အရည်ကျို နတ်ဘုရားမီးဖို
Vol. 67 Ch. 930
ကျန်းရီသည် ရှီး၊ ဝူ၊ ထူနှင့် ကျန့်မျိုးနွယ်တို့နှင့် ရန်သူဖြစ်သည်။ ထိုမျိုးနွယ်လေးခုသည် ကျန်းရီကို လိုက်သတ်လိုရုံသာမက ‘ပိုင်ရီ’ကိုလည်း လိုက်သတ်လိုက်နေသည်။ ထို့ကြောင့် ကျန်းရီ၏ ရင်ထဲတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် သူက ကမ္ဘာ့ရန်ဘက်များဟု ခံစားရပေသည်။ သူက ရီမျိုးနွယ်နှင့် ရန်သူမဖြစ်လိုလျှင်ပင် ရီမျိုးနွယ်က သူမည်သူဖြစ်ကြောင်း သိသွားသည်နှင့် သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် ရီချန်နှင့် ယဉ်ရို့ပင်းတို့က နတ်မိမယ်လေးများကဲ့သို့ လှပသော်လည်း ကျန်းရီသည် သူမတို့အပေါ် တဏှာစိတ်ဖြစ်မည် မဟုတ်ပေ။ ထိုအစား သူသည် သူမတို့နှင့် မပတ်သတ်မိအောင် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။
ကျန်းရီသည် သူမတို့နှင့် မပတ်သတ်လို၍ သူမတို့ သူ့ကို မုန်းလာအောင် လုပ်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် မျက်နှာထားတင်းတင်းဖြင့် ရီချန်ကို အကြိမ်ကြိမ် စိတ်ဆိုးအောင် လုပ်နေခြင်းပင်။ ရီချန်က ခပ်ဖွဖွ တံတွေးထွေးလိုက်၏။ သူမ၏မျက်လုံးများထဲတွင်လည်း မနှစ်မြို့သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူမက အေးစက်စက် ပြောလိုက်လေသည်။
“သခင်လေးပိုင်ရီ စိတ်အေးအေးသာနေပါ။ ရီချန်က ရှင့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ပါဘူး”
“အဲ့လိုဆိုကောင်းတယ်... အဲ့လိုဆိုကောင်းတယ်”
ကျန်းရီသည် အစာကောက်သော ကြက်ငယ်ကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ သူ၏ စိတ်အေးသွားဟန် မျက်နှာထားက အလွန်ဒေါသထွက်စရာ ကောင်းပေသည်။ ထို့ကြောင့် ရီချန်တစ်ယောက် ဒေါသထွက်လာပြန်သည်။ သူက သူ့ကိုယ်သူ မည်သူထင်နေသနည်း။ ဤလောကအတွင်းရှိ မိန်းမလှလေးများက သူ့ကို လက်ထပ်လိုနေသည်ဟု ထင်နေခြင်းလော။
ဟူး...
ရီချန်က သက်ပြင်းချလိုက်ပြီး ဒေါသကို မျိုသိပ်လိုက်သည်။ ထို့နောက် သူမသည် စိတ်ငြိမ်အောင် လုပ်ကာ ကျန်းရီကို ရီမျိုးနွယ်အတွင်းသို့ သိမ်းသွင်းနိုင်မည်လောဟု တွေးတောလိုက်လေသည်။ ထိုစဉ် ကျန်းရီက ရုတ်တရက် ပြောလိုက်၏။
“သခင်မလေးရီက တစ်နေကုန် မျက်နှာဖုံးကြီး တပ်ထားရတာ မပင်ပန်းဘူးလား။ မျက်နှာဖုံးကို ချွတ်ပြီး သခင်မလေးက ဘယ်လိုပုံစံလည်းဆိုတာ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါလား။ စိတ်မပူပါနဲ့... ကျွန်တော်က စပ်စုချင်ရုံပါပဲ။ ကျွန်တော်က မိန်းမတွေကို မကြိုက်တာ သခင်မလေးလည်း သိထားပြီးပြီပဲ”
“...”
