ငါ သူ့ကို တစ်သက်လုံး ထပ်တွေ့တော့မှ မဟုတ်ဘူး
Vol. 67 Ch. 932
“ရတနာပြိုင်ပွဲလား... အဓိကဆန်းကြယ်နယ်မြေသုံးခု...”
ရီမျိုးနွယ်၏ အဓိကဆန်းကြယ်နယ်မြေသုံးခုက အမှန်ပင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးတွင် ကျော်ကြားပေသည်။ ၎င်းတို့က ထိပ်တန်းအဆင့် ဆန်းကြယ်နယ်မြေများပင်။ ရီမျိုးနွယ်မှ မျိုးဆက်အများစုသည် ထိုဆန်းကြယ်နယ်မြေများအတွင်း ဝင်ပြီးနောက် တာအိုပုံသဏ္ဌာန်အချို့ကို သိမြင်နားလည်နိုင်ခဲ့ကြသည်။ ဗုဒ္ဓအင်ပါယာနှင့် ရီချန်တို့၏ ကျင့်ကြံနှုန်းက အလွန်လျင်မြန်ရခြင်းမှာ ထိုအဓိကဆန်းကြယ်နယ်မြေသုံးခုကြောင့်ဖြစ်သည်။
သို့သော် ကျန်းရီသည် ရတနာပြိုင်ပွဲအကြောင်းကို တွေးမိသောအခါ စိတ်ဝင်စားမှု ပျောက်သွားလေသည်။ သူ့တွင် မည်သို့သော ရတနာများ ရှိပါသနည်း။ ရှေးဟောင်းအသုံးအဆောင်ကို လက်ဆောင်အဖြစ် ပေးမှသာ ရပေလိမ့်မည်။ သို့သော် သူ ပေးနိုင်ပါမည်လော။ သူက အရူးတစ်ယောက် မဟုတ်ပေ။
ပင်ကိုအရည်အသွေးလော။
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်က အနုပညာဧကရာဇ်တစ်ပါးဖြစ်ကြောင်း ကြားထားသဖြင့် ကောင်းကင်ပန်းချီကားအနည်းငယ် ဆွဲပေးနိုင်ပေသည်။ သို့သော် ပိုင်ရီကမူ ဆွဲနိုင်ပါမည်လော။ ကောင်းကင်ပန်းချီကားတစ်ချပ်က သူမည်သူဖြစ်ကြောင်း ပေါ်သွားစေနိုင်သည်။
ထို့ကြောင့် ကျန်းရီသည် အာရုံစိုက်မနေတော့ဘဲ တင်ပျဉ်ခွေထိုင်၍သာ ဒဏ်ရာကုသလိုက်လေသည်။ သူသည် ဒဏ်ရာကုသနေရင်း နဝမမြောက် ကြယ်စက်လုံးအတွင်းရှိ မမြင်ရသော စွမ်းအင်အကြောင်းကို တွေးတောနေ၏။
ဝိညာဉ်လေများ...
ဝိညာဉ်လေများက ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုပင်။ မြေပြင်အထက် ကီလိုမီတာ(၃၀)အကွာရှိ ညကောင်းကင်သို့ သာမန် နတ်ဘုရားတစ်ပိုင်းပညာရှင်များပင် မသွားဝံ့ကြပေ။ ဝိညာဉ်လေများ၏ အဆုံးမဲ့တိုက်ခိုက်မှုများကို မည်သူက တောင်ခံနိုင်ပါမည်နည်း။ အကယ်၍ သူသာ ဝိညာဉ်လေများကို အပြည့်အဝ အသုံးချနိုင်လျှင် ၎င်းတို့သည် ခံစစ်ရော၊ တိုက်စစ်အတွက်ပါ အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ရှိန်လောက်ဖွယ် စွမ်းရည်တစ်ခုက သူ့ကို တိုက်ခိုက်လျှင်ပင် သူသည် ဝိညာဉ်လေများကို အသုံးပြု၍ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လမ်းလွှဲပစ်နိုင်ပေသည်။
ကျန်းရီသည် ရီနံ့သာစံအိမ်ထဲတွင် ရှိနေသဖြင့် ဝိညာဉ်လေများကို မဆင်မခြင် ထုတ်လွှတ်၍မရပေ။ ထို့ကြောင့် ၎င်းတို့ကို လေ့လာရန် ခက်ခဲနေသည်။ သူ့စိတ်ထဲတွင်လည်း သံသယများနှင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့် သူ၏ အမည်မဲ့ကျင့်စဉ်က ဝိညာဉ်လေများကို စုပ်ယူနိုင်ရသနည်း။ အဘယ်ကြောင့် ဝိညာဉ်လေများက သူ၏နဝမမြောက်ကြယ်စက်လုံးအတွင်းထဲသို့ ဝင်သွားရသနည်း။ အဘယ်ကြောင့် အဋ္ဌမမြောက် သို့မဟုတ် သတ္တမမြောက် ကြယ်စက်လုံးများအတွင်းသို့ မဝင်ရနသနည်း။
ဝီ...ဝီ...
