← Chapters

ရှင်က အာဏာရှင် ဖြစ်လာလိမ့်မယ်

Vol. 67 Ch. 924

ရှင်က အာဏာရှင် ဖြစ်လာလိမ့်မယ်

Vol. 67 Ch. 924

“အန်... မကောင်းတော့ဘူး”

အားလုံးသည် ကျန်းရီက ဘယ်ဘက်သို့ လျင်မြန်စွာ ပြေးသွားသည်ကို မြင်လိုက်သောအခါ မျက်နှာထား ပြောင်းသွားကြ၏။ အပြစ်ဆေးကြောဒေသအတွင်းရှိ အာကာပြင်က အလွန်ခိုင်မာပြီး မြေဆွဲအားကလည်း အပြင်ဘက်ကထက် အဆတစ်ထောင်ပိုများပေသည်။ ထို့ကြောင့် အားလုံး၏ တိုက်ခိုက်စွမ်းအားများက ကန့်သတ်ခံထားရသည်။ ကျန်းရီသည် သူတို့ကို ကွေ့ပတ်ကာ သွားနေ၏။ ထို့ပြင် သူက သူတို့နှင့် လှမ်းပေသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများက ကျန်းရီထံ ရောက်ချိန်တွင် ကျန်းရီက ရှောင်ပြီးနေလောက်ပေပြီ။

ထို့ပြင် အားလုံးသည် မဆင်မခြင် မတိုက်ခိုက်ရဲပေ။ အစောတွင် ကျန့်ဝူယင်းနှင့် ဝူနီတို့က အတူတကွ တိုက်ခိုက်ခဲ့သည်။ သို့သော် သူတို့နှစ်ယောက်စလုံးသည် ထိုအခန်းထဲရှိ အစီအရင်များကို နှိုးမိမည်စိုး၍ သူတို့၏စွမ်းအားကို ထိန်းချုပ်ခဲ့ကြသည်။ နတ်ဘုရားဘုံကျောင်းအတွင်းရှိ အစီအရင်များက ကြောက်မက်ဖွယ်အကောင်းဆုံး အစီအရင်များပင်။ အစီအရင်များနှင့် တစ်ချက်ထိမိသည်နှင့် လူတိုင်းကို သေသွားစေနိုင်သည်။

ကျန်းရီက ကွေ့ပတ်၍ ရေခဲပလ္လင်ဆီသို့ လျင်မြန်စွာ သွားနေကြောင်း တွေ့လိုက်သောအခါ ရှီးဖေးနှင့် အခြားသူများ မျက်နှာထားပြောင်းသွားကြသည်။ သူတို့သည် ရှေးဟောင်းအသုံးအဆောင်နှင့် ခြောက်ကီလိုမီတာ ဝေးသေးပေသည်။ သူတို့၏ အမြန်ဆုံးအရှိန်ဖြင့် သွားလျှင်ပင် ထိုသို့ရောက်ရန် ဆယ့်ငါးမိနစ် လိုပေလိမ့်မည်။ ကျန်းရီကမူ ဆယ်မိနစ်လောက်သာ လိုလောက်သည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်များသည် တစ်ဘက်တည်းဖြစ်သည်။ အကယ်၍ ရှေးဟောင်းအသုံးအဆောင်ကို ရှီးဖေး၊ ကျန့်ဝူယင်း သို့မဟုတ် ရီချန်တို့ ရသွားပါက အားလုံး သိပ်၍ဒေါသဖြစ်မည် မဟုတ်ပေ။ သို့သော် ရှေးဟောင်းအသုံးအဆောင်ကို မထင်မရှားကောင်လေးတစ်ယောက်က ရသွားပါက သူတို့ ဒေါသူပုန်ထကြမည်ဖြစ်သည်။ ယဉ်ရို့ပင်းက ထိုသူသည် သူမ၏မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက်ဟု ပြောသော်လည်း မည်သူမှ မယုံကြပေ။ ယဉ်ရို့ပင်းသည် အမျိုးသားကိုယ်ရံတော်တစ်ယောက်ကို မည်သည့်အခါတွင်မှ ခေါ်လာမည်မဟုတ်ကြောင်း အားလုံသိထားပေသည်။

