← Chapters

မိုဝူကျီကို လူတွေ ဘယ်လို မြင်ကြလဲ

Vol. 10 Ch. 129

မိုဝူကျီကို လူတွေ ဘယ်လို မြင်ကြလဲ

Vol. 10 Ch. 129

မိုဝူကျီက စာရွက်ကို မသင်္ကာဖွယ် ဖွင့်ကြည့်လိုက်သည်။ စာရွက်ထဲရှိ အကြောင်းအရာများ မြင်သောအခါ သူက ချက်ချင်း မော့ကာ တအံ့တဩ မေးကြည့်လိုက်သည် “မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံး ဖော်မြူလာ လား စီနီယာ အစ်မယန် ပြိုင်ပွဲမှာ ဒီဆေးလုံးကို ဖော်ဖို့ ရွေးခဲ့တာလား….”

မိုဝူကျီက ယန်ချင်ယင် ကျရှုံးသည့်အချက်ကို နောက်ဆုံးတွင် နားလည်သွားလေပြီ။ သူက စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ဖော်စပ်ဖူးသည့်အတွက် အခြားသော အဆင့်သုံး ဆေးလုံးများနှင့် ယှဉ်လျှင် များစွာခက်ခဲကြောင်း သိ၏။ မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးသည် အဆင့်လေး ဆေးလုံးဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ချွင်းချက်မရှိ ပိုခက်ခဲလိမ့်မည်။ ထို့အပြင် သူမက အနီရောင် မီးကျောက်ကို သုံးရပြီး အချိန်နှစ်နာရီ ကန့်သတ်ထားခံရသည်။ သူမ ကျရှုံးမှုကား အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။

“စီနီယာ အစ်မယန် အစ်မရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် ပုံမှန်အဆင့်လေး ဆေးလုံးဖော်စပ်မယ်ဆိုရင် အောင်မြင်ဦးမှာ …” မိုဝူကျီက မရေမရာ ပြောလိုက်သည်။ အကြောင်းမှာ သူက မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံး လိုမည်ဆိုတိုင်း ယန်ချင်ယင်က လိုနေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ယန်ချင်ယင်က အပြုံးရေးရေးလေးဖြင့် “ငါက အလောင်းအစားတစ်ခု လုပ်ကြည့်လိုက်တာလေ တကယ်လို့ ငါသာ အောင်မြင်မယ်ဆိုရင် ထိပ်ဆုံး ၁၀ ယောက်ထဲ ပါလာလိမ့်မယ် တကယ်လို့ ငါမအောင်မြင်ရင်တောင် မင်းက ငါ့ကို နေရာပေးမယ်လို့ ပြောထားတယ် မလား…. ပြီးတော့ မင်းအတွက် ဒီဖော်မြူလာ လိုအပ်မယ်လို့ တွေးမိလို့….”

“ကျေးဇူးပါ စီနီယာ အစ်မယန် အဲဆို ကျွန်တော်က ကျေးဇူးတင်စွာ လက်ခံပါ့မယ် ဒါနဲ့ နေရာ ဘယ်လောက်များ လိုတာလဲ ကျွန်တော့်မှာ နေရာအပိုတွေ ရှိတယ် ပြီးတော့ တစ်ခုလောက် မေးချင်တယ် ဘာလို့ ကျွန်တော်က ဒီဆေးလုံး ဖော်ြမူလာကို လိုမယ်လို့ ထင်တာလဲ…” မိုဝူကျီက သူ့စိတ်ထဲမှ သိချင်နေသည့် ကိစ္စကို ထုတ်မေးကြည့်လိုက်သည်။

ယန်ချင်ယင်က ရယ်မောကာ ပြောပြလိုက်သည် “တခြားလူတွေက မင်းရဲ့ ကျင့်ကြံဆင့်ကို မသိလို့ မင်းကို ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်မြင့် ဒါမှမဟုတ် စိတ်ဝိညာဉ် တည်ဆောက်ခြင်း တစ်ပိုင်းလို့  သေချာပေါက် ထင်နေကြလိမ့်မယ် ဒါပေမဲ့ ငါက မင်း ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေး ရောက်တာကို သိနေတယ် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေး ကျင့်ကြံသူက သံမဏိအမြုတေ ဗောဓိကို သန့်စင်နိုင်တာ ဒါမှမဟုတ် အဆင့်သုံး ဆေးလုံးဖော်စပ်နိုင်တာတွေက ကျင့်ကြံခြင်း တစ်ခုတည်းနဲ့ သေချာပေါက် မဖြစ်နိုင်ဘူးလေ…

