← Chapters

လုပ်ရမည်လော၊ မလုပ်ရမည်လော

Vol. 66 Ch. 918

လုပ်ရမည်လော၊ မလုပ်ရမည်လော

Vol. 66 Ch. 918

ထိုအခန်းကလည်း လေးထောင်ပုံစံဖြစ်ပြီး အခန်းအဆုံးကို လှမ်းမမြင်နိုင်ပေ။ ကျန်းရီသည် ပတ်ပတ်လည်ကို စူးစမ်းကြည့်လိုက်၏။ သူ မည်သည့် အစီအရင်လှိုင်းဂယက်ကိုမှ မတွေ့ပေ။ ထို့ကြောင့် ထိုလူများ မည်သို့ သေသွားသည်ကို သူ မသိနိုင်ဖြစ်နေသည်။

“ဦးခေါင်းခွံတွေပေါ်မှာ အက်ကြောင်းတွေ ရှိနေတာလား။ ဒါပေမဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဘာဒဏ်ရာမှ မရှိဘူးလား။ အဲ့လိုဆို တိုက်ခိုက်မှုက အပေါ်က ကျလာတာများလား”

ကျန်းရီသည် အရိုးစုများ၏ ဦးခေါင်းခွံများပေါ်၌ အက်ကြောင်းများရှိနေသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် သူ ချက်ချင်း အပေါ်ဘက်သို့ အာရုံခံလိုက်သည်။ ထင်ထားသလိုပင် မျက်နှာကြက်ရှိ ကျောက်ပြားများတွင် အစီအရင်လှိုင်းဂယက်များ ရှိနေပေသည်။

မျက်နှာကြက်ကိုလည်း အနက်ရောင် လေးထောင့်ကျောက်ပြားများဖြင့် ပြုလုပ်ထားခြင်းပင်။ ကျန်းရီသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်နှာကြက်ရှိ အစီအရင်လှိုင်းဂယက်ရှိသော ဧရာမကျောက်ပြားကြီးကို လက်နက်လေးတစ်ခုဖြင့် လှမ်းပစ်လိုက်သည်။

ရွှစ်...ရွှစ်...

မှန်လှ၏။

အထက်ရှိ ကျောက်ပြားက လင်းလက်လာပြီး အဖြူရောင် မိုးကြိုးတန်းများကို ပစ်လွှတ်လိုက်သည်။ ထိုမိုးကြိုးတန်းများက‌ အောက်ဘက်ရှိ ကျောက်ပြားများအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။ အရှိန်က အလွန်မြန်လှသဖြင့် ကျန်းရီသည် အဖြူရောင်အလင်းများကိုသာ မြင်လိုက်ရလေသည်။

ကျန်းရီသည် အခြားလက်နက်များ ထပ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ကျောက်ပြားများကို ပစ်လိုက်၏။ သူ တစ်စုံတစ်ခုကို သက်သေပြနိုင်လိုက်ပေပြီ။ မျက်နှာကြက်ရှိ အစီအရင်လှိုင်းဂယက်ရှိသော ကျောက်ပြားများအောက်ဘက်ရှိ ကြမ်းပြင်ကျောက်ပြားများကို နင်းမိလျှင် အထက်မှနေ၍ မိုးကြိုးတန်းများ ကျဆင်းလာမည်ဖြစ်သည်။ ထိုမိုးကြိုးတန်းများ၏ စွမ်းအားက ကောင်းကင်ကိုးဘုံ၏ နတ်မိုးကြိုးနှင့် ယှဉ်နိုင်ပေသည်။

“သွားစို့...”

ကျန်းရီသည် အကြိမ်အနည်းငယ်ထပ်၍ စမ်းသပ်ပြီးနောက် ယုံကြည်မှုရှိလာ၏။ သူ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း သံနက်ချပ်ဝတ် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ခြေလှမ်းတိုင်းကို ဂရုစိုက်၍ အရှေ့သို့ ဆက်သွားလိုက်လေသည်။

လုံခြုံ၏။

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ကျားကစားသကဲ့သို့ ကြမ်းပြင်ကျောက်ပြားများကို ဟိုတစ်ကွက်၊ ဒီတစ်ကွက် ခုန်ကူးနေသည်။ မီတာသုံးရာ သွားပြီးနောက် သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး နတ်ဘုရားဘုံကျောင်းအတွင်းရှိ အစီအရင်များက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးလိုက်လေသည်။ အကယ်၍ သူသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်မထားလျှင် သူမည်သို့သေသွားမှန်းပင် သူ သိလိုက်မည် မဟုတ်ပေ။

