ရှေးဟောင်းအသုံးအဆောင်အတွက် အသည်းအသန်သွားခြင်း
Vol. 67 Ch. 923
“ရှီးဖေးနဲ့ ရီချန်တို့က လမ်းကြောင်းကို ဖြတ်ကျော်သွားနိုင်ပြီလား”
ကျန်းရီသည် အနောက်မှ ဆူညံသံများကို ကြားလိုက်သောအခါ လက်လျှော့လိုက်မိမလိုပင် ဖြစ်သွား၏။ ဤလမ်းကြောင်းကို တွားသွား၍ ဖြတ်ကျော်ရခြင်းက အလွန်ပင်ပန်းလှပေသည်။ သူသည် တောင်ကြီးတစ်လုံးကို ထမ်း၍ တွားသွားနေရသကဲ့သို့ ခံစားနေရသည်။ သူ့အနောက်တွင် သူ့တံတောင်ဆစ်နှင့် ဒူးခေါင်းတို့မှ ထွက်သော သွေးများ အကြောင်းလိုက် ထင်ကျန်ခဲ့သည်။ သူသည် သွေးဆုံးရှုံးမှုကြောင့် ပို၍မောဟိုက်နေပေသည်။
“ဟားဟား... သခင်လေးဝူယင်းလည်း ရောက်သွားပြီကွ”
“သခင်လေးနီလည်း ဖြတ်သွားနိုင်ပြီ။ သခင်လေးနီ မြန်မြန်လုပ်ပါ... ရှေးဟောင်းအသုံးအဆောင်တွေကို သွားယူလိုက်တော့”
“သခင်လေးလုံ... မြန်မြန်သွားပါ... သခင်လေးလည်း ရောက်တော့မှာပါ။ တောင့်ခံထား...”
ကျန်းရီသည် အနောက်မှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်၏။ ထို့ကြောင့် သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ ဝူနီသည်လည်း ဖြတ်ကျော်သွားနိုင်ပြီလော။ ဝူနီသာ ရှေးဟောင်းအသုံးအဆောင်များကို ရသွားလျှင် အင်အားတိုးသွားမည်ဖြစ်ကြောင်း သူ တွေးမိလိုက်သောအခါ မျက်လုံးများရဲလာ၏။ သို့ဆိုလျှင် သူ ဝူနီကို ဖမ်းနိုင်ရန် ခက်ခဲသွားပေလိမ့်မည်။
“ဆက်သွားမယ်...”
ကျန်းရီသည် အံကြိတ်လိုက်ပြီး အားတင်းကာ အသည်းအသန် တွားသွားလိုက်၏။ သူ၏အရှိန်က ယခင်ကထက် နှစ်ဆပိုမြန်လာသည်။ အစောက သူသည် မီတာသုံးရာကို တွားသွားရန် မိနစ်သုံးဆယ် သို့မဟုတ် မိနစ်လေးဆယ်လောက် လိုခဲ့၏။ သို့သော် ယခုတွင်မူ သူသည် ဆယ့်ငါးမိနစ်ဖြင့်ပင် လမ်းကြောင်းအဆုံးသို့ ရောက်သွားလေသည်။
“အာ...”
ယဉ်ရို့ပင်း၊ အစ်မရှင်းနှင့် အပြင်ဘက်မှ အခြားလူများ၏ မျက်လုံးများ တောက်ပသွားကြ၏။ အစ်မရှင်းက ချီးကျူးလိုက်သည်။
“အဲ့ပိုင်ရီရဲ့ စိတ်ဓာတ်က အတော်ခိုင်မာတာပဲ။ သူက သူ့ခန္ဓာကိုယ်ကို အရေးမစိုက်ဘဲ အမြန်သွားလိုက်တာပဲ။ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကတော့ တုန်ခါလွန်းလို့ သွေးထွက်နေလောက်ပြီ”
ယဉ်ရို့ပင်း၏ ချစ်စဖွယ်မျက်နှာလေးက အတန်ငယ် နီမြန်းနေ၏။ သူမသည် ကျန်းရီ၏ နောက်ကျောပြင်ကို ကြည့်၍ ရေရွတ်လိုက်သည်။
“မိနစ်နှစ်ဆယ်ကျန်သေးတယ်... ပိုင်ရီ ရှေးဟောင်းအသုံးအဆောင်တစ်ခုလောက် ရနိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ သူသာ တစ်ခုရနိုင်ခဲ့ရင် မျိုးနွယ်က သူ့ကို ပိုတန်ဖိုးထားမှာပဲ”
“အာ...”
