နတ်ဘုရားဘုံကျောင်း
Vol. 66 Ch. 916
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် မီးနဂါးနတ်ဘုရားဒိုင်းကို မထုတ်ဘဲ သူ၏ မီးဝိညာဉ်ပုလဲက ချော်ရည်များမှ စုပ်ယူထားသော မြေမီးကို ထုတ်လိုက်သည်။ ထိုမြေမီးသည် မီးတောင်များမှ မြေမီးနှင့် ကွာခြားပြီး ကောင်းကင်ကိုးဘုံ နဂါးမီးထက် များစွာပို၍ ပူပြင်းပေသည်။ သို့သော် မိုးကြိုးမီးလောက်တော့ မပူပေ။
ကျန်းရီသည် မီးတောက်ကို သန့်စင်ရန် အချိန်မရခဲ့ချေ။ သူသည် ဝူနီတို့ကို လိုက်မီရန် အလျင်လိုနေသဖြင့် မသန့်စင်ရသေးသော မြေမီးကို ထုတ်၍သာ မြေမီးနတ်ဘုရားဒိုင်း ဖန်တီးလိုက်ခြင်းပင်။ ယင်းက နဂါးမီးနတ်ဘုရားဒိုင်းထက်တော့ ပိုခိုင်မာပေသည်။ ၎င်းသည် ဆယ်ကီလိုမီတာ သွားပြီးမှသာ ပျက်စီးသည်။ သို့သော် ထိုမျှသွားနိုင်ခြင်းမှာ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင် အခြေအနေသို့ ဝင်ကာ ဝိညာဉ်လေများစွာကို ရှောင်နိုင်ခဲ့၍ ဖြစ်သည်။
ကျန်းရီသည် မြေမီးနတ်ဘုရားဒိုင်းကြောင့် ပိုမြန်လာ၏။ နေ့ဝက်ကြာသွားပြီးနောက် ဝူနီတို့အုပ်စုက ရပ်တန့်ကာ အနားယူနေသည်ကို သူ အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူ အရှိန်ကို ပိုမြှင့်လိုက်လေသည်။
ကျန်းရီသည် တစ်ရက်တည်းဖြင့် ကီလိုမီတာနှစ်ရာကျော်သွားခဲ့၏။ ထို့ကြောင့် သူနှင့် ဝူနီတို့အကြားတွင် ကီလိုမီတာတစ်ရာသာ ခြားပေတော့သည်။ နောက်ဆုံးတွင် ဝူနီတို့အုပ်စုက မြောက်ဘက်သို့ စတင်သွားလိုက်၏။ ဝူနီတို့အုပ်စုက အလွန်လျင်မြန်သဖြင့် သူတို့အကြားမှ အကွာအဝေးက ပိုတိုးလာလေသည်။
“မြန်မြန်လိုက်...”
ကျန်းရီ ဝူနီတို့ကို မီသွားလျှင်လည်း သူတို့ကို ချက်ချင်း သတ်နိုင်မည် မဟုတ်ပေ။ သို့သော် ကျန်းရီသည် အံကြိတ်ကာ အသည်းအသန် လိုက်လိုက်၏။ သူသာ ဝူနီတို့ အနီးတွင် ရှိနေလျှင် အခွင့်အရေးတစ်ခု ထွက်ပေါ်လာနိုင်ပေသည်။
ကျန်းရီသည် အနားလည်းမယူသလို မြေမီး ကုန်သွားမည်ကိုလည်း မစိုးရိမ်ချေ။ ဝူနီနှင့် ကျီထင်ယွီတို့ကို ဖမ်းနိုင်မည့် အခွင့်အရေးက အပြင်ဘက်မှာထက် ဤဒေသထဲတွင် ပိုများပေသည်။ ထို့ကြောင့် သူသည် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
ကျန်းရီက မရပ်မနား သွားနေသော်လည်း သူနှင့် ဝူနီတို့ကြားမှ အကွာအဝေးက ကီလိုမီတာ(၂၅၀)အထိ တိုးလာပေသည်။ ဝူနီတို့အုပ်စုသည် ဝိညာဉ်လေများကို ရပ်တန့်နိုင်သည့် နည်းလမ်းအချို့ ပိုင်ဆိုင်ထားကြောင်း ထင်ရှားသည်။ သူတို့က အလွန်မြန်လွန်းနေပေသည်။
