မိစ္ဆာသွေးများရွှဲနေသော ပိုင်ရီ
Vol. 67 Ch. 926
“မင်းက ရှေးဟောင်းအသုံးအဆောင်ကို လိုချင်တာလား။ အဲ့လောက်မလွယ်ဘူးကွ”
ရှီးဖေးသည် ဝိညာဉ်လေများက သူ့ကို တိုက်ခိုက်မနေတော့ကြောင်း သိလိုက်သောအခါ ဒေါသတကြီး အော်ပြောလိုက်သည်။ ကျန်းရီက လျင်မြန်သောအရှိန်ဖြင့် ရေခဲပလ္လင်ဆီသို့ ပြေးသွားနေ၏။ ရှီးဖေးသည် ထိုရှေးဟောင်းအသုံးအဆောင်ကို သူရတော့မည်ဟု ယုံကြည်နေခဲ့ပြီး မထင်မရှားကောင်လေးတစ်ယောက်က ဝင်ရှုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သူသည် သူ၏ဝိညာဉ်ချိတ်ဆက် မူလရတနာကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်၍သာ ၎င်းက ဝူနီ၏ ပုလဲလုံးများကဲ့သို့ အဆုံးမသတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူမည်မျှ ဒေါသူပုန်ထနေကြောင်း တွေးကြည့်နိုင်ပေသည်။
“သွေးပင်လယ်လှိုင်း”
ရှီးဖေးက ကျယ်လောင်စွာ အော်လိုက်၏။ ထို့နောက်တွင် သူ့ပါးစပ်အတွင်းမှနေ၍ သွေးများ ပန်းထွက်သွားပြီး သွေးများက ဦးခေါင်းခွံအပေါ် ကျသွားလေသည်။ ဦးခေါင်းခွံတွင် သွေးများရွှဲသွားပြီး ဦးခေါင်းခွံက မိစ္ဆာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ထို့နောက် ဦးခေါင်းခွံသည် အနီရောင်အလင်း တောက်ပလာကာ ကျန်းရီထံသို့ ပျံသန်းသွားသည်။
“ကောင်းကင်တုန်ခါသိုင်း”
ဝူနီကလည်း အော်လိုက်ပြီး အရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။ သူက ဝူမျိုးနွယ်၏ မဟာသိုင်းကို ထုတ်သုံးလိုက်ခြင်းပင်။
လက်သီးချက် ထွက်သွားသောအခါ လေထုက တုန်ခါသွား၏။ ဤအခန်းထဲရှိ လေထုက အလွန်ခိုင်မာသဖြင့် ထိုသို့တုန်ခါသွားအောင် လုပ်နိုင်သည့် ဝူနီ၏လက်သီးချက်က အလွန်စွမ်းအားကြီးမည်ဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သူ၏ ရည်ရွယ်ချက်က ကျန်းရီကို သတ်ရန်မဟုတ်ဘဲ ကျန်းရီ၏ အရှိန်ကို လျှော့ချကာ ကျန်းရီ ရှေးဟောင်းအသုံးအဆောင်ကို ရမသွားအောင် တားရုံသာဖြစ်သည်။
ရီချန်သည် ဦးခေါင်းခွံပေါ်မှ သွေးများကို မြင်သောအခါ မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။
“ပိုင်ရီ... ဦးခေါင်းခွံပေါ်က သွေးတွေက အဆိပ်ရှိတယ်။ အဲ့သွေးတွေနဲ့ မထိမိစေနဲ့”
“လခွမ်းပဲ...”
