ရှေးဟောင်းနတ်ဘုရားလမ်းကြောင်း
Vol. 67 Ch. 922
ကောင်းကင်ဘုရင်နန်းတော်ထဲတွင် ရှိနေသူများမှာ ရှီးဖေးနှင့် ဝူနီတို့သာ မဟုတ်ပေ။ ကျန့်ဝူယင်းနှင့် ထူလုံတို့လည်း ရောက်ရှိလာပေသည်။ သူတို့သည် သူတို့၏လက်အောက်ငယ်သားများကို အပြင်တွင် စောင့်ခိုင်းကာ စင်္ကြံလမ်းများအတွင်းသို့ သူတို့ဘာသာ ဝင်သွားကြသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများသည် မာနကြီးသူများဖြစ်ပြီး ခေါင်းမာကြပေသည်။ ရှီးဖေးက ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းအတွင်းသို့ တစ်ကိုယ်တော် ဝင်ဝံ့ပေရာ အခြားသခင်လေးများက မည်သို့ လိုက်မလုပ်ဘဲ နေနိုင်မည်နည်း။
မျိုးနွယ်အသီးသီး၏ မှတ်တမ်းများထဲတွင် ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းအတွင်းသို့ လူများများဝင်လေလေ၊ မြေဆွဲအားက ပိုအားကောင်းလေလေဟု မှတ်တမ်းတင်ထားကြသည်။ သခင်လေးများက အမိန့်ပေးလိုက်ပြီဖြစ်၍ သူတို့၏လူများသည် မလှုပ်ရှားဝံ့ကြတော့ပေ။
အပြင်ရှိ အစီအရင်များသည် အလွန်ထူးဆန်းပြီး ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းအတွင်းသို့ ဝင်လိုသူများကို မတူညီသော လမ်းကြောင်းတစ်ခုစီသို့ လမ်းညွှန်ပေးလေသည်။ ထို့ကြောင့် ရှီးဖေး၊ ဝူနီ၊ ကျန့်ဝူယင်းနှင့် ထူလုံတို့သည် မတူညီသော လမ်းကြောင်းတစ်ခုစီကို ဝင်ရ၏။ သူတို့သည် ဘယ်ဘက်အစွန်ဆုံး လမ်းကြောင်းရှိ ကျန်းရီကို သတိမထားမိကြပေ။
“အာ...”
သခင်လေးများက သတိမထားမိသော်လည်း သူတို့၏ လက်အောက်ငယ်သားများက ကျန်းရီကို လှမ်းမြင်ကြလေသည်။ လမ်းကြောင်းများအပြင်တွင် ရပ်နေကြသော လူများထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
“သခင်လေးဖေး... ဘယ်ဘက်အစွန်ဆုံးလမ်းကြောင်းမှာ လူတစ်ယောက်ရှိနေတယ်။ ကျွန်တော်တို့ သူ့ကို သတ်လိုက်ရမလား”
“သူက ဘယ်သူလဲ။ ဘာလို့ ကျွန်တော်တို့ သူ့ကို အရင်တုန်းက မမြင်ဖူးတာလဲ။ သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မဟုတ်ဘူး။ သူ ဘယ်လိုလုပ် နတ်ဘုရားဘုံကျောင်းထဲကို ဝင်လာတာလဲ”
“သူ့ကိုသတ်...”
လူများက ဆူညံပွက်နေ၏။ သူတို့သည် ယခင်က ကျန်းရီကို မမြင်ဖူးကြပေ။ နတ်ဘုရားဘုံကျောင်း၏ လျှို့ဝှက်ချက်ကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်များကသာ သိကြသည်။ ကျန်းရီသည် သူတို့မသိသောသူတစ်ယောက် ဖြစ်သော်လည်း ဤနေရာအထိ ဝင်လာနိုင်ခဲ့ပေသည်။ ယင်းကကို ထူးခြားသောအရာတစ်ခု ဖြစ်နေပေပြီ။
ကျီထင်ယွီသည် ကျန်းရီကို အဝေးမှ လှမ်းမြင်လိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် အေးစက်စက်အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းရီသည် လမ်းကြောင်း၏ သုံးပုံတစ်ပုံကို သွားပြီးပေပြီ။ သူသည် ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို ပထမဆုံး တွားသွားနိုင်သူ ဖြစ်၍ အတွင်းဆောင်ထဲရှိ ရှေးဟောင်းအသုံးအဆောင်အားလုံးကို သူကပဲ ရသွားနိုင်ပေသည်။
“ဘာ... သူ့ကို...သတ်...”
