← Chapters

သူ့ကိုသတ်မည်

Vol. 67 Ch. 928

သူ့ကိုသတ်မည်

Vol. 67 Ch. 928

ချန်အာလေးဆိုသည်မှာ ရီချန်ကို ရည်ညွှန်းခြင်းပင်။ ရီချန်က ကျန်းရီကို အမှန်တကယ် သဘောကျခြင်း မဟုတ်ကြောင်း ထင်ရှားပေသည်။

ယခုတွင် ရီချန်သည် အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို မေ့သွားပေပြီ။ ထို့ကြောင့် သူမ၏ ကျန်းရီအပေါ်အမြင်က အပြစ်ဆေးကြောဒေသအတွင်းသို့ မဝင်ခင် သူမတို့ပြောခဲ့သော စကားအနည်းငယ်အပေါ်တွင်သာ အခြေခံလေသည်။ သူမသည် ကျန်းရီကို အတန်ငယ်ရင်းနှီးနေသည်ဟု ခံစားနေရ၏။ သို့သော် ကျန်းရီသည် သူမကို ထိုအကွက်များက ရိုးနေပြီဖြစ်ပြီး သူက မိန်းမများကို စိတ်မဝင်စားဟု ပြန်ပြောခဲ့သည်။

ရီချန်သည် ရည်မှန်းချက်ကြီးသော အမျိုးသမီးတစ်ယောက်ပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ရှေးဟောင်းမျိုးနွယ်များမှ သခင်လေးများအပါအဝင် တစ်လောကလုံးရှိ ယောက်ျားများကို အထင်သေးပေသည်။ ကျန်းရီကလည်း ခြွင်းချက်မဟုတ်ပေ။ သူမ ဗုဒ္ဓအင်ပါယာအား ကျန်းရီကို ကယ်ခိုင်းရခြင်းမှာ သူမ၏ မှတ်တမ်းထဲတွင် ‘ပိုင်ရီ’ဟူသော အမည်ရှိနေပြီး ပိုင်ရီက ဝိညာဉ်လေများကို စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်သည်ဟု ရေးမှတ်ထား၍ဖြစ်သည်။

အတိတ်တွင် ဆန်းကြယ်ဧကရာဇ်သည် အလွန်ထူးဆန်းသော နတ်ဘုရားအတတ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်ခဲ့၏။ ထိုအတတ်က ဝိညာဉ်လေများကို စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်သော အတတ်ပင်။ သို့သော် လူအနည်းငယ်သာ ထိုအတတ်အကြောင်းကို သိကြသည်။ လူသုံးယောက်သာ ထိုအကြောင်းကိုသိပြီး မျိုးနွယ်သုံးခုကသာ ထိုအကြောင်းကို မှတ်တမ်းတင်ထားသည်။ ထိုမျိုးနွယ်သုံးခုမှာ ရီမျိုးနွယ်၊ ယဉ်မျိုးနွယ်နှင့် ကျန့်မျိုးနွယ်တို့ဖြစ်သည်။

ရီချန်သည် ကျန်းရီ၏ စွမ်းရည်များကို စိတ်ဝင်စားခြင်းပင်။ ယင်းတို့ကို သူမ၏မှတ်တမ်းထဲတွင် ရှင်းရှင်းလင်းလင်း ရေးမှတ်ထား၏။ သူမသည် ကျန်းရီကို သူမတို့မျိုးနွယ်ထဲသို့ သိမ်းသွင်းရပေမည်။ ထို့ကြောင့် ဗုဒ္ဓအင်ပါယာက အမိန့်ပေးလိုက်ခြင်းပင်။ ရီချန်သည် ဗုဒ္ဓအင်ပါယာ၏ စကားကြောင့် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး လူအုပ်၏ အကြည့်များကို ရှောင်လိုက်လေသည်။

“အာ...”