ပြီးတော့ မင်းက အတွေ့အကြုံများနေတာလည်း မဖြစ်နိုင်ဘူးဆိုတော့  မင်းက စိတ်ဝိညာဉ် ဆန္ဒ  စိတ်စွမ်းအားကို လေ့ကျင့်ထားတာပဲ ဖြစ်ရမယ် မင်းကျင့်ကြံဆင့်နဲ့ စိတ်စွမ်းအား ပါရင်တောင် အဆင့်သုံးဆေးလုံးကို ဖော်စပ်နိုင်ဖို့ ခက်ခဲဦးမှာပဲ အဲဒါကြောင့် ဒီဆေးလုံးက မင်းအတွက် အရမ်းအသုံးဝင်လိမ့်မယ်  ဒါပေမဲ့ မင်းက ယန်အာကြောင့် ဒီဆေးလုံးကို မရွေးဘူးဆိုတာ သိနေတယ် အဲဒါကြောင့် မင်းကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ….”

မိုဝူကျီ နှလုံးသားက စတင်၍ ခုန်လာလေသည်။ သူက အမှန်တကယ် စိတ်စွမ်းအားအပေါ် မူတည်၍ ဆေးလုံးဖော်စပ်နေရ၏။ ယန်ချင်ယင် ပြောသည့်အတိုင်း အခြားလူများက သူ့ကို ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်မြင့် သို့မဟုတ် ဝိညာဉ် တည်ဆောက်ခြင်း တပိုင်းအဆင့်လို့ သေချာပေါက် ထင်ကြလိမ့်မည်။ ယန်ချင်ယင်က သူသည် သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတွင် ရှိနေစဉ်က ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်သုံး ရောက်နေမှန်း သိသည်။ သူမ၏ တွေးတောထင်မြင်ချက်အရ သူ့အဆင့်နိမ့် ဝိညာဉ်ကြောနှင့်ဆိုလျှင် သူတိုးတက်မှုကား အရမ်း မမြန်သင့်ပေ။ သူက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေးသာ ရှိသင့်သေး၏။

ထို့ကောက်ချက်ချမှုကြောင့် ယန်ချင်ယင်သည် မိုဝူကျီက စိတ်စွမ်းအားကို လေ့ကျင့်ထားသည်ဟု ပြောခြင်း ဖြစ်သည်။ သို့သော် ယန်ချင်ယင်က မှန်ကန်စွာ မှန်းဆနိုင်လေသည်။ သူက စိတ်ဝိညာဉ် ဆန္ဒကို လေ့ကျင့်ထား၏။ သို့သော်လည်း သူ့ကျင့်ကြံဆင့်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၄ တော့ မဟုတ်ဘဲ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ၈ သို့ရောက်နေလေပြီ။

မိုဝူကျီက မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည် “ကျွန်တော့်မှာ စိတ်ဝိညာဉ် ဆန္ဒလေ့ကျင့်ရေး ပညာရပ်တွေ ကျင့်စဉ်တွေတော့ မရှိဘူး အခွင့်ကြုံပြီး ကြက်ကန်း ဆန်အိုးတိုးသွားခဲ့တာပါ စီနီယာ အစ်မယန် ကျွန်တော့ကိစ္စကို လျှို့ဝှက်ပေးထားနိုင်မလား…”

မိုဝူကျီတွင် စိတ်ဝိညာဉ် ဆန္ဒ ကျင့်ကြံသည့် ပညာရပ်မျိုး အမှန်တကယ် မရှိပေ။ သို့သော် သူ့တွင် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ရှိ၏။ သို့‌သော် အလွယ်တကူ ထုတ်ပြော၍ မရချေ။