ဝူနီ၏ တိုက်ခိုက်မှုက အလွန်လျင်မြန်သဖြင့် လေထုတုန်ခါမှုက ချက်ချင်း ရောက်ရှိလာလေသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားပြီး နှေးသွားလေသည်။ ထို့ကြောင့် သူ အရှေ့သို့ ဆက်သွားရန် အလွန်ခက်ခဲသွားပေသည်။
ကျန်းရီ ရပ်တန့်လိုက်ပြီး သူ့နောက်မှ ပျံဝင်လာသော ဦးခေါင်းခွံကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အရှေ့ရှိ ရေခဲပလ္လင်ကိုကြည့်ကာ နှာမှုတ်လိုက်သည်။
“ရှီးဖေး... မင်းက ငါ့ကို သတ်ချင်နေမှတော့ ငါတို့ အတူတူသေကြတာပေါ့”
ကျန်းရီသည် ရုတ်တရက် လက်ဝါးချက် ဒါဇင်အနည်းငယ် ရိုက်ထုတ်လိုက်သည်။ သူသည် ဝိညာဉ်လေများအား ဦးခေါင်းခွံကို တိုက်ခိုက်စေလိုက်ခြင်း မဟုတ်ဘဲ ဦးခေါင်းခွံကို ကွေ့ပတ်၍ ရှီးဖေးကို တိုက်ခိုက်စေလိုက်ခြင်းပင်။ ဝိညာဉ်လေများက မည်မျှ မြန်သနည်း။ ၎င်းတို့သည် ရှီးဖေးအနားသို့ ရုတ်ခြည်းရောက်ရှိသွားပြီး သူ၏နတ်ဘုရားဒိုင်းကို တိုက်ခိုက်လိုက်လေသည်။
“ကောင်လေး... အဲ့ဒါဆို ငါတို့ ဘယ်သူအရင်သေမလဲဆိုတာ ကြည့်ကြတာပေါ့”
ရှီးဖေးသည်လည်း ထိုအခိုက်တွင် အရာအားလုံးကို ရင်းလိုက်လေသည်။ ဦးခေါင်းခွံကြီးကို ပြန်ရုတ်သိမ်းရန်လည်း အလွန်နောက်ကျသွားပြီ မဟုတ်ပါလား။ သူ့လည်ပင်းရှိ အရိုးလည်ဆွဲက ပျံထွက်သွားပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်ပျံသန်းသွားသည်။ ဦးခေါင်းခွံကြီးကလည်း ကျန်းရီကို ထိမှန်သွားပေပြီ။
ရွှီး...ရွှီး...
ဖောင်း...ဖောင်း...
တစ်ချိန်တည်းလိုလိုမှာပင် ကျန်းရီ၏ ဝိညာဉ်လေများက အရိုးလည်ဆွဲကို ဖြတ်ကျော်ကာ ရှီးဖေး၏နတ်ဘုရားဒိုင်းကို ဖျက်ဆီးပစ်လိုက်လေသည်။ ကျန်းရီကလည်း ရှီးဖေး၏ ဦးခေါင်းခွံကြီးကြောင့် အဝေးသို့ လွင့်ပျံထွက်သွားသည်။
“အား...”
ရှီးဖေး၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာက တောက်ပလာပြီး သင်္ကေတပုံသဏ္ဌာန်များ ပျံထွက်လာကာ ဝတ်ဆင်သူ၏ ခန္ဓာကိုယ်ကို အလိုအလျောက် ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏နားကပ်များကလည်း လင်းလက်လာကာ သူ၏ဦးခေါင်းကို ကာကွယ်လိုက်သည်။ သို့သော် သူ၏ခြေထောက်များကို ကာကွယ်ပေးမည့်ရတနာ မရှိသဖြင့် ဝိညာဉ်လေများက သူ၏ခြေထောက်များကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားအောင် လုပ်လိုက်လေသည်။ ထို့ကြောင့် ရှီးဖေးတစ်ယောက် နာကျင်တကြီး အော်လိုက်ခြင်းပင်။
ကျန်းရီ၏နတ်ဘုရားဒိုင်းကလည်း ဦးခေါင်းခွံကြီးကြောင့် ချက်ချင်း ပျက်စီးသွားသည်။ သံနက်ချပ်ဝတ်၏ အလွှာတစ်လွှာလည်း စုတ်ပြဲသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝှက်ထားသော ထာဝရကြေးမုံ ထွက်ပေါ်လာပြီး ပိုင်ရှင်ကို ကာကွယ်ပေးလိုက်သည်။ သို့သော် ၎င်းကလည်း ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများစွာလည်း ကျိုးသွားသည်။ ထို့ပြင် ဦးခေါင်းခွံပေါ်ရှိ သွေးများက သူ့တစ်ကိုယ်လုံးတွင် ရွှဲသွားလေသည်။
ကျန်းရီသည် သူ့အသက်ကို ရင်းခဲ့၏။ ဝိညာဉ်လေများက ရှီးဖေး၏ ခြေထောက်များကို ဖြတ်မပစ်လိုက်လျှင် ရှီးဖေးသည် ဦးခေါင်းခွံကို ဆက်ထိန်းချုပ်နိုင်ဦးမည်ဖြစ်ပြီး ဦးခေါင်းခွံ၏ တိုက်ခိုက်စွမ်းအားကလည်း လျော့ကျသွားမည် မဟုတ်ပေ။ ကျန်းရီလည်း သေသွားမည်ဖြစ်သည်။
ထိုအခိုက်တွင် ကျန်းရီသည် သူ့တစ်ကိုယ်လုံးနာကျင်နေသည်ကို လုံးဝလျစ်လျူရှု၏။ မိစ္ဆာသွေးများက သူ၏အရည်ပြားကို စတင်တိုက်စားနေကြောင်းကိုလည်း သူ လျစ်လျူရှုထားသည်။ သူက အရာအားလုံးကို လျစ်လျူရှုထားပေသည်။ သူ၏လက်များက သူ့အရှေ့ရှိ ဝိညာဉ်လေများကိုသာ လျင်မြန်စွာ စုပ်ယူနေ၏။ သူသည် အဝေးသို့ လွင့်ပျံသွားသဖြင့် ထိုနေရာရှိ ဝိညာဉ်လေများကို စုပ်ယူရမည်ဖြစ်သည်။ မဟုတ်လျှင် သူ သေသွားပေလိမ့်မည်။
“သခင်လေးဖေး...”
