တစ်ယောက်ချင်းတိုက်ခိုက်ခြင်း
Vol. 67 Ch. 934
“ဘာတွေ ဖြစ်နေတာလဲ”
ရီချန်က လျင်မြန်စွာ ပျံသန်းလာပြီး ယဉ်ရို့ပင်းဘေးတွင် ရပ်ကာ စိုးရိမ်သောမျက်နှာထားဖြင့် မေးလိုက်သည်။ ယဉ်ရို့ပင်းက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ဝူနီက ပိုင်ရီကို ရန်စခဲ့တာထင်တယ်။ ပိုင်ရီကလည်း ထိပ်တိုက်တွေ့ခဲ့တယ်။ သူတို့ တစ်ယောက်ချင်းတိုက်ကြတော့မယ်”
“တစ်ယောက်ချင်းတိုက်မှာလား”
ရီချန် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ထက်ရှိ ဝူနီကို ကြည့်လိုက်ပြီး ကျန်းရီကို ဆက်ကြည့်လိုက်သည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရှိနေပေသည်။ ထို့ကြောင့် သူမသည် စိုးရိမ်ဟန်ဖြင့် နူးညံ့စွာ ပြောလိုက်၏။
“ပိုင်ရီက ဘာလို့ အဲ့လောက်စိတ်ဆတ်ရတာလဲ။ ဝူနီမှာက ဝိညာဉ်ချိတ်ဆက် မူလရတနာ နှစ်ခု ရှိတယ်။ ပြီးတော့ သူက အရမ်းစွမ်းအားကြီးတဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကိုလည်း သိမြင်နားလည်ထားတယ်။ ဒါပေမဲ့ သူက အဲ့တာအိုပုံသဏ္ဌာန်ကို ဖုံးကွယ်ထားလို့ အစွမ်းအတိအကျကိုတော့ မသိရဘူး။ ဒါပေမဲ့ တော်တော်စွမ်းအားကြီးမှာတော့ သေချာတယ်။ အဲ့ပိုင်ရီက တကယ်ပဲ သူ့ကိုယ်သူ လောကထဲမှာ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား”
“အဟင်း... သူ စိတ်ကြီးဝင်နေတာ လျော့သွားတော့လည်း ကောင်းတာပေါ့”
ယဉ်ရို့ပင်းက ရေရွတ်လိုက်ပြီး ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“အနိုင် အရှုံးက အရေးမကြီးဘူး။ တကယ်လို့ ဝူနီက သူ့ကို သတ်ချင်တယ်ဆိုရင် အစ်မချန်ရဲ့ မျိုးနွယ်က ပညာရှင်တွေကို ဝင်ပါခိုင်းလိုက်ပါ။ အစ်မချန် အဘိုးရဲ့ မွေးနေ့ ရောက်တော့မှာမလား။ တစ်ယောက်ယောက် သေသွားမယ်ဆိုရင် နမိတ်မကောင်းဘူး”
“ဘယ်သူမှ ဝင်ပါလို့ မရဘူး”
ရီချန်က ခေါင်းခါကာ ပြောလိုက်သည်။
“ငါ့ရဲ့ အဘိုးရော၊ အဖေရောက ဇင်နှလုံးသားကို ကျင့်ကြံကြတာ မင်းလည်း သိမှာပါ။ သူတို့က အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်စေတယ်။ ပိုင်ရီတို့နှစ်ယောက်က တစ်ယောက်ချင်းတိုက်ဖို့ သဘောတူလိုက်ပြီဆိုတော့ တစ်ယောက်ယောက် အသတ်ခံရတော့မယ်ဆိုရင်တောင် ငါ့ အဘိုးနဲ့အဖေနဲ့က ဝင်ပါမှာ မဟုတ်ဘူး”
“အာ...”