ယန်ချင်ယင်က ပြုံးကာ “ငါ ဘယ်တုန်းက လျှို့ဝှက်ချက် ထိန်းထားဖို့ မကူညီဘဲ နေခဲ့လို့လဲ  မင်းစိုးရိမ်နေစရာ မလိုဘူး မင်း ဒီဆေးလုံးဖော်ြမူလာကို သိမ်းထားလိုက် ပြီးတော့ ငါ မင်းကို လျော့တွက်မိခဲ့တယ် အခုတော့  မင်းက အဆင့်လေး ဆေးလုံးဆရာ မကြာခင် ဖြစ်လာလိမ့်မယ် လို့ ထင်တယ်  လက်ပတ်တွေက သုံးခုပဲ လိုတာ ငါ့အတွက် တစ်ခုနဲ့ ဂိုဏ်းချုပ် ဂူရန်အတွက် နှစ်ခု ပြီးတော့ ဒီဒြပ်ငါးမျိုး ကင်းမဲ့နယ် ပြီးတာနဲ ငါ ဂိုဏ်းက ထွက်သွားတော့မှာ အဲဒါမို့  ဒီနှစ်တွေအတွင်းမှာ ငါ့အပေါ် ကြည့်ရှုပေးခဲ့တာတွေအတွက် ပြန်ပေးဆပ်လိုက်တာပဲ…..”

မိုဝူကျီက လေးပတ်လေးခုကို တွန့်ဆုတ်ခြင်း အလျှင်းမရှိ ထုတ်ယူလိုက်ပြီး ယန်ချင်ယင်ကို ပေးလိုက်သည် “ထပ်ပြီး ကူညီပေးတဲ့အတွက် စီနီယာ အစ်မယန်ကို ကျေးဇူးတင်ပါတယ် ဒီလက်ပတ်တစ်ခုက  ချင်ချန်းကို ပေးပေးပါဦး….”

ချင်ရှုန်းယု၏ ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးသည့်အတွက် သူမအတွက် လက်ပတ် မပေးတော့ပေ။ ထို့ကြောင့် ချင်ချန်းကိုသာ ပေးလိုက်တော့သည်။ ထို့အပြင် သူက အကူအညီ တစ်ခုရထားဖူးသည် မဟုတ်ပါလား… ချင်ချန်းက သူ့ကို ဘက်လိုပြီး ဆန့်ကျင်နေသောငြား သူက အကူအညီအတွက် ပြန်ပေးဆပ်ရန် လိုသေးသည်။

“စိတ်ချလိုက်ပါ ငါ သေချာပေးလိုက်မယ်..” ယန်ချင်ယန်က အားနာမနေတော့ပေ။ ရှုထောင့်တစ်ခုမှ ကြည့်မည် ဆိုလျှင် သူမက မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံးကို မိုဝူကျီကို ကူညီရန် တမင် ရွေးခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူမက မိုဝူကျီအပေါ်တွင် မတည်ခဲ့ရသော သူမကတိစကားအတွက် အပြစ်တင်စိတ် ခံစားနေရ၍ ဖြစ်သည်။

“စီနီယာ အစ်ကိုမို နောက်ထပ် ဧည့်သည်တွေ ရောက်နေတယ်…” တံခါးမှ ဖေးပင်းကျုးက ထပ်ခေါ်လိုက်သည်။

ယန်ချင်ယင်က မတ်တပ်ရပ်လိုက်ကာ “မင်းလက်ထဲမှာ ရှိနေတဲ့ လက်ပတ်တွေက နောက်နှစ်ရက်အတွင်း အရမ်းနာမည်ကြီးလာလိမ့်မယ်  လက်ပတ်ရဲ့ တန်ဖိုးက အရမ်းမြင့်တယ်ဆိုတာ မှတ်ထား ဈေးပေါပေါနဲ့ ရောင်းမပစ်နဲ့ဦး အဲဆို ငါ သွားတော့မယ်  ငါတို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှာ ထပ်တွေ့ရင် တွေ့မှာပါ….”

မိုဝူကျီက ယန်ချင်ယင်ကို တံခါးဝ လိုက်ပို့လိုက်ပြီး သူ့ကို လာတွေ့သော ချူဝမ်အာကို တွေ့လိုက်ရ၏။ သင်္ဘောပေါ်တွင် ချူဝမ်အာက သူ့အား တစ်ခါ ကူညီဖူးသည်။ ချန်လောင်တွင်လည်း ချူဝမ်အာက သူ့အား နောက်တစ်ကြိမ် ထပ်ကူညီခဲ့ပြန်သည်။ ချူဝမ်အာသည် မာနကြီးသူ ဖြစ်သည့်အတွက် သာမာန်ကိစ္စနှင့် သူမက သူ့ကို အရင်ဆုံး လာတွေ့လိမ့်မည် မဟုတ်ပေ။