ကျန်းရီသည် တစ်ရက်အတွင်းမှာပင် နောက်ထပ်ကီလိုမီတာ(၂၀၀)ကျော် ပြေးလိုက်၏။ သို့သော် ယခုတွင် သူတို့ ကီလိုမီတာ(၄၅၀) ခြားသွားပေပြီ။ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းပင် ဝူနီတို့ဆီသို့ ရောက်သည်ဆိုရုံသာ ရောက်နိုင်တော့သည်။
သို့သော် ဝူနီတို့အုပ်စုက အနားယူရန် ထပ်မံရပ်တန့်လိုက်သဖြင့် တော်သေးပေသည်။ ကျန်းရီသည်လည်း နောက်ထပ်ကီလိုမီတာ(၁၀၀) ဆက်သွားပြီးနောက် တွင်းတစ်တွင်းတူးကာ အနားယူလိုက်၏။ သူ အလွန်ပင်ပန်းနေပေပြီ။ အကယ်၍ သူသာ ဤအတိုင်း ဆက်ပြေးနေပါက ဝိညာဉ်လေများကြောင့် သေသွားနိုင်ပေသည်။
ကျန်းရီသည် တစ်နာရီကြာ အိပ်စက်အနားယူပြီးနောက် ပြန်ထလိုက်၏။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ထောက်လှမ်းကာ ဝူနီတို့နောက်သို့ ဆက်လိုက်လိုက်သည်။ သူ ဝူနီတို့နှင့် ကီလိုမီတာ(၂၀၀)အကွာသို့ ရောက်သောအခါ ဝူနီတို့အုပ်စုက မြောက်ဘက်သို့ ဆက်သွားလိုက်၏။
“လခွမ်းနဲ့မှပဲ... အလုပ်မဖြစ်ပါဘူးကွာ။ သူတို့က အရမ်းမြန်လွန်းနေတယ်။ သူ သူတို့ကို မမီခင် အချိန်တစ်လက ပြည့်သွားမှာပဲ။ ပြီးတော့ ဝူနီဘေးမှာ ကျန့်ဝူယင်းလည်း ရှိနေတယ်။ ငါ သူတို့ကို လိုက်မီသွားရင်တောင် သူတို့ဘက်မှာ လူတွေအများကြီးရှိနေတော့ ငါ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာပဲ”
ကျန်းရီသည် အရှေ့သို့ အသည်းအသန် ပြေးသွားနေရင်း ဆဲလိုက်သည်။ ဝူနီနှင့် ကျန့်ဝူယင်းတို့က မည်သည့်နေရာသို့ ဦးတည်နေကြောင်း သူမသိပေ။ သူတို့သည် လမ်းတစ်လျှောက်ရှိ မြို့ပျက်များတွင် မရပ်တန့်ခဲ့ကြဘဲ မြောက်ဘက်သို့သာ အရှိန်အဟုန်အပြည့်ဖြင့် သွားနေကြသည်။
တစ်လပြည့်ရန် ရှစ်ရက်သာ လိုတော့ပေသည်။ အကယ်၍ ဝူနီတို့အုပ်စုသာ ယခုလို လျင်မြန်စွာ ဆက်သွားနေမည်ဆိုပါက ကျန်းရီသည် တစ်လအချိန် မပြည့်မီ သူတို့ကို မီအောင် လိုက်နိုင်တော့မည် မဟုတ်ပေ။
“ဘာပဲဖြစ်ဖြစ် ငါ အကောင်းဆုံး ကြိုးစားကြည့်ရမှာပဲ”
ကျန်းရီသည် ဆင်ကန်းတောတိုးသကဲ့သို့ အရှေ့သို့သာ အသည်းအသန် သွားနေလေသည်။ ဝူနီတို့ကို မီမည်၊ မမီမည်ကို သူ အရေးမစိုက်ချေ။ သူ၏မီးဝိညာဉ်ပုလဲအတွင်းရှိ မြေမီးက အဆက်မပြတ် ကုန်ဆုံးနေ၏။ သို့သော် သူသည် ထိုကိစ္စကို စိုးရိမ်မနေတော့ပေ။
ငါးရက်ကြာပြီးနောက်...
ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ ကီလိုမီတာထောင်ချီ သွားခဲ့၏။ မြေမီး ကုန်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မိုးကြိုးမီးလည်း သိပ်မကျန်တော့ပေ။
ဝူနီတို့အုပ်စုက မြောက်ဘက်သို့ သွားနေဆဲဖြစ်ပြီး ကျန်းရီနှင့် ကီလိုမီတာ(၂၀၀) ကွာနေပေသေးသည်။ ထိုမျှသာ ကွာနေခြင်းမှာ သူတို့က နေ့ဝက်အနားယူခဲ့ပြီး တစ်ရက် လမ်းလျှောက်ခဲ့၍ဖြစ်သည်။
တစ်လပြည့်ရန် သုံးရက်သာ လိုတော့ပေသည်။ ကျန်းရီက လုံးဝ လက်လျှော့လိုက်ပြီဖြစ်သည်။ ဤတစ်လျှောက်လုံး ဝူနီနှင့် ကျန့်ဝူယင်းတို့ကို အတူရှိနေခဲ့သည်။ ထို့ကြောင့် သူ သူတို့ကို မီသွားလျှင်ပင် မည်သို့မှ လုပ်နိုင်မည် မဟုတ်ချေ။ ယခုတွင် သူသည် ဝူနီတို့ မည်သည့်နေရာသို့ သွားနေကြောင်း သိရရန်သာ နောက်မှလိုက်နေခြင်းဖြစ်သည်။
“အာ...”
ကျန်းရီသည် မြေအောက်ဂူထဲတွင် တစ်နာရီကြာ အိပ်စက်ပြီးနောက် ပင်ပန်းတကြီး အာရုံကြည့်လိုက်လေသည်။ သို့သော် သူသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့ရှိလိုက်ရ၏။ အရှေ့ဘက် ကီလိုမီတာ(၁၅၀)အကွာတွင်လည်း လူတစ်စုက မြောက်ဘက်သို့ လျင်မြန်စွာ သွားနေပေသည်။ ထိုလူစုထဲတွင် လူငါးဆယ်ကျော်လောက်ပါ၏။ သူတို့က ရှီးဖေးနှင့် ထူလုံတို့၏ လူများပင်။
ထို့ပြင် သူသည် အနောက်ဘက်ရှိ အခြားအဖွဲ့နှစ်ဖွဲ့ကို တွေ့လိုက်ရ၏။ အနောက်ဘက် ကီလိုမီတာ(၁၅၀)အကွာတွင် ယဉ်ရို့ပင်း၊ ရီချန်နှင့် လင်းချီကျန့်တို့က မြောက်ဘက်သို့ အတူတကွ သွားနေကြ၏။ ကီလိုမီတာ(၃၀၀)အကွာတွင်မူ ယဲ့ရင်၊ ရှေးဟောင်းမျိုးနွယ်တစ်ခုဖြစ်သော ရှစ်မျိုးနွယ်နှင့် အခြားမျိုးနွယ်တစ်ခုက အတူတကွ သွားနေကြသည်။ သူတို့သည်လည်း မြောက်ဘက်သို့ ဦးတည်နေခြင်းပင်။
“ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ မြောက်ဘက်ကို သွားနေကြတာလဲ”
အားလုံး အပြင်သို့ ပြန်မထုတ်ခံရခင် သုံးရက်သာ လိုတော့ပေသည်။ အဘယ်ကြောင့် သူတို့သည် မြောက်ဘက်သို့ အသည်းအသန် သွားနေရခြင်းနည်း။ မြောက်ဘက်တွင် အလွန်အဖိုးတန်သောအရာတစ်ခု ရှိနေလိမ့်မည်ဟု ကျန်းရီ ယုံကြည်ပေသည်။
“ဟူး...”
ကျန်းရီသည် ဝူနီနှင့် ကျီထင်ယွီတို့ကို ဖမ်းမည့်အကြံကို လက်လျှော့လိုက်ပြီး ဖြစ်သည်။ သူတို့ကို သိုင်းပညာရှင်များစွာက ကာကွယ်ပေးထားပေသည်။ ကျန်းရီသည် အရူးမဟုတ်သဖြင့် ကိုယ့်သေတွင်းကိုယ်တူးမည်မဟုတ်ပေ။ သူသည် ဝူနီတို့နောက်လိုက်သွားပြီး ဝူနီ မည်သည့်ရတနာကိုမှ မရအောင်နိုင် နည်းမျိုးစုံဖြင့် နှောင့်ယှက်ရန်သာ ဆုံးဖြတ်ထားပေသည်။ သူသည် ဝူနီတို့ကို ယခုမသတ်နိုင်သေးလျှင်လည်း သူတို့၏ အစီအစဉ်များကို နှောင့်ယှက်၍ သူတို့ကို စိတ်ဒုက္ခပေးမည်ဖြစ်သည်။
“သွားစို့...”