ရီချန်ကမူ သိပ်၍ စိတ်ထဲမထားပေ။ သူမသည် ရတနာကို ရနိုင်၊ မရနိုင်က သူမ၏ ကံတရားအပေါ်တွင်သာ မူတည်သည်ဟု ယူဆပေသည်။

ရီချန်သည် သူမ အကောင်းဆုံး လုပ်ဆောင်နေသ၍ ရလဒ်က အရေးမကြီးဟု တွေးသူဖြစ်သည်။ ရှေးဟောင်းအသုံးအဆောင်ကို ရှီးဖေးနှင့် အခြားသူများအစား ကျန်းရီက ရသွားလျှင် သူမ ပို၍ စိတ်အေးမည်ဖြစ်သည်။ ကျန်းရီက သူမအပေါ် ကျေးဇူးကြွေးတစ်ခု တင်နေသည် မဟုတ်ပါလား။

“သူ့ကိုတားကြ...”

ရှီးဖေးက အော်ပြောလိုက်သည်။ ကျန့်ဝူယင်းက ဝိညာဉ်ဖမ်းပုလွေကို ထပ်မံမှုတ်လိုက်သည်။ ထိုပုလွေက အလွန်ထူးဆန်း၏။ မှုတ်လိုက်သောအခါ မည်သည့်အသံမှ ထွက်မလာပေ။ ထူးဆန်းသော တုန်ခါလှိုင်းတစ်ခုကသာ အသံလှိုင်းကဲ့သို့ ထွက်သွားသည်။ ထိုတုန်ခါလှိုင်းသည် ရှီးဖေးနှင့် အခြားသူများအပေါ် မသက်ရောက်ပေ။

“ထပ်လာပြန်ပြီ...”

ကျန်းရီသည် သူ့စိတ်ဝိညာဉ်ကို နာကျင်စေသော တုန်ခါလှိုင်းကို ခံစားလိုက်ရ၏။ သူ အလွန်ကြောက်ရွံ့သွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူသည် အရှေ့သို့ လျင်မြန်စွာ ဆက်မသွားဝံ့တော့ပေ။ အကယ်၍ သူသာ ထိုတုန်ခါလှိုင်းကြောင့် အမည်မဲ့ကျင့်စဉ်ကို ဆက်မသုံးနိုင်လျှင် ဝိညာဉ်လေများကို မစုပ်ယူနိုင်ဖြစ်ပြီး မရှုမလှ သေဆုံးသွားရပေလိမ့်မည်။

‘ကြည့်ရတာ ငါ့ရဲ့ နတ်ဘုရားအသံကောင်းကင်အတတ်က သူတို့အပေါ် သက်ရောက်မှာ မဟုတ်လောက်ဘူး’

ဝိညာဉ်ဖမ်းပုလွေက ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ထက် ပိုအစွမ်းထက်ကြောင်း ထင်ရှားပေသည်။ သို့သော် သူနှင့် ကျန့်ဝူယင်းက အတော်လေးလှမ်းနေသဖြင့် ဝိညာဉ်ဖမ်းပုလွေက သူ့အပေါ် များစွာမသက်ရောက်နိုင်ဖြစ်နေသည်။ ထို့ပြင် အပြစ်ဆေးကြောဒေသက တိုက်ခိုက်မှုပုံစံအားလုံး၏အစွမ်းကို ကန့်သတ်ထားကြောင်းလည်း ထင်ရှားသည်။ ထို့ကြောင့် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း မီတာသုံးရာပတ်လည်အတွင်း၌သာ သက်ရောက်နိုင်မည်ဖြစ်သည်။ သူတို့က သူ့ကို မီတာသုံးရာအကွာအထိ အကပ်ခံပါမည်လော။

ထို့ကြောင့် ကျန်းရီသည် အံကြိတ်လိုက်ပြီး ရှေးဟောင်းအသုံးအဆောင်ကိုသာ အရယူရန် ဆုံးဖြတ်လိုက်သည်။ သူသည် သေချာအာရုံစိုက်၍ ရပ်လိုက်၊ သွားလိုက်ဖြင့် အရှေ့သို့ ဆက်သွားလိုက်၏။ ပုလွေမှ တုန်ခါလှိုင်းထွက်လာသည်နှင့် သူ ချက်ချင်းရပ်သည်။ တုန်ခါလှိုင်းပျောက်ကွယ်သွားသောအခါမှ သူ ဆက်သွားသည်။

