ဒီကိုတက်ခဲ့
Vol. 67 Ch. 933
ကျန်းရီ အခန်းအောင်း ကျင့်ကြံရခြင်း၏ အဓိကအကြောင်းမှာ အရည်ကျို နတ်ဘုရားမီးဖိုကို သန့်စင်ရန်ဖြစ်သည်။ သို့သော် သူသည် အမှန်လည်း ယဉ်ရို့ပင်း၊ ရီချန်တို့နှင့် မတွေ့လိုပေ။ မဟုတ်လျှင် သူက မည်သူ့ကိုမှ တွေ့မည်မဟုတ်ဟု အစေခံများကို မှာထားမည် မဟုတ်ချေ။
လဝက်ကြာ အခန်းအောင်း ကျင့်ကြံပြီးနောက် ကျန်းရီ၏ ဒဏ်ရာများက အတော်လေး သက်သာလာပြီဖြစ်သည်။ သူ့အရိုးအားလုံး ပြန်ဆက်သွားပြီဖြစ်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများလည်း ပြန်ကောင်းလာပေပြီ။ အနည်းဆုံးတော့ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလျှင်လည်း ပြဿနာရှိတော့မည် မဟုတ်ပေ။
ရှီးဖေး၏ မိစ္ဆာသွေးက အဆိပ်ရှိ၏။ သို့သော် သူသည် မည်သည့် ဖြေဆေးကိုမှ မသောက်လိုက်ပေ။ နဂါးညှိုးရော်မြက်ပင်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပြီးနောက်တွင် သူ၏ ကုသစွမ်းရည်က အလွန်စွမ်းအားကြီးလာခဲ့သည်။ ထို့ကြောင့် သူသည် အဆိပ်အားလုံးနီးပါးကို ခံနိုင်ရည်ရှိပေသည်။
ကျန်းရီသည် အခန်းအောင်း ကျင့်ကြံနေရာမှ ထွက်လိုက်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။ သူသည် အရည်ကျို နတ်ဘုရားမီးဖိုကို တစ်ဝက်သာ သန့်စင်ရသေးပေသည်။ ကျန်တစ်ဝက်ကို သန့်စင်ရန် နောက်ထပ်လဝက်ထပ်လိုပေလိမ့်မည်။ လက်ရှိတွင် ထိုအရည်ကျို နတ်ဘုရားမီးဖိုက မည်သည့်စွမ်းအားရှိသည်၊ မည့်သို့သော တာအိုပုံသဏ္ဌာန်မျိုးကို ပိုင်ဆိုင်ထားသည်ကို သူ မသိသေးပေ။
ဗုဒ္ဓဧကရာဇ်၏ မွေးနေ့သို့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ထို့ကြောင့် သူ့တွင် အရည်ကျို နတ်ဘုရားမီးဖိုကို ဆက်သန့်စင်နေရန် အချိန်မရှိချေ။ သူသည် မွေးနေ့ပွဲကိုလည်း မတက်လိုပေ။ သူ မွေးနေ့ပွဲကို တက်လျှင် ဤနယ်မြေ၏ အထွတ်အထိပ် မဟာပညာရှင် ဗုဒ္ဓဧကရာဇ်၏ မျက်နှာကို တစ်ချက်မျှ မြင်နိုင်လောက်သည်။ သို့သော် သူမည်သူဖြစ်ကြောင်းလည်း ပေါ်သွားနိုင်သဖြင့် လက်လျှော့ရန်သာ သူ ဆုံးဖြတ်လိုက်လေသည်။
ကျန်းရီသည် ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၍ မြန်နိုင်သမျှမြန်မြန် ထွက်သွားမည်ဖြစ်သည်။
ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုကို သိမ်းလိုက်ပြီး အခန်း၏ အကာအရံကို ပိတ်လိုက်၏။ ထို့နောက် သူ အပြင်သို့ လျှောက်သွားလိုက်ပြီး ကောင်းကင်ပြာကြီးကိုကြည့်ကာ အစေခံမလေးနှစ်ယောက်ကို မေးလိုက်လေသည်။