ရီချန် မျက်နှာလွှဲလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် အထင်သေးမှုတစ်ခု ဖြတ်သန်းသွားသည်။ ထိုပိုင်ရီသည် အမှန်ပင် ယဉ်ကျေးမှု မရှိပေ။ သူက အဘယ်သို့ ထိုသို့ပြောနိုင်ရသနည်း။
ရီချန်သည် မျက်လုံးပင့်လိုက်ပြီး သည်းခံရန် ဆုံးဖြတ်လိုက်၏။ သူမ မျက်နှာပြန်လှည့်လိုက်ပြီး အသံလေးလေးဖြင့် ပြောလိုက်သည်။
“သခင်လေးပိုင်ရီက တကယ်ပဲ ကြည့်ချင်လို့လား”
“ဒါပေါ့... ဘာလို့လဲ”
ကျန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး ရီချန်ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ ရီချန်၏ မျက်ဝန်းများက ပြုံးယောင်သမ်းသွား၏။
“ကျွန်မက အသက်(၁၂)နှစ်အရွယ်ကတည်းက မျက်နှာဖုံး ဝတ်ခဲ့တာ။ ကျွန်မရဲ့ မိသားစုတွေကလွဲပြီး အပြင်လူတွေက ကျွန်မရဲ့မျက်နှာကို မြင်နိုင်ဖို့ အခွင့်မရှိဘူး။ အရင်တုန်းက ကျွန်မကျိန်ဆိုခဲ့တယ်... ကျွန်မရဲ့ ခင်ပွန်းကလွဲပြီး တခြားယောက်ျားတွေကို ကျွန်မရဲ့မျက်နှာကို မြင်တွေ့ခွင့် ပေးမှာမဟုတ်ဘူးလို့... တကယ်လို့ ရှင် ကျွန်မရဲ့မျက်နှာကို မြင်ချင်တယ်ဆိုရင် ကျွန်မကို လက်ထပ်မှရမယ်”
ကျန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို အသည်းအသန် ယမ်းလိုက်လေသည်။
“အဲ့လိုဆိုရင် ကျွန်တော် မကြည့်တော့ပါဘူး။ ကျွန်တော် သခင်မလေးနဲ့ လက်မထပ်ချင်ဘူး...အ...”
ကျန်းရီက လက်ကို လှုပ်ယမ်းလိုက်သဖြင့် ဒဏ်ရာများ ပိုဆိုးသွားသည်။ ထို့ကြောင့် သူသည် နာကျင်စွာ မျက်နှာရှုံ့တွသွားလေသည်။ အစက ရီချန်သည် ကျန်းရီ၏စကားများကြောင့် ဒေါသထွက်နေသော်လည်း ကျန်းရီ၏အဖြစ်ကို တွေ့သောအခါ ရယ်မိသွားပေသည်။ ထို့နောက် ကျန်းရီက လောကထဲရှိ အရှက်မရှိသူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်လေသည်။
ခေတ္တကြာပြီးနောက် ရီချန်က ပြုံး၍ ပြောလိုက်သည်။
“သခင်လေးပိုင်ရီ စနောက်မနေပါနဲ့တော့။ ကျွန်မက ရီမျိုးနွယ်ကိုယ်စား ရှင့်ကို လာဖိတ်တာပါ။ ရှင် ရီမျိုးနွယ်ထဲ ဝင်ချင်လား။ ရှင်တောင်းဆိုချင်တာတွေကို တောင်းဆိုနိုင်ပါတယ်။ ကျွန်မက မျိုးနွယ်ကိုယ်စား ဆုံးဖြတ်ချက် ချပေးနိုင်တယ်”
‘လာပါပြီဗျာ...’
