရှင်တွေဆိုရင် အဲ့ဓားတွေကို ရှောင်နိုင်လောက်မှာ မဟုတ်ဘူး”
ကျန်းရီ စိတ်လှုပ်ရှားလာ၏။ ထိုဝိညာဉ်ဓားများက အလွန်စွမ်းအားကြီးသဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ပြီးလျှင် သူ၏ စွမ်းအားကြီးတိုက်ခိုက်မှု နောက်တစ်ခု ဖြစ်လာနိုင်ပေသည်။ သို့သော် သူ့တွင် ရွှေအိုရောင်ဝိညာဉ်ဓား အနည်းငယ်သာ ရှိသည်။ သူ့ထံ၌ ရွှေအိုရောင်ဓား သုံးချောင်းနှင့် ရွှေရောင်ဓား ဆယ့်သုံးချောင်းသာရှိတော့သည်။ ၎င်းတို့ကိုသာ သုံးပြီးသွားလျှင် သူ့တွင် တစ်ချောင်းမှ ကျန်တော့မည် မဟုတ်ပေ။
ကျန်းရီသည် ဟွာတန်နီဆီသွား၍ လိပ်ပြာရေစင်ကို တောင်းနိုင်၏။ သို့သော် သူ နတ်ဘုရားပိုးကောင်းများကိုတော့ ထပ်ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့တွင် ရွှေအိုရောင်ဓား သုံးချောင်းသာ ရှိမည်ဖြစ်သည်။
“နောက်ကျရင် တကယ်အရေးကြုံတဲ့အခါမှ ရွှေအိုရောင်ဓားတွေကို သုံးရမယ်။ အဲ့ဓားတွေ အလကားကုန်သွားမယ်ဆိုရင် နှမြောစရာပဲ”
ကျန်းရီသည် သူ့ကိုယ်သူ စိတ်ထဲမှ သတိပေးလိုက်၏။ ထို့နောက် သူသည် ကန်ဘေးသို့ ပျံသွားလိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းနှင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်လေသည်။ ရှီးဖေး၊ ရီချန်နှင့် အခြားသူများ ထွက်သွားပြီဖြစ်၍ သူ စိတ်အေးသွားသည်။
ကျန်းရီသည် ချော်ရည်ကန်ထဲသို့ ပြန်မသွားတော့ဘဲ ကန်ဘေးတွင်သာ တင်ပျဉ်ခွေထိုင်၍ ချော်ရည်များ ထပ်မံပေါ်ကွဲထွက်လာဦးမည်လောဟု စောင့်ကြည့်နေလိုက်သည်။ သေဆုံးသွားသော ရှီးမျိုးနွယ်မှ သိုင်းပညာရှင်နှစ်ယောက်မှာမူ ချော်ရည်ပြာများကြောင့် အရည်ပျော်သွားပြီဖြစ်သည်။ သူတို့ကိုယ်ပေါ်ရှိ ရတနာများကလည်း အရည်ပျော်သွားပေသည်။ ထို့ကြောင့် ကျန်းရီသည် သူတို့ကို အရေးမစိုက်တော့ပေ။
ကျန်းရီသည် မီးမြွေသစ်ခွကို ရခဲ့ပြီဖြစ်၍ စိတ်အေးသွားပေပြီ။ အနည်းဆုံးတော့ သူ အောင်းလုအား ကတိပေးခဲ့သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ချမ်ချမ်ကို ကုသပေးနိုင်တော့ပေမည်။ သူသည် ကျန်ကိစ္စများကို ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲ၍ ရ၏။ သူ ဝူနီနှင့် ကျီထင်ယွီတို့ကို ဤတစ်ကြိမ်တွင် မဖမ်းနိုင်လျှင်ပင် နောက်တစ်ကြိမ်တွင် ဖမ်းနိုင်မည်ဖြစ်သည်။