“ဒီနှစ်ပတ်အတွင်းမှာ ငါ့ကို တစ်ယောက်ယောက် လာရှာသေးလား။ ထူးခြားတဲ့ကိစ္စတွေရော ဖြစ်ခဲ့သေးလား”
အစေခံမလေးတစ်ယောက်က တလေးတစား ပြန်ဖြေ၏။
“သခင်လေး... လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက သခင်မလေးယဉ် ရောက်လာခဲ့ပါတယ်။ သူက သခင်လေး အခန်းအောင် ကျင့်ကြံတာကနေ ထွက်လာတာနဲ့ သူ့ကို လာတွေ့ဖို့ မှာသွားပါတယ်။ တကယ်လို့ သခင်လေး လာမတွေ့ဘူးဆိုရင်... သူက သခင်လေးကို တစ်သက်လုံး ထပ်တွေ့တော့မှာ မဟုတ်ပါဘူးတဲ့။ သခင်မလေးချန်ကလည်း လွန်ခဲ့တဲ့ ငါးရက်က ရောက်လာပါတယ်။ သူကတော့ ဘာမှ မပြောသွားပါဘူး... သခင်လေးအကြောင်းကို မေးပြီးတော့ ပြန်သွားပါတယ်။ တခြား ဘာထွေထွေထူးထူးကိစ္စမှတော့ မဖြစ်ခဲ့ပါဘူး။ ဪ ဟုတ်သား... မနေ့တုန်းက ဒုတိယသခင်လေးက ဖိတ်စာတစ်စောင်ပို့လိုက်ပါတယ်။ ဗုဒ္ဓဧကရာဇ်ရဲ့ မွေးနေ့ပွဲကို ဖိတ်တဲ့စာပါ”
“ငါ့ကို တစ်သက်လုံး ထပ်မတွေ့တော့မှာလား”
ကျန်းရီ၏ စိတ်ထဲတွင် ယဉ်ရို့ပင်း၏ လှပသော မျက်နှာလေးနှင့် အပြုံးလေး ထွက်ပေါ်လာလေသည်။ ယဉ်မျိုးနွယ်မှ ထိုသခင်မလေးသည် အမှန်ပင် ချောမောလှပပေသည်။ သို့သော် မာနကြီးလှ၏။
ကျန်းရီသည် ခေတ္တမျှတွေးတောလိုက်ပြီး ယဉ်ရို့ပင်းကို သွားနှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အပြစ်ဆေးကြောဒေသအပြင်ဘက်တွင် သူ့ကိုကယ်ရန် အသက်ကိုရင်းခဲ့သည် မဟုတ်ပါလား။ ထိုကျေးဇူးတရားကို သူ မေ့မည်မဟုတ်ပေ။
ကျန်းရီသည် အခန်းထဲသို့ ပြန်ဝင်သွားကာ ရေမိုးချိုး၍ အဖြူရောင်ဝတ်စုံအသစ်ကို လဲဝတ်လိုက်၏။ ထို့နောက် သူ အပြင်သို့ထွက်ကာ အစေခံမလေးများကို ပြောလိုက်သည်။
“ငါ့ကို သခင်မလေးယဉ်ရဲ့ ခြံဝန်းဆီ ခေါ်သွားပေးပါ”
“ဟုတ်ကဲ့ပါ သခင်လေး... ကျွန်မနောက်က လိုက်ခဲ့ပါ”
အစေခံမလေးတစ်ယောက်က လေးလေးစားစား ဦးညွှတ်၍ ဦးဆောင်လမ်းပြလိုက်၏။ ကျန်းရီ သူ၏ခြံဝန်းအပြင်သို့ ထွက်လိုက်သောအခါ ဗုဒ္ဓရဲတိုက်က ဧရာမတောင်ထွတ်တစ်ခုပေါ်တွင် ရှိကြောင်းကို သိလိုက်ရသည်။ ထိုတောင်သည် အနည်းဆုံး သုံးကီလိုမီတာ မြင့်လောက်ပေသည်။ ဗုဒ္ဓရဲတိုက်တစ်ခုလုံးကို မမြင်ရသော အလွှာတစ်ခုက လွှမ်းခြုံထား၏။ သာမန်လူများသည် ထိုရဲတိုက်သို့ ဝင်ခွင့်မရှိပေ။
ကျန်းရီသည် အစေခံမလေးနောက်မှ လိုက်နေရင်း အနီးမှ ခြံဝန်းများက သူနေထိုင်ရာခြံဝန်းနှင့် ပုံစံတူကြောင်း သတိပြုမိလိုက်သည်။ ထိုခြံဝန်းများထဲတွင် ဂုဏ်သရေရှိ ဧည့်သည်များ နေနေလောက်သည်။ ဤရီနံ့သာစံအိမ်က ရီမျိုးနွယ်၏ ဂုဏ်သရေရှိ ဧည့်သည်များ တည်းခိုနိုင်ရန် ရည်ရွယ်ထားသော နေရာတစ်ခု ဖြစ်ရပေမည်။
ရွှီး...
