ရှီးဖေး... သေဖို့အချိန်ကျပြီ
Vol. 67 Ch. 925
“ဝိညာဉ်လေတွေကို ထုတ်လွှတ်ရမှာလား”
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ သူ့ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွားသည်။ ရီချန်၏ စကားက သူ့ကို ရိုက်နှိုးလိုက်သကဲ့သို့ပင်။
အမှန်တွင် ကျန်းရီက မတုံးပေ။ သူသည် စုပ်ယူပြီးသော ဝိညာဉ်လေစွမ်းအင်များကို လေ့လာရန် အချိန်မရှိခဲ့ခြင်းသာ။ အဘယ်ကြောင့် အမည်မဲ့ကျင့်စဉ်က ဝိညာဉ်လေများကို စုပ်ယူနိုင်ရသနည်း။ အဘယ်ကြောင့် ဝိညာဉ်လေများက ဆန်းကြယ်သောစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ နဝမမြောက်ကြယ်စက်လုံးထဲသို့ ဝင်သွားရသနည်း။ သူ့တွင် ထိုမေးခွန်းများ၏ အဖြေကို တွေးတောရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် သူသည် ဝိညာဉ်လေများကို ပြန်ထုတ်၍ တိုက်ခိုက်ရန် မတွေးမိခဲ့ခြင်းပင်။
ရီချန်၏ စကားက အကျိုးအကြောင်းဆီလျော်ပေသည်။ သူက ဝိညာဉ်လေများကို သူ့ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနိုင်လျှင် အဘယ်ကြောင့် ပြန်ထုတ်ကာ မတိုက်ခိုက်နိုင်ဘဲ နေမည်နည်း။
သို့သော် ဝိညာဉ်လေများကို မည်သို့ ပြန်ထုတ်ရမည်နည်း။
ကျန်းရီ သွက်လက်စွာ တွေးလိုက်၏။ သူ၏ အသိစိတ်အာရုံက နဝမမြောက်ကြယ်စက်လုံးထဲသို့ ဝင်သွားလိုက်ပြီး မမြင်နိုင်သော စွမ်းအင်ကို အပြင်သို့ ထုတ်ကာ သူ၏လက်ဝါးဆီသို့ ပို့လွှတ်လိုက်သည်။
ဟူး...ဟူး...
မမြင်ရသော စွမ်းအင်သည် အပြင်သို့ ထွက်သွားပြီး ချက်ချင်း ဝိညာဉ်လေများအဖြစ် ပြောင်းလဲသွားလေသည်။ ကျန်းရီ၏မျက်လုံးများ ရုတ်ခြည်း အရောင်လက်သွား၏။ ထိုဝိညာဉ်လေများက အပြင်ဘက်မှ ဝိညာဉ်လေများနှင့် ကွဲပြားပေသည်။ ၎င်းတို့သည် သူ၏ဒန်တျန်ထဲသို့ စုပ်ယူခံရပြီးဖြစ်၍ သူ၏စွမ်းအင်များ ဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို သူ၏ဝိညာဉ်ဓားများကဲ့သို့ အလွယ်တကူ ထိန်းချုပ်နိုင်နေသည်။ သူ တစ်ချက်တွေးလိုက်ရုံဖြင့် ဝိညာဉ်လေတန်းများက လေထဲတွင် မျောလွင့်သွားကြသည်။
‘ဝိညာဉ်လေက ဘယ်လိုစွမ်းအင်မျိုးလဲ။ ဒါက သေချာပေါက် မိုးမြေအတွင်းအားတော့ မဟုတ်ဘူး။ မဟုတ်ရင် အဲ့ဒါကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ။ ပြီးတော့... ဝိညာဉ်လေတွေကို ပြန်ထုတ်ပြီး တိုက်ခိုက်လို့ရတယ်ဆိုတာကို ရီချန်က ဘယ်လိုလုပ် သိတာလဲ’
ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာ၏။ သို့သော် ထိုအကြောင်းများကို တွေးရန် အချိန်မတန်သေးကြောင်း သူသိပေသည်။ သူ၏မျက်လုံးများက အေးစက်သွား၏။ ထို့နောက် သူသည် လက်ကို အဆက်မပြတ် ဝှေ့ယမ်း၍ ဝိညာဉ်လေများကို ထုတ်လွှတ်လိုက်လေသည်။ သူသည် ထွက်လာသော ဝိညာဉ်လေများကို ထိန်းချုပ်၍ ကျောက်တိုင်ဘေးတွင် မျောနေသော အစိမ်းရင့်ရောင် ပုလဲလေးလုံးထံ ဦးတည်သွားစေလိုက်သည်။
ဝှီး...