ယခု ချုဝမ်အာ ရောက်လာသည်က သူမအတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကို ဝင်ခွင့်က အရမ်းကို အရေးပါနေလိမ့်မည်။

“မိုဝူကျီက စီနီယာချူကို နှုတ်ဆက်ပါတယ် အထဲ ဝင်ပါဗျ..” မိုဝူကျီက ချူဝမ်အာကို မှတ်မိသော်လည်း သူမဘေးမှ မုတ်ဆိတ်နက် အကြီးအကဲကိုမူ မသိပေ။ သူက ချူဝမ်အာနှင့် အတူတူ လာသောကြောင့် သူမနှင့် ရင်းနှီးသည့် သူသာ ဖြစ်ရမည်။

“ဆေးလုံးသခင်မို ဒါက ကျွန်မ ဆရာပါ ကျွန်မ ရောက်လာတာ အနှောင့်ယှက်များ ဖြစ်သွားလား ကျွန်မက တကယ်တော့….” ချူဝမ်အာက နေရခက်စွာ ပြောလိုက်သော်လည်း ဘာဆက်ပြောရမှန်း မသိချေ။ သူမမျက်လုံးထဲတွင် မိုဝူကျီနှင့် သူမတို့သည် မတူညီသည့် ကမ္ဘာနှစ်ခုမှ ဖြစ်ကာ ထိုကမ္ဘာက ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားချက် ကြီးမားလှ၏။ မိုဝူကျီကို ကူညီသည်က ပုံမှန်သဘာဝကျသော်လည်း အင်မော်တယ်မျာက သေမျိုးထံ ဘယ်လိုလုပ် အကူအညီတောင်းခံရမည်နည်း။ သို့သော်လည်း သူမက သေမျိုး ဖြစ်သော သူအကူအညီ လာရောက်တောင်းခံသော အင်မော်တယ် တစ်ယောက် ဖြစ်နေလေပြီ။ သူမ အနေရ မခက်မှသာ ထူးဆန်းနေလိမ့်မည်။

တစ်ဖက်တွင် မုတ်ဆိတ်နက် အကြီးအကဲက ပုံမှန်အတိုင်း ပြုမူကာ ရယ်မောရင်း ပြောလိုက်သည် “ဆေးလုံးဆရာမို ကျုပ်က ကောင်းကင်ဘုရားကျောင်းရဲ့ ၁၆ ယောက်မြောက် အကြီးအကဲ ကျန့်ယွမ်ဂျီပါ ကျူပ် ချူဝမ်အာရဲ့ ဆရာပါ ကျုပ်တို့ ရောက်လာတဲ့အတွက် အနှောင့်ယှက် မဖြစ်လောက်ဘူးလို့ မျှော်လင့်မိပါတယ်….”

မိုဝူကျီက စိတ်အားထက်သန်စွာ ပြောပြလိုက်သည် “စီနီယာချူက ကျွန်တော့်ကို အရင်က အများကြီး ကူညီပေးခဲ့ပါတယ်  စီနီယာတို့ ရောက်လာတဲ့အတွက် ဝမ်းမြောက်မိပါတယ်  အရင်ထိုင်ပါဦးဗျ….”

ကျန့်ယွမ်ဂျီက ချူဝမ်အာကို ကြည့်လိုက်သော်လည်း ချူဝမ်အာ မျက်လုံးများက သူမဆရာ၏ အကြည့်ကို ရှောင်တိမ်းလိုက်သည်။

ကျန့်ယွမ်ဂျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည် “ဆေးလုံးဆရာမိုက အရမ်းငယ်သေးပေမဲ့ ဆေးလုံး လမ်းစဉ် အပေါ် နားလည်နိုင်စွမ်းက တကယ့်ကို နက်နဲလှပါတယ် အနာဂါတ်က ကန့်သတ်ချက်မဲ့မှာ အသေချာပါပဲ…”

မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီးတော့ “စီနီယာက မြှောက်လွန်းနေပါပြီ ကျွန်တော့ရဲ့ မွေးရာပါ အရည်အချင်းက ကန့်သတ်ထားတယ်ဗျ အဆင့်တက်ဖို့ဆိုတာ တခြားသူတွေထက် တော်တော်ကို ခက်ခဲလွန်းတယ်..”