ဘုံကျောင်းအတွင်းရှိ အစီအရင်များက အလွန်ပိရိပြီး အစီအရင်လှိုင်းဂယက် အနည်းငယ် ထုတ်လွှတ်ပေသည်။ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံ မရှိသည့်သူဆိုလျှင် ထိုလှိုင်းဂယက်များကို မည်သို့မှ အာရုံခံနိုင်မည် မဟုတ်ချေ။ ထိုသို့အာရုံမခံနိုင်ဘဲ စမ်းတဝါးဝါးဖြင့် လျှောက်သွားပါက သေချာပေါက် ကြမ်းပြင်ပေါ်ရှိ အရိုးစုများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

ကျန်းရီသည် ရှေ့ဆက်သွားရင်း ဘေးနံရံနှစ်ဘက်ရှိ ရတနာများစွာကို သတိပြုမိခဲ့သည်။ ရတနာများမှာ သားရဲသွားလက်ပတ်၊ သင်္ကေတပုံသဏ္ဌာန်များနှင့် တောက်ပနေသော မိစ္ဆာသားရဲဦးချို၊ သင်္ကေတပုံသဏ္ဌာန်များနှင့် တောက်ပနေသော မိစ္ဆာသားရဲအရိုး၊ သစ်သားဖြင့် ပြုလုပ်ထားသော ထူးဆန်းသည့်ရတနာများ စသည်ဖြင့် အမျိုးစုံလှပေသည်။

ထိုရတနာများ၏ တစ်ခုတည်းသော တူညီမှုမှာ အစီအရင်လှိုင်းဂယက်များ ရှိနေခြင်းပင်။ ကျန်းရီသည် အကြိမ်များစွာ လိုချင်စိတ်ဖြစ်ခဲ့၏။ သို့သော် သူ ၎င်းတို့ကို မထိဝံ့ချေ။ နတ်ဘုရားဘုံကျောင်းထဲရှိ အစီအရင်များက အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ရတနာများက ကောင်းမွန်သော်လည်း အသက်ကိုရင်းရလောက်အောင်အထိ အဖိုးမတန်ပေ။

“ငါ ဒီထဲကို ဝင်လာတာ ရတနာရှာရအောင် မဟုတ်ဘူး။ ဝူနီနဲ့ ကျီထင်ယွီကို ဖမ်းဖို့ပဲ”

ကျန်းရီသည် သူ့ကိုယ်သူ ထပ်မံသတိပေးလိုက်ပြီး သူ၏ လိုချင်တပ်မက်စိတ်များကို ဖိနှိပ်မျိုသိပ်ကာ အရှေ့သို့ ဆက်သွားလိုက်လေသည်။ တစ်နာရီကြာပြီးနောက် သူသည် အခန်း၏ အဆုံးသို့ ရောက်လာ၏။ အရှေ့တွင် အနက်ရောင်ကျောက်တံခါးကြီး ထွက်ပေါ်လာသည်။

“ဝင်မယ်...”

ကျန်းရီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်တံခါးအတွင်းသို့ ထပ်ဝင်လိုက်၏။ သူသည် အဖြူရောင်အလင်းကို မြင်လိုက်ရပြီးနောက် ချက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ‌နေရာမှ မရွေ့ဘဲ အခန်း၏ အခြေအနေကို စူးစမ်းလိုက်သည်။

“အန်... တစ်ယောက်ယောက် ရှိနေတာလား”

အရှေ့ဘက် ကြမ်းပြင်တွင် ခပ်ဖျော့ဖျော့ တုန်ခါမှုတစ်ခုရှိနေကြောင်း ကျန်းရီ အာရုံခံမိလိုက်သည်။ ဤအခန်းက ပထမဆုံးအခန်းထက်ပင် မှောင်ပေသည်။ အရှေ့မှ လူများက ပိုဝေးသွားပြီဖြစ်၍ သူ ဆက်၍ အာရုံမခံနိုင်တော့ပေ။ သူသည် ထိုလူများကို ထောက်လှမ်းရန် အလျင်မလိုချေ။ ရှေးဦးစွာ ပတ်ဝန်းကျင်က အန္တရာယ်ရှိ၊ မရှိ စူးစမ်းရမည်ဖြစ်သည်။

ဤအခန်းကြီးကလည်း အလွန်အန္တရာယ်များ၏။ အန္တရာယ်က ကြမ်းပြင်ရှိ ကျောက်ပြားကြီးများတွင် ဖြစ်သည်။ ကျန်းရီသည် ကြမ်းပြင်မှ ကျောက်ပြားကြီးတစ်ပြားပေါ်တွင် လှိုင်းဂယက်အနည်းငယ်ကို အာရုံခံမိလိုက်၏။ ထုံးစံအတိုင်း သူသည် အဆင့်နိမ့် လက်နက်တစ်ခု ထုတ်လိုက်ပြီး အရှေ့ရှိ ထိုကျောက်ပြားကို ပစ်လိုက်လေသည်။

ဟုန်း...