အားလုံးသည် ထိုသတင်းကြောင့် အံ့အားသင့်သွား၏။ ရီချန်က ပိုင်ရီကို သဘောကြနေသည်လော။ အခြားအရာများကို ထည့်မတွက်လျှင်ပင် ထိုတစ်ချက်ဖြင့် ပိုင်ရီသည် လောကတစ်ခွင်လုံးတွင် ကျော်ကြားသွားတော့မည်ဖြစ်သည်။

ရီချန်နှင့် ယဉ်ရို့ပင်းတို့က အရှေ့ဘက် တော်ဝင်နယ်မြေရှိ ထိပ်တန်းအလှပ‌ဂေးဆယ်ဦးထဲမှ နံပါတ်(၂)နှင့် နံပါတ်(၃)တို့ဖြစ်ကြသည်။ ယနေ့တွင် နံပါတ်(၃) ယဉ်ရို့ပင်းက ပိုင်ရီအတွက် အသက်ကို ရင်းလိုခဲ့သည်။ နံပါတ်(၂) ရီချန်က ပိုင်ရီကို ကာကွယ်ရန်အတွက် သူ့အဖေကို ကိုယ်တိုင်ဝင်ပါစေခဲ့သည်။ ထို့ကြောင့် ပိုင်ရီမှ မကျော်ကြားလျှင် မည်သူ ကျော်ကြားပါဦးမည်နည်း။

“ဒါက...”

ကျန်းရီလည်း မှင်တက်သွား၏။ သူသည် ကောင်းကင်ထက်ရှိ ဗုဒ္ဓအင်ပါယာ၏ မျက်ဝန်းများကို လှမ်းကြည့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်က အတန်ငယ် တုန်ယင်သွား၏။ ကျန်းရီသည် ဗုဒ္ဓအင်ပါယာ၏ ဉာဏ်ပညာကြီးမားဟန်ပေါ်သော ပြုံးသဲ့သဲ့မျက်ဝန်းများက သူ၏လျှို့ဝှက်ချက်အားလုံးကို ဖောက်မြင်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူသည် ဗုဒ္ဓအင်ပါယာ၏ မျက်ဝန်းများအရှေ့တွင် မည်သည့်လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်မထားနိုင်ပုံပင်။

‘ဗုဒ္ဓအင်ပါယာက ငါဘယ်သူဆိုတာကို သိသွားပြီလား’

ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ချက် ထွက်ပေါ်လာ၏။ သို့သော် သူ ထိုအတွေးကို လျင်မြန်စွာ မောင်းထုတ်လိုက်သည်။ ဧကရာဇ်ကိုးပါးမှလွဲ၍ သာမန်နတ်ဘုရားတစ်ပိုင်းများက သူမည်သူဖြစ်ကြောင်း သိနိုင်မည်မဟုတ်ဟု အောင်းလုက ပြောခဲ့သည်။ ထို့ပြင် အကယ်၍ ဗုဒ္ဓအင်ပါယာက သူမည်သူဖြစ်ကြောင်း သိသွားလျှင် အဘယ်ကြောင့် သူ့ကို ကာကွယ်မည်နည်း။ ဗုဒ္ဓအင်ပါယာသည် သူ့ကို ကာကွယ်ရန်အတွက်က ရှီးမျိုးနွယ်၊ ထူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ဝူမျိုးနွယ်တို့အပေါ် အပြစ်ပြုတော့မည်ဖြစ်သည်။

သို့သော် ဗုဒ္ဓအင်ပါယာ၏ မျက်ဝန်းများက အလွန်စူးရှလွန်း၏။ ဗုဒ္ဓအင်ပါယာက အလွန်စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ဗုဒ္ဓအင်ပါယာက သူမည်ဖြစ်ကြောင်း သိသွားပြီလော၊ မသိသေးသလောကို မသေချာနိုင်ဖြစ်နေသည်။

ဗုဒ္ဓအင်ပါယာကိုယ်တိုင် ဝင်တားလိုက်ပြီဖြစ်၍ ဝူနီ၊ ကျန့်ဝူယင်းနှင့် ထူလုံတို့က မည်သို့မှ လုပ်နိုင်တော့မည် မဟုတ်ပေ။ ဗုဒ္ဓအင်ပါယာက ရီမျိုးနွယ်၏ မိသားစုခေါင်းဆောင်ဖြစ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေတွင် ကျော်ကြားသော သိုင်းပညာရှင်တစ်ယောက် မဟုတ်ပါလား။ သူတို့၏အဖေများပင် ဗုဒ္ဓအင်ပါယာကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရသည်ဖြစ်ရာ သူတို့ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ထို့ပြင် သူတို့က ဗုဒ္ဓဒေသထဲတွင် ရှိနေကြသည်။ ဗုဒ္ဓဒေသထဲတွင် မဆင်မခြင် ပြုမူခြင်းက ဉာဏ်နည်းရာကျပေလိမ့်မည်။