“ရှင်က တကယ် ဝိညာဉ်လမ်းကြောင်းဖွင့်  အဆင့် လား…” ချူဝမ်အာက နောက်ဆုံးတွင် သူမအကြည့်ကို မိုဝူကျီပေါ်တွင် အာရုံစိုက်ထားလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ သက်ပြင်းချလိုက်ရင်း “ကျွန်တော်က တကယ်ကို ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်ထဲမှာပါ ဒါပေမဲ့ ဒီကနေ့ ကျွန်တော့ရဲ့ အောင်မြင်မှုတွေက ပြင်းထန်လွန်းတဲ့ အားထုတ်မှုကြောင့်ပါ ပြီးတေ့ာ ဘဝမှာ သေခြင်းရှင်ခြင်း အတွေ့အကြုံတွေ မရေတွက်နိုင်အောင် ကြုံတွေ့ခဲ့ရတယ်….”

မိုဝူကျီက ထိုအရာကို ပြောသည့်အခါ စနောက်နေခြင်း မဟုတ်ပေ။ သူ့ကျင့်ကြံဆင့် မြင့်ဖို့ရာ သူက အလွန်ခက်ခဲလှ‌သော ဖြစ်စဉ် ဖြစ်သည့်  ချီသွေးကြော အသစ်ကို ဖောက်ရ၏။ သူသာ သေခြင်းရှင်ခြင်း အတွေ့အကြုံများကြောင့်လို့ ပြောခြင်းကား မမှားပေ။ သူက ချီသွေးကြောအသစ်ဖွင့်ရန် လျှပ်စီးကို ဆက်တိုက်ခံယူရ၏။

ကျန့်ယွမ်ဂျီက သက်ပြင်းမချခင် မိုဝူကျီဆီ ဝှေ့၍ ကြည့်လိုက်သည်။ မိုဝူကျီ အနားတွင် နေနေရင်း သူက ကောင်းကောင်း အကဲဖြတ်လိုက်နိုင်၏။ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်မနေဘဲ သေမျိုးတစ်ယောက်တွင် တွေ့ရသော သေမျိုးအငွေ့အသက်သာ ရှိနေသည်။ ထို့ကြောင့် မိုဝူကျီတွင် အံ့ဩစရာ ကောင်းလှသော လျှပ်စီးဝိညာဉ်ကြော မပြောနှင့် သာမာန် ဝိညာဉ်ကြောပင် မရှိပေ။

နှမြောစရာ ကောင်းချက်….

သူက မိုဝူကျီတွင် ထူးခြားသော ဝိညာဉ်ကြောများ ရှိလားဟု မှန်းဆနေဆဲ ဖြစ်ကာ အကယ်၍ မိုဝူကျီတွင် ရှိနေပါက ဆေးလုံးဆရာ အရည်အချင်းနှင့် တွဲဖက်လိုက်လျှင် ကျန့်ယွမ်ဂျီသည် မိုဝူကျီကို ချူဝမ်အာနှင့်ပင် ဆက်နွယ်ပေးလိမ့်မည်။

မိုဝူကျီတွင် ပုံမှန်ဝိညာဉ်ကြော ရှိနေသောကြောင့် သူက ချူဝမ်အာနှင့် လိုက်ဖက်မည် မဟုတ်ပေ။ သူ့ဆေးလုံးဖော်စပ်ခြင်း အရည်အသွေးကား သူ့၏ မွေးရာပါ ဝိညာဉ်ကြောကြောင့် ဆုံးရှုံးရတော့မည်ကို တွေးကာ နှမြောတသ ဖြစ်နေသည်။

ချူဝမ်အာက တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန့်ယွမ်ဂျီက ပြောလိုက်သည် “ဆေးလုံးသခင်မို ဝမ်အာနဲ့ကျုပ်က ဒီနေ့ ဒီကို ရောက်လာတာက… ”

သူက ထပ်၍ အချိန်မဖြုန်းလိုတော့ပေ။ ကျန့်ယွမ်ဂျီသည် လက်ပတ်အကြောင်း  ချက်ချင်း မေးမြန်းပြီး တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် ဆန္ဒရှိနေလေ၏။

