ယဉ်မျိုးနွယ်ကလည်း ရှင့်ကို အများကြီးတန်ဖိုးထားပါတယ်
Vol. 67 Ch. 931
“သခင်မလေးယဉ်လား...”
ယဉ်ရို့ပင်း ရောက်လာခြင်းဖြစ်ကြောင်း ခန့်မှန်းနေရန်ပင် မလိုပေ။ ကျန်းရီသည် ယဉ်ရို့ပင်းက အပြစ်ဆေးကြောဒေသအပြင်ဘက်တွင် သူနှင့်အတူ သေရန် သူမ၏အသက်ကို ရင်းခဲ့ကြောင်း တွေးမိသောအခါ ရင်ထဲအလွန်ထိသွားလေသည်။ သူမ၏ ရည်ရွယ်ချက်က အရေးမကြီးပေ။ သို့သော် သူမ၏ ထိုလုပ်ရပ်က အလွန်အရေးပါပေသည်။ ထို့ကြောင့် သူ ကျောက်မီးဖိုကို လျင်မြန်စွာ သိမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
“သူ့ကို မြန်မြန် အထဲဝင်ခိုင်းလိုက်ပါ”
ကျွီ...
တံခါးပွင့်သွားပြီး အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက် ဝင်လာလေသည်။ ယဉ်ရို့ပင်းသည် သူမ၏ ဖြူဝင်းသောအသား၊ ကြာပွင့်ကဲ့သို့ ခြေဗလာတို့နှင့် ပနံသင့်သော ဝတ်စုံဖြူကို ဝတ်ဆင်ထား၏။ သူမသည် တောအုပ်အတွင်းမှ ထွက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ပင်။
ကျန်းရီ၏ မျက်ဝန်းများ အတန်ငယ် အရောင်လက်သွား၏။ သို့သော် သူ ချက်ချင်ဣန္ဒြေပြန်ဆည်လိုက်ပြီး နှုတ်ဆက်လိုက်လေသည်။
“သခင်မလေးယဉ်... ကျွန်တော်က ဒဏ်ရာရထားလို့ သခင်မလေးကို သေချာမနှုတ်ဆက်နိုင်တာပါ။ လာ...ထိုင်ပါ။ ဟေ့ကောင်မလေး... သခင်မလေးယဉ်ကို လက်ဖက်ရည်နဲ့ ဧည့်ခံပါဦး”
ယဉ်ရို့ပင်းက ခေါင်းညိတ်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ သူမသည် နှစ်ခြမ်းကွဲနေသော စားပွဲခုံကို တွေ့သောအခါ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူမက နူးညံ့စွာ မေးလိုက်သည်။
“အစောက အစ်မချန် လာသွားတာလား”
ကျန်းရီသည် အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ခဲ့သည်များကို မမှတ်မိသဖြင့် သူက ထူးခြားသော စွမ်းရည်တစ်ခုကို သိမြင်နားလည်ခဲ့ကြောင်းကိုလည်း သိမည်မဟုတ်ပေ။ သို့သော် ထိုစားပွဲက ဝိညာဉ်လေ၏ ပိုင်းဖြတ်မှုကို ခံထားရခြင်းပင်။ ယဉ်ရို့ပင်းသည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သဖြင့် အစောတွင် ရီချန် ရောက်လာခဲ့ခြင်းဖြစ်ရမည်ဟု ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် ကျန်းရီသည် အဘယ်သို့ သူ၏ ဝိညာဉ်လေစွမ်းရည်ကို သိပါမည်နည်း။
ကျန်းရီက ခေါင်းညိတ်ပြလိုက်သည်။ ယဉ်ရို့ပင်းက လျင်မြန်စွာ ထပ်မေးလိုက်၏။
“သခင်လေး ရီမျိုးနွယ်ထဲဝင်ဖို့ သဘောတူလိုက်ပါပြီလား”
ကျန်းရီ ခါးသက်သက် ရယ်လိုက်သည်။ ယဉ်ရို့ပင်း၏ မျက်ဝန်းများထဲတွင် သိသာသော ရည်ရွယ်ချက်တစ်ခု ရှိနေပေသည်။ သူသည် တစ်ခဏမျှ တွေဝေစွာ စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ကျွန်တော် စဉ်းစားရဦးမယ်လို့ ပြောလိုက်ပါတယ်။ မွေးနေ့ပွဲပြီးမှ သူ့ကို အဖြေပြန်ပေးရမှာပါ”
“ဟင်းဟင်း...”