ကျန်းရီသည် ဝိညာဉ်လေစွမ်းအင်အနည်းငယ်ကို ထုတ်လိုက်ပြီး သူ၏လက်ဝါးပေါ်တွင် လည်ပတ်နေစေလိုက်သည်။ ထို့နောက် သူ တစ်ချက်တွေးလိုက်ရာ ဝိညာဉ်လေက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်၍ ဖြည်းဖြည်းချင်း စီးဆင်းသွားလေသည်။ ဝိညာဉ်လေသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပြီးနောက် သူ့လက်ဝါးပေါ်သို့ ပြန်ရောက်လာ၏။ ဝိညာဉ်လေက သူ့လက်ဝါးပေါ်သို့ ပြန်ရောက်လာသောအခါ သူ၏ နဝမမြောက်ကြယ်စက်လုံးက လင်းလက်လာကြောင်း သူ သတိပြုမိလိုက်သည်။ ထို့နောက် ဝိညာဉ်လေစွမ်းအင်က အထဲသို့ အလိုလို စုပ်ယူခံလိုက်ရလေသည်။
“ဒီကြယ်စက်လုံးကိုးလုံးက အရမ်းထူးဆန်းတယ်။ ငါ့ကို အမည်မဲ့ကျင့်စဉ်ပေးခဲ့တဲ့သူက ဘယ်သူလဲ။ အမေ... အမေကရော ဘယ်ရောက်နေတာလဲ”
ကျန်းရီသည် ရေရွတ်ရင်း သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူ နားမလည်သောအရာများ များစွာ ရှိနေပေသည်။ ထိုအမည့်မဲ့ကျင့်စဉ်ကြောင့် သူသည် လက်ရှိကျန်းရီ ဖြစ်လာခြင်းပင်။ ကောင်းကင်ထက်ရှိ မမြင်နိုင်သော လက်တစ်စုံက သူ့ဘဝကို ထိန်းချုပ်၍ သူ့ကို ဤပုံစံဖြစ်လာအောင် ဖြည်းဖြည်းချင်း ကြိုးကိုင်နေသည်ဟု သူ ခံစားနေရပေသည်။
ယနေ့တွင် မည်သူမှ ကျန်းရီကို လာမနှောင့်ယှက်ပေ။ တစ်ရက်လုံး ကုသပြီးနောက် သူ၏ဒဏ်ရာများကလည်း အတန်ငယ် သက်သာလာပေပြီ။ အနည်းဆုံးတော့ သူသည် လှုပ်လိုက်ရုံဖြင့် ကြီးစွာသောနာကျင်မှုကို မခံစားရတော့ပေ။ ညရောက်သောအခါ အစေခံမလေးများက သူ့အတွက် စားကောင်းသောက်ဖွယ်များ လာပို့ပေး၏။ သို့သော် သူသည် စားလိုစိတ်မရှိသဖြင့် ဆက်၍ ကုသနေလိုက်လေသည်။
သန်းခေါင်ချိန်ရောက်သောအခါ ကျန်းရီ နိုးလာ၏။ သူ၏လက်က လင်းလက်လာပြီး ကျောက်မီးဖို ထွက်လာလေသည်။
ရှေးဟောင်းအသုံးအဆောင်...