ကျန်းရီ လမ်းကြောင်းအပြင်သို့ ရောက်သောအခါ သူ့မျက်စိရှေ့ရှိ မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွား၏။ ထိုမြင်ကွင်းသည် အစောက သူ လမ်းကြောင်းထဲမှ လှမ်းမြင်ခဲ့သော မြင်ကွင်းမဟုတ်တော့ချေ။ သူသည် ခန်းမအသစ်တစ်ခုထဲသို့ ရောက်သွားပေပြီ။ ထိုခန်းမက နေ့အချိန်ကဲ့သို့ တောက်ပနေသဖြင့် ပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နိုင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အရာအားလုံးကို မြင်နိုင်၏။ ထို့ကြောင့် သူ ရှီးဖေး၊ ဝူနီ၊ ကျန့်ဝူယင်း၊ ရီချန်နှင့် ထူလုံတို့ကို တွေ့လိုက်လေသည်။
ထိုငါးယောက်သည် ကျန်းရီနှင့် အတန်ငယ် လှမ်းနေပေပြီ။ သူတို့သည် သူတို့၏ ရတနာအမျိုးမျိုး၊ စွမ်းရည်အမျိုးမျိုးကိုသုံး၍ အရှေ့သို့ သွားနေကြ၏။ ရှီးဖေးနှင့် ရီချန်တို့က အရှေ့ဆုံးတွင်ဖြစ်သည်။ သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသော ဧရာမဦးခေါင်းခွံတစ်ခုက ရှီးဖေးကို အဆက်မပြတ် လှည့်ပတ်နေသည်။ ရီချန်၏ခန္ဓာကိုယ်ပေါ်တွင်လည်း မိုးကြိုးတန်းအလွှာတစ်ခု ရှိနေသည်။ ကျန့်ဝူယင်း၏ ဝိညာဉ်ဖမ်းပုလွေကလည်း သူ့ကို လျင်မြန်စွာ လှည့်ပတ်နေသည်။ ဝူနီကိုမူ အစိမ်းရင့်ရောင် ပုလဲခုနစ်လုံးက လှည့်ပတ်နေ၏။
ထူလုံက ပုံစံပြောင်းထားသည်။ သူ၏ကိုယ်အောက်ပိုင်းက လူပုံစံအတိုင်း ရှိနေသေးသော်လည်း သူ့ကိုယ်အပေါ်ပိုင်းက ခက်ထန်သော မီးခိုးရောင်ဝက်ဝံကြီးပုံစံ ဖြစ်နေပေပြီ။ သူ့တွင် သံမဏိကဲ့သို့သော အမြီးရှည်တစ်ချောင်း ရှိနေပြီး သူ့တစ်ကိုယ်လုံးကို တောက်ပနေသော သင်္ကေတပုံသဏ္ဌာန်များက ဝန်းရံထားလေသည်။ သင်္ကေတပုံသဏ္ဌာန်များပေါ်တွင် သေးငယ်သော ဆန်းကြယ်သားရဲပုံများကို ခပ်ရေးရေးမြင်နေရ၏။ ယင်းက အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။
“ရှေးဟောင်းအသုံးအဆောင်...”