“အတူတူတိုက်ခိုက်ပြီး သူ့ကို ရှင်းပစ်ကြမယ်”

ကျန်းရီသည် ရပ်လိုက်၊ သွားလိုက်ဖြင့် လုပ်နေသော်လည်း သူ၏အရှိန်က အခြားသူအားလုံးထက် မြန်နေပေသေးသည်။ ကျန်းရီကိုသာ မတားဆီးလျှင် ရှေးဟောင်းအသုံးအဆောင်ကို ဆုံးရှုံးလိုက်ရတော့မည်ဖြစ်ကြောင်း ရှီးဖေး ကောင်းစွာသိပေသည်။ ထို့ကြောင့် ရှီးဖေးသည် ဧရာမဦးခေါင်းခွံကြီးကို ထိန်းချုပ်၍ ကျန်းရီထံသို့ ပစ်လွှတ်လိုက်လေသည်။

“သွား...”

ဝူနီ၏မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်လာသည်။ ကျန်းရီသည် အစောကတည်းက သူ့ကို ငေးကြည့်နေခဲ့၏။ ကျန်းရီ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် သူ့အပေါ် မည်သို့သောအငြိုးများရှိနေကြောင်း သူမသိပေ။ သို့သော် ကျန်းရီက သူ့ကို သတ်လိုနေသဖြင့် သူကလည်း ထိုကိစ္စကို လျစ်လျူရှုမည် မဟုတ်ချေ။ သူသည် သူ့ဘေးတွင် ပုလဲသုံးလုံးသာ ချန်ထားလိုက်ပြီး ကျန်ပုလဲလေးလုံးကို ကျန်းရီထံသို့ ပစ်လွှတ်လိုက်သည်။ သူသည် တစ်ကွက်တည်းဖြင့် ကျန်းရီကို အသေသတ်လိုခြင်းပင်။

ထူလုံကမူ မလှုပ်ရှားပေ။ သူသည် အနီးကပ်တိုက်ခိုက်ခြင်းကိုသာ ကျွမ်းကျင်သူဖြစ်သည်။ ဤအကွာအဝေးတွင် သူ အတွင်းအားထုတ် တိုက်ခိုက်ရုံမှလွဲ၍ အခြားမည်သည်ကိုမှ မလုပ်နိုင်ပေ။ သို့သော် သူသာ အတွင်းအားထုတ်၍ တိုက်ခိုက်လိုက်လျှင် အခန်းထဲရှိ အစီအရင်များ နိုးထလာပေလိမ့်မည်။ သို့ဆိုလျှင် အားလုံးလည်း သေသွားပေလိမ့်မည်။ သူသည် ကျန်းရီကို မုန်းတီးသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းစွန်းတွင် အေးစက်စက် အငွေ့အသက်များ ပြည့်နှက်နေ၏။ အကယ်၍ သူတို့သာ ထိုရှေးဟောင်းအသုံးအဆောင်ကို မရရှိနိုင်လျှင် ကျန်းရီကိုလည်း ရယူခွင့်ပေးမည် မဟုတ်ပေ။

ရီချန်ကလည်း မလှုပ်ရှားချေ။ သူမသည် ကျန်းရီကို တိုက်ခိုက်မည် မဟုတ်။ သို့သော် ကယ်မည်လည်း မဟုတ်။ သူမသည် ကျန်းရီတို့ကို အရေးမစိုက်ဘဲ အရှေ့သို့သာ ဖြည်းဖြည်းချင်း ဆက်သွားနေလိုက်သည်။

‘ချီးနဲ့မှပဲ...’