ရှီးဖေး၏အသံက ပဲ့တင်ထပ်လာ၏။ နောက်ဆုံးစကားလုံးများက သူ၏သွားကြားထဲမှ တိုးထွက်လာခြင်းပင်။ ရှီးဖေး၊ ဝူနီနှင့် အခြားသူများသည် တွားသွားနေကြရသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်ဖြစ်နေ၏။ သို့သော် သူတို့၏ ရုပ်ခန္ဓာများနှင့် ကျင့်ကြံခြင်းအဆင့်များက ကျန်းရီထက် သာပေသည်။ ထို့ကြောင့် သူတို့က ကျန်းရီထက် အနည်းငယ် ပိုမြန်ကြသည်။
“ဘယ်သူမှ မလှုပ်ကြနဲ့”
ယဉ်ရို့ပင်း၏ ချိုသာသောအသံကလေး ပဲ့တင်ထပ်လာ၏။ သူမသည် အဝေးမှနေ၍ အားလုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူက ယဉ်မျိုးနွယ်က မျိုးနွယ်ဝင်တစ်ယောက်ပဲ။ ရှင်တို့ သတ္တိရှိရင် သူ့ကို ထိကြည့်လိုက်ကြ”
“အာ...”
အားလုံး မလှုပ်ဝံ့ကြတော့ပေ။ ယဉ်ရို့ပင်းက ထိုသို့ပြောလိုက်ပြီဖြစ်၍ သူတို့ ကျန်းရီကို ယခင်က မမြင်ဖူးလျှင်ပင်၊ သံသယဖြစ်နေလျှင်ပင် ယခု မဆင်မခြင် မလုပ်ဝံ့တော့ချေ။
ရွှီး...
အလင်းတန်းတစ်ခု လင်းလက်လာပြီး လူရှစ်ယောက် တည်နေရာပြောင်းရွှေ့လာ၏။ ယဉ်ရို့ပင်းက တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ချိုသာစွာပြုံးကာ ပြောလိုက်သည်။
“အစ်မချန်၊ ရှောင်းယာ၊ အစ်ကိုချီကျန့်၊ အစ်မရှင်း... အစ်မတို့အားလုံး အဆင်ပြေတာ ကျွန်မ ဝမ်းသာပါတယ်”
“နောက်ဆုံးတော့ ငါတို့ ကောင်းကင်ဘုရင်နန်းတော်ကို ရောက်လာပြီပေါ့”
ရီချန်က ယဉ်ရို့ပင်းကို ခေါင်းညိတ်ပြလိုက်ပြီး အရှေ့သို့ အလျှံတညီးညီးမျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်မှနေ၍ မိုးကြိုးတန်းများ တောက်ပလာ၏။ ထို့နောက် သူမသည် အရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်လေသည်။ သူမသည် မြဲမြံစွာလျှောက်နေပြီး ဤကောင်းကင်ဘုရင်နန်းတော်အကြောင်းကို ကောင်းစွာနားလည်ထားပုံပေါ်လေသည်။
ရီချန်၏ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးတန်းများက အရှေ့ရှိ ကြမ်းပြင်ကွက်များကို မကြာခဏဆိုသလို ရိုက်ခတ်နေ၏။ သို့ကြောင့် သူမသည် မည်သည့်ကြမ်းပြင်ကွက်က အစီအရင်ရှိနေသည်ကို စူးစမ်းနေရန်မလိုဘဲ အရှေ့သို့ အလွယ်တကူ သွားနိုင်နေလေသည်။ ဆယ့်ငါးမိနစ်အတွင်းမှာပင် သူမသည် စင်္ကြံလမ်းများဆီသို့ ရောက်သွား၏။ သူမ အရှေ့သို့ ခြေလှမ်းကျဲတစ်လှမ်း လှမ်းလိုက်သည်။
ဝုန်း...