ကျန်းရီသည် အားလုံး ဦးတည်သွားနေသော နေရာဆီသို့ ကြည့်လိုက်ရာ ကီလိုမီတာများစွာ အဝေးရှိ ရေခဲပလ္လင်တစ်ခုကို တွေ့လိုက်လေသည်။ ပလ္လင်ပေါ်တွင် (၁၂)မီတာမြင့်သော အရိုးစုတစ်ခု ထိုင်နေ၏။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရိုးစုကဲ့သို့ပင်။
အရိုးစုက သရဖူတစ်ခုကို ဆောင်းထားပြီး လက်ထဲတွင်လည်း ဧရာမကျောက်မီးဖိုတစ်လုံးကို ကိုင်ထားသည်။ ကျောက်မီးဖိုသည် အစိမ်းရင့်ရောင်ဖြစ်ပြီး မည်သည့်သင်္ကေတပုံသဏ္ဌာန်မှ မရှိပေ။ သို့သော် ၎င်းအပေါ်တွင် ဆန်းကြယ်သော ပုံစံများကို ထွင်းထားပေသည်။ ထိုပုံစံများသည် ဖော်ပြ၍မရနိုင်သော စွမ်းအားကို ပိုင်ဆိုင်ပုံပင်။ ယင်းတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရင်တုန်သွားပေသည်။
“ဘာလို့ သူတို့က ဖြည်းဖြည်းချင်း သွားနေတာလဲ။ သူတို့အရှေ့မှာ တစ်ခုခု ရှိနေလို့လား”
ကျန်းရီသည် စိတ်ဝင်တစားကြည့်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ အခြေအနေကို ဂရုတစိုက် အာရုံခံလိုက်သည်။ မကြာခင်မှာပင် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤခန်းမထဲတွင်လည်း ဝိညာဉ်လေများရှိနေပြီး ၎င်းတို့၏ သိပ်သည်းမှုက ဝိညာဉ်လေခန်းမထဲကနှင့် သိပ်မကွာပေ။
ဝိညာဉ်လေများလော။
ကျန်းရီသည် ဝိညာဉ်လေများကို မကြောက်ဆုံးဖြစ်သည်။
“ငါ ရှေးဟောင်းအသုံးအဆောင်တွေကို သွားယူရမလား ဒါမှမဟုတ် ဝူနီကို ဖမ်းရမလား”
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ ထွက်ပေါ်လာ၏။ ဝူနီက သူ့အရှေ့တွင် ရှိနေပေသည်။ ထို့ပြင် သူသည် ရှေးဟောင်းအသုံးအဆောင်များကိုလည်း အလွယ်တကူ ရယူနိုင်နေသည်။ သူ၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် ရှေးဟောင်းအသုံးအဆောင်းများကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်၏။ ဝူနီကို ဖမ်းရန်က အရေးအကြီးဆုံး မဟုတ်ပါလား။
ရတနာတစ်ခုက မည်မျှ အဖိုးတန်စေကာမူ ရတနာတစ်ခုသာဖြစ်ပြီး မိမိ၏အင်အားကို တိုးမြှင့်နိုင်ရန်သာ အသုံးဝင်ပေသည်။ သို့သော် သူသာ ဝူနီကို ဖမ်းနိုင်လျှင် စုလောရွှယ်နှင့် လဲလှယ်နိုင်ပေလိမ့်မည်။ သူ့အတွက် စုလောရွှယ်က အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။ မည်သည့်ရတနာကမှ သူမနှင့် မနှိုင်းယှဉ်နိုင်ပေ။
ဝှစ်...
ကျန်းရီ၏လက်များ တောက်ပလာ၏။ ထို့နောက် သူသည် ဝူနီထံသို့ ခက်ထန်သောနဂါးတစ်ကောင်ကဲ့သို့ ပြေးသွားလေသည်။
ဤအတွင်းဆောင်တွင်လည်း အားကောင်းသော မြေဆွဲအားရှိ၏။ သို့သော် ဤမှ မြေဆွဲအားက လမ်းကြောင်းများထဲရှိ မြေဆွဲအားထက် များစွာပို၍အားနည်းပြီး အပြစ်ဆေးကြောဒေသထဲရှိ အခြားနေရာများမှ မြေဆွဲအားနှင့် အတူတူလောက်ရှိပေသည်။ ထို့ကြောင့် ကျန်းရီ၏ အမြန်နှုန်းက စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်လောက်အထိ ရှိနေသည်။ ထို့ပြင် သူသည် သံနက်ချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားပေသည်။ သူ၏လက်များက အဆင်မပြတ် လှုပ်ယမ်းနေပြီး အမည်မဲ့ကျင့်စဉ်ဖြင့် အနီးမှ ဝိညာဉ်လေများကို စုပ်ယူနေလေသည်။ သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်ကလည်း တောက်ပလာ၏။ သံနက်ဓားနှင့် ဓားပျော့တို့က အချိန်မရွေး ထွက်လာရန် အသင့်ဖြစ်နေပေပြီ။ အကယ်၍ လိုအပ်လာလျှင် သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်သုံးမည်ဖြစ်သည်။
ကျန်းရီ၏ အမြန်နှုန်းက အခြားသူများနှင့် ယှဉ်လျှင် အလွန်မြန်သည်ဟု ဆိုနိုင်၏။ သူသည် ဝိညာဉ်လေများကို လုံးဝစိုးရိမ်ရန် မလိုပေ။ အားလုံးသည် အရှေ့သို့ မြန်မြန်သွားလိုကြသော်လည်း ဝိညာဉ်လေများက သူတို့ကို ဟန့်တားနေပေသည်။
ခြောက်ကီလိုမီတာ၊ သုံးကီလိုမီတာ... နှစ်ကီလိုမီတာခွဲ...
