← Chapters

မင်းတို့ အဲ့လူကို သတ်လို့မရဘူး

Vol. 67 Ch. 927

မင်းတို့ အဲ့လူကို သတ်လို့မရဘူး

Vol. 67 Ch. 927

‘ငါ ဘာလုပ်သင့်လဲ’

ကျန်းရီသည် အသည်းအသန် တွေးတောပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ သူ အပြစ်ဆေးကြောဒေသအပြင်ဘက်ကို ပြန်ရောက်လာခြင်းဖြစ်ရမည်။ သူက အပြစ်ဆေးကြောဒေသထဲတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အပြစ်ပြုခဲ့ခြင်း သို့မဟုတ် သူမည်သူဖြစ်ကြောင်း ပေါ်သွားခြင်း ဖြစ်နိုင်သည်။

အပြစ်ဆေးကြောဒေသထဲသို့ မသွားခင်က ကျန်းရီသည် အပြင်သို့ ပြန်ရောက်လာသည်နှင့် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံး၍ ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ချက်ချင်း ပြောင်းပစ်ရန် သူ့ကိုယ်သူ သတိပေးထားခဲ့သည်။ ရှေးဦးစွာ သူ ထွက်ပြေးရပေမည်။

သို့သော် လက်ရှိအခြေအနေက ကျန်းရီကို ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် အသုံးပြုနိုင်ရန် အချိန်မပေးတော့ပေ။ သူ အသိပြန်မကပ်လာခင်မှာပင် သိုင်းပညာရှင်များစွာက သူ့ကို တွေ့သွားပေပြီ။ ယခုမှ ရုပ်သွင်နှင့် စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလိုက်လျှင်လည်း အသုံးဝင်တော့မည် မဟုတ်ပေ။

‘ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရမလား’

အကယ်၍ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်လျှင်ပင် ဒဏ်ရာများပြင်းထန်စွာ ရထား၍ အာကာပြင်စွမ်းအားကြောင့် သူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည်။ သူ့မျက်ဝန်းများထဲတွင် ခက်ထန်သော အကြည့်တစ်ချက် ထွက်ပေါ်လာ၏။ သူ ထွက်မပြေးနိုင်လျှင် အကောင်းဆုံးကြိုးစားကာ ပြန်တိုက်ခိုက်ရမည်ဖြစ်သည်။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် ဓားပျော့နှင့် သံနက်ဓားတို့ ထွက်ပေါ်လာ၏။ သူ၏အင်္ကျီလက်အတွင်းတွင်လည်း မီးဝိညာဉ်ပုလဲက တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို အချိန်မရွေး ထုတ်လွှတ်ရန် အသင့်ဖြစ်နေပေပြီ။

“ပိုင်ရီက ကျွန်မတို့ ယဉ်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ ဘယ်သူ သူ့ကို ထိရဲလဲ”

ထိုအချိန်တွင် နူးညံ့သော အသံလေးတစ်သံက အော်ပြောလိုက်သည်။ ယဉ်မျိုးနွယ်မှ ကောင်းကင်ဧကရာဇ်တစ်ထောင်ကျော်က ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြပြီး ရှီမျိုးနွယ်၊ ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ထူမျိုးနွယ်တို့မှ လူများကို ဝန်းရံလိုက်ကြသည်။ ထို့ပြင် ယဉ်မျိုးနွယ်မှ မျိုးနွယ်ဝင်များအားလုံးသည် လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကြပြီး နတ်ဘုရားဒိုင်းများ ဖွင့်ထားကြလေသည်။ သူတို့သည် စစ်တိုက်ရန် အဆင့်သင့်ဖြစ်နေသကဲ့သို့ပင်။

“ယဉ်ကျစ်ကျွင်း... ဘေးဖယ်စမ်း”

အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေသော ရှီးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

“အဲ့မျိုးမစစ်က ငါတို့မျိုးနွယ်က သခင်လေးဖေးရဲ့ ခြေထောက်တွေကို ဖြတ်ပစ်ခဲ့တာ။ ဒီနေ့ ငါ အသက်စွန့်ပြီး သူ့ကို သတ်မယ်။ ရှီးမျိုးနွယ်ကလူတွေအကုန်လုံး နားထောင်ကြ။ ပိုင်ရီကို သတ်ကြ။ ဝင်ရှုပ်တဲ့သူမှန်သမျှကိုလည်း...သတ်ကြ”

ဝှစ်...