ထို့ကြောင့် မျိုးနွယ်သုံးခုက တိတ်ဆိတ်သွား၏။ သို့သော် ရှီးမျိုးနွယ်ကတော့ မတိတ်ဆိတ်နိုင်ပေ။ ရှီးဖေး၏ ခြေထောက်များက ကျန်းရီကြောင့် ပြတ်သွားခြင်းပင်။ အကယ်၍ ရှီးမျိုးနွယ်ဝင်များက မည်သို့မှ မလုပ်ဆောင်ဘဲ ကျန်းရီကို လွှတ်ပေးလိုက်လျှင် သူတို့ ပြန်ရောက်သည်နှင့် မိစ္ဆာဧကရာဇ်က သူတို့ကို ကွပ်မျက်မည်ဖြစ်သည်။

သို့ဖြစ်၍ ရှီးမျိုးနွယ်မှလူများကို ဦးဆောင်လာသော အကြီးအကဲက လက်ဆုပ်ကာ အလေးအနက် ပြောလိုက်လေသည်။

“ဗုဒ္ဓအင်ပါယာ... ဗုဒ္ဓအင်ပါယာလည်း ကျွန်တော်တို့ရဲ့ သခင်လေးဖေးတစ်ယောက် ဘယ်လိုဖြစ်လာလည်းဆိုတာကို မြင်ပြီးပါပြီ။ ပိုင်ရီက တရားခံပါ။ တကယ်လို့ ပိုင်ရီကို လွှတ်ပေးလိုက်ရမယ်ဆိုရင် ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင်ကို ပြန်အဖြေပေးနိုင်မှာ မဟုတ်ပါဘူး။ အဲ့လိုဆိုမှတော့ ကျွန်တော်တို့ ရှင်းပြမနေရအောင် ဗုဒ္ဓအင်ပါယာ ကျွန်တော်တို့အကုန်လုံးကို သတ်လိုက်ရင်ရော ဘယ်လိုပါလဲ”

“ဟားဟားဟား...”

ဗုဒ္ဓအင်ပါယာက ကောင်းကင်သို့ မော့ကြည့်၍ ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူသည် ရှီးမျိုးနွယ်မှ အကြီးအကဲကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ နာမည်က ရှီးရုံမလား။ မင်းတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်သာ အစောက မင်းရဲ့စကားတွေကို ကြားလိုက်ရင် မင်း ဘာကိုမှ ရှင်းပြနေချိန်တောင်ရမှာ မဟုတ်ဘဲ ချက်ချင်း ရိုက်သတ်ခံလိုက်ရမှာပဲ။ အပြစ်ဆေးကြောဒေသက ဘယ်လိုနေရာမျိုးလည်းဆိုတာကို မင်းသိလား။ လူဘယ်နှစ်ယောက် ဝင်ပြီး၊ လူဘယ်နှစ်ယောက် ပြန်ထွက်လာနိုင်လဲ။ အဲ့ထဲမှာ သေသွားတဲ့လူတိုင်းရဲ့ တရားခံကို ငါက လိုက်ရှာပေးဖို့ လိုတာလား။ မင်းတို့ ရှီးမျိုးနွယ်ကတော့ တခြားသူတွေကို သတ်လို့ရတယ်... ဒါပေမဲ့ တခြားသူတွေကတော့ မင်းတို့ရှီးမျိုးနွယ်က လူတွေကို သတ်လို့မရဘူးလို့ မင်းက ဆိုလိုချင်တာလား”

“ဟာ...”