ကျန်းရီ ရောက်ရှိလာမှုက အားလုံးကို လန့်သွားစေ၏။ အစတွင် သူတို့အားလုံးသည် ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသော ရှေးဟောင်းစစ်သူကြီး၏လက်ထဲရှိ ရှေးဟောင်းအသုံးအဆောင်ကိုသာ အာရုံစိုက်နေကြသဖြင့် ကျန်းရီကို မည်သူမှ အရေးမစိုက်ခဲ့ကြပေ။ သို့သော် သူတို့သည် အနားသို့ ကပ်လာသော ခြေသံများကို ကြားလိုက်သောအခါ အံ့ဩတကြီး လှည့်ကြည့်လိုက်ကြသည်။
“အာ...”
အကြည့်တစ်ချက်က သူတို့ငါးယောက်စလုံးကို မျက်မှောင်ကြုတ်သွားစေ၏။ ကျန်းရီ၏ အရှိန်က အလွန်မြန်လွန်းနေပေသည်။ သူတို့သည် အနောက်မှ ဝိညာဉ်လေအများစုကို ရှင်းခဲ့ပြီးဖြစ်သော်လည်း ကျန်းရီအနေဖြင့် ထိုသို့ လျင်မြန်စွာ မလှုပ်ရှားနိုင်သင့်ပေ။ ဝိညာဉ်လေများက နှေးကွေးစွာ စီးဆင်းနေသော်လည်း သူတို့၏ အာရုံများက အားကောင်းသဖြင့် ကျန်းရီအရှေ့တွင် ဝိညာဉ်လေများ မည်မျှရှိနေကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
အားလုံးသည် နားမလည်နိုင်ဖြစ်နေ၍ ရပ်ကာ ကျန်းရီ၏ တောက်ပနေသော လက်များကို စိုက်ကြည့်လိုက်ကြသည်။ ထိုအခါမှ အနီးရှိ ဝိညာဉ်လေများက ကျန်းရီ၏လက်နှစ်ဘက်ဆီသို့ စုဝေးကာ ပျောက်ကွယ်သွားကြကြောင်း သူတို့ သတိပြုမိလိုက်ကြသည်။
“အဲ့ပိုင်ရီမှာ တကယ်ပဲ နတ်ဘုရားစွမ်းရည်တစ်ခု ရှိနေတာလား။ ကြည့်ရတာ သူက ဝိညာဉ်လေတွေကို စုပ်ယူနေတဲ့ပုံပဲ”
ရီချန်၏ လှပသောမျက်ဝန်းများက အရောင်လက်သွားပြီး တုန်လှုပ်ဖွယ် တောက်ပနေလေသည်။ ဝူနီ၏ဘေးရှိ အစိမ်းရင့်ရောင်ပုလဲလုံး ခုနစ်လုံးထဲမှ သုံးလုံးကလည်း လင်းလက်လာ၏။ ကျန့်ဝူယင်းကလည်း သူ၏ ဝိညာဉ်ဖမ်းပုလွေကို ဆုပ်ကိုင်၍ တေးသွားတစ်ခု မှုတ်လိုက်သည်။ ထို့ကြောင့် ရီချန်သည် ချက်ချင်း ကျန်းရီထံသို့ အသံပို့လွှတ်လိုက်၏။
“ပိုင်ရီ... သတိထား”
ရီချန်၏ အသံပို့လွှတ်မှုက နောက်ကျသွားပေပြီ။ ကျန်းရီ၏ နားထဲသို့ ပုလွေသံ ဝင်ရောက်သွားပြီဖြစ်သည်။ ကျန်းရီသည် မိုးကြိုးဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ဝူနီ၏ အစိမ်းရင့်ရောင် ပုလဲလုံးသုံးလုံးကလည်း သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် အနောက်သို့ လွင့်ပျံထွက်သွား၏။ သံနက်ချပ်ဝတ်က အလင်းတောက်ပလာသည်။ ၎င်းချပ်ဝတ်ပေါ်တွင် ချိုင့်ရာသုံးခု ထင်သွားပေသည်။ အတွင်းပိုင်းတွင်မူ ကျန်းရီ၏ နံရိုးသုံးချောင်း ကျိုသွားသည်။ သူ၏ကိုယ်တွင်းအင်္ဂါများလည်း အပြင်းအထန် တုန်ယင်သွားသည်။