ရှေးဟောင်းအသုံးအဆောင်တွင် တာအိုပုံသဏ္ဌာန်ပါဝင်ပေသည်။ ကျန်းရီ ရထားသော ရှေးဟောင်းအသုံးအဆောင်က ရှေးခေတ်စစ်သူကြီးတစ်ယောက်၏ မူလရတနာပင်။
ကျန်းရီ၏ မျက်လုံးများက တောက်ပနေ၏။ သူသည် အရည်ကျို နတ်ဘုရားမီးဖိုထဲသို့ ဖြည်းဖြည်းချင်း အတွင်းအားထည့်သွင်း၍ ရှေးဟောင်းအသုံးအဆောင်ကို သန့်စင်နိုင်ရန် ကြိုးစားလိုက်လေသည်။ ဤပစ္စည်း၏ အမည်က အလွန်တင်စီး၏။ သူသာ ၎င်းကို သန့်စင်နိုင်လျှင် သူ၏တိုက်ခိုက်စွမ်းအားက သေချာပေါက် သိသိသာသာ တိုးတက်သွားမည်ဖြစ်သည်။
“အာ... ငါ့ရဲ့ အတွင်းအားက အထဲကို မဝင်နိုင်ဘူးလား”
မကြာခင်မှာပင် ကျန်းရီသည် ပြဿနာတစ်ခုကို သတိပြုမိလိုက်၏။ သူ၏အတွင်းအားက ရှေးဟောင်းအသုံးအဆောင်အတွင်းသို့ မဝင်နိုင်ပေ။ အတွင်းအားက အရည်ကျို နတ်ဘုရားမီးဖိုကို ရစ်သိုင်းလိုက်သောအခါတွင်လည်း နတ်ဘုရားမီးဖိုက မည်သည့်တုံ့ပြန်မှုမှ မပြချေ။ သူ တစ်နာရီကြာ ကြိုးစားလိုက်သော်လည်း မည်သည့်တိုးတက်မှုမှ မရှိချေ။ နောက်ဆုံးတွင် ဤအရည်ကျို နတ်ဘုရားမီးဖိုကို အတွင်းအားဖြင့် သန့်စင်၍မရဟု သူ ကောက်ချက်ချလိုက်ရလေတော့သည်။
‘အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တခြားသူတွေရော သူတို့ရဲ့ ရှေးဟောင်းအသုံးအဆောင်တွေကို ဘယ်လို သန့်စင်ကြလဲ’
ကျန်းရီ ခေါင်းကိုက်လာ၏။ သူ ဤမူလရတနာကို မသန့်စင်နိုင်လျှင် သုံးနိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုမီးဖိုက ကျောက်တုံးတစ်တုံးနှင့် ကွာမည် မဟုတ်ချေ။
‘ငါ ရီချန်နဲ့ ယဉ်ရို့ပင်းတို့ကို သွားရှာပြီး မေးကြည့်ရမလား’
ကျန်းရီသည် ထိုအကြံကို ချက်ချင်း ငြင်းပယ်လိုက်၏။ ထိုမိန်းမပျိုနှစ်ယောက်က အဆိပ်ရှိသောပန်းများပင်။ သူ သူမတို့နှင့် ပိုထိတွေ့လေလေ၊ သူမတို့၏ အဆိပ်ကြောင့် ပိုယစ်မူးလေလေ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ ခြေလှမ်းကျွံသွားပါက ထာဝရဒုက္ခရောက်သွားမည်ဖြစ်သည်။
‘ငါ သူတို့နှစ်ယောက်နဲ့ သိပ်ပတ်သတ်လို့မရဘူး’
ကျန်းရီသည် ဒဏ်ရာများ သက်သာသွားသည်နှင့် ချက်ချင်း ထွက်သွားရန် ထပ်မံဆုံးဖြတ်လိုက်၏။ သူသည် မြို့အသေးလေးတစ်မြို့သို့ သွားကာ ပုန်းအောင်းနေပြီး ဝူနီနှင့် ကျီထင်ယွီတို့ မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်သောအခါမှ လမ်းတွင်ဖြတ်၍ ဖမ်းမည်ဖြစ်သည်။