ရှောင်လွှဲ၍မရသော မြေဆွဲအားက ရီချန်၏ခန္ဓာကိုယ်အပေါ် သက်ရောက်သွား၏။ သို့သော် အားလုံး အံ့အားသင့်သွားကြသည်။ ရီချန်က ကြမ်းပြင်တွင် ဝပ်မသွားပေ။ သူမ၏ခြေထောက်များနှင့် သေးသွယ်သောခန္ဓာကိုယ်လေးက တုန်ယင်နေသည်။ သူမ၏နောက်ကျောပြင်ကလည်း ဖိအားကြောင့် ကိုင်းနေသည်။ သို့သော် သူမသည် ကြမ်းပြင်တွင် ဝပ်မသွားဘဲ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားနေလေသည်။ သူမ၏အရှိန်က ရှီးဖေးနှင့် အခြားသူများထက်ပင် အတန်ငယ်ပိုမြန်နေသည်။
လင်းချီကျန့်ကလည်း သူ၏လူများအား လင်းရှီယာ့ကို ကာကွယ်ခိုင်းထားလိုက်ပြီး လမ်းကြောင်းထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။ သူသည် ရီချန်လောက် မခက်ထန်သဖြင့် ရှီးဖေးနှင့်အခြားသူများကဲ့သို့သာ တွားသွားလိုက်ရသည်။ လင်းချီကျန့် လမ်းကြောင်းထဲသို့ ဝင်သွားပြီးနောက်တွင် အပြင်ဘက်၌ အလင်းတောက်ပလာ၏။ ယဲ့ရင်က လူဆယ်ယောက်နှင့်အတူ ကောင်းကင်ဘုရင်နန်းတော်ထဲသို့ ရောက်လာခြင်းပင်။ ယဲ့ရင်နှင့် ရှစ်မျိုးနွယ်မှ သခင်လေးတစ်ယောက်တို့သည်လည်း ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီးနောက် လမ်းကြောင်းထဲသို့ လျင်မြန်စွာ ဝင်သွားကြလေသည်။
ယဉ်ရို့ပင်းကမူ မလှုပ်ရှားလိုက်ပေ။ သူမသည် အမျိုးသမီးဖြစ်ပြီး ရီချန်ကဲ့သို့လည်း အင်အားမကြီးချေ။ အကယ်၍ သူမ လမ်းကြောင်းထဲသို့ ဝင်သွားလျှင်လည်း သေချာပေါက် တွားသွားရမည်ဖြစ်သည်။ သူမသည် ဂုဏ်သိက္ခာရှိသော သခင်မလေးတစ်ယောက်ဖြစ်သဖြင့် အပြင်လူများရှိနေခိုက်တွင် မည်သို့ ကြမ်းပြင်ပေါ်တွင် တွားသွားနိုင်ပါမည်နည်း။
ယခုတွင် ကောင်းကင်ဘုရင်နန်းတော်ထဲ၌ လူများစွာရှိနေ၏။ သို့သော် ယဉ်ရို့ပင်းက ကျန်းရီကို လိမ်ခဲ့ခြင်းမဟုတ်ပေ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ သမိုင်းတစ်လျှောက်၌ ကောင်းကင်ဘုရင်နန်းတော်ထဲသို့ ဝင်နိုင်ခဲ့သူမှာ အမှန်ပင် အနည်းငယ်သာ ရှိပေသည်။ သို့သော် ထိုလူများသည် လမ်းကြောင်းကို ဖြတ်ကျော်နိုင်ရန် အချိန်မလုံလောက်ခဲ့ချေ။
ရှီးဖေးနှင့် အခြားသူများ ကောင်းကင်နတ်ဘုရားနန်းတော်သို့ အောင်အောင်မြင်မြင် ရောက်လာနိုင်ခဲ့ခြင်းမှာ ကျန်းရီ၏ကျေးဇူးကြောင့်ဖြစ်သည်။
ကောင်းကင်ဘုရင်နန်းတော်သို့ ရောက်ရန် ဝိညာဉ်လေခန်းမကို ဖြတ်ကျော်ရပေသည်။ ထိုခန်းမက ခန်းမအသေးလေးများထဲတွင် အန္တရာယ်အများဆုံး ခန်းမဖြစ်သည်။ သို့သော် ကျန်းရီသည် ဝိညာဉ်လေခန်းမအတွင်းရှိ ဝိညာဉ်လေအားလုံးကို စုပ်ယူခဲ့ပေသည်။ ထို့ကြောင့် ကျန်လူများအားလုံးက ကောင်းကင်ဘုရင်နန်းတော်သို့ ရောက်လာနိုင်ကြခြင်းဖြစ်လေသည်။
ယဉ်ရို့ပင်းသည် ကျန်းရီနှင့်အတူ ဝိညာဉ်လေခန်းမကို ဖြတ်ကျော်ခဲ့သော်လည်း နောက်ကျမှ ရောက်လာခြင်းမှာ သူမက ခန်းမတစ်ခုကိုသာ ဖြတ်ကျော်ရသေး၍ ဖြစ်သည်။ သို့ဖြစ်၍ သူမသည် ကျန်းရီကဲ့သို့ ကောင်းကင်ဘုရင်နန်းတော်သို့ တိုက်ရိုက် ရောက်မလာဘဲ နောက်ထပ်ခန်းမလေးခုကို ဖြတ်ကျော်ပြီးမှသာ ရောက်လာခြင်းဖြစ်ပေသည်။