ရာချီသော ဝိညာဉ်လေတန်းများက အစိမ်းရင့်ရောင် ပုလဲလုံးလေးလုံးထံ လျင်မြန်စွာ သွားလိုက်ကြသည်။ ပုလဲလေးလုံးသည် ရုတ်ခြည်း တောက်ပသွားပြီး တဖြည်းဖြည်း ပြန်မှိန်သွားလေသည်။ ဝူနီသည် ပုလဲလေးလုံးက စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ခံနေရပြီး အချိန်မရွေးပျက်စီးသွားတော့မည်ကို ခံစားလိုက်ရသဖြင့် တုန်ယင်သွားသည်။
“ဘာက တိုက်ခိုက်နေတာလဲ”
နတ်ဘုရားဘုံကျောင်းထဲတွင် ကောင်းကင်စိတ်အာရုံက အလုပ်မဖြစ်ပေ။ ထို့ပြင် ဝူနီသည် ကျန်းရီနှင့် အတန်ငယ်လှမ်းနေသဖြင့် မည်သည့်အရာကိုမှ မမြင်နိုင်သလို၊ ခံလည်းမခံစားနိုင်ပေ။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ ပုလဲလေးလုံးကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ရလေသည်။
သို့သော်...
ဝူနီ အလွန်နောက်ကျသွားပေပြီ။ ကျန်းရီသည် တိုက်ခိုက်လိုက်ပြီဖြစ်၍ မည်သို့ သူ၏ ပစ်မှတ်ကို လွှတ်ပေးနိုင်ပါမည်နည်း။ သူသည် လက်နှစ်ဘက်မှနေ၍ ဝိညာဉ်လေများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ပြီး အစိမ်းရင့်ရောင် ပုလဲလေးလုံးကို ကြောက်မက်ဖွယ်အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။ ထိုပုလဲများပေါ်ရှိ သင်္ကေတပုံသဏ္ဌာန်များက တဖြည်းဖြည်း ပိုမှိန်လာ၏။ နောက်ဆုံးတွင် ၎င်းတို့သည် လေထဲတွင် ပေါက်ကွဲသွားလေသည်။
“မဟုတ်ဘူး...”
ဝူနီ အော်လိုက်၏။ ထိုပုလဲခုနစ်လုံးက တစ်စုတည်းဖြစ်သည်။ ထိုပုလဲလေးလုံး ဖျက်ဆီးခံရပြီးနောက်တွင် ကျန်ပုလဲသုံးလုံး၏ စွမ်းအင်က များစွာလျော့ကြသွားမည်ဖြစ်သည်။ သူသည် ထိုဝိညာဉ်ချိတ်ဆက် မူလရတနာနှင့် ဝိညာဉ်ချိတ်ဆက်နိုင်ရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရ၏။ သို့သော် ယခုတွင် ထိုရတနာက ဖျက်ဆီးခံလိုက်ရပေပြီ။ ထို့ကြောင့် သူ၏ တိုက်ခိုက်စွမ်းအားနှင့် ခုခံစွမ်းအားတို့က များစွာလျော့ကျသွားတော့မည် ဖြစ်သည်။ သူသည် မည်သို့ မတုန်လှုပ်၊ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ဝှစ်...
ကျန်းရီသည် အားဖြည့်ဆေးလုံးတစ်လုံးကို သောက်လိုက်ပြီး လက်နှစ်ဘက်ကို အဆက်မပြတ် လှုပ်ယမ်း၍ အရှေ့သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဝိညာဉ်လေများကို မထုတ်လွှတ်တော့ဘဲ စုပ်ယူလိုက်လေသည်။ သူသည် အဆုံးစွန်အမြန်နှုန်းဖြင့် ရေခဲပလ္လင်ဆီသို့ သွားနေသည်။
“အန်...”
