ကောင်းကင်ဘုရင်နန်းတော်
Vol. 66 Ch. 921
ရွှီး...
ကျန်းရီသည် အဖြူရောင်အလင်းကို ခံစားလိုက်ရပြီး ခန်းမအသစ်သို့ ရောက်လာ၏။ ထိုခန်းမသည် အမှန်ပင် ပင်မခန်းမဖြစ်ပြီး အခြား ပိုသေးငယ်သော ခန်းမများနှင့် ကွာခြားပေသည်။ ထိုပင်မခန်းမက အလွန်တောက်ပနေပြီး အလွန်ကြီးမား၏။ ခန်းမထဲတွင် အလင်းပုလဲများလည်း အမြောက်အမြား ရှိနေရာ သုံးကီလိုမီတာအကွာအထိ လှမ်းမြင်ရပေသည်။
ထိုပင်မခန်းမသည် အကျယ် သုံးကီလိုမီတာ၊ အမြင့် မီတာသုံးရာ ရှိလောက်၏။ အလယ်လမ်းကြောင်းတွင်မူ မီတာအနည်းငယ်အကွာတိုင်း ဧရာမကျောက်တိုင်ကြီးများ ရှိပေသည်။ ကျောက်တိုင်များပေါ်တွင် ကျောက်ထွင်းပန်းချီများရှိ၏။ ယင်းတို့မှာ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေသော တိုက်ပွဲကြီးများ၏ပုံဖြစ်သည်။ ကျောက်ထွင်းပန်းချီများမှာ အနုစိတ်ပြီး အသက်ဝင်ပေသည်။
“ဒါက ဘာနေရာလဲ”
ကျန်းရီ မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ သူသည် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူ ခန်းမကို ဝေ့ဝဲကြည့်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။ ဤပင်မခန်းမထဲတွင် အစီအရင်လှိုင်းဂယက်များ မရှိပေ။ ထိုကျောက်တိုင်များပေါ်တွင်ပင် မည်သည့်အစီအရင်လှိုင်းဂယက်များမှ ရှိမနေချေ။
ဝှစ်...
သို့သော် ကျန်းရီသည် မဆင်မခြင် မလှုပ်ရှားဝံ့သေးသဖြင့် လက်နက်အနည်းငယ်ထုတ်၍ ၎င်းတို့ကို လှည့်ပတ်ပစ်လိုက်လေသည်။ လက်နက်များက ကြမ်းပြင်တွင် မီးပွင့်သွားစေ၏။ သို့သော် မည်သည့် အစီအရင်မှ နိုးထမလာပေ။
ထို့ကြောင့် ကျန်းရီသည် ဖြည်းဖြည်းချင်း ရှေ့တိုးသွားလိုက်ပြီး လက်နက်များကို ပြန်ကောက်လိုက်သည်။ သူသည် ကျောက်တိုင်များအနားသို့တော့ မကပ်ဝံ့သေးသဖြင့် အရှေ့သို့သာ ဆက်သွားလိုက်လေသည်။ ဤတစ်ကြိမ်တွင် ခန်းမအဆုံးသို့ ရောက်ရန် အချိန်သိပ်မလိုလိုက်ပေ။
“ကောင်းကင်စစ်သူကြီးနန်းတော်၊ ကောင်းကင်နတ်ဘုရားနန်းတော်၊ ကောင်းကင်ဘုရင်နန်းတော်”
ခန်းမအဆုံးတွင် ဧရာမကျောက်တံခါးကြီးသုံးချပ် ရှိပေသည်။ တံခါးများ၏ အထက်တွင် ဧရာမစာလုံးကြီးများ ရေးထိုးထားသည်။ ကျန်းရီသည် ထိုစာလုံးများကို ခက်ခက်ခဲခဲ ဖတ်လိုက်၏။ ထို့နောက် သူသည် ညာဘက်ရှိ တံခါးကိုကြည့်ကာ မျက်လုံးများ အရောင်လက်သွားလေသည်။
ကျန့်ဝူယင်းသည် သူသာ ကောင်းကင်ဘုရင်နန်းတော်ထဲသို့ ဝင်နိုင်ပါက တာအိုပုံသဏ္ဌာန်များပါသော ရှေးဟောင်းအသုံးအဆောင်များကို ရနိုင်လိမ့်မည်ဟု ပြောခဲ့၏။ ယခု ကျန်းရီ၏ အရှေ့မှ တံခါးသည် ကောင်းကင်ဘုရင်နန်းတော်သို့ ရောက်သော တံခါးမဟုတ်လော။ ကျန်းရီသည် ထိုသို့သော ရှေးဟောင်းအသုံးအဆောင်များကို ယခုမှ ပထမဆုံးကြားဖူးခြင်း ဖြစ်သော်လည်း ကျန့်ဝူယင်းက ပြောခဲ့ခြင်းဖြစ်၍ ၎င်းတို့က ဝိညာဉ်ချိတ်ဆက် မူလရတနာများထက်ပင် ပိုအစွမ်းထက်နိုင်ပေသည်။
