← Chapters

လူငယ်ပါရီမီရှင်

Vol. 66 Ch. 920

လူငယ်ပါရီမီရှင်

Vol. 66 Ch. 920

ဝီး...

ဝိညာဉ်လေများ နိုးထလာပေပြီ။ ယဉ်ရို့ပင်းနှင့် သူမ၏ကိုယ်ရံတော်တို့၏ နတ်ဘုရားဒိုင်းများက တိုက်ခိုက်ခံနေရသဖြင့် တလက်လက် တောက်ပနေသည်။ ယဉ်ရို့ပင်း၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးက ဖြူဖျော့နေပေပြီ။ သူမ အဆက်မပြတ် အော်ပြောလိုက်၏။

“ပိုင်ရီ... ရပ်လိုက်တော့။ မြန်မြန်ရပ်လိုက်‌တော့”

ကျန်းရီသည် မရပ်သည့်အပြင် သူ့လက်ကို ပို၍ပင် ပြင်းထန်စွာ ယမ်းခါလိုက်လေသည်။ မရေမတွက်နိုင်သော ဝိညာဉ်လေများက သူ့ခန္ဓာကိုယ်ဘေးမှ ဖြတ်သွားကြ၏။ ယဉ်ရို့ပင်း အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရီ၏ နတ်ဘုရားဒိုင်းက ပျက်စီးသွားပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က မထိခိုက်သေး၍ပင်။

ထို့ပြင် ကျန်းရီသည် မျက်လုံးများမှိတ်ကာ လက်နှစ်ဘက်ကို ဝှေ့ယမ်း၍ အရှေ့သို့ ခပ်သွက်သွက် လျှောက်လာလေသည်။ နောက်ဆုံးတွင် သူသည် ယဉ်ရို့ပင်းတို့အနားသို့ ရောက်လာ၏။ သူက လက်များ ဝှေ့ယမ်းနေသဖြင့် ပတ်ဝန်းကျင်မှ ဝိညာဉ်လေများက သူ့ထံသို့သာ စီးဆင်းသွားသည်။ ထို့ကြောင့် ယဉ်ရို့ပင်းနှင့် သူမ၏ကိုယ်ရံတော်တို့၏ နတ်ဘုရားဒိုင်းများကို တိုက်ခိုက်နေသော ဝိညာဉ်လေများက အားနည်သွားလေသည်။ နောက်ဆုံးတွင် မည်သည့်ဝိညာဉ်လေကမှ သူမတို့ကို တိုက်ခိုက်မနေတော့ပေ။

“ဒါက...”

ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်မှနေ၍ မွှေးရနံ့ ထွက်လာ၏။ သူမသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်၍ အံ့ဩသွားသည်။ သူမပတ်ဝန်းကျင်ရှိ ဝိညာဉ်လေအားလုံးကို ကျန်းရီက ဆွဲယူသွားပေပြီ။ ထိုဝိညာဉ်လေများသည် သူ့လက်များဆီသို့ စီးဆင်းသွားပြီး သူ့လက်များအတွင်း၌ ပျောက်ကွယ်သွားကြသည်။

“ဘာတွေ ဖြစ်နေတာလဲ”

ယဉ်ရို့ပင်း၏ မျက်လုံးရွဲကြီးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏။ သူမ၏ ဖြူဝင်းလှပသော မျက်နှာလေးကလည်း နီရဲနေလေသည်။ သူမသည် အလိုလို တံတွေးမျိုချလိုက်မိပြီး ကျန်းရီကို မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။

ဝိညာဉ်လေများ တည်ရှိခဲ့သည်မှာ နှစ်‌ပေါင်းမရေမတွက်နိုင်အောင် ကြာပြီဖြစ်သည်။ အရှေ့ဘက် တောင်ဝင်နယ်မြေတွင် ထိုလေများသည် ညအချိန်တွင် ထွက်ပေါ်လာ၏။ သို့သော် ထိုလေများက နေ့အချိန်တွင်လည်း ရှိနေပေသည်။ သို့သော် နေ့အချိန်မှ ဝိညာဉ်လေများက ကောင်းကင်အထက် မိုင်(၁၀,၀၀၀)အကွာတွင်သာ ရှိတတ်သည်။