“ရှီးဖေးရဲ့ ခြေထောက်တွေ ပြတ်သွားပြီလား။ သူ့ရဲ့ ဖွားဖက်တော်ရော ပါသွားပြီလား”
“ပိုင်ရီ...”
ဝူနီ၊ ကျန့်ဝူယင်း၊ ရီချန်၊ ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သူများအားလုံး တုန်လှုပ်သွားကြသည်။ အထူးသဖြင့် သူတို့ ရှီးဖေး၏ ခြေပြတ်များကို မြင်လိုက်သောအခါ မျက်နှာဖြူဖျော့သွားကြလေသည်။ ဤတစ်ကြိမ်တွင် ရှီးဖေး၏ ဒဏ်ရာက အလွန်ပြင်းထန်ပေသည်။ ရှီးမျိုးနွယ်က ထိပ်တန်းအဆင့် မသေမျိုးဆေးပင်များကို ရှာ၍ ရှီးဖေး၏ ခြေထောက်များကို ပြန်ပေါက်လာအောင် ကုသပေးနိုင်လျှင်ပင် ရှီးဖေး၏ ကျင့်ကြံခြင်းက သေချာပေါက် ထိခိုက်သွားမည်သာ။ လူသားခန္ဓာကိုယ်က သဘာဝအစီအရင်တစ်ခု မဟုတ်ပါလား။ ပျက်စီးသွားပြီးမှ အသစ်ပြန်ဖြစ်လာအောင်လုပ်လျှင် ထိုသဘာဝအစီအရင်က အနည်းငယ် ပြစ်ချက်ရှိသွားမည်ဖြစ်သည်။ သို့သော် ရှီးမျိုးနွယ်တွင် နဂါးညှိုးရော်မြက်ပင် ရှိလျှင်တော့ မျှော်လင့်ချက် ရှိနိုင်ပေသေးသည်။
“အာ... အဲ့ကောင်လေးကို မြန်မြန်ကြည့်လိုက်ကြ”
ကျန့်ဝူယင်းက အော်ပြောလိုက်သဖြင့် အားလုံး သတိဝင်သွားကြသည်။ သူတို့အားလုံး ကျန်းရီကို လှည့်ကြည့်လိုက်ကြသည်။ ကျန်းရီက ရေခဲပလ္လင်အနီးသို့ လွင့်သွားခြင်း ဖြစ်ကြောင်း သူတို့ တွေ့လိုက်ရသည်။
ကျန်းရီသည် တစ်ကိုယ်လုံးရှိ အရိုးများက ကျိုးနေပြီး တစ်ကိုယ်လုံး သွေးများရွှဲနေသော်လည်း အံကြိတ်ကာ ရေခဲပလ္လင်ပေါ်သို့ ကုတ်ဖက်တက်၍ အရိုးစု၏လက်ထဲမှ ကျောက်မီးဖိုကို သိမ်မွေ့စွာ ယူလိုက်လေသည်။ သူက ကျောက်မီးဖိုကို ပွေ့ဖက်လိုက်ပြီး နောက်လှည့်၍ အားလုံးကို အရေးမစိုက်ဟန်ဖြင့်ကြည့်ကာ ပြုံးလိုက်သည်။
“ရှေးဟောင်းအသုံးအဆောင်”
ကျန့်ဝူယင်း၊ ဝူနီနှင့် အခြားသူများ၏ မျက်လုံးများသည် ကျွတ်ကျတော့မတတ် ပြူးကျယ်သွားကြ၏။ ကျန်းရီ၏ ခနဲ့တဲ့တဲ့အကြည့်က အားလုံး၏ ရင်ကို ထိုးစိုက်သွားသည်။ မထင်မရှားကောင်လေးတစ်ယောက်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ပါရမီရှင်များကို အနိုင်ယူကာ ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ရယူသွားခဲ့သည်။ ယင်းက သူတို့အတွက် အရှက်ရစရာပင်။
တစ်ချိန်တည်းလိုလိုပင် ဝူနီ၊ ကျန့်ဝူယင်း၊ ထူလုံ၊ ယဲ့ရင်နှင့် လင်းချီကျန့်တို့က စာရွက်နှင့်စုတ်တံ ထုတ်ကာ ကျန်းရီ၏ ပုံတူကို ရေးဆွဲလိုက်ပြီး ‘ပိုင်ရီက ရှေးဟောင်းအသုံးအဆောင်ကို ရသွားတယ်၊ သူ့ကို သတ်ရမယ်’ဟုလည်း ရေးမှတ်လိုက်ကြသည်။
ရှီးဖေးသည် နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်နေသော်လည်း သူ၏နောက်ဆုံးလက်ကျန်စွမ်းအင်ကို သုံးကာ သူ့လက်ရှိ သွေးများကို သုံးကာ သူ့ဝတ်ရုံပေါ်တွင် အောက်ပါစာများကို ရေးမှတ်လိုက်လေသည်။
ပိုင်ရီ၊ ခြေပြတ်၊ မိစ္ဆာသွေး၊ ရှေးဟောင်းအသုံးအဆောင်
ရွှီး...