လက်နက်များက အသက်မရှိပေ။ ဝိညာဉ်ချိတ်ဆက် မူလရတနာများသည်ပင် တိုက်ခိုက်စွမ်းအားကို တိုးမြှင့်ပေးနိုင်ရုံသာ ရှိလေသည်။ ထို့ကြောင့် အရေးကြီးဆုံးမှာ လက်နက်အသုံးပြုသူ၏ ပင်ကိုယ်တိုက်ခိုက်စွမ်းအားသာ။ အကယ်၍ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် သိုင်းသမားတစ်ယောက်က ဝိညာဉ်ချိတ်ဆက် မူလရတနာကို ကိုင်ဆောင်လျှင် ရတနာတစ်ခုကို အမှန်ပင် ဖြုန်းတီးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုရှေးဟောင်းအသုံးအဆောင်များတွင် အမှန်ပင် တာအိုပုံသဏ္ဌာန်များ ပါပါက အလွန်အစွမ်းထက်ပေလိမ့်မည်။ အသုံးပြုသူသည် ရတနာကို နှိုးရုံဖြင့် ရတနာတွင် ပါဝင်သည့် တာအိုပုံသဏ္ဌာန်များကို အသုံးပြုကာ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ အကယ်၍ ရှေးဟောင်းအသုံးအဆောင်တွင် ကြယ်ခုနစ်ပွင့် သို့မဟုတ် ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန်တစ်ခု ပါပါက ထိုအသုံးအဆောင်၏ အစွမ်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်ပေလိမ့်မည်။ သို့သော် ယင်းက ကျန်းရီ၏ မျှော်လင့်ချက်သာဖြစ်သည်။ သူသည် ရှေးဟောင်းအသုံးအဆောင်များအကြောင်းကို ကျန့်ဝူယင်း၏ စကားတစ်ခွန်း၊ နှစ်ခွန်းလောက်မှသာ သိခဲ့ရခြင်းပင်။
“ငါ ဝင်ရမလား၊ မဝင်ရဘူးလား”
ကျန်းရီသည် ကောင်းကင်ဘုရင်နန်းတော်၏ တံခါးကိုကြည့်၍ တုံ့ဆိုင်းနေလေသည်။ သူ နတ်ဘုရားဘုံကျောင်းထဲသို့ ဝင်ခဲ့ခြင်းမှာ သူ၏ရန်သူများကို အနှောင့်အယှက်ပေးရန်ဖြစ်သည်။ ရတနာများကို ရှာရန်မဟုတ်ပေ။ အချိန်လည်း သိပ်မကျန်တော့ပေ။ သူသာ ရတနာရှာရန် အချိန်ဖြုန်းလိုက်လျှင် တန်မည်မဟုတ်ချေ။
“ငါက ဘာတွေ တွေးနေတာလဲ”
ကျန်းရီသည် ရုတ်တရက် သူ့ခေါင်းသူ ရိုက်ကာ ခါးသက်သက် ရယ်လိုက်သည်။ ဤခန်းမထဲမှထွက်ရန် ထိုတံခါးသုံးချပ်ထဲမှ တစ်ချပ်ထဲသို့ ဝင်ရုံမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ အဘယ်ကြောင့် သူ တုံ့ဆိုင်းနေရသနည်း။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် ထောက်လှမ်းလိုက်၏။ ကောင်းကင်ဘုရင်နန်းတော်တံခါးမှလွဲ၍ ကျန်တံခါးနှစ်ချပ်ပေါ်တွင် အစီအရင်လှိုင်းဂယက်များ ရှိနေကြောင်း သူ သတိပြုမိလိုက်သည်။ ထို့နောက် သူ လက်မြှောက်လိုက်ပြီး ကောင်းကင်ဘုရင်နန်းတော်တံခါးအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်သည်။
ဝုန်း...
