← Chapters

ဝိညာဉ်လေခန်းမ

Vol. 66 Ch. 919

ဝိညာဉ်လေခန်းမ

Vol. 66 Ch. 919

“လူတွေအကုန် ဘယ်ရောက်သွားတာလဲ”

ကျန်းရီ၏ မျက်လုံးများက အဖြူရောင်အလင်း လက်သွား၏။ သူ အခန်းအသစ်သို့ ရောက်လာပေပြီ။ သို့သော် သူသည် ဝူနီနှင့် အခြားသူများကို မတွေ့တော့သဖြင့် အလွန်အံ့အားသင့်သွားသည်။ သူတို့သည် တူညီသော ကျောက်တံခါးမှ ဝင်လာခြင်းပင်။ သို့သော် အဘယ်ကြောင့် သူ့အရှေ့တွင် မည်သူမှ မရှိနေသနည်း။

ကျန်းရီသည် အရှေ့သို့ ထောက်လှမ်းရန် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ချက်ချင်းဝင်လိုက်၏။ သို့သော် သူ တုန်လှုပ်ကာ ကြက်သီးများ ထသွားလေသည်။ အဘယ်ကြော့်ဆိုသော် သူသည် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ဝိညာဉ်လေများကို အာရုံခံမိလိုက်၍ပင်။ ဤအခန်းထဲတွင် ဝိညာဉ်လေများက တုန်လှုပ်ဖွယ်ကောင်းလောက်အောင် သိပ်သည်းနေပေသည်။ ဤအခန်းထဲမှ ဝိညာဉ်လေများက အပြင်ဘက်မှ ဝိညာဉ်လေများထက် အနည်းဆုံး အဆတစ်ရာပို၍ သိပ်သည်းလောက်၏။ အကယ်၍ သူသာ အနည်းငယ် လှုပ်ရှားမိပါက ဝိညာဉ်လေများ ချက်ချင်း နိုးထလာမည်ဖြစ်သည်။ သူ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လိုက်လျှင်ပင် သေဆုံးသွားဦးမည်သာ။

“အာ... တစ်ယောက်ယောက် ရှိနေသေးတာလား။ ဝူနီတို့လား...”

ကျန်းရီသည် အရှေ့သို့ အာရုံခံပြီးနောက် မီတာ(၆၀၀)အကွာရှိ လူနှစ်ယောက်ကို တွေ့လိုက်၏။ ထိုနှစ်ယောက်သည် ကျောက်ရုပ်တုများကဲ့သို့ မလှုပ်မယှက်ရပ်နေကြပြီး တစ်လက်မပင် မရွေ့ဝံ့ဖြစ်နေကြသည်။ ကျန်းရီ ဂရုတစိုက် အာရုံခံလိုက်၏။ ထိုနှစ်ယောက်ကို သူသိ၏။ သူတို့သည် ဝူနီ၊ ကျန့်ဝူယင်းနှင့် အခြားသူများ မဟုတ်ဘဲ ယဉ်ရို့ပင်းနှင့် သူမ၏ကိုယ်ရံတော်တစ်ယောက် ဖြစ်ပေသည်။ အစ်မရှင်း၊ ရီချန်နှင့် လင်းချီကျန့်တို့တော့ ထိုနေရာတွင် ရှိမနေပေ။

သိမ်မွေ့သော မွှေးရနံ့တစ်ခု ရောက်ရှိလာပြီး ယဉ်ရို့ပင်း၏ အံ့အားသင့်သော အသံလေး ပဲ့တင်ထပ်လာလေသည်။

“သခင်လေးပိုင်ရီလား... သခင်လေးက ဘာလို့ ဒီမှာရှိနေရတာလဲ”

“အာ...”