ရှီးဖေးက ရပ်တန့်လိုက်ပြီး အေးစက်စက်မျက်လုံးများဖြင့် နောက်လှည့်ကြည့်လိုက်သည်။ ကျန်းရီက မျောက်တစ်ကောင်ကဲ့သို့ သူ့ထံ လျင်မြန်စွာ ပြေးလာသည်ကို မြင်လိုက်ရသောအခါ ရှီးဖေးသည် အရှိန်ထပ်တင်၍ ရေခဲပလ္လင်ဆီသို့ အသည်းအသန် သွားလိုက်လေသည်။
ရှီးဖေးသည် ရေခဲပလ္လင်နှင့် မီတာ(၃၀၀)သာ ဝေးတော့သည်။ ကျန်းရီက မြန်သော်လည်း ရေခဲပလ္လင်နှင့် မီတာ(၃၀၀၀)ကျော် ဝေးသေးပေသည်။ ကျန်းရီ ထိုနေရာသို့ မရောက်ခင်မှာပင် ရှီးဖေးက ရှေးဟောင်းအသုံးအဆောင်ကို ရရှိပြီး ဖြစ်ပေလိမ့်မည်။
ထို့ပြင် ရှီးဖေးသည် ကျန်းရီကို လျှော့တွက်ထားပြီး အလွယ်တကူ သတ်ပစ်နိုင်သူတစ်ယောက်ဟု မှတ်ယူထားပေသည်။ သို့သော် သူသည် လိုလိုမယ်မယ်အဖြစ် အရှေ့သို့သွားနေရင်း အော်ပြောလိုက်သည်။
“ညီလေးဝူနီ... သူ့ကို သတ်လိုက်”
ဝူနီသည် သူ၏ပုလဲလေးလုံးက မည်သို့ဖျက်ဆီးခံလိုက်ရခြင်းနည်းဟု တွေးတောနေဆဲပင်။ သို့သော် သူသည် ရှီးဖေး၏အသံကို ကြားလိုက်သောအခါ ကျန်းရီကို လျင်မြန်စွာ ကြည့်လိုက်၏။ ရုတ်ခြည်း သူ ဒေါသူပုန်ထသွား၏။ ကျန်းရီကြောင့်သာ မဟုတ်လျှင် အဘယ်သို့ သူ၏ပုလဲလုံးများက ပျက်စီးသွားမည်နည်း။
“သွား...”
ဝူနီသည် ကျန်နေသေးသော ပုလဲသုံးလုံးကို ထိန်းချုပ်ကာ ကျန်းရီထံသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်၏။ ပုလဲလေးလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်၍ ကျန်နေသော ပုလဲသုံးလုံး၏ တိုက်ခိုက်စွမ်းအားက များစွာလျော့ကျသွားပြီဖြစ်သည်။ သို့သော် သူသည် ကျန်းရီကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေဆဲပင်။ ထို့ကြောင့် သူက သူ၏ ဒေါသများကို ကျန်းရီအပေါ်သို့ ပုံချရန် ပြင်ဆင်နေပေသည်။
“အဟင်း...”
ကျန်းရီသည် လေကိုဖောက်ထွင်းလာသော ပုလဲသုံးလုံးကိုကြည့်၍ လှောင်ရယ်ရယ်လိုက်ပြီး ရပ်တန့်လိုက်လေသည်။ သူသည် ပုလဲသုံးလုံးဘက်သို့ လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်၏။ ရုတ်ခြည်းပင် မရေမတွက်နိုင်သော ဝိညာဉ်လေတန်းများ ပျံထွက်သွားသည်။
ပုလဲသုံးလုံးက ရုတ်တရက် တုန်ခါသွားပြီး တောက်ပစွာ လင်းလက်လာသည်။ သင်္ကေတပုံသဏ္ဌာန်များကလည်း တောက်ပလာပြီး လျင်မြန်စွာ ပြန်မှိန်သွားလေသည်။ ဝူနီ မျက်မှောင်ကြုတ်သွားပြီး မျက်နှာပျက်သွားသည်။ ထို့နောက် သူ ပြောလိုက်၏။
“မင်းက ငါ့ရဲ့ နတ်ပုလဲလုံးတွေကို ဖျက်ဆီးပစ်လိုက်တာလား။ သခင်လေးဖေး... ဒီကောင်လေးက တော်တော်ထူးဆန်းနေတယ်။ ကျွန်တော်တို့ မြန်မြန်ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်မှရမယ်”
ဝူနီက ကျယ်လောင်စွာ အော်ပြောလိုက်သဖြင့် အားလုံး အာရုံစိုက်လိုက်ကြသည်။ ကျန့်ဝူယင်း၊ ထူလုံ၊ လင်းချီကျန့်၊ ယဲ့ရင်နှင့် အတွင်းဆောင်ထဲသို့ ယခုမှ ဝင်လာခါစ အခြားသူများအားလုံးသည် ကျန်းရီကို စိုက်ကြည့်လိုက်ကြ၏။ ရီချန်၏ မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပသွား၏။ သူမက နူးညံ့စွာ ရေရွတ်လိုက်သည်။