“ရှေးဟောင်းအသုံးအဆောင်တွေ... ပိုင်ရီက ရှေးဟောင်းစစ်သူကြီးရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းအသုံးအဆောင်ကို ရနိုင်လောက်လား”
ယဉ်ရို့ပင်းသည် အဝေးရှိ ကျန်းရီ၏ ခပ်ရေးရေးနောက်ကျောပြင်ကို အရောင်လက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူမတွင် ရှေးဟောင်းအသုံးအဆောင်ကို ရနိုင်ရန် အခွင့်အရေးမရှိပေ။ သို့သော် ကျန်းရီသာ ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ရနိုင်လျှင် သူမ ဝမ်းသာမည်သာ။ အဘယ်ကြောင့်ဆိုသော် သူမ၏ရင်ထဲတွင် ကျန်းရီက ယဉ်မျိုးနွယ်မှ လူတစ်ယောက်ဖြစ်နေပြီ ဖြစ်၍ပင်။
ဧကရာဇ်ကိုးပါးမျိုးနွယ်စုအနေဖြင့် သာမန်အဆင့်အတန်းသာရှိသည့် လူငယ်တစ်ယောက်ကို သိမ်းသွင်းရန် ခက်ခဲပါမည်လော။ လောကအတွင်းရှိ မည်သည့်ယောက်ျားကမှ နံ့သာသခင်မမျိုးနွယ်၏ ဆွဲဆောင်မှုကို မငြင်းနိုင်ဟု သူမယုံကြည်ပေသည်။
ဟူး...
ကျန်းရီသည် ခက်ခက်ခဲခဲ တွားသွားနေရ၏။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက အလွန်နာကျင်နေပေပြီ။ သူ၏တံတောင်ဆစ်များနှင့် ဒူးခေါင်းများကလည်း ကြမ်းပြင်နှင့်ပွတ်တိုက်မှုကြောင့် သွေးထွက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့အနောက်တွင် သွေးကြောင်းများ ကျန်ခဲ့လေသည်။ သံနက်ချပ်ဝတ်၏ ခုခံနိုင်စွမ်းက အားကောင်းသော်လည်း ၎င်းသည် သူ့ရုပ်ခန္ဓာပေါ်သို့ သက်ရောက်နေသည့် လေးလံသော ဖိအားနှင့် ပွတ်တိုက်မှုကို မကာကွယ်ပေးနိုင်ပေ။
ကျန်းရီသည် သွေးဆုံးရှုံးကာ သက်လုံကုန်ခမ်းလာသဖြင့် အရှိန်နှေးလာလေသည်။ သူ၏ တိုက်ခိုက်စွမ်းအားက အင်အားကြီးသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က မမြင့်ပေ။ သူ၏အတွင်းအားက ကောင်းကင်ဧကရာဇ် တတိယအဆင့်တွင်သာရှိပြီး သူ၏ရုပ်ခန္ဓာက အလွန်ဆုံးမှ ကောင်းကင်ဧကရာဇ် ပဉ္စမအဆင့်တွင်သာ ရှိပေသည်။ ရှီးဖေး၏အဆင့်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ဖြစ်သည်။ ကျန်သခင်လေးများကလည်း အဆင့်မြင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။ သူတို့ အပြင်သို့ ပြန်ခေါ်ထုတ်ခံရရန် နှစ်နာရီသာ လိုပေတော့သည်။ ကျန်းရီသည် လမ်းကြောင်းတစ်ဝက်ကျော်ကို တွားသွားပြီးသွားပေပြီ။ ရှီးဖေးက နောက်မှမီလာကာ သူ့ကို ကျော်တက်သွားပြီဖြစ်သည်။ ကျန့်ဝူယင်းသည် အဆင့်မြင့် ကောင်းကင်ဧကရာဇ်သာ ဖြစ်သော်လည်း သူ၏အရှိန်က အလွန်လျင်မြန်သဖြင့် ကျန်းရီကို မီလာပြီဖြစ်သည်။
ရီချန်သည်လည်း ကျန်းရီကိုမီရန် အနည်းငယ်သာ လိုတော့သည်။ သို့သော် သူမသည် အရှေ့သို့ ဆက်မသွားဘဲ လမ်းတွင် ရပ်နေ၏။ သူမတစ်ကိုယ်လုံးတွင် ချွေးများရွှဲနစ်နေပြီဖြစ်သဖြင့် သူမ၏ငါးရံ့ကိုယ်လုံးလေးက ပေါ်လွင်နေလေသည်။ ထို့ကြောင့် ယောက်ျားများစွာ၏ မျက်လုံးများထဲတွင် အခိုးအငွေ့များ တောက်လာပေသည်။ သူမအနောက်တွင်မူ ထူလုံနှင့် ဝူနီတို့ရှိ၏။ လင်းချီကျန့်ကမူ သူတို့ထက် အတန်ငယ် နောက်ရောက်၏။ ယဲ့ရင်နှင့် ရှစ်မျိုးနွယ်မှ သခင်လေးတို့မှာမူ ရောက်လာသည့်အချိန် နောက်ကျ၍ နောက်ဆုံးတွင် ဖြစ်သည်။
ဆယ့်ငါးမိနစ်... မိနစ်သုံးဆယ်...