ယဉ်ရို့ပင်း အတန်ငယ် အံ့အားသင့်သွား၏။ သူမ၏ မျက်နှာလေး မည်းမှောင်သွားသည်။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က ဇင်နှလုံးသားကို ကျင့်ကြံခြင်းဖြစ်ပြီး ဇင်ဒုက္ခကို ကျင့်ကြံခြင်းမဟုတ်ကြောင်း သူမ မေ့သွားခဲ့သည်။ ဇင်နှလုံးသားမှာ အရာအားလုံးကို သဘာဝအတိုင်း ဖြစ်ခွင့်ပေးခြင်းပင်။ သူတို့က အရာအားလုံးတွင် အကျိုးနှင့်အကြောင်းရှိသည်ဟု ယုံကြည်ကြသည် မဟုတ်ပါလား။ ဗုဒ္ဓဧကရာဇ်သည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ ပဋိပက္ခများတွင် ဝင်မပါခဲ့ပေ။ ထို့ကြောင့် ရီမျိုးနွယ်ကို မထိခိုက်သ၍ သူ ဝင်ပါမည် မဟုတ်ပေ။
ဗုဒ္ဓအင်ပါယာ၏ အကျင့်စရိုက်ကလည်း ဗုဒ္ဓဧကရာဇ်နှင့် တူပေသည်။ အပြစ်ဆေးကြောဒေသအပြင်ဘက်တွင် သူ ကျန်းရီကို ကယ်ခဲ့ခြင်းမှာ ရီချန်က အတင်းတောင်းဆိုခဲ့၍ ဖြစ်သည်။ မဟုတ်ပါက ကျန်းရီတစ်ယောက် သူ့အရှေ့တွင် သေသွားလျှင်ပင် သူ အရေးစိုက်မည် မဟုတ်ပေ။
ဝှစ်...
ကျန်းရီကလည်း ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်၏။ အစောက သူပြောခဲ့သော စကားများမှာ ကျန်းရီကို ချောင်ပိတ်ရန်သာဖြစ်သည်။ ယခုတွင် သူ သူရဲဘောကြောင်မည် မဟုတ်ပေ။ လက်ရှိအခြေအနေက သူ မျှော်လင့်နေခဲ့သော အခွင့်အရေးကောင်းတစ်ခုပင်။
ရွှီး...
ကျန်းရီနှင့် ဝူနီတို့ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားသောအခါ ဗုဒ္ဓရဲတိုက်အထက်ရှိ အကာအရံအလွှာက ပျောက်ကွယ်သွား၏။ အကာအရံအလွှာကို ပိတ်ရန် ဗုဒ္ဓအင်ပါယာက အမိန့်ပေးခဲ့ခြင်းလော သို့မဟုတ် ရီမျိုးနွယ်မှ အကြီးအကဲတစ်ယောက် အမိန့်ပေးခဲ့ခြင်းလောကို မည်သူမှ မသိပေ။ ရီမျိုးနွယ်၏ ရည်ရွယ်ချက်က သိသာ၏။ ကျန်းရီတို့ စိတ်ကြိုက်တိုက်ခိုက်၍ ရသော်လည်း သူတို့ သေခြင်း၊ ရှင်းခြင်းက ရီမျိုးနွယ်နှင့် သက်ဆိုင်မည် မဟုတ်ပေ။
“ဝူနီ... ငါတို့က ဘာရန်ငြိုးမှ မရှိပေမယ့် အပြစ်ဆေးကြောဒေသအပြင်ဘက်မှာ မင်းက ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့ ငါတို့နှစ်ယောက်ထဲက တစ်ယောက်သေမှ ပြီးမယ်”
ကျန်းရီသည် မြေပြင်ထက် သုံးကီလိုမီတာအကွာအထိ ပျံတက်သွားပြီး အော်ပြောလိုက်သည်။ ထို့နောက် သူသည် အရှေ့ဘက်သို့ ပျံသန်းကာ ထပ်အော်ပြောလိုက်၏။
“ရီမျိုးနွယ်က အိမ်တွေ မပျက်စီးရအောင် ငါတို့ ဒီမှာ တိုက်ခိုက်ကြတာပေါ့”
“ဟားဟားဟား...”
ဝူနီသည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ အစွမ်းကုန်သုံးတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ ကျယ်လောင်စွာရယ်၍ ပြောလိုက်သည်။
“မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ စော်ကားလို့ မရဘူးကွ။ ပိုင်ရီ... ငါ မင်းကို မင်းလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ခံစားခိုင်းမယ်”
ဝှစ်...ဝှစ်...