ယဉ်ရို့ပင်းက ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ယဉ်မျိုးက မျိုးနွယ်ဝင်တွေအကုန်လုံး သေသေချာချာ နားထောင်ကြ။ ပိုင်ရီကို ထိဝံ့တဲ့သူမှန်သမျှကို... သတ်ကြ”

“အာ...”

အားလုံး နားမလည်နိုင်ဖြစ်သွားကြ၏။ အပြစ်ဆေးကြောဒေသထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ခြင်းနည်း။ အဘယ်ကြောင့် ရှီးဖေး၏ခြေထောက်များက ပြတ်သွားရသနည်း။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အပြင်သို့ ပြန်ရောက်ရောက်ချင်း အချင်းချင်း တိုက်ခိုက်ကြတော့မည်လော။

အရေးကြီးဆုံးမှာ... ပိုင်ရီက မည်သူနည်း။ အဘယ်ကြောင့် ယခင်က သူ၏အမည်ကို မည်သူမှ မကြားဖူးရသနည်း။ သူက ကျော်ကြားသူမဟုတ်လျှင် အဘယ်ကြောင့် ယဉ်မျိုးနွယ်နှင့် ရှီးမျိုးနွယ်က ပမွှားလေးတစ်ယောက်အတွက် သူတို့၏ ငြိမ်းချမ်းရေးကို လျစ်လျူရှုနေကြသနည်း။

ကျန်းရီအပေါ်သို့ ကောင်းကင်စိတ်အာရုံများ ကျရောက်လာသည်။ သို့သော် သူတို့ မည်မျှနက်နက်ရှိုင်းရှိုင်းအာရုံခံစေကာမူ ကျန်းရီကို မသိကြပေ။ သူသည် ယခုတွင် သေလုမျောပါးဖြစ်နေသော အဆင့်သုံး ကောင်းကင်ဧကရာဇ်လေးသာ။ သူ့တွင် အခြားထူးခြားသည်များ မရှိပေ။

“မြောက်ဘက်ဧကရာဇ်စစ်သည်တွေအကုန်လုံး နားထောင်ကြ။ ပိုင်ရီကို သတ်ကြ။ ဝင်တားတဲ့သူမှန်သမျှကိုလည်း သတ်ကြ”

“ဓားဧကရာဇ်စစ်သည်တွေအကုန်လုံး နားထောင်... ပိုင်ရီကို သတ်... ဝင်တားတဲ့သူတွေကိုလည်း သတ်”

“သားရဲဧကရာဇ်စစ်သည်တွေအားလုံး နားထောင်ကြ။ ပိုင်ရီကို သတ်ရမယ်။ ကြားဝင်ရှုပ်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ကြ”

အခြေအနေက လူအားလုံးကို ပို၍ပင် အံ့အားသင့်သွားစေသည်။ ဝူနီ၊ ထူလုံနှင့် ကျန့်ဝူယင်းတို့က ကောင်းကင်ထက်သို့ ပျံတက်၍ တစ်ပြိုင်တည်း အော်လိုက်ကြသည်။ ကျန့်ဝူယင်းက ယဉ်ရို့ပင်းကို ‌အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“အစ်မရို့ပင်း... ဒီနေ့ အစ်မ ပိုင်ရီကို ကယ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အစ်မ ဉာဏ်ရှိမယ်ဆိုရင် ထွက်သွားလိုက်ပါ။ မဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရုပ်ဆိုးသွားမှာပဲ”

ဝူနီ၊ ကျန့်ဝူယင်းနှင့် ထူလုံတို့သည် အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို မမှတ်မိပေ။ သို့သော် သူတို့အားလုံးသည် နောက်ဆုံးမိနစ်တွင် စာဖြင့် ရေးမှတ်ခဲ့ကြသည်။

‘ပိုင်ရီက ရှေး‌ဟောင်းအသုံးအဆောင်ကို ရသွားတယ်။ သူက မိစ္ဆာသွေးတွေ ရွှဲနေတယ်။ သူ့ကိုသတ်ရမယ်’