ကျန်းရီသည် ဧရာမဦးခေါင်းခွံကြီးနှင့် ပုလဲလေးလုံးက သူ့ထံ ပျံဝင်လာသည်ကို တွေ့လိုက်သောအခါ စိတ်ထဲမှ ဆဲလိုက်၏။ ထိုဦးခေါင်းခွံနှင့် ပုလဲများက ဝိညာဉ်ချိတ်ဆက် မူလရတနာများ ဖြစ်ကြသည်။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်လိုက်ရလေသည်။ မဟုတ်ပါက သူမသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။ သို့ဆိုလျှင် သူ ရှေးဟောင်းအသုံးအဆောင်ကိုလည်း ရယူနိုင်တော့မည် မဟုတ်ပေ။

ကျန်းရီသည် အနောက်သို့ ဆုတ်နေရင်း မျက်လုံးများ အရောင်လက်သွား၏။ သူ အကြံတစ်ခု ရလိုက်ပေပြီ။ သူ ဘယ်ဘက်ရှိ ကျောက်တိုင်တစ်ခုဆီသို့ ပြေးသွားလိုက်၏။ ထိုကျောက်တိုင်တွင် သေချာပေါက် အစီအရင်တစ်ခု ရှိနေပေသည်။ အကယ်၍ ရှီးဖေးနှင့် အခြားသူများက သူ့ကို လှမ်းတိုက်ခိုက်လျှင် အစီအရင် နိုးထလာပေလိမ့်မည်။

မျှော်လင့်ထားသကဲ့သို့ပင်။

ရှီးဖေး မျက်မှောင်ကြုတ်သွားပြီး ဦးခေါင်းခွံကို ရပ်တန့်သွားအောင် လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။ သူသည် ကျန်းရီကို ဆက်မတိုက်ခံဝံ့တော့ပေ။ သူ ကျန်းရီကို သတ်လိုက်ခြင်းက အသေးအဖွဲကိစ္စပင်။ သို့သော် သူ အစီအရင်ကို နှိုးမိသွားလျှင်တော့ ကိစ္စကြီးသွားမည်ဖြစ်သည်။

အကွာအဝေးက အတော်လေးလှမ်းနေသဖြင့် ဝူနီသည် ပုလဲလုံးလေးလုံးကို ခက်ခက်ခဲခဲ ထိန်းချုပ်နေ၏။ ကျန်းရီက ကျောက်တိုင်ကို လှည့်ပတ်ပြေးနေသည်။ အကယ်၍ သူ သတိတစ်ချက်လွတ်သွားလျှင် ပုလဲတစ်လုံးက ကျောက်တိုင်ကို သွားထိနိုင်ပေသည်။

“ဟွန်း...”

ဝူနီ ပင့်သက်ရှိုက်လိုက်ပြီး ပုလဲလုံးများကို ကျန်းရီနှင့် ဆယ်မီတာအကွာသို့ ပြန်ဆုတ်ရန် ထိန်းချုပ်လိုက်လေသည်။ ကျန်းရီသာ ထိုကျောက်တိုင်အနားမှ ခွာလိုက်ပါက ချက်ချင်း အတိုက်ခိုက်ခံရမည်ဖြစ်သည်။ ရှီးဖေးက ခေါင်းညိတ်လိုက်ပြီး ဝူနီထံသို့ အသံပို့လွှတ်လိုက်သည်။ သူ၏ ဧရာမဦးခေါင်းခွံကြီးက သူထံသို့ ပြန်၍ပျံသန်းသွား၏။ ထို့နောက် သူ အရှေ့သို့ ဆက်သွားလိုက်သည်။

‘လခွမ်းပဲ...’

ကျန်းရီသည် မချင့်မရဲ ဖြစ်လွန်းလှသဖြင့် သွေးအန်ချင်သလိုပင် ဖြစ်သွားသည်။ ဝူနီ၏ ပုလဲလေးလုံးက သူ အရှေ့သို့ ဆက်မသွားနိုင်အောင် တားဆီးထားသည်။ သူ ကျောက်တိုင်နားမှ ခွာလိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်ခံရမည်ဖြစ်သည်။ သူသည် ကျောက်တိုင်တွင် အချုပ်ခံထားရသလိုဖြစ်နေသဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ရှီးဖေး၊ ကျန့်ဝူယင်းနှင့် ရီချန်တို့ ရှေးဟောင်းအသုံးအဆောင်ဆီ သွားနေသည်ကိုသာ ကြည့်နေရလေတော့သည်။