ကျန်းရီသည် ဆက်မပြောတော့ဘဲ အရှေ့ဘက်သို့ သက်တန့်တစ်စင်းကဲ့သို့ ပျံသန်းသွားလေသည်။ သူ၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး သူ၏မျက်လုံးများက ဓားသွားကဲ့သို့ စူးရှနေသည်။ သူသည် ဝူနီကို မည်သို့ လျင်မြန်စွာဖမ်း၍ ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် မည်သို့ထွက်ပြေးရမည်ကို တွေးတောနေ၏။ သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲက သေချာပေါက် ရီမျိုးနွယ်မှ ပညာရှင်များ၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူ မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံကောင်းကင်အတတ်ကို ထုတ်သုံး၍ မရပေ။ သူမည်သူဖြစ်ကြောင်း ပေါ်သွားပါက ရီမျိုးနွယ်မှ ပညာရှင်များက ချက်ချင်းလှုပ်ရှားကြမည်ဖြစ်သည်။ သို့ဆိုလျှင် သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
ဝိညာဉ်ဓားများ... ဝိညာဉ်လေများ...
ကျန်းရီသည် အထက်ပါအရာနှစ်ခုကို သုံး၍ရကြောင်း တွေးလိုက်၏။ သူသည် ဝိညာဉ်လေများကိုသုံး၍ ဝူနီကို ဖိနှိပ်ကာ ဝိညာဉ်ဓားများကိုသုံး၍ ဝူနီ၏ စိတ်ဝိညာဉ်ကို ဒဏ်ရာရသွားအောင်လုပ်၍ ဝူနီကို မေ့သွားအောင်လုပ်မည်ဟု အစီအစဉ်ဆွဲလိုက်၏။ ပြီးနောက်မှ ဝူနီကို သူ၏ ဧကရာဇ်နန်းတော်ထဲသို့ ထည့်၍ ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်းသုံးကာ ထွက်ပြေးရပေမည်။ သို့ဆိုလျှင် ဗုဒ္ဓဧကရာဇ်လည်း သူ့ကို တားချိန်ရလိုက်မည် မဟုတ်ပေ။
ကောင်းကင်ရှောင်တိမ်းခြင်းက အလွန်လျင်မြန်ပြီး တစ်ခဏအတွင်း မိုင်ရာချီ သွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်က မည်မျှ စွမ်းအားကြီးသည်ဖြစ်စေ ကျန်းရီကို တားနိုင်မည် မဟုတ်ပေ။
ကျန်းရီ၏ အရှိန်က အလွန်မြန်၏။ သူသည် တစ်ခဏအတွင်း မိုင်ရာကျော် ပျံသန်းပြီးသွားပေပြီ။ ဝူနီက သူ့နောက်မှ မကပ်မခွာ လိုက်လာ၏။ သို့သော် မတိုက်ခိုက်သေးပေ။ သိုင်းသမားများစွာသည် ဗုဒ္ဓတောင်အောက်သို့ ဆင်း၍ ပွဲကြည့်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် သူတို့သည် တိုက်ပွဲ၏ သက်ရောက်မှုကို ခံရမည်စိုးသဖြင့် အနီးသို့ ကပ်မသွားဝံ့ဘဲ မိုင်တစ်ရာအကွာမှသာ ကြည့်ကြလေသည်။
ကျီထင်ယွီကမူ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ်ပါးနှင့်အတူ ခပ်ခွာခွာမှနေ၍ လိုက်သွား၏။ သူမသည် ဝူနီကို မကြည့်ဘဲ ကျန်းရီကို စိုက်ကြည့်နေလေသည်။ သူမ၏ မျက်တောင်များက အဆက်မပြတ် ပုတ်ခတ်နေ၏။ သူမ မည်သည်ကို တွေးနေကြောင်း မည်သူမှ မသိပေ။
“အစ်ကိုဝူနီ... အဲ့မျိုးမစစ်ခွေးကို သတ်လိုက်”
ထူလုံသည် အခြေအနေကို ပိုရှုပ်ထွေးသွားစေလို၍ အော်ပြောလိုက်ပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ်ပါးနှင့်အတူ နောက်မှ လိုက်သွားလိုက်သည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့ကလည်း သူမတို့၏လူများနှင့်အတူ လိုက်သွား၏။ လင်းချီကျန့်၊ ယဲ့ရင်၊ ကျန့်ဝူယင်းနှင့် အခြားသူများမှာမူ တိတ်တဆိတ်ရပ်ကာ ကြည့်နေကြသည်။