ဝူနီတို့အားလုံးသည် ရှေးဟောင်းအသုံးအဆောင်ကို သိကြ၏။ ယင်းက စွမ်းအားကြီး တာအိုပုံသဏ္ဌာန်ပါဝင်သော မူလရတနာအစစ်အမှန်တစ်ခုဖြစ်ပြီး ဝိညာဉ်ချိတ်ဆက် မူလရတနာထက်ပင် ပိုအစွမ်းထက်ပေသည်။ ဤလောကထဲရှိ ထိပ်တန်းမူလရတနာဆယ်ခုထဲမှ ခုနစ်ခုမှာ ရှေးဟောင်းအသုံးအဆောင်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ဗုဒ္ဓဧကရာဇ် အသုံးပြုခဲ့သော ဗာဂျရာတောင်ဝှေးကို အပြစ်ဆေးကြောဒေသထဲက ရရှိခဲ့ခြင်းပင်။ ထိုတောင်ဝှေးက စွမ်းအားကြီး တာအိုပုံသဏ္ဌာန်ပါဝင်သော ရှေးဟောင်းအသုံးအဆောင်တစ်ခုဖြစ်သည်။

ရှေးဟောင်းအသုံးအဆောင်များကို လူတိုင်း လိုချင်ကြ၏။ အကယ်၍ ကျန်းရီက ယဉ်မျိုးနွယ်ဝင်ဖြစ်လျှင် ကျန့်ဝူယင်းနှင့် ကျန်သူများက ရှေးဟောင်းအသုံးအဆောင်ကို အတင်းမလုလောက်ပေ။ သို့သော် ကျန်းရီက မထင်မရှားလူတစ်ယောက် ဖြစ်နေပေသည်။ ထို့ကြောင့် သူတို့သည် ယဉ်ရို့ပင်း၏ စကားကို နားထောင်မည် မဟုတ်ပေ။ ယဉ်ရို့ပင်းက ရှေးဟောင်းအသုံးအဆောင်ကို မောင်ပိုင်စီးလိုနေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လော။

“သခင်မလေး...”

ယဉ်မျိုးနွယ်မှ လူများကို ဦးဆောင်နေသည့် အကြီးအကဲယဉ်ကျစ်ကျွင်းက နှုတ်ခမ်းတွန့်သွားသည်။ သူသည် သူတို့ကို ဝန်းရံထားသော သိုင်းပညာရှင်များကို ကြည့်၍ အသံပို့လွှတ်လိုက်၏။

“သခင်မလေး... အဲ့ကောင်လေးက ဘာတွေများ ထူးခြားနေလို့လဲ။ ကျွန်တော်တို့ လူအများကြီးကို အပြစ်မပြုသင့်ဘူး။ သူ့ကံနဲ့သူသာ ရှိပါစေတော့”

“မရဘူး...”

ယဉ်ရို့ပင်း၏ ကိုယ်ရံတော်များက အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်မှတ်တမ်းတင်ထားသည်။ ကျန်းရီတွင် စွမ်းအားကြီး ကောင်းကင်စိတ်အာရုံရှိ၏။ ထို့ပြင် သူသည် နတ်ဘုရားဘုံကျောင်းအတွင်းသို့ ဆန်းကြယ်စွာ ဝင်လာနိုင်ခဲ့ပြီး ဝိညာဉ်လေများကို စုပ်ယူ၍ ကောင်းကင်ဘုရင်နန်းတော်ထဲသို့ ဝင်သွားနိုင်ခဲ့သည်။ သူမသည် ထိုအသေးစိတ်မှတ်တမ်းများကို ဖတ်ရှုပြီးသွားပေပြီ။ ကျန်းရီသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နိုင်ပြီး အကျင့်စရိုက်ကောင်းသူတစ်ယောက် ဖြစ်လျှင် သူမသည် သူ့ကို လက်ပင်လက်ထပ်နိုင်ပေသည်။

ယဉ်ရို့ပင်းသည် အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို မေ့လျော့သွားပြီဖြစ်သည်။ သို့သော် ထိုမှတ်တမ်းများက မမှားနိုင်ပေ။ ထို့ကြောင့် သူမ ကျန်းရီကို ကာကွယ်ရပေမည်။ သူမ အကြည့်လွှဲလိုက်ပြီး အောက်ဘက်သို့ ပျံဆင်းကာ ကျန်းရီ၏ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် သူမသည် ဝူနီနှင့် ကျန်သူများကို အေးစက်စက် စိုက်ကြည့်၍ ပြောလိုက်လေသည်။

“ရှင်တို့ သူ့ကို သတ်ချင်ရင် ကျွန်မကိုလည်း သတ်ရမယ်”

“ဝိုး...”