မိုဝူကျီက ချူဝမ်အာ ရောက်လာသည့် အကြောင်းရင်းကို ခန့်မှန်းမိလေ၏။ ကျန့်ယွမ်ဂျီ စကားမဆုံးခင် မိုဝူကျီက လက်ပတ်ကို ချူဝမ်အာဆီ အရင်ပေးလိုက်ပြီး “စီနီယာချူ ကျွန်တော်ကံက အဆိုးကြီး မဟုတ်လို့ နေရာတချို့ ရနိုင်ခဲ့တယ် စီနီယာချုကို တစ်နေရာစာ ပေးပါ့မယ်…”

“ကျေးဇူးတင်ပါတယ် ဆေးလုံးဆရာမို ဒီအတွက် စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက်ပေးရမလဲ ကျွန်မ ပေး…” ချူဝမ်အာက လက်ပတ်ကို လက်ခံလိုက်သည်။ သူမက မေးခွန်းကို ဘယ်လိုပြောဆိုရမလဲ တွေးတောနေစဉ် မိုဝူကျီက သူမကို ကမ်းပေးလိုက်ခြင်း ဖြစ်သောကြောင့် သူမ မျှော်လင့်မထားပေ။

မိုဝူကျီက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး “စီနီယာချူက ကျွန်တော့်ကို အရင်က ကူညီဖူးပါတယ် အဲဒါကြောင့် ဘာမှ ပြန်ပြီး မတောင်းဆိုပါဘူး တကယ်လို့ စီနီယာရဲ့ စိတ်စွမ်းအင် ကျောက်တုံးတွေကို လက်ခံလိုက်ရင် ကျွန်တော့်က ကျေးဇူးမသိတတ်သလို ဖြစ်သွားမှာပေါ့…”

မိုဝူကျီက ပြောလိုက်သောကြောင့် ချူဝမ်အာက စိတ်စွမ်းအင် ကျောက်တုံးများအကြောင်း ထပ်ပြီး မပြောတော့သော်လည်း သူမက ရှက်ရှက်ဖြင့် ကျေးဇူးတင်လိုက်သည်။

ကျန့်ယွမ်ဂျီက သူ့တပည့်အကြောင်း နားလည်ကာ သူမက ဤနေရာတွင် ဆက်မနေချင်မှန်း သိသည်။ ကိစ္စများကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူက မတ်တပ်ရပ်ကာ ပြောလိုက်သည် “ဆေးလုံးဆရာမို ကျုပ်နဲ့ ဝမ်အာက ဒီကို လက်ပတ်ကြောင့် ရောက်လာတာပါ ဆေးလုံးဆရာမိုက စိတ်စွမ်းအင် ကျောက်တုံးတွေ မလိုချင်ဘူးဆိုတော့ တကယ်လို့ နောင်ကျ အခက်အခဲနဲ့ တွေ့ခဲ့ရင် ကျူပ်ကို ကောင်းကင်ဘုရားကျောင်းမှာ လာရှာလို့ ရပါတယ် အခုတော့ ဆေးလုံးဆရာမိုကို ထပ်မနှောင့်ယှက်တော့ဘူး  ကျူပ်တို့ သွားလိုက်ပါဦးမယ်….”

ကျန့်ယွမ်ဂျီနှင့် ချူဝမ်အာတို့ နှုတ်ဆက်ပြီးနောက်တွင် မိုဝူကျီက ခေါင်းကို ခါလိုက်သည်။ အကယ်၍ ကျန့်ယွမ်ဂျီက သူ့ကို အကူအညီပေးရန် ရည်ရွယ်ပါက စကားဖြင့်သာ ပြောသွားမည် မဟုတ်ပေ။ အနည်းဆုံးတော့ မိုဝူကျီအတွက် အမှတ်အသားပြား ထားပေးခဲ့လိမ့်မည်။

သို့သော်လည်း မိုဝူကျီက ကျန့်ယွမ်ဂျီဆီမှ အကူအညီတောင်းရန် မရည်ရွယ်သည့်အတွက် စိတ်ထဲ မထားပေ။

“ဆရာပြောတော့ ဆေးလုံးဆရာမိုကို အကူအညီလိုရင် လာတွေ့ဆိုပြီးတော့ ဘာလို့ အမှတ်အသားပြား မပေးခဲ့တာလဲ..” လမင်းကိူးစင်း ဆေးလုံးအိမ်တော်မှ ထွက်လာပြီးနောက်တွင် ချူဝမ်အာက သူမနဂိုအတိုင်း ပြန်ဖြစ်လာသည်။