ထို့ကြောင့် ဝိညာဉ်လေများသည် ကောင်းကင်အထက် မိုင်(၁၀,၀၀၀)အကွာမှ အစပြုလာခြင်းဟု နားလည်နိုင်သည်။ သို့သော် ထိုလေများသည် ညအချိန်တွင်တော့ အောက်ဘက်သို့ ဆင်းသက်လာကြပေသည်။ သို့ဖြစ်၍ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ညအချိန် အပြင်တွင် နေခြင်းက အလွန်အန္တရာယ်များလေသည်။ လူအများစုသည်လည်း ညအချိန်တွင် ခရီးမသွားဝံ့ကြပေ။

လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာအတွင်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များက ဝိညာဉ်လေများကို လေ့လာခဲ့သည်။ သို့သော် မည်သူမှ ထိုလေများကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့် ဝိညာဉ်လေများက ညကောင်းကင်တွင် ထွက်ပေါ်လာကြောင်းကိုလည်း မည်သူမှ မသိပေ။ သို့သော် ဝိညာဉ်လေများကို လေ့လာရင်း လေဓာတ်တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားကြသည့် ပညာရှင်များတော့ များစွာရှိပေသည်။ သူတို့သည် ထိုတာအို့ပုံသဏ္ဌာန်ကြောင့် ညကောင်းကင်တွင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ကြသည်။

သို့သော် ထိုပညာရှင်များက ဝိညာဉ်လေများကို စုပ်ယူခြင်း မဟုတ်ဘဲ ဖယ်ရှားခြင်းသာ။

ယခုတွင်မူ ကျန်းရီက ဝိညာဉ်လေများကို စုပ်ယူနေပေသည်။ ကြောက်မက်ဖွယ် ဝိညာဉ်လေများသည် မည်သည့်လက္ခဏာမှမပြဘဲနှင့်ပင် သတ်ပစ်နိုင်စွမ်းရှိသည်။ သို့သော် ကျန်းရီက ထိုလေများကို အမှန်ပင် စုပ်ယူနိုင်သည်လော။ ယဉ်ရို့ပင်းသည် မည်သို့ အံ့အားမသင့်ဘဲနေမည်နည်း။ သူမသည် ကျန်းရီကို အဘယ်သို့ မိစ္ဆာတစ်ကောင်ဟု မထင်ဘဲ နေမည်နည်း။

“ဟီးဟီး...”

ထိုအခိုက်တွင် ကျန်းရီက မျက်လုံးများ ဖွင့်လိုက်ပြီး ပြုံးရယ်လိုက်သည်။

“သခင်မလေးယဉ်... အခု အန္တရာယ်မရှိတော့ပါဘူး။ သွားကြစို့။ ကျွန်တော် သခင်မလေးတို့နှစ်ယောက်ကို ဝိညာဉ်လေခန်းမအပြင်အထိရောက်အောင် ပို့ပေးမယ်”

“နေပါဦး...”

ယဉ်ရို့ပင်းက အသက်ပြင်းပြင်းနှစ်ချက် ရှူလိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမသည် အတန်ငယ် တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။

“ပိုင်ရီ... ရှင် အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ရှင်က ဝိညာဉ်လေတွေကို စုပ်ယူလိုက်တာလား”

“မဟုတ်ပါဘူး...”

ကျန်းရီက မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်သည်။

“ကျွန်တော်က ဝိညာဉ်လေတွေကို ဖျက်ဆီးပစ်လိုက်တာပါ။ ကျွန်တော်က ဝိညာဉ်လေတွေကို စုစည်းနိုင်တဲ့ ထူးခြားတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာပါ။ ဝိညာဉ်လေတွေကို စုစည်းပြီးတော့မှ ထူးခြားတဲ့စွမ်းအင်တစ်ခုကိုသုံးပြီး ဖျက်ဆီးပစ်တာပါ”

“ဖျက်ဆီးပစ်တာလား”

ယဉ်ရို့ပင်း မယုံပေ။ သူမသည် ဝိညာဉ်လေများက ကျန်းရီ၏ လက်များအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့သည် မဟုတ်ပါလား။ အကယ်၍ သူက ဝိညာဉ်လေများကို ဖျက်ဆီးပစ်ခြင်းဆိုလျှင် အဘယ်ကြောင့် တုန်ခါမှုများ မဖြစ်ပေါ်လာခဲ့သနည်း။