ကျန်းရီသည် အနောက်သို့ လွင့်သွားသော်လည်း ချက်ချင်းပြန်၍ဟန်ချက်ထိန်းလိုက်၏။ သူသည် တစ်ကိုယ်လုံး နာကျင်နေသော်လည်း လက်လှုပ်ယမ်းမှုကို မရပ်လိုက်ဘဲ ဝိညာဉ်လေများကို ဆက်စုပ်ယူလိုက်သည်။ အကယ်၍ သူသာ ရပ်တန့်လိုက်ပါက သူ့ခန္ဓာကိုယ်သည် ဝိညာဉ်လေများကြောင့် အပိုင်းပိုင်းပြတ်သွားပေလိမ့်မည်။
ဝုန်း...
ကျန်းရီသည် မီတာရာကျော် လွင့်သွားကာ ပါးစပ်ဖွင့်၍ သွေးအန်လိုက်၏။ သူသည် ကျန့်ဝူယင်း၏လက်ထဲရှိ ပုလွေကို ခက်ထန်စွာ စိုက်ကြည့်လိုက်၏။ ဝိညာဉ်ဖမ်းပုလွေက ဓားဧကရာဇ်၏ ကျော်ကြားသောလက်နက်ဖြစ်ကြောင်း သူ ကြားဖူးခဲ့သည်။ ထိုပုလွေကို မှုတ်လိုက်လျှင် ကြောက်မက်ဖွယ် နတ်ဘုရားအသံ ကောင်းကင်အတတ် ထွက်ပေါ်လာမည်ဖြစ်သည်။ ယင်းက ကျန်းရီ၏ အတတ်ထက် ပိုကြောက်မက်ဖွယ် ကောင်းပေသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က သန်မာသော်လည်း ထိုအသံကို တောင့်ခံနိုင်မည် မဟုတ်ပေ။
‘ငါ့ရဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်သုံးရမလား’
ကျန်းရီ တုံ့ဆိုင်းနေ၏။ အကယ်၍ သူတို့သာ အပြင်တွင်ဆိုလျှင် ထိုအတတ်က အားလုံးအပေါ် သက်ရောက်နိုင်လိမ့်မည်ဟု သူ အကြွင်းမဲ့ယုံကြည်မှုရှိပေသည်။ သို့သော် ဤဒေသမှ အာကာပြင်က အလွန်ခိုင်မာသဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်၏ အစွမ်းကို လျော့သွားစေသည်။ ကျန့်ဝူယင်းက ဝိညာဉ်ဖမ်းပုလွေကို မှုတ်နေသဖြင့် ကျန်းရီက ဝူနီ၏အနီးသို့ ကပ်မသွားနိုင် ဖြစ်နေရာ သူ့နတ်ဘုရားအသံ ကောင်းကင်အတတ်၏ သက်ရောက်မှုက ပို၍ပင် အားနည်းပေလိမ့်မည်။ ထို့ပြင် ဝူနီနှင့်အခြားသူများ၏ စိတ်ဝိညာဉ်များကလည်း အတော်သေးသန်မာ၏။ သူတို့သာ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ သက်ရောက်မှုကို မခံရလျှင် ကျန်းရီသည် အလကားသက်သက် သူ့ကိုယ်သူ ဖော်မိသလို ဖြစ်သွားပေလိမ့်မည်။
