← Chapters

အရမ်းလောဘမကြီးနဲ့

Vol. 66 Ch. 917

အရမ်းလောဘမကြီးနဲ့

Vol. 66 Ch. 917

ယဉ်ရို့ပင်းသည် အမှန်ပင် ကျန်းရီကို အချို့အရာများ မပြောပြခဲ့ပေ။ ဥပမာအားဖြင့် နတ်ဘုရားဘုံကြောင်းနှင့် ပတ်သတ်သော အကြောင်းများကို ပြည့်ပြည့်စုံစုံ မပြောခဲ့ချေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များသာ သိခွင့်ရှိသည့် လျှို့ဝှက်ချက်များ ရှိပေသည်။

နတ်ဘုရားဘုံကျောင်းက အမှန်ပင် အလွန်အန္တရာယ်များ၏။ အပြစ်ဆေးကြောဒေသကိုဖွင့်ပြီးနောက်  (၂၉)ရက်အကြာအထိ နတ်ဘုရားဘုံကျောင်းထဲရှိ ဝိညာဉ်လေများက အပြင်ဘက်ထက် အဆတစ်ရာ ပိုအားကောင်းနေမည်ဖြစ်သည်။ ထို့ကြောင့် ယင်း(၂၉)ရက်အတွင်း မည်သူမှ နတ်ဘုရားဘုံကျောင်းအတွင်းသို့ ဝင်နိုင်မည် မဟုတ်ပေ။ သို့သော် နောက်ဆုံးရက်တွင်မူ နတ်ဘုရားဘုံကျောင်းအတွင်းရှိ ဝိညာဉ်လေများက အားပျော့သွားပေသည်။ ထို့ကြောင့် လူတိုင်း ချိုင့်ဝှမ်းအတွင်းသို့ စိတ်ကြိုက်နိုင်မည် ဖြစ်သည်။

ချိုင့်ဝှမ်းအတွင်းသို့ ရောက်လျှင် လုံးဝလုံခြုံသွားမည်ဖြစ်သည်။ သို့သော် နတ်ဘုရားဘုံကျောင်းအတွင်းပိုင်းက ပို၍အန္တရာယ်များ၏။ နတ်ဘုရားဘုံကျောင်းအတွင်းသို့ ယခင်က ဝင်ဖူးသည့် မျိုးနွယ်ဝင်များ ပေးသော သတင်းအချက်အလက်များ မရှိလျှင် မည်သူမှ နတ်ဘုရားဘုံကျောင်းအတွင်းသို့ ဝင်ဝံ့ကြမည်မဟုတ်ပေ။

ထိုသတင်းအချက်အလက်များကို မရေမတွက်နိုင်သော စီနီယာ မျိုးနွယ်ဝင်များ၏ အသက်များနှင့် လဲလှယ်ထားရခြင်းပင်။ သူတို့သည် မည်သည့်နေရာက လုံခြုံသည်၊ မည်သည့်နေရာတွင် အစီအရင်များရှိသည်၊ မည်သည့်လမ်းကြောင်းက ပိုလုံခြုံမည်ကို သိကြ၏။ ထို့ပြင် လှည့်ကွက်လေးများကိုလည်း သိထားသည်။ မဟုတ်လျှင် အဘယ်ကြောင့် အဆင့်အတန်းမြင့်သော သခင်လေးများနှင့် သခင်မလေးများက စွန့်စားဝန့်ပါမည်နည်း။

ကျန်းရီသည် အရှေ့သို့ အသည်းအသန် သွားနေ၏။ နေ့တစ်ဝက်ကြာပြီးနောက် သူသည် ဝူနီတို့နှင့် မိုင်သုံးဆယ်သာ ကွာတော့ပေသည်။ ကျန်းရီသည် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားသူ တစ်ယောက်က သူ့ကို တွေ့သွားမည်ကို စိုးရိမ်သဖြင့် ထိုထက်ပို၍ ကပ်မသွားဝံ့တော့ပေ။

“ဘာလို့ သူတို့ ရှေ့ဆက်မသွားကြတာလဲ”