တံခါးက အနည်းငယ် တုန်ခါသွားသော်လည်း မပွင့်သွားချေ။ ကျန်းရီ မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
‘တံခါးက မပွင့်ဘူးလား’
ကျန်းရီသည် ချီတုံချတုံဖြင့် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်၏။ ထိုအခါမှ တံခါးကြီးက အလိုလို အတွင်းဘက်သို့ တိတ်တဆိတ်ပွင့်သွားလေသည်။
“သွားမယ်...”
အခြားနည်းလမ်းမရှိသဖြင့် ကျန်းရီတွင် ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူသည် အံကြိတ်ကာ တံခါးအတွင်းသို့ ဝင်သွားလိုက်လေသည်။ သူ အထဲသို့ ဝင်သွားသည်နှင့် သူ့မျက်စိရှေ့ရှိ မြင်ကွင်းက ထပ်မံပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် သူသည် ပို၍ပင်ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲသို့ ရောက်လာ၏။ ထိုခန်းမက ကျယ်ဝန်းလွန်းလှသဖြင့် အနားသတ်များကိုပင် မမြင်နိုင်ပေ။ ခန်းမထဲရှိ ကျောက်တိုင်ကြီးများကလည်း ပို၍ပင် ကြီးမားနေသည်။ ကျောက်တိုင်များပေါ်ရှိ ကျောက်ထွင်းပန်းချီများကလည်း သိမ်မွေ့သော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေလေသည်။
ကျန်းရီ မလှုပ်ရှားဝံ့ပေ။ ကျန်းရီသည် မည်သည့်အန္တရာယ်မှ ရှိမနေကြောင်း အတည်ပြုပြီးမှသာ ခြေထောက်ကြွ၍ အရှေ့သို့ လျှောက်သွားလိုက်သည်။
ဒုတ်...
ကျန်းရီ ခြေထောက်ကြွလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သည့် ဖိအားတစ်ခု ကျရောက်လာ၏။ ထို့ကြောင့် သူသည် ဟန်ချက်မထိန်းနိုင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။ သူ မျက်လုံးများဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ဤနေရာက အလွန်ထူးဆန်းကြောင်း သူ ခံစားလိုက်ရသည်။ ဤခန်းမထဲရှိ မြေဆွဲအားက အပြင်ကထက် အဆတစ်ရာ ပိုအားကောင်းပေသည်။ ထို့ကြောင့် လမ်းလျှောက်ရန်ပင် ခက်ခဲနေသည်။
“ပြန်ထ...”
ကျန်းရီ အံကြိတ်လိုက်ပြီး ခက်ခက်ခဲခဲ ထရပ်လိုက်၏။ ထူးဆန်းစွာပင် သူ ပြန်ထရပ်လိုက်သောအခါ မည်သည့်ဖိအားကိုမှ မခံစားရတော့ချေ။ သို့သော် သူ ခြေကြွလိုက်သည်နှင့် လေးလံသောဖိအားက သူ့ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ထပ်မံကျရောက်လာပြန်သည်။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ သူသည် ခြေထောက်ကို မြင့်မြင့်မမြှောက်ဝံ့တော့ဘဲ ကြွသည်ဆိုရုံသာကြွ၍ အရှေ့သို့ ဖြည်းဖြည်းချင်းသာ သွားလိုက်ရလေတော့သည်။ သူသည် မြေပြင်တွင် ရှပ်တိုက်သွားလုနီးပါး သွားနေရ၏။
“တစ်ခုခုတော့ မှားနေပြီ...”