ကျန်းရီသည် မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး အမှောင်ထဲရှိ ခပ်ရေးရေး လူရိပ်ကို စိတ်ဝင်တစား ကြည့်လိုက်လေသည်။ ဤနေရာသည် ကောင်းကင်စိတ်အာရုံများကို ကန့်သတ်ထား၏။ ထို့ပြင် ယဉ်ရို့ပင်းက သူ့ကို ကျောခိုင်းထားသည်။ သူမသည် အဘယ်သို့ သူရောက်လာသည်ကို သိသွားသနည်း။

“မွှေးရနံ့... ဟုတ်တယ်”

ကျန်းရီသည် အစောမှ ရလိုက်သော မွှေးရနံ့ကို တွေးမိသောအခါ သဘော‌ပေါက်သွားလေသည်။ ယင်းက နံ့သာသခင်မျိုးနွယ်၏ အထူးစွမ်းရည်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ ပုံမှန်အတိုင်း ပြန်ရှင်းပြလိုက်သည်။

“သခင်မလေးယဉ်... ဒီနေရာက ဘယ်နေရာပါလဲ။ ကျွန်တော်လည်း ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာကို မသိပါဘူး။ ကျွန်တော် လမ်းလျှောက်နေရင်း ဒီနေရာကို ရောက်လာတာပဲ။ ဒီနေရာက အရမ်းအန္တရာယ်များတဲ့ပုံပဲ။ ကျွန်တော်သာ လှုပ်ရှားလိုက်ရင် သေသွားလိမ့်မယ်လို့ ခံစားနေရတယ်”

‘သူက နတ်ဘုရားဘုံကျောင်းထဲ မှားပြီးဝင်လာမိတာလား’

ယဉ်ရို့ပင်း၏ လှပသော မျက်လုံးလေးများထဲတွင် သံသယအရိပ်အယောင်များ လက်သွားလေသည်။ နတ်ဘုရားဘုံကျောင်းထဲသို့ ယနေ့တစ်ရက် ဝင်နိုင်သည် မဟုတ်ပါလား။ ကျန်းရီ၏ ကံက ထိုမျှပင် ‌ကောင်းသည်လော။ သို့သော် သူမတို့အားလုံး မလှုပ်ရှားနိုင်သဖြင့် အပြင်သို့ ပြန်ခေါ်ထုတ်ခံရမည့် အချိန်ကို စောင့်နေရုံသာ ရှိတော့သည်။ ထို့ကြောင့် သူမသည် များစွာတွေးတောမနေတော့ဘဲ ခါးသက်သက်ပြုံး၍ ရှင်းပြလိုက်လေသည်။

“သခင်လေးရဲ့ ခံစားချက်က မှန်ပါတယ်။ ဒါက ဝိညာဉ်လေခန်းမပါ။ ကျွန်မတို့က တော်တော်ကံဆိုးတာပဲ... ဒီအခန်းထဲက ဝိညာဉ်လေတွေက အပြင်ဘက်ထက် အဆရာချီ၊ ထောင်ချီ ပိုသိပ်သည်းပါတယ်။ တစ်ချက် လှုပ်လိုက်တာနဲ့ ဝိညာဉ်လေတွေ နိုးထလာပြီး သခင်လေးကို သတ်ပစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်မတို့ နောက်နာရီအနည်းငယ်လောက် ဒီလိုပဲ မလှုပ်မယှက် ရပ်နေရမှာပါပဲ”

“ဝိညာဉ်လေခန်းမလား”

ကျန်းရီ နှုတ်ခမ်းတွန့်သွား၏။ သူ ဤအခန်းထဲသို့ ရောက်ရောက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သဖြင့် တော်သေးပေသည်။ မဟုတ်ဘဲ အစောကလိုသာ သူ လှုပ်ရှားလိုက်လျှင် သေသွားနိုင်ပေသည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး မေးလိုက်၏။