ကျန်းရီသည် မြေအောက်ဂူထဲတွင် နေ့တစ်ဝက်စောင့်နေပြီးနောက် အားလုံးက ဆက်၍ မသွားကြကြောင်း သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ထူးဆန်းသည်ဟု သူ ခံစားနေရပေသည်။ သို့သော် သူ များစွာအရေးမစိုက်ပေ။ သူ၏ရန်သူက မလှုပ်ရှားလျှင် သူလည်း လှုပ်ရှားမည်မဟုတ်ပေ။ သူသည် မြေအောက်ဂူထဲတွင်ပင် ကျင့်ကြံနေလိုက်ပြီး သူတို့ကို နှစ်နာရီလျှင်တစ်ကြိမ် ထောက်လှမ်းနေလိုက်သည်။

တစ်ရက်၊ နှစ်ရက်...

မည်သူမှ မလှုပ်ရှားကြချေ။ သူတို့သည် တောင်တန်းအောက်တွင် ပုန်း‌အောင်းကာ အနားယူနေကြ၏။ နောက်ဆုံးနေ့သို့ ရောက်လာပေပြီ။ ကျန်းရီ ပို၍ပင် အံ့အားသင့်လာ၏။ ထိုလူစုက ဤနေရာသို့ အသည်းအသန်လာခဲ့ခြင်းမှာ ရှုခင်းကြည့်ရန်အတွက်သာလော။

နှစ်နာရီကြာပြီးနောက်...

ကျန်းရီသည် ထုံးစံအတိုင်း ထောက်လှမ်းလိုက်ကြည့်လိုက်ရာ အားလုံး ထွက်သွားပြီဖြစ်ကြောင်း သိရှိလိုက်၏။ ထို့ကြောင့် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ‌တောင်တန်းပေါ်သို့ လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး အာရုံခံလိုက်၏။ အားလုံးက တောင်တန်းပေါ်ကို တက်ကာ တောင်တန်းအလယ်ရှိ ချိုင့်ဝှမ်းသို့ သွားနေကြောင်း သူ သိလိုက်ရလေသည်။

“သေစမ်း...”

ကျန်းရီသည် မြေပေါ်သို့ လျင်မြန်စွာ ပြန်တက်လိုက်ပြီး တောင်တန်းဆီသို့ အမြန်ဆုံးအရှိန်ဖြင့် သွားလိုက်၏။ တောင်တန်းထိပ်တွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း သူမသိပေ။ သို့သော် အားလုံးက ထိုနေရာသို့ သွားနေကြောင်းကိုတော့ သူ သိပေသည်။ ရီချန်က မိုးကြိုးတန်းများကို မထုတ်လွှတ်သလို အစ်မရှင်း၏ နတ်ဘုရားဒိုင်းကလည်း အဝါဖျော့ရောင် ဟုတ်မနေပေ။ ယင်းက တောင်တန်းသည် ယခုအခိုက်တွင် အလွန်လုံခြံနေသည်ဆိုသော အဓိပ္ပာယ်ပင်။

တောင်တန်း၏ အနီးပတ်ဝန်းကျင်တွင်လည်း ဝိညာဉ်လေများ အနည်းငယ်သာ ရှိနေသည်။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် ဝိညာဉ်လေများကို အလွယ်တကူ ရှောင်တိမ်းနိုင်နေပေသည်။ သူသည် အမြန်ဆုံးအရှိန်ဖြင့် သွားနေပြီး တစ်နာရီကြာပြီးနောက် တောင်တန်းအခြေသို့ ရောက်လာလေသည်။ ရီချန်နှင့် အခြားသူများမှာမူ ချိုင့်ဝှမ်းအတွင်းသို့ ရောက်နေလောက်ပေပြီ။

“တောင်တန်းပေါ်မှာ တကယ်ကို ဝိညာဉ်လေနည်းနည်းပဲ ရှိတာပဲ”

ကျန်းရီသည် အာရုံခံကြည့်လိုက်ပြီးနောက် တောင်ထိပ်ရှိ နတ်ဘုရားဘုံကျောင်းဆီသို့ လျင်မြန်စွာ သွားလိုက်လေသည်။ တောင်ပေါ်လမ်းက ကြမ်းတမ်းသဖြင့် မနည်းလျှောက်ရသည်။ အပြစ်ဆေးကြောဒေသအတွင်းရှိ မြေဆွဲအားကလည်း အပြင်ကထက် အဆတစ်ထောင်ပိုများရာ မြေပြင်နှင့် ဝေးလာလေလေ၊ မြေဆွဲအားက ပိုများလာလေလေဖြစ်နေသည်။ ထို့ပြင် အထက်သို့ ရောက်လာသောအခါ တောင်ပေါ်လမ်းမရှိတော့ပေ။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ အံကြိတ်၍သာ မျောက်တစ်ကောင်ကဲ့သို့ တောင်နံရံကို ကုပ်၍ တက်ရလေတော့သည်။