ကျန့်ဝူယင်းသည်လည်း ဝိညာဉ်ဖမ်းပုလွေကို ဆက်မမှုတ်တော့ဘဲ အရှေ့သို့ တရွေ့ရွေ့ သွားနေလေသည်။ ဝူနီကမူ ရပ်လိုက်ပေပြီ။ ရှီး‌ဖေးက သူနှင့် မည်သည့်အပေးအယူ လုပ်လိုက်ကြောင်း မသိရပေ။ သူသည် ပုလဲလေးလုံးကို ထိန်းချုပ်၍ ကျန်းရီကို တားထားပြီး ရှီးဖေးနှင့်အခြားသူများ ရေခဲပလ္လင်ဆီသို့ သွားနေသည်ကိုသာ ကြည့်နေလေသည်။

‘ရီချန်... မင်း ယူနိုင်မှ ရမယ်’

ကျန်းရီသည် အကြံကုန်နေပြီဖြစ်၍ ရှေးဟောင်းအသုံးအဆောင်ကို ရီချန် ရပါစေဟုသာ မျှော်လင့်နေရတော့သည်။ ရှေးဟောင်းအသုံးအဆောင်ကို ရှီးဖေး သို့မဟုတ် ကျန့်ဝူယင်းတို့ကကသာ ရသွားပါက သူ အလွန်မပျော်မရွှင် ဖြစ်သွားရပေလိမ့်မည်။

ရီချန်က ရှီးဖေးနှင့် ကျန့်ဝူယင်းတို့ထက် အတန်ငယ်ပိုမြန်၏။ လက်ရှိတွင် သူမသည် ရှေးဟောင်းအသုံးအဆောင်နှင့် မီတာ(၂၆၀၀)သာ ဝေးတော့ပေသည်။ ရှီးဖေက မီတာ(၃၀၀၀)ဝေးသေးပြီး ကျန့်ဝူယင်းက မီတာ(၄၀၀၀)ဝေးသေးသည်။ မည်သည့်ကိစ္စမှ မဖြစ်လာလျှင် ထိုရှေးဟောင်းအသုံးအဆောင်ကို ရီချန်က ပိုင်ဆိုင်ရပေတော့မည်။

သို့သော် ကိစ္စတစ်ခုက လျင်မြန်စွာ ဖြစ်‌ပေါ်လာ၏။

ဝူနီ၏ဘေးရှိ ပုလဲလုံးသုံးလုံးက ရီချန်ဆီသို့ လျင်မြန်စွာ ပျံသန်းသွား၏။ ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“သခင်မလေးရီ... သတိထားပါ။ ဝူနီက သခင်မလေးကို အလစ်တိုက်ခိုက်လိုက်ပါတယ်”

ဝုန်း...

ကျန်းရီ၏ သတိပေးချက်က အသုံးမဝင်ပေ။ ဘေးတွင် ဝိညာဉ်လေများစွာ ရှိနေသဖြင့် ရီချန်က မဆင်မခြင် မလှုပ်ရှားဝံ့ချေ။ ထို့ပြင် ဝူနီက သူမနှင့် သိပ်မဝေးသဖြင့် အလစ်တိုက်ခိုက်မှုက သူမ၏ နတ်ဘုရားဒိုင်းကို ချက်ချင်း ပျက်စီးသွားစေပြီး သူမကို လွင့်ပျံထွက်သွားစေလေသည်။

တော်သေးသည်မှာ ရီချန်သည် သေခြင်းတရားနှင့် ရင်ဆိုင်ရစဉ်တွင်ပင် စိတ်မလှုပ်ရှားသွားခြင်းပင်။ သူမ၏ခန္ဓာကိုယ်မှနေ၍ မိုးကြိုးတန်းများ ထွက်ပေါ်လာပြီး သူမကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး ဝိညာဉ်လေများကို ကာပေးလိုက်လေသည်။ ဝူနီ၏ တိုက်ခိုက်မှုက သူမနောက်ကျောဘက်မှ ရောက်လာခြင်း မဟုတ်ဘဲ ဘေးဘက်မှ ရောက်လာခြင်းပင်။ ထို့ကြောင့် သူမသည် ညာဘက်သို့ လွင့်သွားပြီး ရေခဲပလ္လင်ဖြင့် မီတာ(၅၀၀၀) ဝေးသွားလေသည်။

ဝှစ်...ဝှစ်...