တစ်နာရီကြာ စောင့်ဆိုင်းပြီးနောက် ချော်ရည်ကန်က ထပ်မံ ပေါက်ကွဲထွက်လာ၏။ ဤတစ်ကြိမ်တွင် ပေါက်ကွဲမှုက အလွန်ပြင်းထန်သည်။ ချော်ရည်များက မြေပြင်အထက် မီတာသုံးရာအထိ ပန်းထွက်သွားပြီး နေရာအနှံ့သို့ ပျံရွာသွန်းလာလေသည်။
ကျန်းရီသည် ချော်ရည်များအတွင်း၌ ပွင့်ချပ်သုံးချပ်ပါသည့် နှင်းကြာပန်းကို တွေ့လိုက်၏။ သူသည် ကြာပန်းရနံ့ကို ရှူမိသောအခါ တစ်ကိုယ်လုံးနွေးထွေးသွားပြီး သက်တောင့်သက်သာ ဖြစ်သွားသည်ကို ခံစားလိုက်ရလေသည်။
“ပစ္စည်းကောင်းပဲ”
ကျန်းရီသည် ထိုပွင့်ချပ်သုံးချပ် နှင်းကြာပန်း၏ အသုံးဝင်ပုံကို မသိပေ။ သို့သော် ၎င်းက အဖိုးတန်ကြောင်း သူ သေချာပေသည်။ ထို့ကြောင့် သူသည် ကန်အလယ်ရှိ နှင်းကြာပန်းဆီသို့ ပျံသန်းသွားလိုက်သည်။
“အာ...”
နှင်းကြာပန်းသည် ကျန်းရီ ချဉ်းကပ်လာသောအခါ အသက်ရှိနေသကဲ့သို့ ကန်အတွင်းသို့ ပြန်ဝင်သွား၏။ ၎င်း၏ အရှိန်က အလွန်လျင်မြန်၏။ ၎င်းသည် ကျန်းရီ ဖမ်းမည်ကို မခံလိုသည့်ပုံပင်။
“ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့လေ”
ကျန်းရီက ပြုံးလိုက်ပြီး အရှိန်တင်လိုက်၏။ သူသည် ကန်အတွင်းသို့ ငုပ်သွားလိုက်ပြီး ကြာပန်းကို လက်တစ်ဘက်ဖြင့် ဖမ်းလိုက်လေသည်။ ထို့နောက် သူ အထက်သို့ ပျံတက်လာ၏။
“ဒီဝိညာဉ်ဆေးပင်က ဘာဆေးပင်လဲ။ ဘာအသုံးဝင်လဲ”
ကျန်းရီသည် ကြာပန်း၏ သင်းပျံ့သော ရနံ့ကို ရှူရှိုက်ရင်း တွေးလိုက်၏။ သူသည် ထိုအကြောင်းများကို မသိသဖြင့် ဆက်တွေးမနေတော့ဘဲ ကြာပန်းကို ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့သာ ထည့်လိုက်လေသည်။ သူ အပြင်သို့ ပြန်ရောက်မှ နားလည်သူများကို မေးရမည်ဖြစ်သည်။
ကျန်းရီသည် ချော်ရည်ကန်ဘေးတွင် လေးနာရီကြာ ထိုင်ခဲ့၏။ သို့သော် ပေါက်ကွဲမှု ထပ်ဖြစ်ပေါ်မလာတော့ပေ။ ဝိညာဉ်ဆေးပင်အားလုံး ကုန်သွားလောက်ပေပြီ။ ကျန်းရီသည် သေချာစေရန် နှစ်နာရီကြာ ထပ်စောင့်လိုက်၏။ ပေါက်ကွဲမှုများ ထပ်ဖြစ်လာတော့မည် မဟုတ်ကြောင်း သေချာသွားမှ သူ ထရပ်ကာ ထွက်သွားလိုက်လေသည်။