ခြံဝန်းဆယ်ခုကို ဖြတ်ကျော်ပြီးနောက် အရှေ့ရှိ ခြံဝန်းတစ်ခုက အကာအရံကို ပိတ်လိုက်၏။ ခြံဝန်းထဲမှနေ၍ အစောင့်တစ်စု ထွက်လာသည်။ ကျန်းရီက ထိုအစောင့်များကို ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုသောအရှိန်အဝါက ထိန်းမနိုင်သိမ်းမရ ထွက်လာလေသည်။ ဓားသွားကဲ့သို့ စူးရှသော သူ၏မျက်လုံးများက ထိုလူစုအလယ်ရှိ လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။
“အန်...”
ထွက်လာသော လူများသည် ကျန်းရီ၏ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် လန့်သွားကြ၏။ လူများ၏ မျက်လုံးများက ကျန်းရီအပေါ် ကျရောက်လာကြသည်။ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျို၏ မျက်ဝန်းများကလည်း အေးစက်သွားသည်။ သူမဘေးမှ သခင်လေးကလည်း သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
ဝူနီ၊ ကျီထင်ယွီ...
ကျန်းရီသည် နေရာတွင်ပင် ရပ်၍ ဝူနီနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ သူသည် ကျီထင်ယွီကို မကြည့်မိအောင် သူ့ကိုယ်သူ ဖိအားပေးထားရ၏။ မဟုတ်လျှင် သူမည်သူဖြစ်ကြောင်း အလွယ်တကူ ပေါ်သွားနိုင်ပေသည်။ သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေ၏။ ဝူနီကလည်း မလှုပ်ဘဲ သူ့ကို ပြန်စိုက်ကြည့်နေသည်။ သူတို့သည် တောအုပ်ထဲတွင် မျက်နှာချင်းဆိုင်တွေ့သော ခြင်္သေ့နှစ်ကောင်ကဲ့သို့ပင်။ သူတို့၏ ရန်လိုစိတ်များက မြင့်တက်လာကြသည်။
ဝူနီက အတန်ကြာ စိုက်ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်ကာ အေးစက်စက် ပြောလိုက်၏။
“ကောင်လေး... မင်း ဗုဒ္ဓရဲတိုက်ထဲက မထွက်ဖို့ ငါ အကြံပေးမယ်။ မဟုတ်ရင်တော့ မင်းရဲ့ အရိုးတွေပါ ပြာဖြစ်သွားအောင် လုပ်ပစ်မယ်”
ဝူနီသည် အပြစ်ဆေးကြောဒေသထဲတွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်း မမှတ်မိပေ။ သို့သော် သူ ရေးမှတ်ထားသော စာများအရ ကျန်းရီက သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာကို ဖျက်ဆီးကာ ရှေးဟောင်းအသုံးအဆောင်ကို လုယူသွားခဲ့ကြောင်း ထင်ရှားပေသည်။ အကယ်၍ ကျန်းရီက ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်ဖြင်လျှင် ထိုကိစ္စက သိပ်ကြီးမည် မဟုတ်ပေ။ သို့ရာတွင် ကျန်းရီ၏ အမည်တု ပိုင်ရီက မကျော်ကြားသော အမည်တစ်ခုဖြစ်သည်။ ထိုအမည်ကို မည်သူမှ မသိကြပေ။ ထို့ကြောင့် ဝူနီသည် ထိုကိစ္စကို သည်းမခံနိုင်ချေ။
‘ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား...’
ကျန်းရီကလည်း ခနဲ့ပြုံး ပြုံးလိုက်ပြီး ခပ်မာမာပင် ပြန်ပြောလိုက်သည်။
“သခင်လေးနီ... ကျွန်တော်တို့ အပြင်ကိုသွားပြီး နည်းနည်းလောက် လက်ရည်စမ်းကြမလား။ သခင်လေး ကျွန်တော်နဲ့ တစ်ယောက်ချင်းတိုက်ရဲရဲ့လား။ မတိုက်ရဲရင် ပါးစပ်ပိတ်ထားပါ”
ဝူနီက အရင်ရန်စခြင်းဖြစ်၍ ကျန်းရီသည် ထိုအခွင့်အရေးကို အသုံးချကာ ဝူနီကို ပြန်ရန်စမည်ဖြစ်သည်။ အကယ်၍ ဝူနီသာ တိုက်ခိုက်ရန် လက်ခံလိုက်လျှင် ကျန်းရီသည် သူ့ကို အလွယ်တကူ ဖမ်းနိုင်ပေလိမ့်မည်။ သူသည် ဝူနီကို ဖမ်းပြီးလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးသွားနိုင်သည်။ နောက်မှ ဝူနီနှင့် စုလောရွှယ်ကို ဓားစာခံချင်း လဲလှယ်လိုက်ရုံသာ။
“အန်...”