ရုတ်တရက် ခန်းမတစ်ခုလုံး လင်းလက်သွားပြီး လူတစ်ယောက်စီပေါ်သို့ အလင်းတန်းတစ်တန်းစီ ကျဆင်းလာလေသည်။ ကြီးမားသောစွမ်းအင်က အပြစ်ဆေးကြောဒေသထဲတွင် အသက်ရှင်ကျန်ရစ်သူများအားလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် သူတို့အားလုံး အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အပြင်သို့ ထွက်သွားကြသည်။ အချိန် ပြည့်သွားပေပြီ။
ရွှီး...
အပြစ်ဆေးကြောဒေသအပြင်ဘက်ရှိ လွင်ပြင်ထဲသို့ အလင်းတန်းများ ကျဆင်းလာပြီး ထိုအလင်းတန်းများထဲမှနေ၍ လူများ ထွက်လာကြလေသည်။ ဗုဒ္ဓအင်ပါယာက မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေ၏။ ထိုနေရာတွင် ရီမျိုးနွယ်မှ ပညာရှင်များလည်း တိတ်တဆိတ်ရပ်နေကြသည်။ မျိုးနွယ်အသီးသီးမှ အစောင့်များ၊ ကိုယ်ရံတော်များက ရွက်ဖျင်တဲများထဲမှ ပျံထွက်လာကြပြီး သူတို့၏ သခင်လေး၊ သခင်မလေးများကို ရှာလိုက်ကြလေသည်။
ဆိုးဝါးလှ၏။
အပြစ်ဆေးကြောဒေသအတွင်းသို့ လူသိန်းချီ ဝင်သွားသော်လည်း လူတစ်သောင်းကျော်လောက်သာ ပြန်ထွက်လာခဲ့ပေသည်။ တစ်လအတွင်းမှာပင် အပြစ်ဆေးကြောဒေသအတွင်း၌ လူနှစ်သိန်းကျော် သေသွားခဲ့ပေပြီ။ ထိုဒေသသည် အမှန်ပင် အရှေ့ဘက် တော်ဝင်နယ်မြေရှိ အန္တရာယ်အများဆုံးနေရာဆယ်ခုထဲမှ တစ်ခု ဖြစ်ပေသည်။
“သခင်လေး...”
“သခင်မလေး...”
“သခင်လေးဖေး...”
မရေမတွက်နိုင်သော ပညာရှင်များစွာက အော်ဟစ်ကာ သူတို့၏ သခင်လေးများနှင့် သခင်မလေးများထံသို့ ပျံသန်းသွားကြ၏။ ရှီးမျိုးနွယ်မှလူများသည် ရှီးဖေးက ကိုယ်တစ်ပိုင်းပြတ်လာပြီး တစ်ကိုယ်လုံး သွေးများရွှဲလာသည်ကို တွေ့လိုက်သောအခါ အသည်းအသန် ပျံသန်းသွားလိုက်ကြသည်။
“အား...အား...”