ရှစ်ရက်သာ ရှိသေးသော်လည်း ကျန်းရီသည် မီးမြွေသစ်ခွကို အောင်အောင်မြင်မြင် ရလိုက်ပြီဖြစ်သည်။ သူသည် အလကားအချိန်ဖြုန်းနေမည် မဟုတ်ပေ။ သူ့တွင် ရက်နှစ်ဆယ်ကျော် ကျန်ပေသေးသည်။ ထို့ကြောင့် သူ အပြစ်ဆေးကြောဒေသအတွင်း လျှောက်ပတ်သွား၍ ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာမည်ဖြစ်သည်။
ကျန်းရီတွင် ကောင်းကင်နားလည်သိမြင်ခြင်းရှိသည်။ သူသာ ဂရုစိုက်လျှင် လူအားလုံးကို ရှောင်ရှားနိုင်ပေသည်။ အကယ်၍ သူ ဝူနီတို့လူစုကို တွေ့လျှင် သူတို့နောက်သို့ လိုက်သွားကာ သူတို့ကို သတ်နိုင်မည့် နည်းလမ်းများကို ရှာမည်ဖြစ်သည်။
ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ဝတ်စုံဖြူနှင့် လူငယ်တစ်ယောက်၏ အသွင်ကို ပြန်ပြောင်းထားပေပြီ။ သူသည် နဂါးမီးနတ်ဘုရားဒိုင်းကို ထုတ်၍ အရှေ့သို့ ဖြည်းဖြည်းချင်း သွားနေသည်။ သူ၏ နဂါးမီနတ်ဘုရားဒိုင်းက အစွမ်းမကြီးသဖြင့် ကီလိုမီတာအနည်းငယ်သွားပြီးတိုင် ပျက်စီးနေလေသည်။ ထို့ကြောင့် သူသည် နတ်ဘုရားဒိုင်းကို ထပ်ခါထပ်ခါ ပြန်ဖန်တီးနေရပြီး မြန်မြန်လည်းမသွားဝံ့ဖြစ်နေသည်။ ထို့ပြင် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ဝိညာဉ်လေများကို အဆက်မပြတ် ထောက်လှမ်းနေပေသည်။
ရှစ်နာရီကြာပြီးတိုင်း ကျန်းရီသည် ဝူလုံ၊ ရှီးဖေးနှင့် သူတို့၏လူများကို ရှောင်ရှားနိုင်ရန် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်အခြေအနေများကို ထောက်လှမ်း၏။ သူသာ စွမ်းအားကြီးရန်သူများနှင့် ရင်ဆိုင်ရပါက သူ၏အစွမ်းတော်တော်များများကို သုံးလိုက်ရမည်ဖြစ်သည်။ သို့ဆိုလျှင် အမှန်တကယ် အသုံးလိုသည့်အခါ သူ၏အစွမ်းများ ကုန်ခမ်းနေပေလိမ့်မည်။
ကျန်းရီသည် ရပ်လိုက်၊ သွားလိုက်ဖြင့် သုံးရက်တာ သွားပြီးနောက် မြို့ပျက်နှစ်မြို့ကို တွေ့ခဲ့၏။ သို့သော် ထို့မြို့ပျက်များထဲတွင် မည်သည့်ရတနာများမှ မရှိချေ။ သူသည် ရှီးဖေးကိုလည်း ထပ်တွေ့ခဲ့၏။ သို့ရာတွင် ရှီးဖေးဘေးတွင် လူများစွာ ရှိနေ၍ သူ အနားသို့ ကပ်မသွားဝံ့ဘဲ ကောင်းကင်နားလည်သိမြင်ခြင်းဖြင့်သာ ထောက်လှမ်း၍ အဝေးမှ ရှောင်သွားလိုက်သည်။
“အာ... ထပ်ပြီးတော့ ဒီကောင်မလေးနှစ်ယောက်ပဲလား...”