မီတာသုံးရာကျော် သွားပြီးနောက် ကျန်းရီသည် ရင်ထဲမှနေ၍ အားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူ ရပ်လိုက်ပြီး ချက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ အရှေ့ရှိ ကြမ်းပြင်ကွက်တွင် အမှန်ပင် အစီအရင်လှိုင်းဂယက် အနည်းငယ် ရှိနေ၏။ သူသည် ထိုအစီအရင်လှိုင်းဂယက်ကို အစောက မတွေ့ခဲ့သဖြင့် နဖူးတွင် ဇောချွေးများ ရွှဲလာလေသည်။ သူသာ ရှေ့သို့ ခြေတစ်လှမ်းတိုးမိလျှင် ယခု သေနေလောက်ပေပြီ။
ကျန်းရီသည် ဘေးသို့ လျင်မြန်စွာ တိုးလိုက်ပြီး အစီအရင်လှိုင်းဂယက်ရှိနေသော ကြမ်းပြင်ကွက်ကို ရှောင်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေဖြင့် ရှေ့သို့ ဆက်သွားလိုက်သည်။ သူသည် အရှေ့သို့သွားနေရင်းဖြင့် အစီအရင်လှိုင်းဂယက်ရှိသော ကြမ်းပြင်ကွက် အရေအတွက်က တိုးလာကြောင်း သတိပြုမိလိုက်လေသည်။ ထိုအစီအရင်များက သူ့ကို ဘယ်ဘက်သို့ တိုးသွားအောင် တမင်လုပ်နေသကဲ့သို့ ထင်ရပေသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် စင်္ကြံလမ်းဆယ်ခုကို တွေ့လိုက်၏။ သို့သော် သူသည် ဘယ်ဘက်အစွန်ဆုံးရှိ လမ်းကိုသာ သွားနိုင်ပေသည်။ အခြားစင်္ကြံလမ်းများရှိ ကြမ်းပြင်ကွက်များတွင် အစီအရင်လှိုင်းဂယက်များ ရှိနေသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ ဒီလမ်းကြောင်းကို ရွေးအောင် တမင်လုပ်ထားတာလား”
ကျန်းရီသည် မျက်လုံးများဖွင့်၍ မီတာသုံးရာကျော်ရှည်သော စင်္ကြံလမ်းကို သံသယဖြင့် ကြည့်လိုက်၏။ စင်္ကြံလမ်းက တိုသော်လည်း လမ်းအဆုံးတွင် အခြားခန်းမကျယ်ကြီးတစ်ခု ရှိနေပေသည်။ ယင်းက အတွင်းဆောင်ဖြစ်ရပေမည်။
“ဒီစင်္ကြံလမ်းမှာ ဆန်းကြယ်မှုတွေ ရှိနေတာလား”
ကျန်းရီသည် ခေတ္တမျှ ထောက်လှမ်းလိုက်၏။ ထိုစင်္ကြံလမ်းတွင် မည်သည့်အန္တရာယ်မှ မရှိပေ။ ထို့ကြောင့် သူသည် ခက်ခက်ခဲခဲ ခြေလှမ်း၍ စင်္ကြံလမ်းထဲသို့ လျှောက်သွားလိုက်၏။ သူ စင်္ကြံလမ်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