တောင်တန်းအလယ်ရှိ ချိုင့်ဝှမ်းသည် ကျန်းရီနှင့် မိုင်နှစ်ဆယ် ဝေးနေသေး၏။ ကျန်းရီသည် မိုင်နှစ်ဆယ်ကို ဖြတ်ကျော်ရန် အချိန်နှစ်နာရီ သုံးခဲ့ရသည်။ သူသည် ချိုင့်ဝှမ်းအနီးသို့ ရောက်သောအခါ ပုန်းစရာနေရာတစ်နေရာရှာ၍ ပုန်းအောင်းလိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထပ်မံထုတ်လွှတ်လိုက်၏။

“လူတွေအကုန်လုံး ဘယ်ရောက်သွားတာလဲ”

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းနှင့် အာရုံခံပြီးနောက် အံ့အားသင့်သွား၏။ သူသည် ချိုင့်ဝှမ်းအလယ်ရှိ နတ်ဘုရားဘုံကျောင်းကို အာရုံခံကြည့်တော့မှသာ ရှီးဖေး၏ ကိုယ်ရံတော်များက အနောက်ဘက် တံခါးတွင် ရှိနေကြောင်း‌ တွေ့လိုက်ရသည်။

“သူတို့အကုန်လုံး နတ်ဘုရားဘုံကျောင်းထဲကို ဝင်သွားတာလား”

ကျန်းရီ ခေါင်းကိုက်သွား၏။ နတ်ဘုရားဘုံကျောင်းထဲသို့ လူများစွာ ဝင်သွားပေသည်။ ထို့ပြင် ဘုံကျောင်းတွင် တံခါးရှစ်ပေါက် ရှိ၏။ ဝူနီနှင့် ကျီထင်ယွီတို့က မည်သည့်တံခါးက ဝင်သွားခြင်းဖြစ်ကြောင်း မည်သူ သိမည်နည်း။ အကယ်၍ သူသာ ကြုံရာတံခါးတစ်ချပ်က ဝင်သွားလိုက်ပြီး အထဲတွင် ရှီးဖေး သို့မဟုတ် ထူလုံတို့နှင့် တွေ့ပါက သူတို့၏ တိုက်ခိုက်မှုကို ခံရနိုင်ပေသည်။

“ငါ ဝင်ရမလား၊ မဝင်ရဘူးလား”

ကျန်းရီ၏ မျက်လုံးများက အရောင်လက်နေ၏။ တစ်နာရီကြာ စောင့်ပြီးနောက် မည်သည်မှ မဖြစ်ပျက်နေကြောင်း အတည်ပြုပြီးသောအခါ သူ အံကြိတ်လိုက်ပြီး ချိုင့်ဝှမ်းထဲသို့ ပြေးဝင်သွားလိုက်လေသည်။ သူသည် အမြန်ဆုံးအရှိန်ဖြင့် အကြီးဆုံးတံခါးမှနေ၍ ဘုံကျောင်းထဲသို့ ဝင်လိုက်သည်။

တစ်လပြည့်ရန် ဆယ့်လေးနာရီလောက်သာ လိုတော့ပေသည်။ ထို့ကြောင့် သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင်ပင် နာရီအနည်းငယ်လောက်သာ တောင့်ခံရမည်ဖြစ်သည်။ ထိုမျှလောက်က ပြဿနာမရှိနိုင်ပေ။ သူတို့ အပြင်သို့ ခေါ်ထုတ်ခံရသည်နှင့် လူများ အုံးအုံးကျက်ကျက် ဖြစ်သွားမည်ဖြစ်သည်။ သူသာ သူ၏ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ချက်ချင်း ပြောင်းလဲလိုက်လျှင် မည်သူက သူ့ကို မှတ်မိမည်နည်း။

“အန်...”