ရှီးဖေးက နာကျင်တကြီး နှစ်ကြိမ်အော်လိုက်ပြီး သတိလစ်သွားလေတော့သည်။ သူ၏လက်များကတော့ သူ့ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ ထိုဝတ်ရုံပေါ်တွင် ‘ပိုင်ရီ၊ ခြေပြတ်၊ မိစ္ဆာသွေး၊ ရှေးဟောင်းအသုံးအဆောင်’ဟူသော စာလုံးများ ရေးသားထားပေသည်။
“ဘာဖြစ်ခဲ့တာလဲ”
အပြင်သို့ ပြန်ရောက်လာသူအားလုံးသည် အထဲမှမှတ်ဉာဏ်များကို ဆုံးရှုံးလိုက်ပြီဖြစ်၍ သံသယများဖြင့် လှည့်ပတ်ကြည့်နေကြလေသည်။ သူတို့သည် အပြစ်ဆေးကြောဒေသအတွင်း မဝင်ခင်က ကိစ္စများကိုသာ မှတ်မိကြပြီး နောက်ပိုင်းကိစ္စများကို မမှတ်မိကြတော့ပေ။ သူတို့ မည်သည့်အချိန်က အပြစ်ဆေးကြောဒေသအတွင်း ဝင်သွားသည်ကိုပင် မမှတ်မိကြတော့ချေ။
“အို့... ဟုတ်သား”
ဝူနီ၊ ထူလုံ၊ ယဲ့ရင်နှင့် အခြားသူများသည် သတိဝင်သွားပြီး အစောက သူတို့ရေးမှတ်ခဲ့သော စာရွက်ကို ထုတ်ကာ ကြည့်ရှုလိုက်ကြသည်။ မကြာခင်မှာပင် သူတို့၏ မျက်လုံးများ အေးစက်သွားကြ၏။ ဝူနီက ပျံသန်းလာသော အစောင့်များကို အော်ပြောလိုက်သည်။
“ရှေးဟောင်းအသုံးအဆောင်... ရှေးဟောင်းအသုံးအဆောင်ကို ပိုင်ရီ ရသွားတာ။ သူက မိစ္ဆာသွေးတွေရွှဲနေတယ်။ ပိုင်ရီကို မြန်မြန်ရှာကြ”
‘ဒါက ဘာပစ္စည်းလဲ။ ဘာလို့ ငါက ဒါကို ဖက်ထားတာလဲ။ ဘာလို့ ငါက ဒဏ်ရာအပြင်းအထန် ရထားတာလဲ။ ဘာလို့ ငါ့တစ်ကိုယ်လုံး သွေးတွေရွှဲနေတာလဲ။ မဟုတ်သေးဘူး.... ဒီသွေးတွေမှာ အဆိပ်ရှိတယ်။ အဲ့အဆိပ်က ငါ့ရဲ့ အတွင်းအားနဲ့ ခန္ဓာကိုယ်ကို တိုက်စားနေတာပဲ’
ကျန်းရီသည်လည်း မမှတ်မိနိုင်ဖြစ်နေ၏။ သူသည် လူတစ်စု၏အလယ်သို့ ရောက်လာခြင်းပင်။ သူက ကျောက်မီးဖိုကြီးတစ်လုံးကို ပွေ့ဖက်ထားပြီး သူ့တစ်ကိုယ်လုံးတွင် အရိုးကျိုးနေသောနေရာ နှစ်ဆယ်ကျော် ရှိနေပေသည်။ ထို့ကြောင့် သူ ထပင် မရပ်နိုင် ဖြစ်နေသည်။
ကျန်းရီသည် အရာအားလုံးကို ယာယီလျစ်လျူရှုလိုက်ပြီး ကျောက်မီးဖိုကို သူ၏လက်စွပ်အတွင်း ထည့်သွင်းလိုက်၏။ ဒဏ်ရာကုသ၍ အားပြန်ဖြည့်ရန် နေရာတစ်ခုကို ရှာပြီးမှ ကျန်အရာများကို တွေးတောရမည်ဖြစ်သည်။
“ပိုင်ရီက ဒီမှာ... သူ့ကို ဖမ်းကြ...”
ကျန်းရီ ထထိုင်လိုက်သည့်အချိန်တွင် သူ့အပေါ်သို့ ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာလေသည်။ ထို့နောက် အော်သံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်ဧကရာဇ်တစ်ထောင်နီးပါးလောက်သည် သူ့ကို သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ကြည့်နေကြောင်း ကျန်းရီ သတိပြုမိလိုက်၏။
“ဘာတွေ ဖြစ်နေတာလဲ”
ကျန်းရီ တုန်လှုပ်သွားသည်။ အဘယ်ကြောင့် လူများစွာက သူ့ကို ပြဿနာရှာလိုနေရသနည်း။ သူက အပြစ်ဆေးကြောဒေသထဲတွင် ခွင့်မလွှတ်နိုင်စရာကိစ္စတစ်ခုကို ပြုလုပ်ခဲ့ခြင်းလော။
***