သို့သော် ကျန်းရီက ထိုသို့ ရှင်းပြလိုက်ပြီဖြစ်၍ ယဉ်ရို့ပင် ဆက်မမေးတော့ပေ။ သူမသည် ကျန်းရီကို စိုက်ကြည့်၍သာ အလေးအနက် ပြောလိုက်လေသည်။

“ယဉ်မျိုးနွယ် တတိယမျိုးဆက်ရဲ့ ပထမသခင်မလေး ကျွန်မ ယဉ်ရို့ပင်းက ယဉ်မျိုးနွယ်ကို ကိုယ်စားပြုပြီး သခင်လေးပိုင်ရီကို တရားဝင် ဖိတ်ခေါ်ပါတယ်။ တကယ်လို့ သခင်လေးပိုင်ရီသာ ကျွန်မတို့ ယဉ်မျိုးနွယ်ထဲ ဝင်မယ်ဆိုရင် ရာထူးအဆင့်အတန်းမြင့်မြင့် ရစေရမယ်လို့ ကျွန်မ အာမခံပါတယ်။ သခင်လေးပိုင်ရီမှာ တခြားတောင်းဆိုစရာတွေ ရှိတယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ အားလုံးကို ညှိုနှိုင်းလို့ရပါတယ်”

“အာ...”

ကျန်းရီသည် သူ၏ခြေလှမ်းများကို ရပ်လိုက်ပြီး ယဉ်ရို့ပင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

“သခင်လေးယဉ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီကိစ္စကို စဉ်းစားဖို့ လိုပါသေးတယ်။ အပြစ်ဆေးကြောဒေသအပြင်ကို ရောက်မှ ဆွေးနွေးကြတာပေါ့”

ယဉ်ရို့ပင်း၏ သိမ်းသွင်းမှုက အလွန်ရုတ်တရက်နိုင်လွန်း၏။ သို့သော် ကျန်းရီသည် ယင်းကို မျှော်လင့်ထားပြီးဖြစ်သည်။ ယခု သူ၏လုပ်ရပ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်အားလုံး သူ့ကို အလုအယက်သိမ်းသွင်းလောက်အောင် လုံလောက်ပေသည်။

ဟုတ်၏။

အစောတွင် ကျန်းရီသည် ဝိညာဉ်လေများကို နားလည်သွားခဲ့၏။ သူသည် လေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူက ဝိညာဉ်လေများကို လုံးဝသိမြင်နားလည်သွားခဲ့ခြင်းပင်။ သူ ပြောခဲ့သလိုပင်... ဝိညာဉ်လေများက လေများမဟုတ်ဘဲ ထူးခြားသော စွမ်းအင်အမျိုးအစားတစ်ခု ဖြစ်ပေသည်။ လူအားလုံးသည် အယူအဆလွဲကာ ဝိညာဉ်လေများကို လေများဟု ထင်နေကြခြင်းပင်။ ထို့ကြောင့် ဝိညာဉ်လေများကို စုပ်ယူရန် မည်သူကမှ မကြိုးစားခဲ့ကြည့်ဖူးလောက်ဟု သူ တွေးမိခဲ့သည်။

ဟုတ်၏။ စုပ်ယူခြင်းပင်။

ကျန်းရီက ယဉ်ရို့ပင်းကို လိမ်လိုက်ခြင်းပင်။ သူသည် ဝိညာဉ်လေများကို ဖျက်ဆီးပစ်ခြင်းမဟုတ်ဘဲ သူ့ဒန်တျန်အတွင်းရှိ ကြယ်စက်လုံးတစ်လုံးအတွင်းသို့ စုပ်ယူလိုက်ခြင်းဖြစ်သည်။

ဝိညာဉ်လေများက ထူးခြားသော စွမ်းအင်တစ်ခုဖြစ်လျှင် ထိုစွမ်းအင်ကို စုပ်ယူ၍ မရနိုင်သလော။