ကျန်းရီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် သူ ပို၍ အံ့အားသင့်လာသည်။ ဗုဒ္ဓအင်ပါယာက သူ၏ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ဖောက်မမြင်နိုင်ခဲ့ခြင်းလော။
ကျန်းရီ၏ မျက်နှာထားက လေးနက်သွား၏။ ထို့နောက် သူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“သခင်မလေးရီ... ကျွန်တော် တကယ်ကို သိချင်လို့ပါ။ ရီမျိုးနွယ်က ဘာလို့များ ကျွန်တော့်ကို စိတ်ဝင်စားရတာလဲ။ ကျွန်တော့်ကို သိမ်းသွင်းဖို့အတွက်နဲ့ ရီမျိုးနွယ်က အဲ့လောက်တန်ကြေးကြီးကြီးပေးဖို့ တန်လို့လား”
ဗုဒ္ဓအင်ပါယာ၏ လက်ဝါးချက်က ရှီးမျိုးနွယ်ကို မျက်နှာပျက်စေခဲ့ပေသည်။ လက်ရှိတွင် ရှီးဖေးက ဗုဒ္ဓဧကရာဇ်မြို့ထဲတွင် ရှိမနေသလို ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ကို ဆင်နွှဲလိုစိတ်လည်း ရှိတော့မည် မဟုတ်ပေ။ ယင်းက ရှီးမျိုးနွယ်၏ သဘောထားကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းပင်။ ထို့ကြောင့် ရီမျိုးနွယ်က ကျန်းရီကို သိမ်းသွင်းရန် တန်ကြေးကြီးကြီး ပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။
ရီချန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
“သခင်လေးပိုင်... ရှင်က အပြစ်ဆေးကြောဒေသထဲမှာ ဖြစ်ခဲ့တာတွေကို မေ့သွားပြီဆိုပေမယ့် ကျွန်မတို့ကတော့ မှတ်တမ်းတင်ထားပါတယ်။ ရှင်က ဝိညာဉ်လေတွေကို စုပ်ယူပြီး ရန်သူတွေကို တိုက်ခိုက်ဖို့ ပြန်ထုတ်လွှတ်နိုင်တဲ့ အရမ်းဆန်းကြယ်တဲ့ စွမ်းရည်တစ်မျိုးကို သိမြင်နားလည်ခဲ့တဲ့ပုံပဲ။ သမိုင်းတစ်လျှောက်လုံးမှာ ရှင်က အဲ့စွမ်းရည်ကို သိမြင်နားလည်နိုင်တဲ့ ဒုတိယလူပဲ။ ပြီးတော့ ရှင်က ရှေးဟောင်းအသုံးအဆောင်တစ်ခုကိုလည်း ရထားသေးတယ်။ အဲ့ဒါက ရှေးခေတ်စစ်သူကြီးတစ်ယောက်ရဲ့ ရှေးဟောင်းအသုံးအဆောင်ပဲ။ အဲ့အသုံးအဆောင်က အံ့ဩရလောက်အောင် အစွမ်းထက်တယ်။ ပြီးတော့ ရှင်က အသက်ငယ်သေးတယ်မလား....”
“ကောင်းကင်ဧကရာဇ်အဆင့် အဆင့်သုံးမှာ ရှိတဲ့သူတစ်ယောက်အနေနဲ့ ရှင့်ရဲ့ အရည်အချင်းက အတော်လေး ကောင်းပါတယ်။ ရှင်သာ ရီမျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို သုံးလိုက်ရင် ဆယ်နှစ်အတွင်း ကြယ်ငါးပွင့် ပညာရှင်တစ်ယောက် ဖြစ်သွားမယ်လို့ ကျွန်မ အာမခံတယ်။ အဲ... ရှင့်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်သွားနိုင်တဲ့ အခွင့်အရေးတောင် ရှိတယ်။ အဲ့ဒါကြောင့် ရီမျိုးနွယ်က ဘယ်လိုတန်ကြေးပဲ ပေးရပေးရ ရှင့်လို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ကို သိမ်းသွင်းချင်နေတာပေါ့”
ရီချန်၏ စကားများက ပွင့်လင်းပေသည်။ ကျန်းရီနေရာတွင် အခြားမျိုးနွယ်ငယ်လေးတစ်ခုမှ သခင်လေးတစ်ယောက် ဖြစ်ပါက ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ရီမျိုးနွယ်အပေါ် ထာဝရသစ္စာရှိမည်ဖြစ်ပြီး ရီချန်၏လက်အောက်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဒူးထောက်၍ သစ္စာဆိုပေလိမ့်မည်။
သို့သော် ကျန်းရီကတော့ ထိုသို့လုပ်မည် မဟုတ်ပေ။
ကျန်းရီသည် အနှောင်အဖွဲ့ကင်းကင်း၊ လွတ်လွတ်လပ်လပ်နေရသည်ကို အသားကျနေပြီဖြစ်သည်။ သူသည် မည်သည့်မျိုးနွယ်ထဲမှ ဝင်ရန် စိတ်ကူးမရှိပေ။ ထို့ပြင် ရီမျိုးနွယ်သည် သူမည်သူဖြစ်ကြောင်း သိသွားလျှင် သူ့ကို သတ်မည်ဖြစ်သည်။ ထို့ကြောင့် သူ တွေးတောကာ ပြန်ပြောလိုက်လေသည်.