ကျန့်ယွမ်ဂျီက မပြောခင် သက်ပြင်းချလိုက်သည် “သူ့ဝိညာဉ်ကြောက တကယ့်ကို အဆင့်နိမ့်ပဲ အဆင့်နိမ့်ထဲမှာတောင် အနိမ့်ဆုံးဖြစ်လောက်တယ်  ဒီလို ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်မြင့်ထဲ ရောက်လာတာကိုက ကံတော်တော် ကောင်းလို့ ဖြစ်ရမယ် ဒါပေမဲ့လည်း ဒါက အဆုံးသတ်ပဲ သူက ကောင်းကင်ဘုရားကျောင်းကို သေချာပေါက် လာမှာ မဟုတ်ဘူး….”

“အဲဆို ဆရာ….” ချူဝမ်အာက သူမဆရာကို ခေါင်းခြောက်စွာ ကြည့်လိုက်သည်။

ကျန့်ယွမ်ဂျီက တည့်တိုးပြောလိုက်သည် “ဒါက စကားသပ်သပ်ပဲလေ တကယ်လို့ သူက ကောင်းကင်ဘုရားကျောင်းကို ရောက်လာရင်တောင် သူ့ကို ကူညီလို့ ဘာရမှာ မလို့လဲ….

သူ့ကျင့်ကြံခြင်း ပါရမီက ဆိုးရွားပေမဲ့ သူက လူသားဆက်ဆံရေး အကြောင်းတော့ နားလည်မှာပါ  ငါတောင် မပြောရသေးဘူး သူက လက်ပတ်ကို ထုတ်ပေးတာသာ ကြည့်… ကျင့်ကြံခြင်းမှာ မျှော်လင့်ချက် နည်းတဲ့ ဆေးလုံးဆရာ ဆိုပေမဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က သူ့ကို လက်ပတ်တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် နေရစီမံဖို့ ခံစားခွင့်ပေးထားတယ် ဒါက သူ့မှာ စွမ်းဆောင်ရည်အချို့ ရှိနေတာကို ဆိုလိုတာပဲ ပုံမှန်ဆိုရင် ငါ့စကားနောက်က ရည်ရွယ်ချက်ကို သူတန်းသိမှာပါ  သူက မင်းအကူအညီကို ပြန်ပေးဖို့ လက်ပတ်ကို ပေးတာ အဲဒါကြောင့် မင်းတို့နှစ်ယောက်ကြားက ကိစ္စက ပြီးပြတ်သွားပြီ…..”

ကျန့်ယွမ်ဂျီက မိုဝူကျီတွင် လက်ပတ် တစ်နေရာစာ နှစ်နေရာစာမျှ ရခြင်း မဟုတ်ကြောင်း မသိပေ။ သူက သူ့လက်ပတ်အားလုံးအပေါ် စီမံခွင့်ရှိသည်။ အကယ်၍ သူသိလျှင် ထိုမျှ အဆောတလို ထွက်လာမည် မဟုတ်ပေ။

“ဒါပေမဲ့ တပည့်ပေးလိုက်တဲ့ အကူအညီနဲ့ သူပြန်ပေးတဲ့ အကူအညီက အဆင့်က အရမ်းကွာလွန်းနေတယ်…” ချူဝမ်အာက အားနာနေဆဲ ဖြစ်သည်။

ကျန့်ယွမ်ဂျီက အားရပါးရ ရယ်မောလိုက်ပြီး “အဲဒါက မင်းအမြင်လေ  အသုံးမဝင်တာတွေ တွေးမနေနဲ့တော့  ငါ့တို့မှာ လက်ပတ်တစ်ခု ရပြီးပြီဆိုပေမဲ့ ဂိုဏ်းကနေ ထပ်ရနိုင်သေးတယ်…”

ကောင်းကင်ဘုရားကျောင်းတွင် အဆင့် ၈၄ ရသော ဆေးလုံးဆရာ တစ်ယောက်ရှိသောကြောင့် လက်ပတ် ၁၇ ခုစာ ရရှိနိင်ဦးမည်။

All Chapters