အနောက်ဘက်တံခါးရှိ ရှီးမျိုးနွယ်မှ ကိုယ်ရံတော်က အသံတစ်သံကို ကြားလိုက်သဖြင့် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်လေသည်။ ကျန်းရီ၏ အရှိန်က အလွန်လျင်မြန်၏။ သူက နတ်ဘုရားဘုံကျောင်း၏ အရှေ့ဘက်တံခါးနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ ထိုကိုယ်ရံတော်က အာရုံခံလိုက်သည့်အချိန်တွင်မူ ကျန်းရီက နတ်ဘုရားဘုံကျောင်းထဲသို့ ရောက်သွားပြီဖြစ်သည်။

ရွှီး...

နတ်ဘုရားဘုံကျောင်းထဲသို့ ရောက်သွားသောအခါ ကျန်းရီ၏ မျက်လုံးများက အဖြူရောင်အလင်း လင်းလက်သွား၏။ သူသည် အပြင်ဘက်နှင့် လုံးဝကွာခြားသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ သူသည် ကြီးမားသော အနက်ရောင်ခန်းမကြီးတစ်ခုထဲသို့ ရောက်နေခြင်းပင်။

ခန်းမကြီးက ‌‌လေးထောင့်ပုံစံရှိ၏။ သူသည် ခန်းမကြီး၏ အဆုံးကို လှမ်းမမြင်နိုင်ပေ။ ဘယ်ညာနံရံများနှင့် ကြမ်းပြင်တွင် အနက်ရောင် လေးထောင့်ကျောက်ပြားများ ရှိ၏။ နံရံတွင် မီးအိမ်များ ချိတ်ဆွဲထားသဖြင့် အလင်းဖျော့ဖျော့ ရနေ၏။ ကျန်းရီသည် သူ၏အမြင်အာရုံက မီတာ(၆၀၀)အကွာအထိသာ မြင်နိုင်နေသဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်ရန် လုပ်လိုက်သည်။ သို့သော် ဤဘုံကျောင်းထဲတွင် ကောင်းကင်စိတ်အာရုံကို သုံး၍မရကြောင်း သူသိလိုက်လေသည်။ သူ၏ ကောင်းကင်စိတ်အာရုံက လုံးဝချိပ်ပိတ်ခံထားရပေသည်။

“ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”

ကျန်းရီသည် စမ်းတဝါးဝါး လျှောက်မသွားဝံ့သဖြင့် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ဤဘုံကျောင်းထဲတွင် အစီအရင်များစွာ ရှိသည်ဟု ယဉ်ရို့ပင်းက ပြောခဲ့သည်။ သူမ အမှန်ပြောခဲ့သည်ဖြစ်စေ၊ လိမ်ခဲ့သည်ဖြစ်စေ ကျန်းရီသည် သတိပိုထားရန် ဆုံးဖြတ်လိုက်ပေသည်။

“အန်...”

ထိုဘုံကျောင်းက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကို မပိတ်ပင်ခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် မီတာရာကျော်အထိ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သွားပြီဖြစ်သည်။ နံရံများပေါ်တွင် အလင်းကန့်သတ်အစီအရင်လှိုင်းဂယက်များ ရှိနေ၏။ အရှေ့မီတာသုံးရာအကွာတွင် သေးငယ်သော ကျောက်ဗီရိုလေးတစ်လုံး ရှိနေသည်။ ထိုဗီရိုပေါ်တွင်လည်း အကန့်အသတ်အစီအရင်လှိုင်းဂယက်မျာ ရှိနေပေသည်။

“သွားစို့...”

ကျန်းရီ အတန်ငယ် စိတ်သက်သာရာရသွား၏။ သူသာ အစီအရင်လှိုင်းဂယက်များကို အာရုံခံနိုင်နေလျှင် လုံခြုံပေလိမ့်မည်။ အစီအရင်လှိုင်းဂယက်များ ရှိနေသော နေရာများကို သူ မထိလျှင် မည်သည့်အန္တရာယ်နှင့်မှ ကြုံရမည် မဟုတ်ပေ။

ကျန်းရီသည် ဖြည်းဖြည်းချင်း အရှေ့သို့ လျှောက်သွားလိုက်ပြီး မီတာသုံးရာအကွာရှိ ကျောက်ဗီရိုလေးအနားသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ သူ့လက်ထဲတွင် အဆင့်နိမ့် လက်နက်တစ်ခု ထွက်ပေါ်လာ၏။ သူသည် ထိုလက်နက်ဖြင့် ကျောက်ဗီရိုလေးကို လှမ်းပစ်လိုက်သည်။

ရွှီး...