ကျန်းရီသည် ထိုသို့တွေးမိသည်နှင့် ချက်ချင်းပင် အမည်မဲ့ကျင့်စဉ်ကိုသုံး၍ ဝိညာဉ်လေများအား မိုးမြေစွမ်းအင်ကို စုပ်ယူသကဲ့သို့ စုပ်ယူလိုက်ခြင်းပင်။ ထိုစမ်းသပ်ချက်က အမှန်ပင် အောင်မြင်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ ဝိညာဉ်လေများကို စုပ်ယူလိုက်ပြီး ဝိညာဉ်လေများသည် လေများမဟုတ်တော့ဘဲ မမြင်နိုင်သော စွမ်းအင်အမျိုးအစားတစ်မျိုးကဲ့သို့ သူ၏ နဝမမြောက် ကြယ်စက်လုံးအတွင်းသို့ အလိုအလျောက် ဝင်သွားလေသည်။

အဘယ်ကြောင့် အမည်မဲ့ကျင့်စဉ်က ဝိညာဉ်လေများကို စုပ်ယူနိုင်ရသနည်း။ အဘယ်ကြောင့် ဝိညာဉ်လေများက ခန္ဓာကိုယ်ထဲသို့ ရောက်ပြီးနောက်တွင် ထူးခြားသော စွမ်းအင်အဖြစ် ပြောင်းလဲသွားရသနည်း။ အဘယ်ကြောင့် ထိုစွမ်းအင်က ဆဋ္ဌမမြောက်ကြယ်စက်လုံးအတွင်းသို့ မဝင်ဘဲ နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ ဝင်သွားရသနည်း။

ကျန်းရီသည် ထိုမေးခွန်းများ၏ အဖြေများကို မသိပေ။ ဤနေရာတွင် ယဉ်ရို့ပင်း ရှိနေသဖြင့် အဖြေများကို စဉ်းစားရန် အချိန်လည်း မရှိချေ။ သူတို့ အပြင်သို့ ပြန်ခေါ်ထုတ်ခံရရန် အချိန်ခြောက်နာရီ လိုပေသေးသည်။ သူသည် ဝိညာဉ်လေအကြောင်းကို မတွေးတော့ဘဲ အရင်ဆုံး ဝိညာဉ်လေခန်းမအတွင်းမှ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်၏။ သူ ဝူနီနှင့် အခြားသူများကို ရှာတွေ့နိုင်ဦးမည်လောကို သူ သိလိုနေပေသည်။

အမှန်တွင် ကျန်းရီသည် ရင်ထဲတွင် အတော်လေး လှုပ်ရှား၏။ ဝိညာဉ်လေများကို စုပ်ယူပြီးနောက်တွင် သူ၏အင်အားက များစွာတိုးတက်လာနိုင်လောက်သည်။ ယခု သူ့တွင် လေ့လာရန် အချိန်မရှိသေးသော်လည်း အပြစ်ဆေးကြောဒေသအပြင်သို့ ထွက်ပြီးလျှင် လေ့လာနိုင်မည်ဖြစ်သည်။

ကျန်းရီသည် သူက ဝိညာဉ်လေများကို စုပ်ယူနိုင်ခဲ့သော ပထမဆုံးလူ မဟုတ်ကြောင်း မသိပေ။ လူသားများကို ထည့်တွက်လျှင်ပင် အကြွင်းမဲ့လေတောင်ကြားရှိ နတ်ဘုရားပိုးကောင်များကလည်း ဝိညာဉ်လေများကို စုပ်ယူနိုင်ခဲ့သည်မဟုတ်လော။ သို့သော် နတ်ဘုရားပိုးကောင်များက ဝိညာဉ်လေများကို စုပ်ယူကြောင်းကို မည်သူမှ မသိကြပေ။ ယခင်က ကျန်းရီသည် ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေကို မသုံးနိုင်ခဲ့ချေ။ ယဉ်ရို့ပင်း၏ မွှေးရနံ့ကလည်း မူလဘုံပြာသာဒ်အပြင်သို့ မထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျောက်မျက်နတ်ဘုရားပိုးကောင်များက ဝိညာဉ်လေများကို စုပ်ယူနေခြင်းဖြစ်ကြောင်း မည်သူမှ မသိခဲ့ခြင်းပင်။

ယဉ်ရို့ပင်းသည် သူမ လော၍မရကြောင်း သိ၏။ ထို့ကြောင့် သူမ ချိုသာစွာပြုံးလိုက်ပြီး ကျန်းရီကိုကြည့်၍ ပြောလိုက်လေသည်။