‘ဒါပေမဲ့... ငါ ဒီအရည်ကျို နတ်ဘုရားမီးဖိုကို ဘယ်လိုလုပ်ရမလဲ’
ကျန်းရီသည် ခေတ္တမျှ မှိုင်တွေနေပြီး အခြားနည်းလမ်းများကို ဆက်တွေးတောလိုက်လေသည်။ သူသည် အရည်ကျို နတ်ဘုရားမီးဖိုပေါ်သို့ သူ၏သွေးတစ်စက်ကို ချကြည့်၏။ စိတ်ဝိညာဉ်ကိုသုံး၍ နတ်ဘုရားမီးဖိုကို အာရုံခံကြည့်၏။ သူ၏ ဝိညာဉ်ဓားကို ထုတ်၍ပင် အရည်ကျို နတ်ဘုရားမီးဖိုအတွင်းသို့ ဖောက်ဝင်ခိုင်းကြည့်၏။ သို့သော် ဝိညာဉ်ဓားက အတွင်းသို့ ဖောက်မဝင်နိုင်ခဲ့ပေ။ အရည်ကျို နတ်ဘုရားမီးဖိုပေါ်ရှိ အစီအရင်တစ်ခုက ဝိညာဉ်ဓားကို တားဆီးခဲ့ပေသည်။
ကျန်းရီသည် တစ်ညလုံး ကြိုးစားကြည့်ပြီးနောက်တွင်ပင် မအောင်မြင်သေးပေ။ အရည်ကျို နတ်ဘုရားမီးဖိုအတွင်းသို့ မည်သည့်အရာမှ မဝင်နိုင်ချေ။ ထို့ပြင် သူမည်သို့ လုပ်သည်ဖြစ်စေ ၎င်းက မတုံ့ပြန်ပေ။
အရုဏ်တက်လာပေပြီ။ အစေခံမလေးများလည်း နိုးလာကြပေပြီ။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ အရည်ကျို နတ်ဘုရားမီးဖိုကို သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းကာ ဆက်၍ ကုသလိုက်လေသည်။ ယနေ့တွင် ရီချန်နှင့် ယဉ်ရို့ပင်းတို့ ရောက်မလာသဖြင့် အလွန်ငြိမ်းချမ်းနေသည်။ ကျန်းရီသည် သူမတို့ အကြောင်းကို မမေးသလို၊ အခြားသူများအကြောင်းကိုလည်း မမေးပေ။ သူက ကုသရေးတွင်သာ အာရုံစိုက်နေပေသည်။
ညအချိန် ပြန်ရောက်လာ၏။ ကျန်းရီသည် အစေခံမလေးများ အိပ်သွားသောအခါ အရည်ကျို နတ်ဘုရားမီးဖိုကို ထုတ်၍ ဆက်လေ့လာလိုက်သည်။ ထိုသို့သော မူလရတနာတစ်ခုကို မသန့်စင်နိုင်ပါက သူ သွေးအန်သည်အထိ စိတ်ဓာတ်ကျသွားပေလိမ့််မည်။ တစ်ညလုံး ကြိုးစားသန့်စင်ကြည့်ပြီးနောက် အရည်ကျို နတ်ဘုရားမီးဖိုက တစ်ခုခုတုံပြန်မည်လောဟု သူ အတွင်းအား ထည့်ကြည့်လိုက်သည်။
ရလဒ်က ကျန်းရီကို စိတ်ပျက်သွားစေ၏။ သူသည် နတ်ဘုရားမီးဖိုကို တစ်ညလုံး သန့်စင်ခဲ့သော်လည်း နတ်ဘုရားမီးဖိုက တုံ့ပြန်မှုတစ်ခုပင် မပြသေးပေ။ ကြည့်ရသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ၎င်းကို မသန့်စင်နိုင်ပုံပင်။
‘ဒါကလည်း ဝိညာဉ်ချိတ်ဆက် မူလရတနာတွေနဲ့ ဆင်တူနေမလား။ ဒီမီးဖိုကို သန့်စင်နိုင်၊ မသန့်စင်နိုင်ဆိုတာကလည်း ကံတရားအပေါ်ပဲ မူတည်နေတာလား’