“သခင်မလေးယဉ်... အစ်မရှင်နဲ့ တခြားသူတွေကရော ဘယ်မှာပါလဲ။ သခင်မလေးရီလည်း သခင်မလေးတို့နဲ့ အတူတူသွားတာ မဟုတ်ဘူးလား။ ဟုတ်သား... အစောက ကျွန်တော့်ရှေ့က လူတစ်စု ဒီခန်းမထဲကို ဝင်သွားတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ဘာလို့ သူတို့ကို အခု မတွေ့ရတာလဲ”

ယဉ်ရို့ပင်းက ရှင်းပြလိုက်၏။

“နတ်ဘုရားဘုံကျောင်းထဲမှာ ခန်းမကျယ်ကြီးတွေ အများကြီးရှိတယ်။ ခန်းမတိုင်းမှာ မတူတဲ့ ရတနာတွေနဲ့ မတူတဲ့ အန္တရာယ်တွေရှိတယ်။ ဒီတံခါးတွေက လူတွေကို ကျပန်း တည်နေရာပြောင်းရွှေ့ပစ်တာပဲ။ အစ်မချန်နဲ့ အစ်မရှင်းတို့ ဘယ်ကို တည်နေရာပြောင်းရွှေ့ခံလိုက်ရတလည်းဆိုတာ ကျွန်မ မသိဘူး။ တော်ပြီ... စကားပြောမနေနဲ့တော့။ လှုပ်လည်းမလှုပ်နဲ့။ မဟုတ်ရင် ဝိညာဉ်လေတွေ နိုးထလာပြီး သခင်လေးကို သတ်သွားလိမ့်မယ်”

ယဉ်ရို့ပင်းသည် ကျန်းရီ လှုပ်ရှားလိုက်လျှင် ဝိညာဉ်လေများက သူမကိုပါ အန္တရာယ်ပြုမည်ကို စိုးရိမ်နေလေသည်။ သူမက မျက်လုံးများ ပိတ်လိုက်ပြီး ကျောက်ရုပ်တုတစ်ရုပ်ကဲ့သို့ တိတ်တဆိတ်ရပ်‌နေလိုက်သည်။

ကျန်းရီသည် အခြေအနေကို နားလည်သွားပြီး နောင်တရသွားလေသည်။ အကယ်၍ သူသည် ထိုအကြောင်းကို စောစောက သိခဲ့ပါက ဝူနီတို့ကို တွေ့သည်နှင့် ချက်ချင်း လှုပ်ရှားလိုက်မည်ဖြစ်သည်။ သို့သော် သူသည် အခွင့်အရေးတစ်ခုကို ဖြုန်းတီးမိသွားပေပြီ။

ကျန်းရီသည် ဝူနီနှင့် ကျီထင်ယွီတို့ကိုသာ မတွေ့ခဲ့လျှင် မည်သည်ကိုမှ လုပ်လိုမည် မဟုတ်ဘဲ အချိန်ကုန်သွားပြီး အပြင်သို့ ပြန်ခေါ်ထုတ်ခံရသည်ကို စောင့်နေမည်ဖြစ်သည်။ အစောတွင် သူ အခွင့်အရေးတစ်ခု ရခဲ့၏။ သို့သော် သူ တုံ့ဆိုင်းခဲ့သဖြင့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်လိုက်ရပေသည်။ ထို့ကြောင့် သူသည် ဤကံကြမ္မာကို လက်မခံနိုင် ဖြစ်နေပေသည်။

ဤနတ်ဘုရားဘုံကျောင်းတွင် ခန်းမများစွာရှိကြောင်း၊ တံခါးများက လူများကို ကျပန်း တည်နေရာပြောင်း‌ရွှေ့ပစ်ကြောင်း ပြောခဲ့၏။ ယဉ်ရို့ပင်းသည် ကိုယ်ရံတော်ဆယ်ယောက် ခေါ်လာခဲ့သော်လည်း ယခုတွင် သူမတို့နှစ်ယောက်သာ ရှိပေတော့သည်။ အကယ်၍ သူသာ ဝိညာဉ်လေခန်းမမှ ထွက်နိုင်လျှင် ယဉ်ရို့ပင်းတို့ကဲ့သို့ လူစုကွဲ ကျန်ခဲ့သော ဝူနီ သို့မဟုတ် ကျီထင်ယွီကို တွေ့နိုင်လောက်သည်။ သူသည် ထိုကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွှတ်နိုင်မည်နည်း။

‘အာရုံစိုက်ရမယ်...’