ဝူနီ၏ မျက်နှာထား ပြောင်းလဲသွား၏။ သူ အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်မှနေ၍ အရှိန်အဝါများ ထိုးထွက်လာလေသည်။ သူက ခက်ထန်သောကျားရဲတစ်ကောင်ကဲ့သို့ပင်။ သူသည် ကျန်းရီကို လက်ညှိုးထိုး၍ စိန်ခေါ်မှုကို လက်ခံရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ့ဘေးမှ ကျီထင်ယွီက နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။
“သခင်လေးနီ... စိတ်လျှော့ပါ။ အဲ့လိုလူတစ်ယောက်နဲ့ တစ်ယောက်ချင်းတိုက်ဖို့ မတန်ပါဘူး”
ပိုင်ရီက အညတရတစ်ယောက်ဖြစ်၍ ဝူနီ နိုင်လျှင်လည်း ဂုဏ်တက်မည် မဟုတ်ပေ။ အကယ်၍ သူ ရှုံးသွားပါက သူ၏ဂုဏ်သိက္ခာ လုံးဝကျဆင်းသွားပေလိမ့်မည်။ ဝူနီသည် မျိုးနွယ်တွင်း၌ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပြီးမှ မျိုးနွယ်၏ လက်ခံမှုကို ရရှိခဲ့ခြင်းပင်။ အကယ်၍ သူသာ လူကြားထဲတွင် ရှုံးနိမ့်သွားပါက သူ၏ကြိုးစားမှုအားလုံး ရေဆုန်မျောသွားပေလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ ဝူနီသည် ကျန်းရီက သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာကို ဖျက်ဆီးခဲ့သည်ဟု ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားခြင်းပင်။ ကျန်းရီသည် အဆင့်သုံး ကောင်းကင်ဧကရာဇ်သာ ဖြစ်သော်လည်း သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာကို ဖျက်ဆီးနိုင်သဖြင့် ထူးခြားသောစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားမည်ဖြစ်ကြောင်း ထင်ရှားပေသည်။ အကယ်၍ သူသာ ကျန်းရီနှင့် တစ်ယောက်ချင်း တိုက်ခိုက်လျှင် အန္တရာယ်နှင့် ကြုံရနိုင်ပေသည်။
ဟူး...
ဝူနီသည် အထက်ပါအကြောင်းများကို တွေးမိသောအခါ သူ၏လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်၏။ ထို့နောက် သူ အေးစက်စွာ ပြောလိုက်သည်။
“မင်းကဘာလဲ... မင်းက ငါနဲ့ တစ်ယောက်ချင်းတိုက်ဖို့ အဆင့်မီရဲ့လား။ ငါ့ကို စိန်မခေါ်ခင် ငါ့မျိုးနွယ်က လူဆယ်ယောက်ကိုပဲ အရင်နိုင်အောင်ချပါဦး။ ဘယ်လိုလဲ... ဒီလူစုထဲက မင်းကြိုက်တဲ့ဆယ်ယောက်ကို ရွေးနိုင်တယ်”
ဗုဒ္ဓရဲတိုက်က အလွန်လုံခြုံ၏။ ထို့ကြောင့် ဝူနီနှင့် အခြားသူများသည် လူများစွာ ခေါ်မလာခဲ့ပေ။ သူတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ်ပါးစီသာ ခေါ်လာခဲ့ကြသည်။ ထိုကောင်းကင်ဧကရာဇ်တစ်ပါးချင်းစီသည် အနိမ့်ဆုံး ကြယ်လေးပွင့်အဆင့်ရှိကြ၏။ အကယ်၍ ကျန်းရီသာ သူ၏မဖြစ်စလောက်အင်အားလေးနှင့် လူဆယ်ယောက်ကို တိုက်ခိုက်ပါက သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်သည်။
အသက်(၄၀)၊ (၅၀) ရှိပုံပေါ်ပြီး အဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူဆယ်ယောက်သည် ဝူနီ၏ စကားကို ကြားသောအခါ စီတန်းရပ်လိုက်ပြီး ကျန်းရီကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ဟားဟားဟား...”
ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။ သူသည် ရယ်သံထဲတွင် အတွင်းအား ထည့်ထားသဖြင့် အနီးရှိ ခြံဝန်းများထဲမှ လူများက သတိပြုမိသွားပြီး ကောင်းကင်စိတ်အာရုံများထုတ်၍ အာရုံခံလိုက်ကြသည်။ ကျန်းရီ၏ လက်ထဲတွင် သံနက်ဓား ထွက်ပေါ်လာ၏။ သူသည် ဝူနီကို ဓားဖြင့်ရွယ်ကာ ပြောလိုက်သည်။
“ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ထိပ်တန်းသခင်လေးရဲ့ အပြုအမူက အဲ့လိုတဲ့လား။ ဝူနီ... ဒီနှစ်ဆို မင်းက အသက်(၂၈)နှစ် ပြည့်မှာမလား။ ငါက (၂၃)နှစ်ပြည့်မှာ... မင်းထက်(၅)နှစ်ငယ်တာပေါ့။ မင်းက မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်မှာ မွေးလာခဲ့တာ၊ ငါက မထင်မရှားမျိုးနွယ်လေးတစ်ခုမှာ မွေးလာခဲ့တာ။ အဲ့ဒါတောင် မင်းက ငါ့ကို သတ်ဖို့အတွက် အဘိုးကြီးတစ်စုရဲ့ အကူအညီကို ယူဦးမယ်ပေါ့လေ။ မင်း မရှက်ဘူးလား။ ဒါမှမဟုတ် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မျိုးဆက်တွေအကုန်လုံးက အဲ့လိုပဲ ပြုမူကြတာလား။ မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်က အဲ့လိုမျိုးပဲ လုပ်နိုင်တာလား”
“ဝိုး...”
ကျန်းရီ၏ စကားများက ရီနံ့သာစံအိမ်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေလေသည်။ သူသည် သူ၏အသံကို အတွင်းအားဖြင့် မြှင့်တင်ထားသဖြင့် အခန်းအောင်းကျင့်ကြံနေသူများမှလွဲ၍ ရီနံ့သာစံအိမ်အတွင်း၌ နေထိုင်နေသော သခင်လေးများ၊ သခင်မလေးများအားလုံး ကြားလိုက်ရလေသည်။ ရီမျိုးနွယ်၏ အစောင့်များ၊ အစေခံများနှင့် အကြီးအကဲများပင် သတိပြုမိလိုက်ကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
ခြံဝန်းများစွာ၏ အကာအရံများ ပိတ်သွားကြသည်။ ထူလုံနှင့် အခြားသူများက သူတို့၏ခြံဝန်းများအတွင်းမှ ပျံထွက်လာကြ၏။ သူတို့က ပွဲကြည့်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ တဒင်္ဂအတွင်းမှာပင် ရာချီသော လူများက တောက်ပသောမျက်ဝန်းများဖြင့် ရောက်လာကြသည်။ ဤကဲ့သို့သော အလကားဖျော်ဖြေမှုကို မည်သူက မကြိုက်ဘဲနေမည်နည်း။
“...”
ဝူနီ၏ မျက်နှာထားက သံမဏိကဲ့သို့ အေးစက်သွား၏။ ကျန်းရီသည် သူ့ကို ချောင်ပိတ်လိုက်ပေပြီ။ လူများစွာက ကြည့်နေပြီး မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်၏ ဂုဏ်သိက္ခာလည်း ပါဝင်နေသဖြင့် သူသာ ထိုစိန်ခေါ်မှုကို လက်မခံလျှင် ဝူမျိုးနွယ်က မျက်နှာပျက်ရပေလိမ့်မည်။
“ဟွန်း...”
ဝူနီ၏ လက်ထဲမှနေ၍ ပုလဲလုံးသုံးလုံး ပျံထွက်လာ၏။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါများ ထွက်နေသည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အော်ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း ဒီကိုတက်လာခဲ့လိုက်။ ဝူမျိုးနွယ်က လူတွေအကုန်လုံး နားထောင်ကြ။ ငါနဲ့ ပိုင်ရီ တစ်ယောက်ချင်းတိုက်တာကို မနှောင့်ယှက်ကြနဲ့။ ကောင်လေး... မင်းက သေချင်နေမှတော့ ဒီသခင်လေးက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
***