အရုဏ်တက်တော့ပေမည်။ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် မျက်လုံးများ ဖွင့်လိုက်ပြီး သူ့လက်ထဲရှိ ကျောက်မီးဖိုကို မှိုင်တွေတွေဖြင့် စိုက်ကြည့်လိုက်သည်။ သူ အကြံကုန်နေပေပြီ။
‘ဝိညာဉ်ချိတ်ဆက် မူလရတနာလား’
ကျန်းရီသည် ဝိညာဉ်ချိတ်ဆက် မူလရတနာအကြောင်း တွေးမိသောအခါ ရုတ်တရက် အကြံတစ်ခု ရသွား၏။ ကြယ်တာရာစွမ်းအားကို အသုံးပြုလျှင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များကို သန့်စင်ရန် ပိုလွယ်ကြောင်း ဟွမ်ဖူထောင်ထျန်းက ပြောခဲ့သည်။
‘ငါ ကြယ်တာရာစွမ်းအားကို သုံးကြည့်ရမလား’
ကျန်းရီသည် ထိုသို့တွေးမိသောအခါ သူ၏ နဝမမြောက် ကြယ်စက်လုံးအတွင်းရှိ ကြယ်တာရာစွမ်းအားကို ထုတ်ကာ အရည်ကျို နတ်ဘုရားမီးဖိုကို လှည့်ပတ်စေလိုက်သည်။ ကြယ်တာရာစွမ်းအားနှင့် အရည်ကျို နတ်ဘုရားမီးဖိုတို့ ထိတွေ့သွားသောအခါ ရုတ်တရက် တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ရွှီး...
အရည်ကျို နတ်ဘုရားမီးဖိုတစ်ခုလုံး လင်းလက်လာသည်။ ကျန်းရီ၏ မျက်လုံးများကလည်း ကြယ်တာရာများကဲ့သို့ တောက်ပသွားလေသည်။ ကြယ်တာရာစွမ်းအားက အရည်ကျို နတ်ဘုရားမီးဖိုကို သန့်စင်နိုင်ပေသည်။ သို့သော် သန့်စင်နှုန်းကတော့ အလွန်နှေးသည်။ သူသည် ဆယ့်ငါးမိနစ်ကြာ ဂရုတစိုက် အာရုံခံပြီးနောက် အရည်ကျို နတ်ဘုရားမီးဖို၏ တစ်ထောင်ပုံတစ်ပုံကိုသာ သန့်စင်ပြီးသေးကြောင်း သတိပြုမိလိုက်လေသည်။ ထို့ကြောင့် အရည်ကျို နတ်ဘုရားမီးဖိုကို အပြည့်အဝ သန့်စင်လိုလျှင် အနည်းဆုံး အချိန်တစ်လလိုလိမ့်မည်ဟု သူ တွေးလိုက်သည်။
“ကောင်းပြီ...”
အရည်ကျို နတ်ဘုရားမီးဖိုကိုသာ သန့်စင်နိုင်မည်ဆိုလျှင် အချိန်က ပြဿနာမဟုတ်ပေ။ ကျန်းရီတွင် ကြယ်တာရာစွမ်းအား တော်တော်များများ ရှိ၏။ အရည်ကျို နတ်ဘုရားမီးဖိုကို သန့်စင်ရန် စွမ်းအားပမာဏများစွာ သုံးလိုက်ရမည်ဖြစ်သော်လည်း တန်ပေသည်။
ကောင်းကင်က တောက်ပလာပေပြီ။ အစေခံမလေးများ နိုးလာသောအခါ ကျန်းရီက ချက်ချင်း အမိန့်ပေးလိုက်၏။
“ငါ ရက်နည်းနည်းလောက် အခန်းအောင်း ကျင့်ကြံမယ်။ မင်းတို့အကုန်လုံး အပြင်မှာ စောင့်နေကြပါ။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို တွေ့ခွင့်တောင်းရင် ငြင်းလိုက်ပါ။ သူတို့ကို ငါ အခန်းအောင်း ကျင့်ကြံတာက ထွက်လာတဲ့အချိန်အထိ စောင့်ဖို့ ပြောလိုက်ပါ”
“နားလည်ပါပြီ သခင်လေး...”