ဝူနီ၏ ပုလဲလုံးများက ဆက်ပျံသန်းသွားပြီး ကျန့်ဝူယင်းကိုလည်း ထိမှန်သွားသည်။ ကျန့်ဝူယင်းက လွင့်ပျံထွက်သွားပြီး အော်ပြောလိုက်သည်။

“ဝူနီ၊ ရှီးဖေး... မင်းတို့နှစ်ယောက်က တော်တော်အောက်တန်းကျတာပဲ”

“ဟားဟားဟား...”

ရှီးဖေးက ဟက်ဟက်ပက်ပက် ရယ်၍ ပြောလိုက်သည်။

“စစ်သည်တစ်ယောက်က ဖြတ်ထိုးဉာဏ်ကောင်းရတယ်။ တိုက်ပွဲမှာ ဘာဗျူဟာသုံးတယ်ဆိုတာက အရေးမပါဘူး။ ရလဒ်ကသာ အရေးပါတာ။ ညီလေးဝူနီ... လုပ်တာကောင်းတယ်”

ရှီးဖေး၏ ဦးခေါင်းခွံက လျင်မြန်စွာ လည်ပတ်နေ၍ ရှီးဖေး၏ အရှိန်က သိသိသာသာ တိုးတက်လာသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရေခဲပလ္လင်ဆီသို့ သွားနေ၏။ သူ ရှေးဟောင်းအသုံးအဆောင်ကို ရတော့ပေမည်။

“ဖွီး...”

ရီချန်က သွေးအန်လိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် ဒေါသခိုးများ ဝေနေလေသည်။ သူမသည် ဝူနီနှင့် ရှီးဖေးတို့ကိုကြည့်လိုက်ပြီး ကျန်းရီကို ဆက်ကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ပိုင်ရီ... ရှင်က ဘာတွေအချိန်ဖြုန်းနေတာလဲ။ ရှီးဖေးကို တိုက်ခိုက်ပြီး ရှေးဟောင်းအသုံးအဆောင်ကို ယူလိုက်လေ”

“တိုက်ခိုက်ရမှာလား...”

ကျန်းရီသည် သံသယဖြင့် မျက်တောင်ပုတ်ခတ်လိုက်ပြီး အသံပြန်ပို့လွှတ်လိုက်၏။

“ကျွန်တော်က လှုပ်လို့မရဘူးလေ။ ကျွန်တော်လှုပ်တာနဲ့ ဝူနီက ကျွန်တော့်ကို တိုက်ခိုက်မှာ”

“အရူးပဲ...”

ရီချန်က မျက်လုံးပင့်လိုက်ပြီး အသံထပ်မံပို့လွှတ်လိုက်သည်။

“ရှင်က ဝိညာဉ်လေတွေကိုတော့ စုပ်ယူနိုင်ပြီး အဲ့လေတွေကို ပြန်ထုတ်ပြီး တိုက်ခိုက်လို့မရဘူးလား။ ရှင်သာ ဝိညာဉ်လေတွေနဲ့ တိုက်ခိုက်နိုင်ရင် ဒီနေရာမှာ အာဏာရှင်တစ်ယောက် ဖြစ်လာမှာပဲ။ ရှေးဟောင်းအသုံးအဆောင်ကလည်း ရှင့်ဟာဖြစ်သွားမှာ။ မြန်မြန်... အဲ့ဒါက ရှေးခေတ်စစ်သူကြီးရဲ့ ရှေးဟောင်းအသုံးအ‌ဆောင်ပဲ။ တကယ်လို့ ရှင်သာ အဲ့ဒါကို ရရင် ရှင့်ရဲ့အင်အားက သေချာပေါက် ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့်အဆင့်အထိတောင် ရောက်သွားလိမ့်မယ်”

***

All Chapters