“သခင်လေးပိုင်ရီက ရို့ပင်းရဲ့ စိတ်ရင်းအမှန်ကို ခံစားရလောက်မှာပါ။ ကျွန်မတို့ အပြစ်ဆေးကြောဒေသအပြင်ကို ရောက်ရင် ကျွန်မ သခင်လေးကို လာရှာပါမယ်”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ ပြုံးလိုက်သည်။ အပြစ်ဆေးကြောဒေသထဲမှ ထွက်သွားပြီးလျှင် သူက သူ၏ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ချက်ချင်း ပြောင်းလဲလိုက်ကာ လူအုပ်ကြားထဲ ရောရောနှောနှောဖြင့် ခိုးထွက်သွားမည်ဖြစ်သည်။ သူသည် ယဉ်မျိုးနွယ်ထဲ မဝင်နိုင်ပေ။ အကယ်၍ သူမည်သူဖြစ်ကြောင်း ပေါ်သွားပါက ယဉ်မျိုးနွယ်သည် သူ့ကို သိမ်းသွင်းမည့်အစား သတ်ပစ်မည်ဖြစ်သည်။ ယဉ်မျိုးနွယ်က သူ့ကို မသတ်လျှင်ပင် သူသည် မည်သည့်မျိုးနွယ်ထဲမှ ဝင်နိုင်မည် မဟုတ်ပေ။

ယဉ်ရို့ပင်းသည် သူမဘေးရှိ ကိုယ်ရံတော်ကို ပခုံးပုတ်လိုက်၏။ ကိုယ်ရံတော်သည် မျက်လုံးမှုန်ကုပ်ကုပ်ဖြင့် နိုးလာ၏။ ကျန်းရီသည် သူမတို့ကို အရေးမစိုက်တော့ဘဲ အမည်မဲ့ကျင့်စဉ်ကို ထုတ်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်လေများကို စုပ်ယူလိုက်လေသည်။ ထိုဝိညာဉ်လေများတွင် ဘေးထွက်ဆိုးကျိုးများ ရှိမည်၊ မရှိမည်ကို သူ အရေးမစိုက်နိုင်ပေ။ ဝိညာဉ်လေခန်းမအပြင်သို့ ရောက်မှသာ ထိုအကြောင်းများကို တွေးရပေမည်။

“အာ... ပိုင်ရီလား”

အမျိုးသမီးကိုယ်ရံတော်က ကျန်းရီကို လက်ညှိုးထိုး၍ အံ့ဩတကြီး ပြောလိုက်သည်။ သို့သော် ယဉ်ရို့ပင်းက အသံပို့လွှတ်ကာ ရှင်းပြလိုက်သဖြင့် ကိုယ်ရံတော်က ဘာမှဆက်မမေးတော့ပေ။ သူမတို့နှစ်ယောက်သည် ကျန်းရီနောက်မှ လိုက်၍သာ အရှေ့သို့ ဆက်သွားလိုက်ကြသည်။

ကျန်းရီသည် ခန်းမထဲရှိ ဝိညာဉ်လေများအားလုံးကို စုပ်ယူ၍ ပို၍လျင်မြန်စွာ သွားနေ၏။ ပုံမှန်ဆိုလျှင် သူသည် ထိုင်ကာ ကိုယ်တွင်းသို့ ဝင်ရောက်လာသော စွမ်းအင်များကို ကြယ်စက်လုံးအတွင်းသို့ လမ်းညွှန်ပေးရမည်ဖြစ်သည်။ မဟုတ်လျှင် သူ အလွယ်တကူ ရူးသွပ်သွားနိုင်သည်။ သို့သော် သူ့ကိုယ်တွင်းသို့ ဝင်လာသော ဝိညာဉ်လေစွမ်းအင်များက နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ အလိုလို ဝင်သွားကြသဖြင့် သူ လမ်းညွှန်နေရန်ပင် မလိုပေ။ ထို့ကြောင့် သူ အေးအေးဆေးဆေး လျှောက်နေနိုင်ခြင်းပင်။

တစ်နာရီကြာပြီးနောက် ကျန်းရီသည် ဝိညာဉ်လေတန်း သောင်းချီကို စုပ်ယူပြီးသွားပေပြီ။ သူတို့သည် ခန်းမအဆုံးသို့လည်း ရောက်လာပြီဖြစ်သည်။