ကျန်းရီသည် ခေါင်းထဲမှ အနှောင့်အယှက်အတွေးအားလုံးကို မောင်းထုတ်ပစ်လိုက်ပြီး ဝိညာဉ်လေများကိုသာ အာရုံစိုက်လိုက်လေသည်။ သူသည် ဝိညာဉ်လေများကို ဖယ်ရှားကာ ဝိညာဉ်လေခန်းမထဲမှ ထွက်သွားနိုင်မည့် နည်လမ်းတစ်ခုကို စဉ်းစားနေလေသည်။

‘ဝိညာဉ်လေတွေက အရမ်းမြန်ပြီး စွမ်းအားကြီးတယ်။ အဲ့လေတွေကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ။ ပြီးတော့ ဝိညာဉ်လေတွေကို သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး... ဒါပေမဲ့ ဘယ်လိုလုပ် နတ်ဘုရားပိုးကောင်တွေက ဘယ်လေလှိုင်းထဲမှာ ဝိညာဉ်လေတွေ ပါတယ်ဆိုတာကို သိနိုင်ရတာလဲ။ ဝိညာဉ်လေတွေကို ဖယ်ရှားနိုင်ဖို့ ဘာလုပ်ရမှာလဲ’

ကျန်းရီသည် အကြွင်းမဲ့လေတောင်ကြားမှ အခြေအနေကို ပြန်တွေးလိုက်၏။ နတ်ဘုရားပိုးကောင်များက ဝိညာဉ်လေများထဲတွင် ပျံသန်းနိုင်ပေသည်။ ထို့ပြင် ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ လှမ်းတွေ့ခဲ့ရသော လေဓာတ်ပညာရှင်၏ ဆန်းကြယ်သော လေဓာတ်တာအိုပုံသဏ္ဌာန်ကိုလည်း သူ တွေးတောလိုက်သည်။ သူမျက်မှောင်ကြုတ်လိုက်သည်။ သူ၏အတွေးများကလည်း ပုံမှန်ထက် အဆတစ်ရာပိုမြန်စွာ လည်ပတ်‌နေသည်။ သူသည် သူ့ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်လေများကိုလည်း အာရုံစိုက်၍ ဂရုတစိုက် စူးစမ်းသုံးသပ်နေလေသည်။

‘လေက ပုံသဏ္ဌာန်မရှိဘူး... အဲ့တော့ ဝိညာဉ်လေတွေမှာလည်း ပုံသဏ္ဌာန်မရှိဘူး။ လေက စီးဆင်းနိုင်တယ်၊ ဝိညာဉ်လေတွေက လေစီးကြောင်းတွေနဲ့အတူ စီးမျောတာပဲ။ လေက အရာအားလုံးကို ဖျက်ဆီးနိုင်တော့ ဝိညာဉ်လေတွေကလည်း အရာအားလုံးကို ဖျက်ဆီးနိုင်တယ်။ ဝိညာဉ်လေဆိုတာ ဆင့်ကဲပြောင်းလဲသွားပြီး ပိုသိပ်သည်းကျစ်လစ်သွားတဲ့ လေတစ်မျိုးပဲလား’