ဤတစ်ခေါက်တွင် မျိုးနွယ်ကြီးများမှ သခင်လေးများ၊ သခင်မလေးများစွာသည် ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ရီမျိုးနွယ်သို့ ရောက်နေကြ၏။ ဗုဒ္ဓဒေသရှိ မျိုးနွယ်ကြီးများမှ မျိုးဆက်များလည်း ရောက်လာခဲ့ကြသည်။ လက်ရှိတွင် လူတစ်ထောင်နီးပါးလောက်က တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ဝူနီက ထိပ်တန်းအဆင့် သခင်လေးတစ်ယောက်ဖြစ်သဖြင့် အားလုံးသည် ဝူမျိုးနွယ်သခင်လေး၏ အစွမ်းကိုကြည့်ရန် စိတ်လှုပ်ရှားနေကြသည်။
မိုင်ရာချီ ပျံသန်းပြီးနောက် ဗုဒ္ဓတောင်ကို ခပ်ရေးရေးသာ မြင်ရတော့သည်။ ကျန်းရီတို့ ရောက်လာသောနေရာ၏ အောက်ဘက်တွင် လွင်တီးခေါင်သာ ရှိ၍ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာလျှင်လည်း အခြားသူများကို ထိခိုက်တော့မည် မဟုတ်ပေ။ ဝူနီက လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြောလိုက်၏။
“ကောင်လေး... အခု ငါတို့ စလို့ရပြီလား”
“လာပါ...”
ကျန်းရီ၏ နတ်ဘုရားဒိုင်းက လင်းလက်လာ၏။ သူ့လက်ထဲတွင်လည်း သံနက်ဓား ထွက်ပေါ်လာသည်။ သူ၏အခြားလက်တစ်ဘက်ကမူ ဝိညာဉ်လေများကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။ သူသည် ဝိညာဉ်လေတန်း ရာကျော်ကို စိတ်ဖြင့်ထိန်းချုပ်၍ ပျံသန်းသွားစေလိုက်သည်။
‘တစ်ခုခုတော့ မှားနေပြီ...’
ကျန်းရီ၏ မျက်နှာထားက ပြောင်းလဲသွား၏။ အစက သူသည် ဝိညာဉ်လေများကို အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ဝိညာဉ်လေများက သုံးကီလိုမီတာကျော် ပျံသန်းပြီးသောအခါ ၎င်းတို့ ဆက်ထိန်းချုပ်၍မရတော့ကြောင်း သူ သိလိုက်ရသည်။
‘စိတ်ဝိညာဉ်... ငါ့ရဲ့ စိတ်ဝိညာဉ်က လုံလောက်အောင် စွမ်းအားမကြီးသေးတာပဲ’
ကျန်းရီသည် ရုတ်တရက် သဘောပေါက်သွား၏။ သူသည် ဝိညာဉ်လေများကို အသုံးပြု၍ ဝူနီကို ဒဏ်ရာရသွားအောင် အလွယ်တကူ လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် သူ့အထင်က မှားသွားပေပြီ။ သူသည် ဝိညာဉ်လေများကို သုံးကီလိုမီတာ အကွာမှနေ၍ မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် သူသည် ဝူနီကို ထိခိုက်အောင် လုပ်လိုလျှင် အနားသို့ ကပ်သွားရပေလိမ့်မည်။
ဝိညာဉ်ဓားများကိုမူ အဝေးမှနေ၍ ထိန်းချုပ်နိုင်သော်လည်း ဝိညာဉ်လေများ၏ အကူအညီမပါလျှင် ဝူနီက ထိုဝိညာဉ်ဓားများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်သည်။ ကျန်းရီတွင် ရွှေအိုရောင်ဝိညာဉ်ဓား သုံးချောင်းနှင့် ရွှေရောင်ဝိညာဉ်ဓား ကိုးချောင်းသာ ရှိ၏။ အကယ်၍ ၎င်းတို့သာ ဖျက်ဆီးခံလိုက်ရပါက နှမြောစရာကောင်းပေလိမ့်မည်။