“သခင်မလေးရီ... ကျွန်တော် စဉ်းစားဖို့ အချိန်နည်းနည်းလိုပါတယ်။ အရှင်ဗုဒ္ဓဧကရာဇ်ရဲ့ မွေးနေ့ပွဲပြီးသွားရင် ကျွန်တော် သခင်မလေးကို အဖြေပေးပါမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သခင်မလေးတို့ ရီမျိုးနွယ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် သခင်မလေးတို့အပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားပါပြီ”
“ကောင်းပြီ...”
ရီချန်က ခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်လေသည်။
“ရီမျိုးနွယ်က ဘယ်သူ့ကိုမှ ဖိအားပေးမှာ မဟုတ်သလို ရှေးဟောင်းအသုံးအဆောင်ကိုလည်း လုယူမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဧကရာဇ်မြို့မှာ ရှင် လုံခြုံမယ်လို့ ကျွန်မတို့ အာမခံပါတယ်။ ရှင် ရီမျိုးနွယ်ထဲ ဝင်လို့ ဘာမှဆုံးရှုံးမှာ မဟုတ်ပါဘူး။ အဲ့အစား ရှင်က အခွင့်ထူးတွေတောင် ရလာမှာပါ။ အဲ့ဒါက ကျွန်မတို့ ရီမျိုးနွယ်ရဲ့ ကတိပါပဲ”
“ကျေးဇူးတင်ပါတယ်”
ကျန်းရီ အတန်ငယ် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက မျက်တောင်ပုတ်ခတ်၍ မေးလိုက်သည်။
“သခင်မလေးရီ... တကယ်လို့ ကျွန်တော်က ရီမျိုးနွယ်ထဲ ဝင်မယ်ဆိုရင် သခင်မလေးက... ကျွန်တော့်ကို အတင်းလက်ထပ်ယူမှာတော့ မဟုတ်ဘူးမလား”
“...”
ရီချန်က မျက်လုံးပင့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ အပြင်သို့ ထွက်သွားလေတော့သည်။
ကျန်းရီ ပြုံးလိုက်၏။ သို့သော် ရီချန်ပြောခဲ့သော စကားများကို သူ ပြန်တွေးလိုက်သည်။ ထိုစဉ် သူ၏ ကောင်းကင်စိတ်အာရုံက သူ၏ဒန်တျန်ကို ဖြတ်သွားသဖြင့် သူ၏ခန္ဓာကိုယ် တုန်ယင်သွားသည်။
‘ဝိညာဉ်လေတွေလား... ငါက ဝိညာဉ်လေတွေကို စုပ်ယူနိုင်တာလား။ ငါ့ရဲ့ နဝမမြောက် ကြယ်စက်လုံးထဲက စွမ်းအင်က ဝိညာဉ်လေတွေလား’
ကျန်းရီသည် စွမ်းအင်တစ်မျှင်ကို အပြင်သို့ ထုတ်လိုက်၏။ ထိုစွမ်းအင်က ချက်ချင်းပင် ဝိညာဉ်လေအဖြစ် ပြောင်းလဲသွားပြီး သူ့အရှေ့ရှိ လေးထောင့်စားပွဲကို နှစ်ခြမ်းပိုင်းပစ်လိုက်လေသည်။ သူသည် ထိုဝိညာဉ်လေကို စိတ်ဖြင့် လျင်မြန်စွာ ထိန်းချုက်လိုက်၏။ ထို့နောက် ၎င်းက သူ့လက်ဝါးဆီသို့ ပြန်လာသည်။ ဝိညာဉ်လေသည် သူ့လက်ဝါးထဲသို့ ရောက်သောအခါ သဏ္ဌာန်မဲ့စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ၏နဝမမြောက်ကြယ်စက်လုံးထဲသို့ ဝင်သွားလေသည်။
‘ဆန်းကြယ်လိုက်တာ...’