အစက မည်သည့်အစီအရင်မှ ရှိမနေသည့် စင်္ကြံလမ်းက ရုတ်တရက် အစီအရင်လှိုင်းဂယက်များ ရုတ်တရက် တောက်ပလာလေသည်။ ထို့ပြင် ယခင်ကထက် ဆယ်ဆပိုလေးလံသော ဖိအားတစ်ခုလည်း ကျရောက်လာသည်။ ကျန်းရီ မြေပြင်တွင် ဝပ်သွား၏။ သူ၏မျက်နှာထားကလည်း တစ်စုံတစ်ယောက်က သူ့ခေါင်းကို ခြေဖြင့်နင်းထားသကဲ့သို့ ထင်ရလေသည်။
“လခွမ်းပဲ... ဘာလို့ အဲ့ရှေးဟောင်းမျိုးနွယ်ရဲ့ အစီအရင်တွေက ဒီလောက်အစွမ်းထက်နေရတာလဲ။ ဒီလိုဖိအားမျိုးနဲ့ သူတို့ရဲ့ မျိုးနွယ်ဝင်တွေက အတွင်းဆောင်ထဲကို ဘယ်လိုဝင်ကြလဲ”
စင်္ကြံလမ်း၏ မြေဆွဲအားက အလွန်အားကောင်းသဖြင့် ထိုစင်္ကြံလမ်းကို ဖြတ်ရခြင်းက ကောင်းကင်သို့ တက်သလိုပင် ခက်ခဲပေလိမ့်မည်။ သူ အသက်ကိုရင်းလျှင်ပင် ဤစင်္ကြံလမ်းကို နှစ်နာရီအတွင်း ဖြတ်ကျော်နိုင်မည် မဟုတ်ချေ။
“ပြန်ဆုတ်ရမလား...”
အကယ်၍ ကျန်းရီ ပြန်ဆုတ်လျှင်ပင် အခြားလမ်းကြောင်းမရှိပေ။ ဤခန်းမကလည်း အခြားခန်းမများနှင့် အတူတူပင်။ အရှေ့သို့ သွား၍ ထွက်ပေါက်ကို ရှာရန်မှလွဲ၍ အပြင်သို့ ပြန်ထွက်ရန် အခြားနည်းလမ်း မရှိပေ။
“ငါ ဒီနေရာမှာပဲ လှဲနေပြီး အပြင်ကို ပြန်ခေါ်ထုတ်ခံရမယ့်အချိန်ကို စောင့်နေရမလား”
ကျန်းရီသည် ဤကဲ့သို့ အရှုံးမပေးလိုပေ။ သူသည် ဤနေရာသို့ ရောက်လာနိုင်ရန် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ ထို့ကြောင့် အတွင်းဆောင်ကို ကြည့်ပင် မကြည့်နိုင်လိုက်လျှင် မတန်ဟု သူခံစားနေရသည်။ ရတနာများကို မရနိုင်လျှင်ပင် တစ်ချက်တော့ ကြည့်နိုင်သင့်သည်။ ဤနေရာသည် ရှေးဟောင်းမျိုးနွယ်တစ်ခုမှ ထင်ရှားသူတစ်ယောက်၏ နန်းတော်ခန်းမ မဟုတ်ပါလား။
“တွားသွားမယ်ကွာ...”
ကျန်းရီသည် အံကြိတ်လိုက်ပြီး စတင်တွားသွားလိုက်၏။ သူသည် အားကုန်သုံးကာ သူ၏ခြေထောက်နှင့် လက်ကို ကြမ်းပြင်တွင် ရှပ်တိုက်ရွေ့အောင် လုပ်နေ၏။ မြေဆွဲအားက အလွန်အားကောင်းသဖြင့် သူ၏တွားသွားနှုန်းက ခရုသွားနှုန်းလောက်သာ ရှိလေသည်။ သူသည် ဤမီတာသုံးရာရှည်သည့်စင်္ကြံလမ်းကို နှစ်နာရီအတွင်း တွားသွားဖြတ်ကျော်လိုခဲ့၏။ သို့သော် ယခုအခြေအနေအရ သူ ဤစင်္ကြံလမ်းကို ဖြတ်ကျော်လိုလျှင် အနည်းဆုံးသုံးနာရီ လိုပေလိမ့်မည်။
“တွားသွား...တွားသွား...တွားသွား...”