ကျောက်ပြားကြီးက ချက်ချင်း လင်းလက်သွားပြီး အနက်ရောင်မီးတောက်များ ထုတ်လွှတ်လိုက်လေသည်။ ပတ်ဝန်းကျင် အပူချိန်က ရုတ်ခြည်း မြင့်တက်လာ၏။ မီးတောက်များသည် (၁၂)မီတာအမြင့်အထိ ထိုးတက်သွားပြီး အတန်ကြာသောအခါ ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွားလေသည်။

“မီးတောက်တွေလား...”

ကျန်းရီ ပြုံးလိုက်၏။ မီးတောက်များက သူ မကြောက်ဆုံးအရာများ ဖြစ်သည်။ သို့သော် ထိုမီးတောက်များ၏ အဆင့်ကို သူမသိသဖြင့် ၎င်းတို့ကို မဆင်မခြင်တော့ သွားမကိုင်ဝံ့၊ မစုဆောင်းဝံ့ပေ။ သူ မျက်လုံးများမှိတ်လိုက်ပြီး ယခင်ကအတိုင်း ခုန်၍ သွားလိုက်သည်။

ကျန်းရီသည် အရှေ့သို့ ရောက်လာသောအခါ အရှေ့ရှိ အခြေအနေကို အာရုံခံလိုက်၏။ အစောတွင် သူသည် အ‌ရှေ့ရှိ ကြမ်းပြင်တုန်ခါမှုကို အာရုံခံမိခဲ့သဖြင့် အရှေ့တွင် တစ်ယောက်ယောက် ရှိနေနိုင်ပေသည်။ ထို့ကြောင့် သူ သတိထားရန် လိုသည်။ အရှေ့တွင် လူတစ်စု ရှိနေလျှင် မည်သို့ လုပ်မည်နည်း။ ထိုလူများက ရှီးဖေးနှင့် ကျန့်ဝူယင်းတို့ဖြစ်နေလျှင် မည်သို့ဖြစ်မည်နည်း။

ကျန်းရီသည် ခေတ္တမျှ သွားပြီးနောက် အရှေ့တွင် တုန်ခါမှုများ မရှိတော့ကြောင်း သတိပြုမိလိုက်၏။ အရှေ့မှ လူများက သူ့ထက်ပိုမြန်စွာ သွားနေကြောင်း ထင်ရှားပေသည်။ ကျန်းရီ အံကြိတ်လိုက်ပြီး အရှိန်တင်လိုက်လေသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် သူသည် အရှေ့ရှိ ကြမ်းပြင်တုန်ခါမှုကို ထပ်မံအာရုံခံမိလိုက်၏။

“ထင်တဲ့အတိုင်း လူတွေ ရှိနေတာပဲ။ ရှစ်ယောက်လား... အဲ့ဒါ ကျန့်ဝူယင်းပဲ”

ကျန်းရီသည် ခေတ္တမျှ လိုက်ပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကို သုံးကာ အရှေ့ရှိ လူများကို အာရုံခံလိုက်နိုင်လေသည်။ သူ အတန်ငယ် သံသယဖြစ်သွား၏။ ကျန့်ဝူယင်းသည် ဝူနီနှင့်အတူ သွားနေသည် မဟုတ်လော။ သူတို့သည် လူဒါဇင်ကျော် ခေါ်လာခဲ့သည် မဟုတ်လော။ အဘယ်ကြောင့် ယခုတွင် လူရှစ်ယောက်သာ ကျန်ရတော့သနည်း။

ကျန့်ဝူယင်းတို့အုပ်စုသည် သူတို့နောက်မှ လူတစ်ယောက်လိုက်လာသည်ကို သတိမပြုမိကြပေ။ သူတို့ထဲမှ ငါးယောက်က လက်နက်များကို အဆက်မပြတ်ပစ်နေပြီး မည်သည့် ကျောက်ပြားက ဘေးကင်းသည်၊ မည်သည့် ကျောက်ပြားက အန္တရာယ်ရှိသည်ကို ခွဲခြားနေကြသည်။ ထို့ကြောင့် သူတို့ အရှေ့သို့ လျင်မြန်စွာ သွားနိုင်နေခြင်းပင်။ သူတို့သည် နံရံများပေါ်ရှိ ရတနာများကိုလည်း အရိုးရှင်းဆုံး နည်းလမ်းဖြင့် စစ်ဆေးနေကြသည်။