“ထင်ထားသလိုပဲ သူက ဝိညာဉ်လေတွေကို စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်တာပဲ။ နှစ်(၇၀၀,၀၀၀)တောင် ရှိခဲ့ပြီ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ဆန်းကြယ်ဧကရာဇ်အပြင် နောက်ထပ် ထူးကဲတဲ့ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာပြီ။ သူက ဆန်းကြယ်ဧကရာဇ်အသစ် ဖြစ်လာနိုင်မလား။ ငါ သူ့ကို မှတ်ထားရမယ်... အပြင်ကို ပြန်ရောက်တာနဲ့ ငါ့မျိုးနွယ်ကို သူ့ကို သိမ်းသွင်းခိုင်ရမယ်”
ရီချန်၏ လက်မှ လက်စွပ်က လင်းလက်လာပြီး စာရွက်တစ်ရွက်နှင့် စုတ်တံတစ်ချောင်း ထွက်လာလေသည်။ သူမသည် စာရွက်ပေါ်တွင် စာလုံးကြီးနှစ်လုံး ရေးချလိုက်၏။
ပိုင်ရီ...
“မင်းက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်”
ရှီးဖေးက အော်ပြောလိုက်သည်။ ထို့ကြောင့် ရီချန် လှည့်ကြည့်လိုက်သည်။ ရှီးဖေးက ရပ်တန့်လိုက်ပေပြီ။ သူ၏ဧရာမဦးခေါင်းခွံကြီးက ကျန်းရီထံသို့ တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားဖြင့် ပျံဝင်သွား၏။ ဤတစ်ကြိမ်တွင် ကျန်းရီက မည်သည့်ကျောက်တိုင်အနားတွင်မှ ရှိမတော့သဖြင့် သူ အစွမ်းကုန်သုံးလိုက်ခြင်းပင်။ သူသည် ကျန်းရီကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင်လုပ်ရန် ကြံရွယ်ထားသည်။
“ဟွန်း...”
ကျန်းရီ၏ မျက်ဝန်းများက ဓားတစ်လက်ကဲ့သို့ စူးရှသွား၏။ သူသည် အရှေ့သို့ လက်ဝါးချက်များ အဆက်မပြတ် ရိုက်ထုတ်လိုက်သည်။ ကျန့်ဝူယင်းနှင့် အခြားသူများက နားမလည်နိုင်ဖြစ်သွားသည်။ ကျန်းရီ၏ လက်တွင် မည်သည့်အတွင်းအားမှ ရှိမနေပေ။ အတွင်းအားမရှိလျှင် တာအိုပုံသဏ္ဌာန်များကို ထုတ်လွှတ်၍ ရမည်မဟုတ်ချေ။ သူတို့သည် ကျန်းရီ၏ လက်ဝါးရိုက်ချက်များမှနေ၍ မည်သည့်စွမ်းအားကိုမှ မခံစားရချေ။ ကျန်းရီသည် ဟာသလုပ်နေခြင်းလော။
သို့သော်...
ထိုဟာသဆန်သည့် လက်ဝါးရိုက်ချက်များက ရှီးဖေးကို တုန်လှုပ်သွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဦးခေါင်းခွံကြီးက ရုတ်တရက် လင်းလက်လာပြီး သူသည်လည်း စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသောကြောင့်ပင်။ သင်္ကေတပုံသဏ္ဌာန်များက လျှပ်စီးအလျင်ဖြင့် ပြန့်ကျဲသွားပြီး တဖြည်းဖြည်း မှိန်လာကြသည်။ ပြိုင်ဘက်ကင်းတိုက်ခိုက်မှုတစ်ခုက ဦးခေါင်းခွံကြီးကို တိုက်စားကာ ဖျက်ဆီးလိုက်သကဲ့သို့ သူ ခံစားလိုက်ရသည်။
“အဲ့ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ စွမ်းရည်မျိုးလဲ”
ရှီးဖေး မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကောင်းကင်စိတ်အာရုံကို သုံး၍မရသဖြင့် ဦးခေါင်းခွံကြီးက မည်သည့်အရာက တိုက်ခိုက်လိုက်ကြောင်း မသိနိုင်ဖြစ်နေသည်။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိသဖြင့် ဦးခေါင်းခွံကို ပြန်ရုတ်သိမ်းလိုက်ပြီး ၎င်းအတွင်းသို့ အတွင်းအား ထပ်ထည့်ပြီးမှ ထပ်မံ ပစ်လွှတ်လိုက်လေသည်။
ရွှီး...