ကျန်းရီသည် ကျီထင်ယွီနှင့် ဝူနီတို့ကို ဒုက္ခပေးနိုင်မည်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရ လုပ်နိုင်ပေသည်။ သူ မြောက်ဘက်သို့ လျင်မြန်စွာ သွားလိုက်၏။ နေ့ဝက်ကြာပြီးနောက် ဝူနီတို့နှင့် ကီလိုမီတာ(၁၀၀)အကွာသို့ ရောက်သောအခါ သူ ရုတ်တရက် ရပ်တန့်လိုက်သည်။
ထိုနေရာတွင် ဝိညာဉ်လေများ အလွန်နည်းပါးလာ၏။ ထို့ကြောင့် သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကိုပင် ထုတ်ရန် မလိုတော့ဘဲ နဂါးမီးနတ်ဘုရားဒိုင်းဖြင့်ပင် ကီလိုမီတာများစွာရောက်အောင် အလွယ်တကူ သွားနိုင်လာပေသည်။
“ဒီနေရာကို ထောက်လှမ်းကြည့်ရမယ်”
ကျန်းရီသည် မြေတွင်းတစ်တွင်းတူးကာ တွင်းထဲ ဝင်နေလိုက်၏။ ထို့နောက် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်၏။ မကြာခင်မှာပင် သူ ဝူနီတို့အုပ်စိုကု တွေ့လိုက်သည်။ သူတို့သည် တောင်တစ်လုံးအောက်တွင် အနားယူနေကြပြီး မည်သည့် ထူးခြားသည့် အပြုအမူကိုမှ မပြုမူနေကြပေ။
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက အခြားအရပ်မျက်နှာနှစ်ဘက်သို့လည်း အာရုံခံလိုက်၏။ ရှီးဖေးတို့အုပ်စုကို သူ အလွယ်တကူ တွေ့ရှိလိုက်သည်။ သူတို့သည် အရှေ့ဘက် ကီလိုမီတာများစွာ အကွာရှိ တောင်ခြေတစ်ခုတွင် အနားယူနေကြသည်။ အခြားတစ်ဘက်တွင်မူ ရီချန်နှင့် ယဉ်ရို့ပင်းတို့က ငါးဆယ်ကီလိုမီတာအကွာရှိ တောင်တစ်လုံးအောက်တွင် အနားယူနေကြသည်။
“တောင်ကြီးတစ်တောင်ပါလား...”
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက မြောက်ဘက်ရှိ ဧရာမတောင်ကြီးတစ်လုံးကို အာရုံခံမိလိုက်၏။ အပြစ်ဆေးကြောဒေသတွင် မြင့်မားသောတောင်များ ရှိခဲ၏။ သူသည် အကြွင်းမဲ့လေတောင်ကြားတွင်သာ မြင့်မားသော တောင်ကြီးနှစ်လုံးကို တွေ့ခဲ့ရ၏။ ယခု သူ တွေ့နေရသော တောင်ကြီးမှာ အကြွင်းမဲ့လေတောင်ကြားမှ တောင်ကြီးနှစ်လုံးထက် အဆပေါင်းများစွာ ပိုမြင့်၊ ပိုကြီးပေသည်။
“အာ...”
ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက တောင်ကြီးကို အာရုံခံလိုက်၏။ မကြာခင်မှာပင် သူသည် ထူးဆန်းသော အရာများကို တွေ့ရှိလိုက်ရပြီး အဘယ်ကြောင့် လူတိုင်းက ထိုနေရာသို့ သွားနေကြောင်း နားလည်သွားလေသည်။
တောင်တန်းအလယ်တွင် စက်ဝိုင်းပုံစံ ဧရာမချိုင့်ဝှမ်းတစ်ခု ရှိနေ၏။ ချိုင့်ဝှမ်းထဲတွင် ကောင်းစွာထိန်းသိမ်းခံထားရသည့် အဆောက်အဦတစ်ခု ရှိပေသည်။ ယင်းအဆောက်အဦက လုံးဝန်းသော ပုံသဏ္ဌာန်ရှိပြီး ဘုံကျောင်းတစ်ခုနှင့် ဆင်တူပေသည်။ ယင်းက ဧရာမဘုံကျောင်းကြီးတစ်ခု ဖြစ်ပြီး ကီလိုမီတာများစွာ ကျယ်ဝန်းကာ အလွန်ခမ်းနားထည်ဝါလေသည်။ ကျန်းရီသည် ထိုဘုံကျောင်းရှိ ရှေးဟောင်းအငွေ့အသက်များကို ခံစားနိုင်နေပေသည်။
“နတ်ဘုရားဘုံကျောင်း...”