ကျောက်ဗီရိုလေးက ရုတ်ခြည်း လင်းလက်လာပြီး ကြောက်မက်ဖွယ် အလင်းတန်းများ ပစ်လွှတ်လိုက်၏။ ထိုအလင်းတန်းများက အခြားတစ်ဘက်ရှိနံရံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ အလင်းတန်းများ၏ အရှိန်က အလွန်လျင်မြန်ပြီး အရှိန်အဝါကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် ကျန်းရီ ဆွံ့အသွား၏။

အစီအရင်များက အမှန်ပင် အလွန်အန္တရာယ်များပေသည်။

ကျန်းရီသည် ပို၍ပင် နှေးကွေးစွာ လျှောက်လိုက်ပြီး ပတ်ဝန်းကျင်အခြေအနေများကို ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် ဂရုတစိုက် မပြတ်အာရုံခံနေလိုက်လေသည်။ သူသည် အစီအရင်လှိုင်းဂယက်ရှိသော မည်သည့်နေရာကိုမှ မထိဝံ့ပေ။ အနားသို့လည်း ကပ်မသွားဝံ့ပေ။

ကျန်းရီ ရှေ့သို့ ဆက်သွားနေ၏။ ဤခန်းမကြီးသည် အလွန်ရှည်လျားသော စင်္ကြံတစ်ခုကဲ့သို့ပင်။ မိုင်ဝက်ခန့် လျှောက်ပြီးသည်ပင် ကျန်းရီသည် အဆုံးကို မတွေ့ရသေးချေ။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိဘဲ ခေါင်းငုံ့၍သာ အရှေ့သို့ ဆက်သွားလိုက်ရသည်။

“အာ... အရှေ့မှာ ကျောက်ရုပ်တုလေးတစ်ခု ရှိနေတာလား”

အရှေ့ရှိ ညာဘက်မှနံရံတွင် နံရံကြားလေးတစ်ခုရှိနေ၏။ ထိုနံရံကြားထဲတွင် သေးငယ်သော ကျောက်ရုပ်တုလေးရှိနေပေသည်။ ကျောက်ရုပ်တုက အစိမ်းရင့်ရောင်ဖြစ်ပြီး ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းကို ဖြာထုတ်နေသည်။ ရုပ်တုသည် သားမွေးဂါဝန် ဝတ်ဆင်ထားသည့် လှပသောမိန်းမပျိုလေးတစ်ယောက်၏ ပုံစံဖြစ်ပြီး အလွန်အနုစိတ်ကာ အသက်ဝင်ပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုရုပ်တုက ရတနာတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

“ငါ အဲ့ဒါကို နေရာရွှေ့လို့မရဘူး။ အဲ့အပေါ်မှာ အစီအရင်တစ်ခု ရှိနေတယ်”

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့သာ ဝင်မထားပါက ထိုကျောက်ရုပ်တုကို ယူနိုင်မည့် နည်းလမ်းကို စဉ်စားမိမည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် ကျောက်ရုပ်တုပေါ်မှ အစီအရင်လှိုင်းဂယက်ကို အာရုံခံနိုင်နေပေသည်။ ထို့ကြောင့် သူ အရမ်းလောဘမကြီးဝံ့ပေ။ သူ ဤဘုံကျောင်းထဲသို့ ဝင်လာခဲ့သည်မှာ ရတနာများရှာရန် မဟုတ်ချေ။ သူသည် ဝူနီနှင့် ကျီထင်ယွီတို့ကို အ‌နှောင့်အယှက်ပေးရန်၊ အခွင့်သာလျှင် ဖမ်းရန် ဘုံကျောင်းထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် ခေတ္တသာ ရပ်ကြည့်လိုက်ပြီး အရှေ့သို့ ဆက်သွားလိုက်သည်။ သူ့နှလုံးသားထဲတွင် နှမြောသည့်ခံစားချက် တစ်ခုမှ ရှိမနေပေ။