“သခင်မလေးရို့ပင်း... ကျွန်တော် အရင်ဝင်သွားလိုက်ပါမယ်။ အပြစ်ဆေးကြောဒေသအပြင်ကို ပြန်ရောက်မှ ကျွန်တော် သခင်မလေးကို လာရှာပါမယ်”

ကျန်းရီသည် ဝူနီနှင့် ကျီထင်ယွီတို့ကို လိုက်ဖမ်းလိုနေ၍ ယဉ်ရို့ပင်းကို ခေါ်မသွားလိုပေ။ ထို့ကြောင့် သူ ရပ်လိုက်ပြီး ယဉ်ရို့ပင်းကို ပြောလိုက်ခြင်းပင်။ ထို့နောက် သူသည် ကျောက်တံခါးအတွင်းသို့ ဝင်သွားလိုက်ပြီး ယဉ်ရို့ပင်းနှင့် ကိုယ်ရံတော်တို့၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။

“သခင်မလေး..ဒါက...”

ကိုယ်ရံတော်က အံ့အားသင့်စွာ ပြောလိုက်သည်။ ယဉ်ရို့ပင်းသည် ကျောက်တံခါးကို မဖြတ်သေးဘဲ ခေါင်းငုံ့ကာ တွေးတောလိုက်၏။ တစ်ခဏကြာမှ သူမ ပြောလိုက်သည်။

“စာရွက်နဲ့ စုတ်တံထုတ်ပြီး ပိုင်ရီဆိုတဲ့ နာမည်ကို ချရေးထားပြီး သူ့ရဲ့ပုံတူကို ဆွဲထားလိုက်ပါ။ ပြီးတော့ အပြစ်ဆေးကြောဒေသထဲမှာတောင် မိုင်တစ်ထောင် ထောက်လှမ်းနိုင်တဲ့ သူ့ရဲ့စွမ်းရည်ကိုလည်း ရေးမှတ်ထားလိုက်ပါ။ ယဉ်မျိုးနွယ်က သူ့ကို သေချာပေါက် သိမ်းသွင်းရမယ်။ သူက လူငယ်ပါရမီရှင်တစ်ယောက်ပဲ။ သူသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ပြီး အကျင့်စရိုက်ကောင်းမယ်ဆိုရင် ငါ သူ့ကို လက်တောင်လက်ထပ်နိုင်တယ်...”

အပြစ်ဆေးကြောဒေသအတွင်းရှိ မှတ်ဉာဏ်အားလုံးက ဖျက်ပစ်ခံရမည်ဖြစ်သည်။ သို့သော် သတင်းအချက်အလက်များကို စာရွက်ပေါ်တွင် ချရေးထားလျှင် ယဉ်ရို့ပင်းသည် ထိုသတင်းအချက်အလက်များကိုသုံး၍ ကျန်းရီကို လိုက်ရှာကာ ယဉ်မျိုးနွယ်ထဲဝင်ဖို့ နည်းမျိုးစုံဖြင့် သိမ်းသွင်းနိုင်မည်ဖြစ်သည်။

“သူ့ကို လက်ထပ်မှာလား”

အမျိုးသမီးကိုယ်ရံတော်၏ ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ ထို့နောက် သူမ အံ့ဩတကြီး ပြောလိုက်သည်။

“သခင်မလေးက ဘယ်လိုလုပ် အဲ့လို လုပ်နိုင်မှာလဲ။ သခင်မလေးက သဘောတူရင်တောင် မျိုးနွယ်က သဘောတူမှာ မဟုတ်ဘူး”

“မင်း မှားနေပြီ”

ယဉ်ရို့ပင်း၏ လှပသောမျက်လုံးများ အရောင်လက်သွား၏။ သူမ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“မျိုးနွယ်က သေချာ‌ပေါက် သဘောတူမှာပါ။ အဲ့သခင်လေးက တော်တော်လေး ဆန်းကြယ်တယ်... သူက ဆန်းကြယ်ဧကရာဇ်လက်သစ်တောင် ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ဆန်းကြယ်ဧကရာဇ်ကလည်း ဝိညာဉ်လေတွေကို စုပ်ယူနိုင်ခဲ့လို့ပဲ”

***

All Chapters