ယဉ်ရို့ပင်းက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကောင်းတယ်...ကောင်းတယ်။ ပိုင်ရီ သေချာစဉ်းစားပါ။ ရှင့်ကို တန်ဖိုးထားတဲ့ မျိုးနွယ်က ရီမျိုးနွယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်မတို့ ယဉ်မျိုးနွယ်ကလည်း ရှင့်ကို အများကြီးတန်ဖိုးထားပါတယ်။ ဟုတ်ပြီလား...”
“အာ...”
ယဉ်ရို့ပင်း၏ စကားဆုံးသွားသောအခါ သူမတို့သည် တစ်ယောက်ကိုတစ်ယောက် အိုးတိုးအန်းတန်းဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ ယဉ်ရို့ပင်း၏ စကားများက... အတန်ငယ် ရင်းနှီးမနေလော။ သူတို့ကြားမှ ဆက်ဆံရေးက ထိုမျှ ရင်းနှီးပါသလော။
ယဉ်ရို့ပင်းသည်လည်း သူမ၏စကားက တစ်မျိုးဖြစ်သွားကြောင်း သတိပြုမိလိုက်သည်။ သူမသည် မည်သည်ကြောင့်မသိ ပိုင်ရီကို ရင်းနှီးနေသကဲ့သို့ ခံစားနေရပေသည်။ သူမတို့သည် နှစ်ပေါင်းများစွာ မိတ်ဆွေများဖြစ်ခဲ့သကဲ့သို့ပင်။ အပြစ်ဆေးကြောဒေသထဲတွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့ကြောင်း သူမလည်း မမှတ်မိပေ။ သို့သော် သူမသည် ပိုင်ရီအပေါ် ရင်းနှီးနေပေသည်။
ကျန်းရီ ခေါင်းငုံ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူသည် ယဉ်ရို့ပင်းက သူ့အပေါ် ထိုသို့ဆက်ဆံပုံကို အသားမကျဖြစ်နေ၏။ ယင်းသို့ဆက်ဆံပုံက အလွန်အန္တရာယ်များသည်ဟု သူ ခံစားနေရသည်။ ထိုစွဲမက်ဖွယ်မိန်းမလှလေးနှင့် ခပ်ကင်းကင်း နေနိုင်လေ ကောင်းလေဖြစ်သည်။ သူမနှင့် သွားပတ်သတ်၍ မရပေ။ မဟုတ်လျှင် သူတို့နှစ်ယောက်စလုံး ထိခိုက်နိုင်ပေသည်။
ကျန်းရီက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်သည်။
“သခင်မလေးယဉ်... အပြစ်ဆေးကြောဒေသအပြင်ဘက်မှာ သခင်မလေးက ကျွန်တော့်အတွက် အသက်ကိုရင်းခဲ့တာအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ မျိုးနွယ်ထဲ ဝင်ဖို့ကိစ္စကိုတော့ ကျွန်တော် အခု မဆုံးဖြတ်နိုင်သေးပါဘူး။ ဗုဒ္ဓဧကရာဇ်ရဲ့ မွေးနေ့ပွဲပြီးသွားမှ အဖြေပြန်ပေးလို့ရမလားခင်ဗျာ”
ယဉ်ရို့ပင်းသည် ခေါင်းမော့၍ ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက အကြည့်လွှဲသွားသောအခါ သူမ နူးညံ့စွာ ပြောလိုက်လေသည်။
“ပိုင်ရီ... ရှင်က ကျွန်မ ထွက်သွားအောင် ပြီးပြီးရော ပြောနေတာမလား။ မွေးနေ့ပွဲပြီးသွားတဲ့အခါကျရင် ရှင်က ထွက်သွားရင်ထွက်သွား၊ ဒါမှမဟုတ် ရီမျိုးနွယ်ထဲ ဝင်လိုက်မှာမလား။ ကျွန်မပြောချင်တာကတော့ ကျွန်မက အစ်မချန်ထက်ပိုပြီး စိတ်ရင်းမှန်တယ်ဆိုတာပဲ။ ကျွန်မတို့ ယဉ်မျိုးနွယ်ကို အခွင့်အရေးတစ်ခုပေးပါ၊ ပြီးတော့ ကျွန်မတို့... တစ်ယောက်ကိုတစ်ယောက် အခွင့်အရေး ပေးဖို့လိုတယ်လေ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သူ ယဉ်ရို့ပင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမသည် နောက်ဆုံးစကားကို ပြောလိုက်သောအခါ အတန်ငယ် ရှက်သွေးဖြာသွဦး၏။ မိန်းမပျိုလေးတစ်ယောက်၏ ထိုသို့ရှက်သွေးဖြာမှုက ကျန်းရီကို ယစ်မူးစေပေသည်။