မိုင်များစွာ သွားပြီးနောက် ကျန်းရီသည် နောက်ထပ် ကျောက်ရုပ်တုလေးတစ်ခုကို ထပ်မံ တွေ့လိုက်၏။ ထိုရုပ်တုကလည်း အနုစိတ်ကာ အသက်ဝင်ပေသည်။ သို့သော် အစောမှကဲ့သို့ မိန်းမပျိုလေးပုံစံ မဟုတ်ပေ။ ကျန်းရီသည် ထိုရုပ်တုကို ကြည့်ပြီးနောက် အစောတွင် သူ လောဘစိတ် ဝင်မလာခဲ့သည်ကို ဝမ်းသာမိသွား၏။ ထိုကျောက်ရုပ်တု၏ အောက်တွင် အရိုးစုနှစ်စုရှိနေ၏။ အရိုးစုများအပေါ်တွင် အပေါက်ကြီးများ ရှိနေသည်။ သူတို့သည် ရုပ်တုကို သွားယူမိ၍ အလင်းတန်းများ၏ ဖောက်ထွင်းမှုကို ခံခဲ့ရခြင်းဖြစ်ပေမည်။

“ငါ မင်းတို့ကို တစ်ခုတော့ မှာချင်တယ်။ အရမ်းလောဘမကြီးကြပါနဲ့။ အထဲမှာ သိမြင်နားလည်နိုင်တဲ့အရာတွေက မူလရတနာတစ်ခုကို ရတာထက် အများကြီးပိုပြီး တန်ဖိုးရှိတယ်”

ကျန်းရီသည် ဗုဒ္ဓအင်ပါယာ‌ ပြောခဲ့သည့် စကားကို ပြန်တွေးတောပြီးနောက် ပို၍ပင် သတိရှိလာ၏။ ကျန်းရီသည် အရှေ့သို့ တစ်နာရီကြာ ဆက်လျှောက်ပြီးနောက် ကျောက်နံရံများပေါ်ရှိ အရိုးပုတီးစေ့များ၊ ကျောက်လှံတစ်ချောင်းနှင့် သားရည်ချပ်ဝတ်တစ်ထည်တို့ကို တွေ့လိုက်၏။ ထိုရတနာများအားလုံးအပေါ်တွင် အစီအရင်များ ရှိပေသည်။ ထိုရတနာသုံးမျိုး၏ အရှေ့တွင် အရိုးစုများ ရှိနေသည်။ ထို့ကြောင့် သူသည် ရတနာများကို တစ်ချက်သာ ကြည့်လိုက်ပြီး ရှောင်၍ သွားလိုက်လေသည်။ သူ ရတနာများအပေါ် လောဘတက်၍ မဖြစ်ပေ။

“ငါ ထွက်ပေါက်ကို ရောက်လာပြီလား”

အရှေ့တွင် ကြီးမားသော အနက်ရောင်တံခါးကြီးတစ်ချပ် ထွက်ပေါ်လာသည်။ ကျန်းရီသည် ထိုတံခါးပေါ်တွင် မည်သည့်အစီအရင်ကိုမှ အာရုံမခံမိပေ။ ထို့ကြောင့် သူ ချက်ချင်း တံခါးကိုဖွင့်ကာ ဝင်သွားလိုက်သည်။ သူ၏မျက်လုံးများ အဖြူရောင်အလင်း လင်းလက်သွား၏။ ထို့နောက် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ရုတ်ခြည်း ထပ်ဝင်လိုက်သည်။

“အာ... ဒီအခန်းက တော်တော်ကြောက်စရာ ကောင်းတာပဲ”

အခန်းက တောက်ပစွာ လင်းနေသဖြင့် ကျန်းရီ၏ အမြင်အာရုံက အရှေ့ဘက် မီတာများစွာအကွာထိ မြင်နေရပေသည်။ ကျန်းရီသည် တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ကြမ်းပြင်တစ်ခွင်လုံးတွင် ပြည့်နှက်နေသော အရိုးစုများကို တွေ့လိုက်၏။ ထို့ပြင် လူသေအလောင်းဒါဇင်ကျော်လည်း ရှိနေပေသည်။

***

All Chapters