အားလုံး မှင်တက်သွားကြ၏။ ဝူနီ၊ ထူလုံနှင့် အခြားသခင်လေးများ အလွန်ဒေါသထွက်သွားကြသည်။ ယဉ်ရို့ပင်းသည် ပိုင်ရီဟုခေါ်သော ထိုကောင်လေးကို ထိုမျှဂရုစိုက်သည်လော။ ယောက်ျားများကို အရေးစိုက်ပုံ မပေါ်သည့် ထိုပြိုင်ဘက်ကင်း အလှလေးက ယောက်ျားတစ်ယောက်အတွက်နှင့် သူမ၏ အသက်ကို စွန့်လိုနေခြင်းလော။

ဝူနီ၊ ထူလုံ၊ ယဲ့ရင်၊ လင်းချီကျန့်နှင့် အခြားမျိုးနွယ်ကြီးများမှ သခင်လေးများသည် တစ်ချိန်တုန်းက ယဉ်ရို့ပင်းကို ပိုးပန်းခဲ့ကြ၏။ သူမက လှပပြီး ယဉ်မျိုးနွယ်က အင်အားကြီးသည်။ အရေးအကြီးဆုံးမှာ သူမက နံ့သာသခင်မမျိုးနွယ် ဖြစ်ခြင်းပင်။ ထိုအချက်ဖြင့်ပင် တစ်လောကလုံးမှ ယောက်ျားများက သူမကို လိုချင်ကြမည်ဖြစ်သည်။

ယဉ်ရို့ပင်းသည် ရိုးရှင်း၍ ကြင်နာတတ်ပုံပေါ်သော်လည်း အလွန်သွေး‌အေးသူဖြစ်သည်။ မည်သည့်ယောက်ျားကမှ သူမ၏ နှလုံးသားကို မရရှိခဲ့ပေ။ ထို့ကြောင့် လူများစွာသည် နံ့သာသခင်မမျိုးနွယ်မှ အမျိုးသမီးများက သွေးအေးကာ ချစ်ခင်တွယ်တာမှု မရှိတတ်သူများဖြစ်ရမည်ဟု ယူဆခဲ့ကြသည်။

ယခုတွင်မူ ယဉ်ရို့ပင်းသည် ယောက်ျားတစ်ယောက်အတွင် အသက်ကို ရင်းလိုနေပေသည်။ ယင်းက ဝူနီ၊ ယဲ့ရင်းနှင့် ကျန်သခင်လေးများကို အလွန်မကျေမနပ် ဖြစ်သွားစေလေသည်။ သူတို့၏ မနာလိုမှုက မိုးထိုးသွားပေပြီ။

“အာ...”

ကျန်းရီသည်လည်း အတန်ငယ် အံ့အားသင့်သွား၏။ သခင်မလေးယဉ်က သူ့ကို ဤသို့ကာကွယ်ပေးနေရလောင်အောင် အပြစ်ဆေးကြောဒေသထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း။ သူသည် သံနက်ဓားကို မြေပြင်တွင်ထောက်ကာ အားပြု၍ အံကြိတ်ပြီး တုန်တုန်ယင်ယင် ရပ်နေလိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။

“သခင်မလေးယဉ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ပိုင်ရီက အဲ့ကြင်နာမှုနဲ့ မထိုက်တန်ပါဘူး။ အရင်ဆုံး သခင်မလေး ဘေးဖယ်နေလိုက်ပါ။ ကျွန်တော်က လူတိုင်းနင်းချေနိုင်တဲ့ လွယ်ကူတဲ့ ပစ်မှတ်မဟုတ်ပါဘူး။ တကယ်လို့ သူတို့က ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင် ကျွန်တော်ကလည်း သူတို့ထဲက နည်းနည်းလောက်ကို ကျွန်တော်နဲ့အတူ ငရဲကို ခေါ်သွားရမှာပေါ့”

ကျန်းရီ၏ သံနက်ချပ်ဝတ်က ပျက်စီးသွားပြီဖြစ်၍ သူ့ကိုယ်ပေါ်တွင် ဝတ်စုံဖြူသာ ရှိနေပေသည်။ ထိုဝတ်စုံဖြူတွင် မိစ္ဆာသွေးများ ရွှဲနေသည်။ သူသည် နာကျင်မှုကြောင့် တုန်ယင်နေသည်။ သို့သော် သူ၏မျက်နှာထားက နာကျင်ဟန်တစ်ချက်ပင် မပြပေ။ ထိုအစား သူ၏နှုတ်ခမ်းတွင် အပြုံးသဲ့သဲ့ ရှိနေပေသည်။ သူ၏မျက်လုံးများကလည်း ဓားတစ်လက်ကဲ့သို့ စူးရှနေသည်။ ထိုအရှိန်အဝါမျိုးက သာမန်လူများနှင့် ခြားနားသဖြင့် ယဉ်ရို့ပင်း၏ လှပသော မျက်ဝန်းကလေးများ အရောင်လက်သွားလေသည်။