ကျန်းရီ၏ စိတ်ထဲတွင် မေးခွန်းများ ထွက်ပေါ်လာ၏။ သူသည် မပြတ် ခန့်မှန်းလိုက်၊ ငြင်းလိုက်၊ သုံးသပ်လိုက်ဖြင့် တွေးတောနေပေသည်။ ထိုအခိုက်တွင် သူသည် အရာအားလုံးကို မေ့လျော့နေ၏။ ယဉ်ရို့ပင်းက သူနှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်ကိုပင် သူ မေ့နေပြီး ဝိညာဉ်လေများကိုသာ အာရုံစိုက်နေပေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။ ဤဝိညာဉ်လေခန်းမ၏ နံရံများပေါ်တွင် မည်သည့် အလင်းပုလဲမှ မရှိသလို၊ မည်သည့် မီးအိမ်မှလည်း မရှိပေ။ ထို့ကြောင့် ခန်းမတစ်ခုလုံး မှောင်မည်းနေပြီး အကြောက်တရားကို ပိုတိုးလာစေလေသည်။

ဆယ့်ငါးမိနစ်၊ မိနစ်သုံးဆယ်၊ တစ်နာရီ...နှစ်နာရီ...

ယဉ်ရို့ပင်းသည် အတော်လေး မသက်မသာ ခံစားလာရ၏။ သူမသည် ခန်းမကျယ်ကြီးတစ်ခုကို ဖြတ်ပြီးနောက် အလွန်ကံဆိုးစွာ ဤခန်းမသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရခြင်းပင်။ ဤအခန်းထဲသို့ ရောက်သည်မှာ လေးနာရီကျော်ကြာသွားပြီဖြစ်သော်လည်း သူမသည် ရီချန်၊ အစ်မရှင်းနှင့် လင်းချီကျန့်တို့ မည်သည့်နေရာသို့ ရောက်သွားကြောင်းကို မသိရသေးပေ။ သူတို့ အန္တရာယ် တွေ့နေသလော။

ယဉ်ရို့ပင်းသည် ကျန်းရီက နှစ်နာရီကြာအောင် မလှုပ်မယှက် ရှိနေသဖြင့် အတန်ငယ် စိတ်အေးသွား၏။ ထို့နောက် သူမ စိတ်ဝင်တစား မေးလိုက်သည်။

“သခင်‌လေးပိုင်ရီ... ချော်ရည်ကန်မှာတုန်းက ဘာလို့ သခင်လေးက ကျွန်မတို့ကို မစောင့်တာလဲ။ တောင်းပန်ပါတယ်... ကျွန်မ သခင်လေးအတွက် မြေကြယ်ကြာပွင့်နဲ့ မီးမြွေသစ်ခွကို မယူနိုင်ခဲ့ဘူး။ အစ်မချန်ကတော့ မြေကြယ်ကြာပွင့်ကို ရလိုက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဆေးပင်တွေကို ရှီးဖေးက ယူသွားတယ်”

ယဉ်ရို့ပင်းသည် မိစ္ဆာအရှင်အကြောင်းကို ထိမ်ချန်လိုက်၏။ ထိုကိစ္စက အလွန်ထူးဆန်းနေသည် မဟုတ်ပါလား။ သူမတို့သည် သူမတို့၏မျိုးနွယ်များသို့ ပြန်ရောက်မှ ထိုကိစ္စနှင့်ပတ်သတ်၍ အကြံတောင်းခံရမည်ဖြစ်သည်။ ယင်းကို ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် သူမက ကျန်းရီကို ထိုအကြောင်း မပြောပြခြင်းမှာ သဘာဝကျလေသည်။

သို့သော် ယဉ်ရို့ပင်းသည် ကျန်းရီက စကားပြန်မပြောသဖြင့် အံ့အားသင့်သွား၏။

ခေတ္တမျှကြာပြီးနောက် ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်မှနေ၍ မွှေးရနံ့တစ်ခု ထွက်လာပြီး ကျန်းရီဆီသို့ လွင့်မျောသွားသည်။ မကြာခင်မှာပင် သူမ၏ မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။ လက်ရှိတွင် ကျန်းရီသည် အာရုံအားလုံးကိုပိတ်၍ တရားထိုင်နေ၏။ သူ သူမကို စကားပြန်မပြောခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