ဓားသွားထက်က ပျားရည်စက်လော။
ထိုသို့မဖြစ်နိုင်ကြောင်း ကျန်းရီ ခံစားလိုက်ရသည်။ ယဉ်ရို့ပင်းသည် စစ်ထူရီနျန်ကဲ့သို့ မာယာများသူ မဟုတ်ပေ။ သွေးအေးသူတစ်ယောက်သာဖြစ်သည်။ ယဉ်ရို့ပင်း၏ စကားအရ သူမက ကျန်းရီအပေါ် စိတ်ဝင်စားနေပုံပင်။ ကျန်းရီသည် ယဉ်ရို့ပင်းက သူ့အပေါ် မည်မျှစိတ်ဝင်စားနေကြောင်း မသိသော်လည်း ရင်တော့ခုန်သွားလေသည်။
ရီချန်နှင့် ယဉ်ရို့ပင်းတို့က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားသော မိန်းမလှလေးများ ဖြစ်ပေသည်။ သူမတို့သည် ယောက်ျားတိုင်း၏ အိပ်မက်ပင်။ သူမတို့၏ ထိုသို့သော စကားများကို ကြားရလျှင် မဆိုထားနှင့် သူမတို့၏ အကြည့်တစ်ချက်ကို ခံရလျှင်ပင် ယောက်ျားများသည် လဝက်လောက် အိပ်မပျော်နိုင် ဖြစ်သွားနိုင်ပေသည်။
အမျိုးကောင်းသားများသည် မိန်းမလှများကို ပိုးပန်းရသည်ကို အမြဲနှစ်သက်ခဲ့၏။
ကျန်းရီသည်လည်း သွေးသားဆန္ဒရှိသော သာမန်ယောက်ျားပျိုတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ထိုမိန်းမလှလေးများကို စိတ်မဝင်စားဟု ဆိုလျှင် လိမ်ခြင်းသာ ဖြစ်ပေမည်။ ယခုတွင် မိန်းမလှလေးတစ်ယောက်က သူမ၏စိတ်ဝင်စားမှုကို ပြသနေပေပြီ။ အဘယ်သို့ သူ စိတ်တည်ငြိမ်နိုင်ပါတော့မည်နည်း။
“ဟူး...”
ကျန်းရီသည် သူကမည်သူဖြစ်ကြောင်း စဉ်းစားမိသောအခါ မျက်နှာမကောင်းဖြစ်သွား၏။ သူ့ရင်ထဲမှ ခံစားချက်များကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့နှစ်ယောက်သည် အစကောင်းလျှင်ပင် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။ သူတို့သာ ဤသို့ ဆက်သွားပါက သူသည် ကြာဖြူလေးနှင့်တူသော ထိုမိန်းမလှလေးကို ထိခိုက်စေမိပေလိမ့်မည်။
‘ထွက်သွားရမယ်... ငါ့ရဲ့ ဒဏ်ရာတွေ သက်သာသွားရင် ငါ ချက်ချင်း ထွက်သွားမယ်’
ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ယဉ်ရို့ပင်းနှင့် ရီချန်တို့ကြားတွင် သူ့ကိုယ်သူ ငြိတွယ်ခံမည် မဟုတ်ပေ။ ထိုမိန်းမလှလေးနှစ်ယောက်နှင့် ဝေးဝေးနေနိုင်လေလေ၊ ပိုကောင်းလေလေပင်။
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အလေးအနက် ပြန်ပြောလိုက်သည်။
“ကျွန်တော် သခင်မလေးယဉ်ရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျေးဇူးတင်လွန်းလို့ မျက်ရည်တောင်ဝဲမိပါတယ်။ ကျွန်တော် သေချာ အလေးအနက် စဉ်းစားပါမယ်...”
“အို့... ဟုတ်သား...”