ကျန်းရီသည် အနားသို့ အရမ်းကပ်မသွားဝင်ပေ။ သူနှင့် ကျန့်ဝူယင်းကြားတွင် နက်ရှိုင်းသော ရန်ငြိုးများ မရှိချေ။ အကယ်၍ အရှေ့မှလူက ရှီးဖေးသာဖြစ်နေပါက သူသည် သေချာပေါက် သတ်ဖြတ်ရန် နည်းလမ်းရှာမည်ဖြစ်သည်။ ကျန့်ဝူယင်းဘေးတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ရှစ်ပါးလည်း ရှိနေသဖြင့် သူ မဆင်မခြင် မလုပ်ဝံ့ခြင်းလည်းဖြစ်သည်။

“ဟီးဟီး... သခင်လေး... အရှေ့က အရိုးလည်ဆွဲပေါ်က အစီအရင်က ပျောက်သွားပါပြီ။ ကျွန်တော်တို့ အခု အဲ့ဒါကို ယူလို့ရပြီ”

လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။ ကျန်းရီက ချက်ချင်းပင် အရှေ့သို့ အာရုံခံလိုက်သည်။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက နံရံဆီသို့ ပျံသွားပြီး အရိုးလည်ဆွဲတစ်ခုကို ယူလိုက်သည်ကို သူ တွေ့လိုက်ရ၏။ ကျန့်ဝူယင်းက ကျေနပ်စွာ လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ရှေ့ကို ဆက်သွားမယ်။ အချိန် သိပ်မကျန်တော့ဘူး။ ငါတို့ ကောင်းကင်ဘုရင်နန်းတော်ထဲကို ဝင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ ကောလာဟလတွေက ပြောကြတာတော့ ကောင်းကင်ဘုရင်နန်းတော်မှာ ရှေးခေတ်စစ်သူကြီးတစ်ယောက် ပြုလုပ်ထားတဲ့ တာအိုပုံသဏ္ဌာန်တွေ ပါတဲ့ ရှေးဟောင်းအသုံးအဆောင်တွေ ရှိတယ်တဲ့။ ဒီအရိုးလည်ဆွဲမှာ ဘာတာအိုပုံသဏ္ဌာန်မှ မပါဘူး။ ဒါရဲ့ စွမ်းအားက အလွန်ဆုံးမှ အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေနဲ့ပဲ ယှဉ်လို့ရလောက်တယ်။ ဒါက အဖိုးမတန်ဘူး”

“သွားကြစို့...”

ကျန့်ဝူယင်းတို့လူစုက အရှေ့သို့ လျင်မြန်စွာ ဆက်သွားလိုက်၏။ ကျန်းရီသည် ရွေးချယ်စရာ မရှိသဖြင့် သူတို့နောက်မှ လိုက်သွားလိုက်ရသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန့်ဝူယင်းတို့ ရပ်တန့်လိုက်၏။ ထို့နောက် အသံဩဩတစ်သံ ပဲ့တင်ထပ်လာလေသည်။

“အရှေ့က သခင်လေးနီလား”

“ဟားဟားဟား...”

ပဲ့တင်ထပ်လာသော အသံကြောင့် ကျန်းရီ၏ မွေးညင်းများ ထောင်သွားသည်။

“သခင်လေးဝူယင်း... ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ။ ဘယ်လိုလဲ... ရတနာတွေ ရခဲ့လား”

“ဝူနီ...”

ကျန်းရီသည် သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို အကောင်းဆုံးကြိုးစားကာ ဖိနှိပ်ထား၏။ သို့သော် သူ့ခန္ဓာကိုယ်ကမူ အလိုလို တုန်ယင်နေပေသည်။ သူသည် ထောင့်တစ်နေရာတွင် ပုန်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ ဝူနီဘက်မှ ခြေသံများကို နားထောင်ရသလောက် ထိုနေရာတွင် အနည်းဆုံး လူအယောက်နှစ်ဆယ် ရှိနိုင်ပေသည်။

“ဟုတ်တိပတ်တိ မရသေးပါဘူး။ အသုံးမဝင်တဲ့ အဆင့်နိမ့် ရှေးဟောင်းအသုံးအဆောင်လေးတွေပဲ ရပါသေးတယ်”

ကျန့်ဝူယင်း၏အသံ ပဲ့တင်ထွက်လာသည်။

“အတူတူသွားကြတာပေါ့။ အဲ့ဒါက ပိုလုံခြုံလောက်မယ်။ တည်နေရာပြောင်းရွှေ့အစီအရင်က ကျွန်တော်တို့ကို ထပ်ခွဲပစ်ဦးမလားဆိုတာ ကြည့်ကြတာပေါ့။ ဒီသောက်နေရာကတော့...”