ကျန်းရီသည် အခြားအရာများကို ဂရုမစိုက်တော့ဘဲ အံကြိတ်၍သာ အားကုန်သုံး၍ တွားသွားနေလိုက်သည်။ တစ်နာရီကြာပြီးနောက် အနောက်ဘက်မှ ခြေသံဖျော့ဖျော့များကို သူ ကြားလိုက်ရ၏။ သို့သော် သူသည် အဝင်ဝနှင့် ဝေးနေပြီဖြစ်၍ ကောင်းကင်စိတ်အာရုံကို သုံး၍ အာရုံမခံနိုင်တော့ပေ။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကလည်း ဤဖိအားအောက်တွင် ထိုမျှဝေးဝေး အာရုံမခံနိုင်လောက်ပေ။ သို့သော် ဤခန်းမအတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာပြီဖြစ်ကြောင်းတော့ သူ သိပေသည်။ ဝင်လာသူက မည်သူဖြစ်ကြောင်းကိုသာ သူ မသိခြင်းပင်။
“ဟားဟား...”
အနောက်မှနေ၍ ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုသူက မည်သူဖြစ်ကြောင်း ကျန်းရီ ချက်ချင်းသိလိုက်သည်။ ရှီးဖေးသည် ကျယ်လောင်သောအသံဖြင့် ပြောလိုက်၏။
“မင်းတို့အကုန်လုံး ဒီမှာစောင့်နေကြ။ ငါ ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို ဖြတ်ကျော်ပြီး ရှေးဟောင်းအသုံးအဆောင်ကို ယူခဲ့မယ်။ ဒီလမ်းကြောင်းတွေက လူများများဝင်လေလေ၊ မြေဆွဲအားက ပိုအားကောင်းလာလေလေပဲ။ အဲ့ဒါကြောင့် မင်းတို့ ဒီမှာပဲ စောင့်နေကြ”
“ဟားဟားဟား...”
ရှီးဖေး၏အသံ ထွက်ပေါ်လာပြီး မကြာခင်မှာပင် အနောက်မှနေ၍ နောက်ထပ်ရယ်သံတစ်သံ ပဲ့တင်ထပ်လိုက်၏။ ကျန်းရီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်သွား၏။ ဝူနီသည်လည်း ဤခန်းမထဲသို့ အမှန်ပင် ဝင်လာခဲ့ခြင်းလော။
ဝူနီ၏ အသံက လျင်မြန်စွာ ပဲ့တင်ထပ်လာသည်။
“မင်းတို့အကုန်လုံး ဒီမှာပဲစောင့်နေပြီး ထင်ယွီကို ကာကွယ်ထားကြ။ ငါ ဒီရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို ဘယ်လိုဖြတ်ပြီး ကောင်းကင်ဘုရင်ရဲ့ ရှေးဟောင်းအသုံးအဆောင်ကို ဘယ်လိုယူလဲဆိုတာကို ကြည့်ထား။ ရှီးဖေး... မင်းကလည်း ရှေးဟောင်းအသုံးအဆောင်ကို လိုချင်တာလား။ ဘယ်သူက ပိုမြန်မလဲဆိုတာ ကြည့်ကြတာပေါ့”
“ရှီးဖေးနဲ့ ဝူနီက ရှေးဟောင်းအသုံးအဆောင်ကို လိုချင်နေတာလား”
ကျန်းရီသည် လှောင်ပြုံး ပြုံးလိုက်ပြီး အားကုန်သုံး၍ ခန္ဓာကိုယ်ကိုတွန့်လိမ်ကာ အရှေ့သို့ တွားသွားလိုက်လေသည်။ သူ၏ကမ္ဘာ့ရန်သူနှစ်ယောက်က ယခု သူနှင့်အတူ ဤခန်းမထဲ၌ ရှိနေပေပြီ။ အဘယ်သို့ သူသည် သူ့ရန်သူများအား ရတနာများကို ရယူခွင့် ပေးနိုင်ပါမည်နည်း။
***