ရှီးမျိုးနွယ်မှ အကြီးအကဲသည် သူပြောမိသည့်စကားကြောင့် အရှက်ရသွားသည်။ အခြား ရှီးမျိုးနွယ်သိုင်းပညာရှင်များလည်း ရှက်သွားကြသည်။ သို့သော် ရှီးရုံက အံကြိတ်၍ ဆက်ပြောလိုက်သည်။

“ဗုဒ္ဓအင်ပါယာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သတ်လိုက်ပါ”

“ဗုဒ္ဓအင်ပါယာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သတ်လိုက်ပါ”

ရှီးမျိုးနွယ်မှ သိုင်းပညာရှင်တစ်ထောင်ကလည်း လက်ဆုပ်ကာ ဒူးထောက်၍ ပြောလိုက်ကြသည်။ သူတို့သည် ကျန်းရီကို လွှတ်ပေးမည့်အစား အသေခံကြမည့်ပုံပင်။

ရွှီး...

ဗုဒ္ဓအင်ပါယာသည် မည်သို့မှ မပြောသလို မည်သို့မှလည်း မလုပ်ပေ။ သို့သော် အထက်ရှိကောင်းကင်က ပြောင်းလဲသွား၏။ လေထဲတွင် ဧရာမလက်ဝါးရာကြီး ဖြစ်ပေါ်လာပြီး အောက်ဘက်ရှိ ရှီးမျိုးနွယ်သိုင်းပညာရှင်တစ်ထောင်ထံသို့ ဥက္ကာခဲတစ်ခုလိုမျိုး တိုက်ရိုက်ကျဆင်းသွားလေသည်။ အားလုံး၏ နတ်ဘုရားဒိုင်းများက ရုတ်ခြည်း ပျက်စီးသွား၏။ ရှီးရုံနှင့် သူ့အုပ်စုက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

“ဖွီး...”

ရှီးရုံနှင့် အခြားသိုင်းသမားများ သွေးအန်သွားကြ၏။ သို့သော် သူတို့၏ ကိုယ်တွင်းအင်္ဂါများသာ တုန်ခါသွားခြင်းဖြစ်ပြီး သူတို့ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မထင်သွားပေ။ အံ့ဩစရာအကောင်းဆုံးမှာ အနီးရှိ ဝူမျိုးနွယ်ဝင်များ၊ ထူမျိုးနွယ်ဝင်များ၊ ကျန့်မျိုးနွယ်ဝင်များနှင့် အောက်ဘက်ရှိ ယဉ်ရိုပင်းနှင့် ကျန်းရီတို့က မည်သည့်တိုက်ခိုက်စွမ်းအားကိုမှ မခံစားလိုက်ရခြင်းပင်။

“ဒါက...”

ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ရှိနေလေသည်။ သူတို့ အံ့ဩသွားခြင်းမှာ ဗုဒ္ဓအင်ပါယာက ထိုလူများကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိနေသောကြောင့် မဟုတ်ပေ။ ဗုဒ္ဓအင်ပါယာ၏ စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းကိုသာ သူတို့ အံ့ဩသွားခြင်းပင်။

ရှီးမျိုးနွယ်မှ သိုင်းသမားတစ်ထောင်ထဲတွင် အားနည်းသူများ၊ အားကြီးသူများ အစုံပါပေသည်။ သို့သော် ဗုဒ္ဓအင်ပါယာသည် သူတို့ကို ဒဏ်ရာအနည်းငယ်သာ ရစေ၍ သူတို့၏ နတ်ဘုရားဒိုင်းများအားလုံးကို တစ်ပြိုင်တည်း ဖျက်ဆီးပစ်လိုက်နိုင်သည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့က သူ့အောက်တွင် ရှိနေသော်လည်း သူတို့သည် မည်သည့်အားကိုမှ မခံစားလိုက်ရပေ။ ဗုဒ္ဓအင်ပါယာ၏ စွမ်းအားက တုန်လှုပ်ဖွယ်ကောင်းလောက်‌အောင် မြင့်မားပေသည်။

ဝှစ်...