ငါးရက်မြောက်နေ့တွင် ကျန်းရီသည် ကီလိုမီတာ(၂၅၀)အကွာရှိ ယဉ်ရို့ပင်းနှင့် ရီချန်တို့ကို ထောက်လှမ်းမိလိုက်၏။ သူမတို့က သူရှိရာဘက်သို့ ဦးတည်လာနေခြင်းပင်။
ကျန်းရီသည် သူမတို့ကို ရှောင်သွားရန် ဆုံးဖြတ်လိုက်၏။ ထိုအလှလေးနှစ်ယောက်က အလွန်ဆွဲဆောင်မှု ရှိလွန်းပေသည်။ သူ သူမတို့နှင့် ကြာကြာနေလျှင် သူ့အတွက် ပိုအန္တရာယ်များလာမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသားဖြင့် အခြားတစ်ဘက်သို့ ဦးတည်သွားလိုက်လေသည်။
လှပသော မိန်းမပျိုလေးများသည် ခံ့ညားသော လူငယ်လေးများ၏ ပိုးပန်းမှုကို အမြဲခံခဲ့ရပေသည်။
အထူးသဖြင့် ယောက်ျားသားများ ကြီးစိုးသော ဤလူ့အဖွဲ့အစည်းတွင် ယောက်ျားတစ်ယောက်က မိန်းမများစွာ ယူခြင်းမှာ သာမန်သာဖြစ်ပေသည်။ အရည်အချင်းရှိသော ယောက်ျားတစ်ယောက်က မိန်းမလှအယောက်သုံးထောင်ယူခြင်းက မထူးဆန်းပေ။ သို့သော် ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ တာဝန်များဖြင့် ရောက်ရှိလာခြင်းပင်။ ထို့ပြင် သူနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စု အကြားမှ ဆက်ဆံရေးကလည်း မကောင်းပေ။ အကယ်၍ သူသာ ထိုမိန်းမပျိုနှစ်ယောက်ဖြင့် ဆက်ပတ်သတ်နေလျှင် ဒုက္ခရောက်သွားနိုင်ပေသည်။
ကျန်းရီ အတန်ငယ် စိတ်ပျက်နေရ၏။ သူ အပြစ်ဆေးကြောဒေသထဲတွင် ရှိနေသည်မှာ လဝက်ကြာသွားပြီဖြစ်သော်လည်း ဝူနီနှင့် ကျီထင်ယွီတို့ကို မတွေ့ရသေးပေ။ သူတို့က သေသွားပြီလော။ သူသည် ပြီးခဲ့သော(၁၅)ရက်အတွင် လူများစွာ၏ အရှိန်အဝါများကို အာရုံခံမိခဲ့၏။ သို့သော် ဝူနီနှင့် ကျီထင်ယွီတို့ကို အစအနပင် မတွေ့ခဲ့ရချေ။
“ငါ သူတို့ကို နောက်ငါးရက် ထပ်ရှာမယ်။ ငါးရက်နေပြီးလို့မှ မတွေ့သေးဘူးဆိုရင် ငါ ပုန်းစရာနေရာတစ်ခု ရှာပြီး တစ်လပြည့်တဲ့အချိန်အထိ ပုန်းနေတော့မယ်”
ကျန်းရီသည် စိတ်ဆုံးဖြတ်လိုက်ပြီး အရှေ့သို့ ဆက်သွားလိုက်၏။ ဤဒေသထဲတွင် လမ်းလျှောက်ရခြင်းက အလွန်ပင်ပန်း၏။ သူသည် တစ်ရက်လျှင် တစ်နာရီကြာ အနားယူနေသော်လည်း ပင်ပန်းနေဆဲသာ။
အပြစ်ဆေးကြောဒေသထဲတွင် မြို့ပျက်များ အမြောက်အမြားရှိ၏။ သို့သော် နှစ်ခုနစ်သိန်းကျော် ကြာခဲ့ပြီဖြစ်၍ ဤဒေသထဲသို့ လူများ မရေမတွက်နိုင်အောင် ရောက်ပြီးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မြို့ပျက်အများစုထဲတွင် အရိုးစုများမှလွဲ၍ အခြားမည်သည်မှ မကျန်တော့ပေ။ သို့ဖြစ်၍ ကျန်းရီ စိတ်မရှည် ဖြစ်လာပေသည်။