ကျန်းရီက အရာအားလုံးကို စွန့်စားတော့မည်ဖြစ်သည်။ မိန်းမတစ်ယောက်၏ ကာကွယ်ပေးမှုကို ခံခြင်းက သူ၏ပုံစံ မဟုတ်ပေ။ သူသည် ယဉ်ရို့ပင်း ထွက်သွားသည်အထိ စောင့်၍ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်က အသက်ကိုရင်း၍ တိုက်ခိုက်မည်ဖြစ်သည်။

“ဦးလေးတောက်”

ဝူနီက အသံဩဩဖြင့် အော်ခေါ်လိုက်သည်။ သူ့ဘေးရှိ အကြီးအကဲတစ်ယောက်၏ လက်က အဖြူရောင်အလင်း လင်းလက်လာပြီး အောက်ဘက်သို့ အလင်း ပစ်လွှတ်လိုက်လေသည်။ ရုတ်ခြည်းပင် ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ ရှိနေသော နေရာက အေးခဲသွား၏။ ဝူမျိုးနွယ်မှ သိုင်းပညာရှင်များကလည်း နဂါးတစ်အုပ်ကဲ့သို့ ကျန်းရီ၊ ယဉ်ရို့ပင်းနှင့် ယဉ်မျိုးနွယ်မှ သိုင်းပညာရှင်များထံ တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြလေသည်။ သူတို့သည် ကျန်းရီကို သတ်ဖြတ်တော့ပေမည်။

“အာကာချိပ်စည်းလား...”

ယဉ်ရို့ပင်းသည် သူမတို့ လှုပ်၍မရတော့ကြောင်း သိလိုက်၏။ သူမ၏ ချစ်စဖွယ်မျက်နှာလေးက ချက်ချင်း အရောင်ပြောင်းသွား၏။ ဝူနီ၏ ရည်ရွယ်ချက်က ရှင်းပေသည်။ သူသည် သူမကို အေးခဲ၍ မလှုပ်နိုင်အောင်လုပ်၍ ကျန်းရီကို ဖမ်းရန် ကြံထားခြင်းပင်။

“ဟွန်း...”

ထိုအခိုက်တွင် အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။ အားလုံးသည် လေးလံသောဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ဝူမျိုးနွယ်မှ သိုင်းပညာရှင်က ချက်ချင်း ရပ်တန့်လိုက်ပြီး ကောင်းကင်ထက်ရှိ ဗုဒ္ဓအင်ပါယာကို ကြောက်ရွံ့စွာ ကြည့်လိုက်လေသည်။ ကျန်းရီသည်လည်း စိတ်ဝိညာဉ်နာကျင်မှုကို ခံစားလိုက်ရပြီး အာကာချိပ်စည်းက ပျက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် သူ လေထဲရှိ ဗုဒ္ဓအင်ပါယာကို အလိုလို မော့ကြည့်မိသွားသည်။

လူအားလုံးသည် အေးစက်စက် နှာမှုတ်သံကို ကြားလိုက်သည်နှင့် ဗုဒ္ဓအင်ပါယာကို အလိုလို မော့ကြည့်မိသွားကြလေသည်။ ဗုဒ္ဓအင်ပါယာ၏ဘေးတွင် ရီချန်က တိတ်တဆိတ်ရပ်နေ၏။ သူမ၏ တစ္ဆေဘုရင်မျက်နှာဖုံးက ထုံးစံအတိုင်း ခံ့ညားနေပေသည်။ သို့သော် သူမ၏ မျက်ဝန်းများက ကျန်းရီကို ကြည့်နေ၏။ ထိုမျက်ဝန်းများက ပြုံးရောင်သမ်းနေပေသည်။

“အားလုံး ထွက်သွားကြပါ”

ဗုဒ္ဓအင်ပါယာက အရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် ကျန်းရီကို လက်ညှိုးညွှန်၍ ဆက်ပြောလိုက်သည်။

“မင်းတို့ အဲ့လူကို သတ်လို့မရဘူး။ ငါ့ရဲ့ ချန်အာလေးက... သူ့ကို သဘောကျနေတယ်”

***

All Chapters