ဗုဒ္ဓအင်ပါယာက ရှီးရို့ထံ ကျောက်စိမ်းဘူးလေးတစ်ဘူးကို ပစ်ပေးလိုက်ပြီး အ‌ရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါက ရှီးဖေးအတွက် ကောင်းကင်ဝိညာဉ်ဆေးလုံးပဲ။ ငါ မိစ္ဆာဧကရာဇ်နဲ့တွေ့မှ ဒီကိစ္စကို ကိုယ်တိုင်ပြောလိုက်မယ်။ အစောက လက်ဝါးချက်က မင်းတို့ရဲ့ အပြစ်ဒဏ်ပဲ။ ချန်အာလေး... အဲ့လူကို ခေါ်ပြီး ဗုဒ္ဓဧကရာဇ်မြို့ကို ပြန်သွားလိုက်တော့”

“ကောင်းကင်ဝိညာဉ်ဆေးလုံး...”

လူများစွာ၏ မျက်လုံးများ အရောင်လက်သွား၏။ ထိုဝိညာဉ်ဆေးလုံးသည် သေသူကိုပင် အသက်ပြန်သွင်းနိုင်သည့် ဒဏ္ဍာရီလာ ဆေးလုံးပင်။ ထို့ကြောင့် ရှီးဖေး၏ ခြေထောက်က အချိန်တိုအတွင်း ပြန်ပေါက်လာပေလိမ့်မည်။ သို့သော် ထိုခြေထောက်များက မူလခြေထောက်များနှင့်တော့ တူတော့မည် မဟုတ်ပေ။ ရှီးဖေး၏ခန္ဓာကိုယ်ထဲရှိ သဘာဝအစီအရင်က ပျက်စီးသွားပေပြီ။ နဂါးညှိုးရော်မြက်ပင်ကိုသာ အသုံးမပြုလျှင် သူ၏အင်အားက တိုးလာတော့မည် မဟုတ်ချေ။

ဗုဒ္ဓအင်ပါယာ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်သွားပြီး ပျောက်ကွယ်သွားသည်။ ရီချန်က လက်ဝှေ့ယမ်းလိုက်၏။ ရီမျိုးနွယ်မှ ထောင်ချီသောသိုင်းပညာရှင်များက အောက်သို့ ပျံဆင်းသွားပြီး အခြားမျိုးနွယ်များ၏ သိုင်းပညာရှင်များအကြားရှိ ကျန်းရီကို ခေါ်ဆောင်လိုက်ကြသည်။ ရီချန်က ယဉ်ရို့ပင်းကို ပြုံးကာ ပြောလိုက်သည်။

“ရို့ပင်း... ဗုဒ္ဓဧကရာဇ်မြို့ကို ပြန်သွားကြတာပေါ့”

ယဉ်ရို့ပင် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ရီချန်သည်လည်း လူများအပေါ် ကောင်းစွာအကဲဖြတ်နိုင်ပုံပင်။ သို့သော် သူမကလည်း အလျှော့ပေးမည် မဟုတ်ပေ။ ကျန်းရီ မည်သည့်မျိုးနွယ်ထဲသို့ ဝင်မည်က ရီချန်နှင့် မသက်ဆိုင်သည် မဟုတ်ပါလား။ ထိုကိစ္စတွင် ကျန်းရီ၏ ကိုယ်ပိုင်အမြင်ကသာ အရေးအကြီးဆုံးဖြစ်သည်။

ထို့ကြောင့် ယဉ်ရို့ပင်းသည် မြေပြင်ကို ကန်၍ ရီချန်ဆီသို့ ပျံသွားလိုက်သည်။ ထို့နောက် သူမက ပြုံး၍ တီးတိုးပြောလိုက်၏။

“အစ်မချန်... ရို့ပင်းက ဗုဒ္ဓဧကရာဇ်ကို မွေးနေ့ဆုတောင်းစကား ပြောရဦးမှာဆိုတော့ ဗုဒ္ဓဧကရာဇ်မြို့ကို သွားမှာပါ”

ရီချန်သည် ယဉ်ရို့ပင်းကို အဓိပ္ပာယ်လေးနက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမက အဝေးရှိ လင်းချီကျန့်နှင့် လင်းရှီယာ့တို့ကိုကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုချီကျန့်၊ ရှောင်ယာ့... ကျွန်မတို့ အတူသွားကြမလား”

“ကောင်းပြီ”