ကျန်းရီသည် ထိုအကြောင်းကို ဆက်မပြောလိုတော့သဖြင့် စကားလမ်းကြောင်းလွှဲရန် လုပ်လိုက်၏။ သူသည် ယဉ်ရို့ပင်း၏ လှပသော ခြေထောက်လေးများကို ကြည့်ကာ မေးလိုက်သည်။
“သခင်မလေးယဉ်က ဘာလို့ ဖိနပ်မစီးတာပါလဲ”
ယဉ်ရို့ပင်းသည် သူမ၏ခြေထောက်လေးများကို ရုတ်လိုက်ပြီး အဝတ်အောက်တွင် ဝှက်လိုက်လေသည်။ သူမ၏ ချစ်စဖွယ်မျက်နှာလေးကလည်း ရဲလာသည်။ ထို့နောက် သူမ နူးညံ့စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မမှာ မွေးရာပါ ဝိညာဉ်ခန္ဓာ ရှိတယ်။ ကျွန်မက နံ့သာသခင်မမျိုးနွယ်ပါ။ အဲ့ဒါကြောင့် သဘာဝလမ်းစဉ်ဆိုတဲ့ ထူးခြားတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ခဲ့တယ်။ ခြေဗလာနေတာက ကျွန်မကို အမိမြေကြီးနဲ့ ပိုပြီးနီးကပ်စေတယ်။ တာအိုပုံသဏ္ဌာန်အတွက်လည်း ပိုပြီး အကျိုးရှိတယ်”
“နံ့သာသခင်မမျိုးနွယ်”
ကျန်းရီ ရင်ခုန်သွား၏။ သို့သော် သူ အံ့အားမသင့်သွားပေ။ သူသည် အပြစ်ဆေးကြောဒေသအတွင်းရှိ မှတ်ဉာဏ်အားလုံးကို ဆုံးရှုံးထားသော်လည်း ထိုအကြောင်းကို ခပ်ရေးရေး မှတ်မိနေပေသည်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်၏။
“သခင်မလေးယဉ်... သခင်မလေးတို့ နံ့သာသခင်မမျိုးနွယ်က အနားကလူတွေရဲ့ စိတ်ဝိညာဉ်ကို လျင်လျင်မြန်မြန် တိုးတက်လာအောင် တကယ်ကူညီပေးနိုင်တာလား”
ယဉ်ရို့ပင်း၏ လှပသော မျက်ဝန်းကလေးများ အရောင်လက်သွား၏။ ထို့နောက် သူမသည် သူမ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ သင်းပျံ့သော မွှေးရနံ့တစ်ခု ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုမွှေးရနံ့က အပြစ်ဆေးကြောဒေသထဲမှ မွှေးရနံ့ထက် ဆယ်ဆပို၍ အားကောင်း၏။ ကျန်းရီသည် သူ၏စိတ်ဝိညာဉ်က လျင်မြန်စွာ ကြီးထွားလာကြောင်း ခံစားလိုက်ရသည်။ ကြီးထွားနှုန်းက သိပ်တော့မမြန်ပေ။ သို့သော် သူ ယဉ်ရို့ပင်း၏ဘေးတွင် နှစ်ပေါင်းများစွာ နေလိုက်ပါက သေချာပေါက် များစွာအကျိုးရှိမည်ဖြစ်သည်။
“အရမ်းဆန်းကြယ်တာပဲ”
မွှေးရနံ့က ပျောက်ကွယ်လာ၏။ ကျန်းရီ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ ဤကျယ်ပြောသောလောကထဲတွင် မဖြစ်နိုင်သောအရာ မရှိပေ။ နံ့သာသခင်မမျိုးနွယ်က နံပါတ်(၂)သာဖြစ်သည်။ သို့ဆိုလျှင် နံပါတ်(၁) နတ်မိမယ်သခင်မမျိုးနွယ်က မည်မျှပင် ဆန်းကြယ်မည်နည်း။
ယဉ်ရို့ပင်းက ထရပ်လိုက်ပြီး ကျန်းရီကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
“သခင်လေးပိုင်ရီ... ရှင့်ရဲ့ ဒဏ်ရာတွေက ပြင်းထန်တော့ အရင်ဆုံး ဒဏ်ရာတွေပျောက်အောင်ပဲ အနားယူနေလိုက်ပါ။ နောက်ရက်နည်းနည်းနေမှ ကျွန်မ ရှင့်ဆီ ထပ်လာခဲ့ပါမယ်။ တကယ်လို့ ရှင် အချိန်ရရင် ဝိညာဉ်လေတွေကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို သေချာလေ့လာပြီးတော့ ရှေးဟောင်းအသုံးအဆောင်ကိုလည်း သန့်စင်လိုက်ပါ။ အဲ့ဒါတွေက ရှင့်ရဲ့ တိုက်ခိုက်စွမ်အားအတွက် အများကြီး အကျိုးရှိမှာပါ”
“ရှေးဟောင်းအသုံးအဆောင်လား...”