ကျန်းရီသည် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ကို မကြောက်ပေ။ သူစိုးရိမ်သည်မှာ သူမည်သူဖြစ်ကြောင်း ပေါ်သွားပြီးနောက်တွင်ပင် ဝူနီကို မဖမ်းနိုင်သေးမည်ကိုဖြစ်သည်။
အပြစ်ဆေးကြောဒေသအပြင်သို့ ပြန်ရောက်လျှင် အထဲမှမှတ်ဉာဏ်အားလုံး ဖျက်ပစ်ခံရမည်ဖြစ်သော်လည်း ကျန်းရီသာ သူမည်သူဖြစ်ကြောင်း ဖော်ပြလိုက်လျှင် အားလုံးသည် သေချာပေါက် စာရွက်နှင့် စုတ်တံကို ထုတ်၍ ကျန်းရီ၏အမည်ကို ရေးမှတ်ထားလိုက်ကြမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ဗုဒ္ဓအင်ပါယာသည် အပြစ်ဆေးကြောဒေသ၏ ပတ်ဝန်းကျင်တစ်ခွင်လုံးကို တင်းတင်းကြပ်ကြပ် ရှာဖွေခိုင်းပေလိမ့်မည်။ သို့ဆိုလျှင် သူ အဖမ်းခံရနိုင်ချေ များသွားပေမည်။
အကယ်၍ ကျန်းရီသာ ဝူနီကို ဖမ်းမိထားလျှင် ထိုအရာများကို စိုးရိမ်ရန်မလိုပေ။ သူသည် ဝူနီကို ဓားစာခံအဖြစ် အသုံးချ၍ရသည် မဟုတ်ပါလား။ သို့သော် ပြဿနာမှာ သူ ဝူနီကို မဖမ်းနိုင်လောက်ခြင်းပင်။
“ရှေးဟောင်းအသုံးအဆောင်”
ကျန်းရီသည် ဆတ်ခနဲခေါင်းမော့လိုက်ပြီး အဝေးရှိ ရှေးဟောင်းအသုံးအဆောင်ကို ကြည့်လိုက်၏။ ထို့နောက် သူ၏မျက်နှာပေါ်တွင် ရက်စက်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ သူ ဝူနီကို မဖမ်းနိုင်လျှင် ရှေးဟောင်းအသုံးအဆောင်ကို အရယူရပေမည်။ အနည်းဆုံးတော့ ထိုရှေးဟောင်းအသုံးအဆောင်ကို ရှီးဖေးနှင့် အခြားသူများ ရသွားမည်ကို သူခွင့်မပြုနိုင်ပေ။ သူသာ ထိုရှေးဟောင်းအသုံးအဆောင်ကို ရလိုက်ပါက သူ၏အင်အားက များစွာ တိုးတက်လာပေလိမ့်မည်။ ထိုအခါမှ ဝူနီကို ဖမ်းရန် အခြားနည်းလမ်းတစ်ခု ရှာနိုင်ပေသည်။
“မြန်မြန်လုပ်ရမယ်...”
ကျန်းရီသည် ကြမ်းပြင်ကို လက်တစ်ဘက်ဖြင့် ရိုက်လိုက်ပြီး ပြန်ခုန်ထလိုက်၏။ သူသည် အမည်မဲ့ကျင့်စဉ်ကိုသုံး၍ လက်များကို အဆက်မပြတ် လှုပ်ယမ်းကာ ဘေးဘက်သို့ လျှပ်စီးအလျင်ဖြင့် အသည်းအသန် ပြေးသွားလိုက်လေသည်။ ရှီးဖေးနှင့် အခြားသူများသည် ရှေးဟောင်းအသုံးအဆောင်နှင့် ခြောက်ကီလိုမီတာကျော် ဝေးသေး၏။ သူက ရှီးဖေးတို့ကို ကွေ့ပတ်ကာ ရေခဲပလ္လင်ဆီသို့ တိုက်ရိုက်ဦးတည်မည်ဖြစ်သည်။
***