ကျန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ အပြစ်ဆေးကြောဒေသ၏ အလယ်တွင် အကောင်းအတိုင်းရှိနေသေးသည့် အဆောက်အဦတစ်ခု ရှိကြောင်း၊ ထိုအဆောက်အဦက နတ်ဘုရားဘုံကျောင်းဖြစ်ကြောင်း ယဉ်ရို့ပင်းက သူ့ကို ပြောပြခဲ့သည်။ ဘုံကျောင်းအပြင်ပိုင်းရှိ ဝိညာဉ်လေးများက အဆတစ်ရာ ပိုအားကောင်းပြီး ဘုံကျောင်းထဲတွင်လည်း အစီအရင်များစွာ ရှိပေသည်။ ဘုံကျောင်းထဲသို့ ဝင်သွားသူ ဆယ်ယောက်တွင် ကိုးယောက်က အသက်ဆုံးရှုံးရမည်ဖြစ်သည်။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများကလည်း ဘုံကျောင်းအပြင်ပိုင်းကိုသာ တစ်ပတ် ပတ်နိုင်ခဲ့ခြင်းပင်။ ယင်းတို့က ယဉ်ရို့ပင်း သူ့ကို ပြောပြခဲ့သော အရာများဖြစ်သည်။
“တစ်ခုခုတော့ မှားနေပြီ...”
ကျန်းရီ အေးစက်စက် ရေရွတ်လိုက်၏။ ယဉ်ရို့ပင်းက သူ့ကို လိမ်ခဲ့ခြင်း ဖြစ်ပေမည်။ သူမက မလိမ်ခဲ့လျှင်ပင် သတင်းအချက်အလက်အချို့ကို ထိမ်ချန်ခဲ့နိုင်ပေသည်။ မဟုတ်လျှင် မျိုးနွယ်ကြီးများမှ မျိုးဆက်များက နတ်ဘုရားဘုံကျောင်းသို့ သွားကြမည် မဟုတ်ပေ။
အဆတစ်ရာ ပိုအားကောင်းသော ဝိညာဉ်လေများလော။
အပြစ်ဆေးကြောဒေသထဲတွင် ထိုမျှအားကောင်းသော ဝိညာဉ်လေများကို ခံနိုင်မည့်သူ မရှိဟု ကျန်းရီ ယုံကြည်သည်။ ဤဒေသထဲတွင် ရှေးဟောင်းမျိုးနွယ်ဝင်အားလုံး မျိုးတုံးသွားပြီး မြို့များလည်း မြို့ပျက်များဖြစ်သွားခဲ့သည်။ နတ်ဘုရားဘုံကျောင်းသာ အကောင်းအတိုင်း ကျန်ခဲ့သည်။ ထို့ကြောင့် နတ်ဘုရားဘုံကျောင်းက ရှေးဟောင်းမျိုးနွယ်ခေါင်းဆောင်၏ နေထိုင်ရာဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။ ထိုဘုံကျောင်းတွင် ရတနာများလည်း တောင်ပုံရာပုံ ရှိနေပေလိမ့်မည်။
“သွားစို့...”
ကျန်းရီ စွန့်စားတော့မည် ဖြစ်သည်။ နောက်သုံးရက်နေလျှင် သူတို့ အပြင်ဘက်သို့ ပြန်ခေါ်ထုတ်ခံရတော့မည် မဟုတ်ပါလား။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင်လည်း သုံးရက်လောက်သာ လိုက်လံသတ်ဖြတ်ခံရခြင်းက ပြဿနာသိပ်ရှိမည် မဟုတ်ပေ။ သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံး၍ ဤဒေသထဲတွင် သုံးရက်လောက်တော့ တောင့်ခံနိုင်ပေသည်။ သူ အပြင်သို့ ရောက်သည်နှင့် သူ၏ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ချက်ချင်း ပြောင်းလဲလိုက်မည်ဖြစ်ပြီး မသိမသာ ထွက်သွားမည်ဖြစ်သည်။
ကျန်းရီသည် ကျန်လူများနှင့်အတူ နတ်ဘုရားဘုံကျောင်းအတွင်းသို့ ဝင်တော့ပေမည်။ သူ ရတနာများ ရနိုင်၊ မရနိုင်က အရေးမကြီးပေ။ ဝူနီနှင့် ကျီထင်ယွီတို့ကို အခက်တွေ့အောင် လုပ်နိုင်လျှင်ပင် သူ့အတွက် ကျေနပ်စရာ ဖြစ်နေပြီဖြစ်သည်။
***