‘နတ်ဘုရားအသံ ကောင်းကင်အတတ်နဲ့ မိုးကြိုးအမျက်ကိုသုံးပြီး ဝူနီကို တန်းပြီး ဒဏ်ရာရသွားအောင် လုပ်ရမလား... ပြီးမှ သူ့ကိုဖမ်းပြီး ကောင်းကင်ရှောင်တိမ်းခြင်းနဲ့ ချက်ချင်း ထွက်ပြေးလို့ရတယ်’
ကျန်းရီသည် ထိုအကြံကို ချက်ချင်း ပယ်ချလိုက်၏။ သူ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ကို ထုတ်သုံးလိုက်သည်နှင့် ရီမျိုးနွယ်မှ မဟာပညာရှင်များ ချက်ချင်း ရောက်လာကြပေလိမ့်မည်။ သို့ဆိုလျှင် သူသည် ဝူနီကို ဒဏ်ရာရအောင်ပင် လုပ်လိုက်နိုင်မည် မဟုတ်ချေ။
“ကောင်လေး... သေဖို့ ပြင်ထားတော့”
ကျန်းရီ ခေါင်းကိုက်နေ၏။ သို့သော် ဝူနီက များစွာအရေးမစိုက်ပေ။ ပုလဲလုံးသုံးလုံးက အရောင်တလက်လက်ဖြင့် ဝူနီ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေ၏။ သူ၏ နတ်ဘုရားဒိုင်းလည်း တောက်ပလာပြီး သူ့ကိုယ်ပေါ်တွင် အဖြူရောင် စစ်သံချပ်ကာ ထွက်ပေါ်လာလေသည်။ သူသည် လှံတစ်ချောင်းကို ကိုင်ထား၏။ သူ လှံကို ရုတ်တရက် အရှေ့သို့ ထိုးလိုက်သောအခါ လှံပုံရိပ်များ ထွက်ပေါ်လာလေသည်။
ဟီး...ဟီး...
သောင်းချီသော လှံအရိပ်များက နဂါးများကဲ့သို့ အရှေ့သို့ ပျံထွက်သွားကြသည်။ အာကာပြင်က တုန်ခါသွားပြီး ကောင်းကင်တွင် အစိမ်းရောင်လေနဂါးများဖြင့် ပြည့်နှက်သွား၏။ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ဝူနီ၏ တိုက်ခိုက်မှုက အထင်ကြီးစရာကောင်းကြောင်း ဝန်ခံရပေမည်။ ထိုတိုက်ခိုက်မှုနှင့် သူ၏ခံ့ညားသောရုပ်ရည်တို့ ပေါင်းစပ်လိုက်သောအခါ ပတ်ဝန်းကျင်မှ သခင်မလေးများ၏ မျက်လုံးများ အရောင်လက်သွားကြလေသည်။ သူမတို့သည် ဝူမျိုးနွယ်၏ သခင်လေးငက အမှန်ပင် ထူးကဲသည်ဟု တွေးလိုက်ကြသည်။
“လေအသင်္ချေလား”
ကျန်းရီ ပြုံးလိုက်သည်။ ဝူနီ၏ လက်နက်က အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခု ဖြစ်ပုံရ၏။ ထိုလေအသင်္ချေက အတော်လေး သန့်စင်ပေသည်။ ယင်းက အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုသာ ဖြစ်ပြီး စွမ်းအားသိပ်မကြီးပေ။
“ချိုးဖျက်...”
ကျန်းရီသည် သုံးကီလိုမီတာအတွင်းရှိ ဝိညာဉ်လေများကို ထိန်းချုပ်၍ လေနဂါးများကဲ့သို့သော လှံရိပ်များဆီသို့ ပျံသန်းသွားစေလိုက်သည်။ လူများစွာ အံ့အားသင့်သွားကြ၏။ ထိုလေနဂါးများက ကျန်းရီနှင့် သုံးကီလိုမီတာအကွာသို့ ရောက်လာသောအခါ ရုတ်တရက် အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်ကုန်ကြလေသည်။
ကျန်းရီသည် ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ဝူနီဆီ လျင်မြန်စွာ ပျံသန်းသွား၏။ သူသည် ဝိညာဉ်လေများကို သုံးကီလိုမီတာအတွင်း၌သာ ထိန်းချုပ်နိုင်ပေသည်။ ထို့ကြောင့် သူ ဝူနီအနားသို့ ကပ်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရပေမည်။ သူ အနီးသို့ ရောက်သွားသည်နှင့် ဝူနီက သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်သည်။
***