‘အဲ့သခင်လေးက တော်‌တော်ထူးဆန်းတာပဲ။ ဒီလို အန္တရာယ်များတဲ့နေရာမှာတောင် တရားထိုင်ပြီး ကျင့်ကြံနေသေးတယ်။ သူသာ ဝိညာဉ်လေတွေကို မတော်တဆ နိုးထလာအောင် လုပ်မိရင် ချက်ချင်း သေသွားမှာပဲ’

ယဉ်ရို့ပင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူမ အကြံတစ်ခု ရလိုက်ပြီး မျက်လုံးများ လင်းလက်သွားလေသည်။ သူမ နူးညံ့စွာ ရေရွတ်လိုက်၏။

“အဲ့သခင်လေးက နတ်ဘုရားဘုံကျောင်းထဲမှာတောင် လှည့်လည်သွားနိုင်တယ်ဆိုတော့ တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ နောက်ကျ အခွင့်အရေးရရင် သူ့ကို ယဉ်မျိုးနွယ်ထဲ သိမ်းသွင်းစည်းရုံးရမယ်”

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသော်လည်း ပတ်ဝန်းကျင်ကို မစူးစမ်းနေပေ။ ထို့ကြောင့် ယဉ်ရို့ပင်းက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကို သတိမပြုမိခြင်းပင်။ သူမသည် ခေတ္တမျှ စောင့်ပြီးနောက် အမွှေးရနံ့ကို ထပ်ထုတ်၍ သူမ၏ကိုယ်ရံတော်ကို အာရုံခံလိုက်၏။ သူမ၏ကိုယ်ရံတော်သည်လည်း အာရုံအားလုံးကို ပိတ်ကာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေလေသည်။ သူမ ရင်ထဲမှ သက်ပြင်းချလိုက်ပြီး အတော်လေး မချင့်မရဲ ဖြစ်လာလေသည်။

“ဟားဟားဟား...”

တစ်ခဏမျှ ကြာပြီးနောက် ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့ကြောင့် ယဉ်ရို့ပင်းသည် လန့်သွားပြီး တုန်ယင်သွားကာ မြေပေါ်သို့ လဲကျတော့မလိုပင် ဖြစ်သွားလေသည်။ ကျန်းရီသည် အရူးတစ်ယောက်ကဲ့သို့ အော်လိုက်၏။

“ငါမှားတာ... ငါမှားတာ။ ဝိညာဉ်လေတွေက လေတွေ မဟုတ်ဘူး။ ငါက အယူအဆလွဲနေခဲ့တာပဲ။ ဝိညာဉ်လေက ထူးခြားတဲ့ စွမ်းအင်တစ်ခုပဲ... လေမဟုတ်ဘူး။ ငါတို့အားလုံး အလိမ်ခံရတာပဲ... အရှေ့ဘက် တော်ဝင်နယ်မြေက လူအားလုံး အလိမ်ခံရတာပဲ”

“ပိုင်ရီ... ရှင် ရူးသွားတာလား”

ယဉ်ရို့ပင်း၏ မွှေးရနံ လွင့်မျောလာ၏။ သူမသည် ကျန်းရီက ဝမ်းသာအားရဖြင့် လက်တယမ်းယမ်းလုပ်နေသည်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွား၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်လေများ နိုးထလာပြီး တဖြည်းဖြည်း လှုပ်ရှားလာပေပြီ။ ထိုသခင်လေးပိုင်းရီက သေချင်နေလျှင်လည်း အရေးမဟုတ်ပေ။ သို့သော် ယခုတွင် သူသည် သူမတို့ကိုပါ သေတွင်းထဲသို့ အတူခေါ်သွားတော့မည်ဖြစ်သည်။

***

All Chapters