ကျန့်ဝူယင်း၊ ဝူနီနှင့် အခြားသူများသည် အမှန်ပင် အတူတူသွားလိုက်ကြ၏။ သူတို့၏ ခြေလှမ်းများက တဖြည်းဖြည်း ဝေးသွားလေသည်။ ကျန်းရီ အံကြိတ်လိုက်ပြီး အရှိန်တင်ကာ နောက်မှလိုက်သွားလိုက်၏။ အလစ်ဝင်တိုက်ကာ အားလုံးကို သတ်ပစ်ပြီး ဝူနီကို ဖမ်းနိုင်မည့် အခွင့်အရေးတစ်ခု ရှိမည်လော။

“ကျီထင်ယွီလည်း ရှိနေတယ်”

ကျန်းရီသည် လျင်မြန်စွာ မီလာပြီး ဝူနီ၏ဘေးရှိ အဝါရောင်ဝတ်စုံနှင့် မိန်းမတစ်ယောက်ကို အာရုံခံမိလိုက်သည်။ သူတို့အုပ်စု၏ အရေအတွက်မှာ အယောက်သုံးဆယ်ကျော်လောက်ရှိ၏။ ကျီထင်ယွီ၊ ဝူနီနှင့် ကျန့်ဝူယင်းတို့မှလွဲ၍ ကျန်လူများက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။

ကျန်းရီ၏ ခြေလှမ်းများက အလွန်ပေါ့ပါးနေ၏။ သူသည် ဝူနီတို့ သူ့ကို သတိပြုမိသွားမည်စိုး၍ မဆင်မခြင် မထောက်လှမ်းဝံ့ပေ။

“လုပ်ရမှာလား... မလုပ်ရဘူးလား”

ကျန်းရီ၏ ရင်ထဲတွင် ဒွိဟဖြစ်နေ၏။ အကယ်၍ သူသာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို သုံးလိုက်လျှင် ထိုလူတစ်ဝက်လောက်ကို ရှင်းပစ်နိုင်လောက်သည်။ ပြီးနောက်တွင် သူသည် ဝိညာဉ်ဓားများကို သုံး၍ ကျန်တစ်ဝက်ကို ရှင်းပစ်နိုင်သည်။ သို့ဆိုလျှင် သူ ဝူနီနှင့် ကျီထင်ယွီတို့ကို အလွယ်တကူ ဖမ်းနိုင်ပေလိမ့်မည်။ သို့သော် ထိုလူများထံတွင် သူ၏ဝိညာဉ်ဓားများကို ကာနိုင်သည့် စိတ်ဝိညာဉ်ကာကွယ်ရတနာများ ရှိနေပါက သူသည် အားလုံး၏ ဝိုင်းတိုက်ခိုက်မှုကို ခံရကာ မရှုမလှ သေရပေလိမ့်မည်။

“စွန့်စားမယ်...”

ကျန်းရီသည် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာချလိုက်၏။ ဤအခန်းသည် မီးတောက်များနှင့် ပြည့်နှက်နေသဖြင့် သူ့အတွက် အားသာပေသည်။ အကယ်၍ သူသာ ယခုမလှုပ်ရှားလျှင် နောက်တွင် အခွင့်အရေးရနိုင်မည် မဟုတ်ချေ။

“အာ...”

ကျန်းရီသည် စိတ်ဖိစီးလွန်း၍ သွေးပင်အန်သွား၏။ အရှေ့မှ လူများက တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားပေပြီ။ သူ ချက်ချင်းပင် အရှေ့သို့ ထောက်လှမ်းလိုက်ရာ အခန်းအဆုံးကို တွေ့လိုက်ရသေလည်။ ဝူနီ၊ ကျန့်ဝူယင်းနှင့် အခြားသူများက တံခါးကြီးတစ်ခုအတွင်းဝင်ကာ ဤအခန်းအတွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

“လိုက်မယ်...”

အားလုံးက ကျောက်တံခါးထဲ ဝင်သွားသောအခါ ကျန်းရီသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ သွက်လက်စွာ ပျံသန်းသွားလိုက်လေသည်။ သူသည် လှုပ်ရှားရန် ဆုံးဖြတ်ပြီးပြီဖြစ်၍ များစွာတွေးတောနေတော့မည် မဟုတ်ပေ။

***

All Chapters