ယခင်တစ်ခေါက်ကကဲ့သို့ပင် ဦးခေါင်းခွံသည် မီတာ(၃၀၀)ပြည့်အောင် မပျံသန်းရသေးခင်မှာပင် တောက်ပစွာ လင်းလက်လာသည်။ သင်္ကေတပုံသဏ္ဌာန်များကလည်း လျင်မြန်စွာ ပြန့်ကျဲသွားပြီး အလင်းက တဖြည်းဖြည်း ပြန်မှိန်သွားသည်။ ထို့ကြောင့် ရှီးဖေးသည် ဦးခေါင်းခွံကို ထပ်မံရုတ်သိမ်းလိုက်ရ၏။ ဤတစ်ကြိမ်တွင် သူ၏နတ်ဘုရားဒိုင်းကလည်း အတန်ငယ် တုန်ယင်နေကြောင်း သူခံစားလိုက်ရသည်။ ၎င်းက အလင်းတောက်ပနေ၏။ နောက်ဆုံးတွင် မည်သည့်အရာက သူ့ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သူနားလည်သွားပေပြီ။ ယင်းက ဝိညာဉ်လေများပင်။
“အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုလုပ် ဝိညာဉ်လေတွေကို ထိန်းချုပ်နိုင်မှာလဲ”
ရှီးဖေးတစ်ယောက် အလွန်တုန်လှုပ်သွား၏။ သူ၏ခြေထောက်များက တစ်လက်မပင် မရွေ့ဝံ့တော့ပေ။ သူသည် ဦးခေါင်းခွံအတွင်းသို့ အတွင်းအား မပြတ်ထည့်ကာ ၎င်းကို သူ့ပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်စေ၍ မရေမတွက်နိုင်သော ဝိညာဉ်လေများကို ကာကွယ်နေရလေသည်။ သူသာ ထိုသို့မလုပ်လျှင် သူ၏ နတ်ဘုရားဒိုင်းက သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ သူသည်လည်း သေသွားပေလိမ့်မည်။
“ရှီးဖေး... သေဖို့အချိန်ကျပြီ”
ကျန်းရီက သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် အော်ပြောလိုက်ပြီး ဝိညာဉ်လေများကို ဆက်ထုတ်လွှတ်လိုက်သည်။ ကျန်းရီသည် ရှီးဖေးကို သတ်နိုင်မည့် အခွင့်အရေးတစ်ခုကို လက်လွတ်ခံမည် မဟုတ်ပေ။ သူသည် ရှီးဖေးကို သတ်လိုရုံသာမက ဝူနီကိုလည်း ဖမ်းဆီးလိုနေပေသည်။
“ပိုင်ရီ... ရှီးဖေးကို မသတ်လိုက်နဲ့။ ရှေးဟောင်းအသုံးအဆောင်ကိုပဲ မြန်မြန်ယူလိုက်။ အချိန်ကပြည့်တော့မယ်.. ကျွန်မတို့ အပြင်ကို ပြန်ခေါ်ထုတ်ခံရတော့မှာ”
ကျန်းရီသည် တိုက်ခိုက်ရန်သာ အာရုံစိုက်နေသဖြင့် အချိန်ကို မေ့လျော့နေခဲ့သည်။ သူ တိတ်တဆိတ်တွက်ချက်ကြည့်လိုက်ရာ အချိန်က အမှန်ပင်ပြည့်တော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာမရှိတော့ဘဲ ရှီးဖေးကိုသတ်ရန် လက်လျှော့လိုက်ရလေသည်။ ရှီးဖေးထံတွင် ဝိညာဉ်ချိတ်ဆက် မူလရတနာရှိနေ၍ သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ပေ။ ဝူနီကို ဖမ်းရန်လည်း အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် လက်နှစ်ဘက်ကို အဆက်မပြတ် ဝှေ့ယမ်း၍ ဝိညာဉ်လေများကို စုပ်ယူကာ ရေခဲပလ္လင်ဆီသို့သာ လျင်မြန်စွာ သွားလိုက်လေတော့သည်။
***