ကျန်းရီသည် ရှေးဟောင်းအသုံးအဆောင်အကြောင်းကို မသိပေ။ ယခုသည် ၎င်း၏ အကြောင်းကို မေးရန် အကောင်းဆုံး အချိန်ပင်။
“ကျေးဇူးပြုပြီး ခဏလောက်နေပါဦး သခင်မလေးယဉ်... ကျွန်တော့်ကို ရှေးဟောင်းအသုံးအဆောင်တွေအကြောင်း ရှင်းပြပေးလို့ရမလားခင်ဗျာ”
“ရတာပေါ့...”
ယဉ်ရို့ပင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လက်ရှိခေတ်မှာ ဘယ်သူမှ ရှေးဟောင်းအသုံးအဆောင်တွေကို တုပပြီး မလုပ်နိုင်သေးဘူး။ ပြီးတော့ ရှေးဟောင်းအသုံးအဆောင်တွေကို သန့်စင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဘယ်သူမှ မသိဘူး။ အဲ့ဒါတွေက ရှေးခေတ်က တကယ့်ပညာရှင်ကြီးတွေ လုပ်ခဲ့တဲ့ ပစ္စည်းတွေပဲ။ ဒီလောကထဲမှာ ရှေးဟောင်းအသုံးအဆောင်တွေက အရမ်းရှားတယ်... အခု(၃၀)တောင် မပြည့်ဘူး။ ရှေးဟောင်းအသုံးအဆောင်တော်တော်များများက တိုက်ခိုက်ဖို့အတွက် မဟုတ်ကြဘူး။ ဒါပေမဲ့ လောကထဲက ထိပ်တန်းမူလရတနာဆယ်ခုထဲက ထိပ်တန်းခုနစ်ခုကတော့ ရှေးဟောင်းအသုံးအဆောင်တွေချည်းပဲ။ ရှင်သာ ရှေးဟောင်းအသုံးအဆောင်ကို သန့်စင်နိုင်ရင် အဲ့ရှေးဟောင်းအသုံးအဆောင်မှာပါတဲ့ တာအိုပုံသဏ္ဌာန်ကို အသုံးပြုနိုင်လိမ့်မယ်။ ရှင် ကောင်းကင်ဘုရင်နန်းတော်ထဲက ရခဲ့တဲ့ ရှေးဟောင်းအသုံးအဆောင်က ရှေးခေတ်စစ်သူကြီးတစ်ယောက်ရဲ့ ပစ္စည်းပဲ။ အဲ့တော့ အဲ့ဒါက ထူးခြားတဲ့စွမ်းရည် ရှိလောက်တယ်။ အဲ့ဒါရဲ့ အစွမ်းအတိအကျကိုတော့ ရှင့်ဘာသာ သိလာအောင် လုပ်ရမှာပဲ”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ ယဉ်ရို့ပင်းသည် အခန်းအပြင်သို့ ထွက်သွားရင်း တစ်စုံတစ်ခုကို သတိရသွားသဖြင့် တံခါးဝမှနေ၍ နောက်လှည့်ကာ ကျန်းရီကို ကြည့်လိုက်လေသည်။
“ပိုင်ရီ... ဗုဒ္ဓဧကရာဇ်ရဲ့ မွေးနေ့ပွဲက နောက်ရက်နှစ်ဆယ်နေရင် ကျင်းပမှာ။ အဲ့နေ့ကျရင် လက်ဆောင်ပြိုင်ပွဲရှိတယ်... ဘယ်သူ့ရဲ့လက်ဆောင်က ဗုဒ္ဓဧကရာဇ်ကို ပျော်အောင်လုပ်နိုင်လဲဆိုတာ ပြိုင်ကြတာ။ ဗုဒ္ဓဧကရာဇ်ကို ပျော်အောင် လုပ်နိုင်တဲ့သူက ရီမျိုးနွယ်ရဲ့ အဓိကဆန်းကြယ်နယ်မြေသုံးခုထဲမှာ လဝက်နေခွင့်ရမယ်လို့ ဗုဒ္ဓအင်ပါယာက ကြေညာထားတယ်။ တကယ်လို့ ရှင့်မှာ ထူးခြားတဲ့လက်ဆောင်တွေရှိရင် ပေးကြည့်ပေါ့။ လက်ဆောင်က တန်ဖိုးကြီးမှ မဟုတ်ဘူး... ပင်ကိုအရည်အသွေး ရှိဖို့ပဲ လိုတာ။ ရီမျိုးနွယ်ရဲ့ အဓိကဆန်းကြယ်နယ်မြေသုံးခုက လောကထဲက သိုင်းသမားတိုင်း အိပ်မက် မက်ရတဲ့ အဖိုးတန် ကျင့်ကြံခြင်းနယ်မြေတွေပဲ”
***