လင်းချီကျန့်က ခေါင်းညိတ်လိုက်ပြီး လူတစ်စုနှင့်အတူ ပျံသန်းသွားလိုက်၏။ လင်းရှီယာ့ကလည်း သတိမေ့နေသော ကျန်းရီကိုကြည့်ကာ ရီချန်ဆီသို့ ပျံသွားလိုက်သည်။ ထို့နောက် သူမက ရီချန်နှင့် ယဉ်ရို့ပင်းတို့ကို သံသယဖြင့် ပြောလိုက်၏။

“အစ်မချန်၊ အစ်မရို့ပင်း... အစ်မတို့က ဒီပိုင်ရီရဲ့ ဘာကိုမြင်လို့လဲ။ ဘာလို့ အစ်မတို့က သူ့ကို လိုချင်နေကြတာလဲ။ သူက ကောင်းကင်ဧကရာဇ်အဆင့် အဆင့်သုံးပဲ ရှိသေးတဲ့ သူတစ်ယောက်ပဲ...”

ရီချန်က မည်သို့မှ ပြန်မပြောလိုက်ပေ။ ယဉ်ရို့ပင်းကလည်း ပြုံးရုံသာ ပြုံးလိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။ ထို့နောက် သူမတို့သည် အနီးရှိ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပျံသန်းသွားကာ သင်္ဘောအတွင်း လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။ မကြာခင်မှာပင် ကောင်းကင်ကံကြမ္မာသင်္ဘောက လင်းလက်လာပြီး ဗုဒ္ဓဧကရာဇ်မြို့ဆီသို့ ရွက်လွှင့်လေတော့သည်။

ဝှစ်...ဝှစ်...

ဝူနီ၊ ထူလုံနှင့် ကျန်သူများကလည်း သူတို့၏ ကောင်းကင်ကံကြမ္မာသင်္ဘောများဖြင့် ပျံသန်းလိုက်ကြ၏။ သူတို့၏ အပြစ်‌ဆေးကြောဒေသမှ အလုပ်များက ပြီးဆုံးသွားပေပြီ။ ထို့ကြောင့် သူတို့ ထိုနေရာတွင် ဆက်နေနေရန် အကြောင်းမရှိတော့ချေ။ ထို့ကြောင့် သူတို့ အိမ်ပြန်လျှင်ပြန် သို့မဟုတ် ဗုဒ္ဓဧကရာဇ်မြို့သို့ သွားလျှင်သွားသာ လုပ်ရတော့မည်ဖြစ်သည်။

“သခင်လေးနီ... ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ”

ဝူမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ညှိုးငယ်သော မျက်နှာထားဖြင့် ဝူနီကို မေးလိုက်သည်။ ဝူနီက မည်သို့မှမပြောဘဲ သူ့ဘေးရှိ ကျီထင်ယွီကသာ အမိန့်ပေးလိုက်သည်။

“ဗုဒ္ဓဧကရာဇ်မြို့ကို...”

“ငါတို့က ဘာလို့ ဗုဒ္ဓဧကရာဇ်မြို့ကို သွားမှာလဲ”

ဝူနီက ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်၏။ ရီချန်နှင့် ယဉ်ရို့ပင်းတို့၏ အပြုအမူများကြောင့် သူ့ရင်ထဲတွင် မနာလိုမှုများ တောက်လောင်နေပေသည်။ ထို့ကြောင့် သူ ဗုဒ္ဓဧကရာဇ်မြို့သို့ မသွားလိုတော့ပေ။

“သခင်လေးနီ...”

ကျီထင်ယွီ၏ မျက်ဝန်းများထဲတွင် ကောက်ကျစ်သောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။ သူမက ရုတ်တရက် ပြောလိုက်၏။

“ကျွန်မတို့ ဗုဒ္ဓဧကရာဇ်မြို့ကိုသွားတာ ပိုကောင်းလိမ့်မယ်။ အဲ့ပိုင်ရီက မရိုးရှင်းဘူးလို့ ကျွန်မခံစားနေရတယ်။ သူက ကျွန်မကို အတော်လေးမသက်မသာ ခံစားရစေတယ်။ တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် သူ့ကို သတ်ကြတာပေါ့”

“သူ့ကို သတ်မှာလား”

ဝူနီ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းများ လက်သွားလေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဗုဒ္ဓဧကရာဇ်မြို့ဆီ ရွက်လွှင့်မယ်”

***

All Chapters