ကျန်းရီသည် အလွန်စိတ်လှုပ်ရှားသွားပြီး အတန်ငယ် တုန်ယင်လာ၏။ ဝိညာဉ်လေ၏ အစွမ်းကို ရှင်းပြနေရန်ပင် မလိုပေ။ သူသာ ထိုစွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ပါက ယင်းသည် နောင်တွင် သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခု ဖြစ်လာနိုင်ပေသည်။ သူက ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့် ပညာရှင်များကိုပင် သတ်နိုင်လာလောက်သည်။
ကျန်းရီသည် ကောင်းကင်ထဲတွင် အဆက်မပြတ် ပျံဝဲ၍ တိုက်ခိုက်နေသော ဝိညာဉ်လေများကို တွေးကြည့်လိုက်၏။ သာမန် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ပင် ၎င်းကို မကာနိုင်ပေ။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်း ပညာရှင်များသည် ကောင်းကင်အထက် ကီလိုမီတာ(၃၀)အမြင့်သို့ ပျံသန်းဝံ့ပါမည်လော။
ကျန်းရီ မသိပေ။ ယခုတွင် ဝိညာဉ်လေများကို လေ့လာရန် အချိန်မကျသေးပေ။ သူက ရီနံ့သာစံအိမ်ထဲတွင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ထိုကိစ္စကို ရီမျိုးနွယ်မှ ထွက်သွားသည်အထိ ဘေးဖယ်ထားရမည်ဖြစ်သည်။
ဟုတ်၏။
ရီမျိုးနွယ်မှ ထွက်သွားရပေမည်။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲပြီးသွားလျှင် ရီချန်ကို အဖြေပေးမည်ဟု ကတိပေးလိုက်သော်လည်း အဖြေချက်ချင်းပေးဖို့မလိုအောင် အချိန်ဆွဲလိုက်ခြင်းသာဖြစ်သည်။ သူသည် မည်သည့်မျိုးနွယ်ထဲမှ ဝင်မည် မဟုတ်ပေ။
ရွှီး...
ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်လာ၏။ ထို့နောက် သူ့လက်ဝါးပေါ်တွင် ကျောက်မီးဖိုတစ်လုံး ထွက်ပေါ်လာလေသည်။ ထိုမီးဖိုက အင်တုံတစ်ခုလောက် ကြီးပြီး အပေါ်တွင် မီးဖိုအဖုံး ပါပေသည်။ ထို့ကြောင့် ၎င်းက ကျောက်တုံးတစ်ခုနှင့် ဆင်တူနေပေသည်။
‘ဒါက ရှေးဟောင်းအသုံးအဆောင်လား။ ရှေးဟောင်းအသုံးအဆောင်ဆိုတာ ဘာလဲ’
ကျန်းရီသည် မီးဖိုကို ကောင်းကင်စိတ်အာရုံဖြင့် ဂရုတစိုက် အာရုံခံကြည့်လိုက်၏။ သူ၏ ကောင်းကင်စိတ်အာရုံက မီးဖိုအတွင်းသို့ မဝင်နိုင်ကြောင်း သူ သိလိုက်ရသည်။ မီးဖိုပေါ်ရှိ လေးနက်သော ပုံသဏ္ဌာန်များစွာကိုတော့ သူတွေ့ရသည်။ သူသည် ထိုပုံသဏ္ဌာန်များကို အပြည့်အဝ နားမလည်ပေ။ သို့သော် ၎င်းတို့မှနေ၍ ရှိန်လောက်ဖွယ် ရှေးဟောင်းအရှိန်အဝါများကိုတော့ သူအာရုံခံနိုင်ပေသည်။
‘အရည်ကျို နတ်ဘုရားမီးဖိုလား’
မီးဖိုအောက်ခြေတွင် စာလုံးအနည်းငယ် ရှိနေကြောင်း ကျန်းရီ သိလိုက်ရ၏။ သူသည် ထိုစာလုံးများမှနေ၍ နက်ရှိုင်းသောအရှိန်အဝါကို အာရုံခံမိပေသည်။ ထိုမီးဖိုက အမှန်ပင် ထူးခြားပြီး အတုအယောင် နတ်ဘုရား အသုံးအဆောင်ထက် သေချာပေါက် တစ်ဆင့်မြင့်ပေသည်။
ရှပ်...ရှပ်...ရှပ်...
ကျန်းရီ တွေးတောနေစဉ်တွင် အပြင်ဘက်မှနေ၍ ခြေသံများ ထွက်ပေါ်လာလေသည်။ ထို့နောက် အစေခံမလေးတစ်ယောက် တင်ပြလိုက်၏။
“သခင်လေးပိုင်ရီ... သခင်မလေးယဉ်က သခင်လေးနဲ့ တွေ့ခွင့်တောင်းနေပါတယ်”
***