***
ကျန်းရီသည် ငါးရက်ကြာ ဆက်သွားလိုက်ပြီးနောက် မြို့ပျက်လေးမြို့ကို ထပ်တွေ့ခဲ့၏။ သို့သော် သူသည် မည်သည့်ရတနာကိုမှ မတွေ့ခဲ့သဖြင့် ပုန်းစရာနေရာတစ်ခုရှာ၍ အနားယူရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။ သူ၏ အမြန်နှုန်းက နှေးသဖြင့် ဆယ်ရက်အတွင်း ကီလိုမီတာငါးသိန်းကျော်ထက် ပိုသွားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဆက်ရှာနေလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ထိုငါးရက်အတွင်း ကျန်းရီသည် ယဲ့ရင်၊ ထုလုံ၊ လင်းချီကျန့်နှင့် သူ၏ညီမတို့အပြင် ရှေးဟောင်းမျိုးနွယ်များမှ မျိုးဆက်များစွာကိုလည်း တွေ့ခဲ့ပေသည်။ သို့သော် သူသည် ဝူနီနှင့် ကျီထင်ယွီတို့ကိုမူ အရိပ်အယောင်ပင် မတွေ့ချေ။
“ဟိုနေရာမှာ တောင်ကြားလေးတစ်ခု ရှိတယ်။ ငါ အဲ့မှာ အနားယူမယ်”
ကျန်းရီသည် ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးနောက် နေရာကောင်းတစ်ခုကို တွေ့လိုက်၏။ သူသည် နဂါးမီးနတ်ဘုရားဒိုင်းကို ထုတ်ကာ လျင်မြန်စွာ ပြေးသွားလိုက်သည်။ တောင်ကြားသို့ရောက်ရန် သူ နှစ်နာရီကြာ သွားခဲ့ရ၏။
ရွှီး...
ကျန်းရီသည် သံနက်ဓားကို ထုတ်ကာ တောင်ဘေးတွင် ဂူတစ်ခု တူးလိုက်လေသည်။ ဆယ်မိနစ်ကြာပြီးနောက် ဂူကြီးတစ်ဂူ ဖြစ်ပေါ်လာသည်။ သူသည် ဂူထဲသို့ဝင်၍ ဂူဝကို ပြန်ပိတ်လိုက်၏။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်ပြီး အနီးတွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ အနားယူလိုက်လေသည်။
ကျန်းရီသည် ငါးနာရီကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်၏။ သူသည် နိုးနိုးချင်း အပြင်မထွက်လိုက်ဘဲ ပတ်ဝန်းကျင်ကို ထောက်လှမ်း၍ အခြေအနေကောင်းလျှင် ထိုနေရာတွင်ပဲ ကျင့်ကြံနေရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းကင်နားလည်သိမြင်ခြင်း”
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်၍ စတင်ထောက်လှမ်းလိုက်၏။ သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းက ကီလိုမီတာ(၃၅၀)အကွာရှိ တောင်လေးတစ်တောင်သို့ ရောက်သောအခါ သူ တုန်ယင်သွားလေသည်။ ထိုတောင်လေးအောက်တွင် လူ(၇၀)ရှိနေ၏။ သူသည် ထိုလူများထဲတွင် ရင်းနှီးသူ သုံးယောက်ကို တွေ့လိုက်သည်။ ထိုသုံးယောက်မှာ ကျန့်ဝူယင်း၊ ဝူနီနှင့် ကျီထင်ယွီတို့ပင်။
ဝုန်း...
ကျန်းရီသည် ဂူအတွင်းမှ ထက်ရှသော ဓားတစ်ချောင်ကဲ့သို့ ထွက်လိုက်၏။ သူ့တစ်ကိုယ်လုံးမှနေ၍ သတ်ဖြတ်အရှိန်အဝါများ ထွက်နေလေသည်။ သူသည် ဝူနီနှင့် ကျီထင်ယွီတို့ကို ရှာတွေ့လိုက်ပြီဖြစ်၍ သေချာပေါက် တစ်ခုခု လုပ်မည်ဖြစ်၏။ လူအင်အား မမျှသော်လည်း သူ သူတို့နောက်သို့ နောက်ယောင်ခံလိုက်သွားနိုင်ပေသည်။ သို့ဆိုလျှင် သူ ထိုနှစ်ယောက်ကို ဖမ်းနိုင်မည့် အခွင့်အရေးတစ်ခု ရချင်ရလာနိုင်လေသည်။
***