ယဉ်ရို့ပင်း၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းသောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ရှီးဖေးနှင့် ရီချန်တို့သာမက ကျန့်ဝူယင်းနှင့် ဝူနီတို့ကလည်း ကျန်းရီကို ကျော်တက်သွားကြပြီဖြစ်သည်။ ကျန်းရီ အတွင်းဆောင်သို့ ရောက်သောအချိန်တွင် မည်သည့်ရှေးဟောင်းအသုံးအဆောင်မှ ကျန်တော့မည်မဟုတ်ဟု သူမတွေးလိုက်သည်။
“ပိုင်ရီ... ရှင်က ဝိညာဉ်လေခန်းမထဲက ဝိညာဉ်လေတွေကို စုပ်ယူခဲ့ပေမယ့် ရှီးဖေးနဲ့ တခြားသူတွေက အဲ့ဒါကို အခွင့်ကောင်းယူသွားတာပဲ။ အစ်မချန်... အကောင်းဆုံးကြိုးစားပြီး ရှေးဟောင်းအသုံးအဆောင်အကုန်လုံးကို ယူခဲ့ပါ။ အဲ့မျိုးမစစ်ရှီးဖေးအတွက် တစ်ခုမှ မချန်ခဲ့ပါနဲ့”
ယဉ်ရို့ပင်းက တီးတိုးရေရွတ်လိုက်သည်။ ကျန်းရီ၏ အရှိန်က ပို၍ပင် နှေးလာသဖြင့် သူမသည် ကျန်းရီအပေါ် မျှော်လင့်ချက် မရှိတော့ပေ။ သူ ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို ဖြတ်ကျော်ပြီးချိန်တွင် အပြင်သို့ ပြန်ခေါ်ထုတ်ခံရနိုင်လေသည်။
လမ်းကြောင်းအသီးသီး၏ အပြင်တွင် မျိုးနွယ်အသီးသီးမှ လူငယ်သိုင်းသမားများက ရပ်နေကြ၏။ သို့သော် သူတို့သည် သူတို့၏သခင်လေးများနှင့်အတူ လမ်းကြောင်းထဲသို့ လိုက်မသွားကြပေ။ လမ်းကြောင်းထဲသို့ လူများများ ဝင်သွားလျှင် မြေဆွဲအားက ပိုအားကောင်းလာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သခင်လေးများ ရှေးဟောင်းအသုံးအဆောင်များကို ရနိုင်၊ မရနိုင်ကမူ ကံတရားအပေါ်တွင်သာ မူတည်ပေသည်။
“ဟားဟားဟား... သခင်လေးဖေးက ဖြတ်ကျော်နိုင်သွားပြီ”
ဆယ့်ငါးမိနစ်ကြာပြီးနောက် ရှီးမျိုးနွယ်မှ လူများက ဟက်ဟက်ပက်ပက် ရယ်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် အစ်မရှင်း၏ မျက်လုံးများကလည်း တောက်ပသွားသည်။ သူမက အော်ပြောလိုက်၏။
“သခင်မလေးရီလည်း ဖြတ်ကျော်နိုင်သွားပြီ”
ယဉ်ရို့ပင်းသည် ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီသည် လမ်းကြောင်းအဆုံးသို့ ရောက်ရန် မီတာသုံးရာလောက် သွားရဦးမည်ဖြစ်သည်။ သို့သော် အချိန်က လေးဆယ့်ငါးမိနစ်သာ ကျန်တော့သည်။ ထို့ကြောင့် သူမ ခါးသက်သက်ရယ်လိုက်ပြီး ရေရွတ်လိုက်လေသည်။
“ပိုင်ရီအတွက် မျှော်လင့်ချက် မရှိတော့ဘူး။ အပြင်ကို ပြန်ခေါ်ထုတ်ခံရဖို့ပဲ စောင့်ရတော့မှာပဲ”
***