အစေခံမလေးနှစ်ယောက်က နာခံစွာ အပြင်သို့ ထွက်သွားပြီး အခန်း၏ အကာအရံကို နှိုးလိုက်လေသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်၏။ ထို့နောက် သူ အားဖြည့်ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို အရေးမစိုက်တော့ဘဲ အရည်ကျို နတ်ဘုရားမီးဖိုကို သန့်စင်ခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်လိုက်လေသည်။
ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲ ပြီးသွားလျှင် ဝူနီနှင့် ကျီထင်ယွီတို့က မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်ကြမည်ဖြစ်သည်။ ထိုအခါကျလျှင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် သူသည် အင်အားမြှင့်တင်ရန်အတွက် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချရပေမည်။ ထိုမှသာ သူ ရှင်သန်နိုင်မည်ဖြစ်ပြီး စုလောရွှယ်ကို ကယ်တင်နိုင်မည်ဖြစ်သည်။
“ပိုင်ရီက အခန်းအောင်း ကျင့်ကြံနေတာလား။ သူက ဘယ်ဧည့်သည်ကိုမှ မတွေ့ဘူးတဲ့လား”
ငါးရက်မြောက်နေ့တွင် ယဉ်ရို့ပင်း ရောက်လာ၏။ သူမသည် အစေမခံလေး၏ တင်ပြချက်ကို ကြားသောအခါ စေ့စေ့ပိတ်ထားသော တံခါးကို စိတ်ပျက်စွာ ကြည့်လိုက်လေသည်။ သူ အခန်းအောင်း ကျင့်ကြံနေခြင်းမှာ ရှေးဟောင်းအသုံးအဆောင်ကို လေ့လာရန်လော သို့မဟုတ် ဝိညာဉ်လေများကို လေ့လာရန်လော။ သို့မဟုတ် သူသည် အခန်းအောင်း ကျင့်ကြံနေသည်ဟု အကြောင်းပြ၍ သူမကို ရှောင်ခြင်းလော။
‘အစ်မချန်ပြောတာက အမှန်ဖြစ်နေမလား။ ပိုင်ရီက တကယ်ပဲ မိန်းမတွေကို မကြိုက်ဘူးလား’
ယဉ်ရို့ပင်းသည် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူမသည် ယဉ်မျိုးနွယ်၏ ဂုဏ်သရေရှိ သခင်မလေးဖြစ်ပြီး ဤလောက၏ မိန်းမလှစာရင်းတွင် နံပါတ်(၃)ဖြစ်သည်။ သူမက အရှက်ကို မငဲ့ဘဲ ယောက်ျားတစ်ယောက်ကို လာတွေ့သည်ပင် တံခါးအပြင်တွင် အငြင်းခံလိုက်ရသည်လော။
“ထားလိုက်တော့...ဟွန်း...”
ယဉ်မျိုးနွယ်၏ သခင်မလေးက မာနကြီးပေသည်။ ယဉ်ရို့ပင်းသည် သဘာဝမကျသော မျက်နှာထားဖြင့် နောက်လှည့်ကာ ထွက်သွားလေသည်။ သူမသည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် နောက်လှည့်၍ အစေခံမလေးများကို ကြည့်ကာ ပြောလိုက်၏။
“ပိုင်ရီ အခန်းအောင်း ကျင့်ကြံနေတာက ထွက်လာရင် သူ့ကို ဒီသခင်မလေးဆီ ချက်ချင်းလာတွေ့ဖို့ ပြောလိုက်ပါ။ တကယ်လို့ သူမလာဘူးဆိုရင်... ငါ သူ့ကို တစ်သက်လုံး ထပ်တွေ့တော့မှာ မဟုတ်ဘူး”
***